ရွှေသန္ဓေနောက်ဆုံးအဆင့်
Vol. 34 Ch. 507
လုယန်စဉ်းစားသည်။ သူသာမသေမျိုးဖြစ်လာလျှင် နတ်မယ်ထက်ပင် ပို၍အပျင်းကြီးလောက်သည်။ နေ့တိုင်း နေပူဆာလှုံမည်။ ပက်လက်နေလိုက် မှောက်ခုံလှန်လိုက် လုပ်နေမည်။ ညဘက်တွင် နေလုံးပေါ်၌ အိပ်မည်။
မသေမျိုးများအထက်တွင် အဆင့်များရှိမည်။ ထိုအဆင့်များအလွန်တွင် ထိုထက်မြင့်သည့်အဆင့်များ ရှိဦးမည်။ ဤကျင့်စဉ်လမ်း ဘယ်အချိန်အဆုံးသတ်တော့မည်နည်း။
"နတ်မယ်၊ အစားထိုးတယ်ဆိုတာ မေ့ပျောက်ခြင်းတစ်မျိုးလို့ ခင်ဗျားတစ်ခါပြောဖူးတယ်။ ဒီတော့ ခင်ဗျားရဲ့ ဟင်းချက်နည်းစာအုပ်က စာရေးသူနာမည်ကို ယင်ထန်မသေမျိုးလို့ ပြောင်းလိုက်မယ်ဆိုရင် အဲဒါလည်း အစားထိုးတဲ့ပုံစံတစ်မျိုးပဲမဟုတ်လား"
နတ်မယ်မျက်လုံးများ အရောင်လက်လာပြီး လုယန်ပုခုံးကို ပုတ်လိုက်သည်။
"ဟေ့၊ မင်းပြောတာ သဘာဝကျတယ်။ တစ်ယောက်ယောက်က ငါ့ကိုသတ်ပြီး ငါ့ဖြစ်တည်မှုရဲ့ သဲလွန်စအားလုံး ဖျောက်ပစ်မယ်၊ ငါ့အောင်မြင်မှုအားလုံး ယင်ထန်မသေမျိုးနာမည်ပြောင်းလိုက်မယ်ဆိုရင် ဟိုခွေးသူတောင်းစားယင်ထန် မနာလိုဖြစ်လို့ ငါမရှိတဲ့အချိန် ငါ့နေရာဝင်ယူတာလို့ ထင်မိမှာ။
နင်က သင်လွယ်တတ်လွယ်သားပဲ။ အလားအလာကောင်းတဲ့လူငယ်ပဲ"
နတ်မယ်၏ စာအုပ်မူပိုင်ခွင့်ကို အတင်းလွှဲယူခဲ့ ယင်ထန်မသေမျိုးသည် အစာအဆိပ်သင့်ရာမှ ဦးနှောက်ပျက်နေသောကြောင့်ဖြစ်မည်ဟု လုယန်ထင်မိသည်။
"မသေမျိုးလေးယောက်ထဲမှာ ခင်ဗျားနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်အားလုံးကို ဖျက်ဆီးနိုင်မယ့်လူမျိုးရှိလား"
နတ်မယ် မျက်မှောင်ကျုံ့သည်။ မသေမျိုးလေးယာက်၏ အရိယဖလများအကြောင်း စဉ်းစားသည်။ သို့သော် ကိုက်ညီသူမတွေ့ရ။
"မရှိဘူး။ သူတို့စွမ်းအားတွေက အဲဒါမျိုးမလုပ်နိုင်ဘူး"
အတော်ကြာအောင် ဆွေးနွေးကြသော်လည်း အသုံးတည့်မည့်စိတ်ကူးစိတ်သန်းမျိုးမရ။
ယင်ထန်မသေမျိုးသည် နတ်မယ်ကို သတ်စရာအကြောင်းလည်းမရှိ။ သူ့စာအုပ်မူပိုင်ခွင့်ကို ယူခဲ့သူမှာ ချီလင်မသေမျိုး သို့မဟုတ် တစ်ခြားမသေမျိုးများသာဖြစ်လိမ့်မည်။
မသေမျိုးပစ္စည်းများသည် ရှားပါးသည်။ ထာဝရနတ်မယ်ပိုင်ဆိုင်သည့်ပစ္စည်းများက ပို၍ပင်ရှားပါးသေးသည်။
ဓူဝံကြယ်ထဲတွင် မြှုပ်နှံထားသည်ဟုပြောသည့် သူ့အမွေအနှစ်များကို ရှာနိုင်လျှင် သဲလွန်စတစ်ခုခုတော့ ရနိုင်သည်။
ယာယီဂိုဏ်းချုပ်တာဝန်ကာလ ပြီးဆုံးသွားလျှင် ဘာဆက်လုပ်မည်ကို သူတို့တိုင်ပင်ဆွေးနွေးနေကြသည်။ ထိုစဉ် ယွမ်ကျိက နိုင်ငံ့ဆရာနှင့်အတူ ပြန်ရောက်လာသည်။
ဘာအသံမှ မကြားရသော်လည်း နိုင်ငံ့ဆရာ၏ ရှုံ့မဲ့နေသည့်မျက်နှာနှင့် နာကျင်နေသည့်အမူအရာကို ကြည့်ခြင်းအားဖြင့် ကျိန်စာကို ပယ်ဖျက်နိုင်ခဲ့ပုံမပေါ်။
"အမယွမ်၊ နိုင်ငံ့ကံကြမ္မာက ကျိန်စာကိုမဖျက်နိုင်ဘူးလား"
"ဖျက်နိုင်ပါတယ်။ ဒါပေမယ့် အင်ပါယာရှားက မဖျက်ချင်ဘူး"
ယွမ်ကျိက နိုင်ငံ့ဆရာကို ဘေးသို့လွှင့်ပစ်လိုက်သည်။
"ဘာလို့လဲ၊ လောင်မုန်နဲ့ ဂိုဏ်းချုပ်ချိုးတို့ရဲ့ ကျိန်စာတွေကိုတောင် ဖျက်ခဲ့တာပဲမဟုတ်လား"
"အတိအကျပြောရရင် အဲဒါက ကျိန်စာဖျက်တာမဟုတ်ဘူး။ ကျိန်စာစွမ်းအားကို ဝေမျှပေးလိုက်တာပါ"
"ဝေမျှတယ်..ဟုတ်လား"
"ဟုတ်တယ်၊ နိုင်ငံ့ကံကြမ္မာစွမ်းအားကိုသုံးပြီး လူအားလုံးဆီ ကျိန်စာကို မျှဝေပေးလိုက်တာ။ အဲလိုလုပ်လိုက်တဲ့အတွက် လူအားလုံးဟာ မူလသတ်မှတ်ချိန်ထက် ဆယ့်ငါးမိနစ်နောက်ကျပြီးမှ လက်ထပ်ရလိမ့်မယ်။ ဒီလောက်ကတော့ လက်ခံလို့ရတယ်လေ။
ဒါပေမယ့် နိုင်ငံ့ဆရာရဲ့ ကျိန်စာကျတော့ ပြင်းထန်လွန်းတယ်။ လူတိုင်းဆီကို ကျိန်စာစွမ်းအားမျှဝေလိုက်မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်က ခန့်မှန်းလို့မရဘူး"
လုယန် နားလည်သွားသည်။ အင်ပါယာရှား ကျိန်စာကိုဖျက်မပေးချင်သည်မှာ မဆန်းတော့။ သူဆိုလျှင်လည်း ဖျက်ပေးလိမ့်မည်မဟုတ်။
"ဒါဆို အခု..."
မြေပေါ်တွင် လူးလှိမ့်နေဆဲဖြစ်သည့် နိုင်ငံ့ဆရာကို လုယန်တစ်ချက်ကြည့်သည်။
"သူဒီအတိုင်းပဲအော်နေပါစေဦး။ နောက်မှ နည်းလမ်းစဉ်းစားကြတာပေါ့"
"ဟုတ်ပါတယ်လေ"
နိုင်ငံ့ဆရာကို ထိုအတိုင်း ပစ်ထားခဲ့၍မရ။ ဝိညာဉ်မှတ်ဉာဏ်ရှာဖွေနည်းလည်း အလုပ်မဖြစ်နိုင်။ ကပ်ဆိုးခုနစ်မျိုးဒုက္ခရှစ်ပါးကျိန်စာကို ခံစားနေရသဖြင့် နိုင်ငံ့ဆရာ၏ စိတ်အတွေးများက ပရမ်းပတာဖြစ်နေသည်။ သတင်းအချက်အလက် နှိုက်ထုတ်ဖို့မဖြစ်နိုင်ပေ။
လက်နက်ဝိညာဉ်အဖြစ် ပြောင်းလိုလျှင်လည်း ထိုဝိညာဉ်ကို အကြီးအကဲကျိုးရှင်းက မသေမျိုးတစ်ဝက်အဆင့်ရတနာဖြစ်အောင် သန့်စင်နိုင်မည်မဟုတ်။ သန့်စင်နိုင်လျှင်ပင် လက်ရှိနိုင်ငံ့ဆရာ၏ အခြေအနေကြောင့် ကျိန်စာသင့်မသေမျိုးရတနာတစ်ခုသာ ဖြစ်လာမည်။ စွမ်းဆောင်ရည် များစွာလျော့ကျသွားမည်။
"အကျဉ်ထောင်တောင်ထိပ်က ယင်စွမ်းအင်တွေက သိပ်သည်းလွန်းတယ်။ ကြာကြာနေဖို့ မသင့်တော်ဘူး။ မင်းအရင်ပြန်နှင့်ပါ"
ထို့နောက် ယွမ်ကျိက နတ်မယ်ကို လှည့်ပြောသည်။
"စီနီယာ ဒီတစ်ခါယာယီဂိုဏ်းချုပ်လုပ်ခဲ့တာ သိပ်ကောင်းတယ်။ ကျွန်မ အတော်လေးကျေနပ်ပါတယ်"
နတ်မယ် ဘဝင်ခွေ့သွားပြီး ခေါင်းမော့လာသည်။
"ဂိုဏ်းလေးတစ်ခုပဲလေ။ ငါ့ပါရမီနဲ့ အင်ပါယာတောင်ဖြစ်နိုင်ပါတယ်။ နောက်ထပ် ကူးဖြတ်ခြင်းအဆင့်သုံးလေးယောက်ထပ်ဖမ်းပြီး ငါယာယီဂိုဏ်းချုပ်ဆက်လုပ်မှာကို စောင့်ကြည့်လိုက်ပါဦး"
"ကျွန်မ ယင်ယန်အရှင်ပြောတဲ့ အခြေစိုက်စခန်းကိုသွားမယ်။ သူ့စကားအရ နိုင်ငံ့ဆရာ မနှိုးရသေးတဲ့ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ရှိတယ်တဲ့။ နိုင်ငံ့ဆရာတစ်ယောက်ပဲ သူဘယ်မှာအိပ်ပျော်နေလဲဆိုတာသိတယ်။ အခြေစိုက်စခန်းမှာ သဲလွန်စတစ်ခုခုရမလား သွားကြည့်မယ်"
ယွမ်ကျိက သူတို့နှစ်ယောက်ကို အရင်ပြန်ခိုင်းသည်။ သူတို့ထွက်သွားပြီးနောက် ထောင်စောင့်ဘိုးဘေးဆရာကိုခေါ်သည်။
"ဆရာ၊ ဒါက ကျင်းပုချွန်ပါ။ မဟာယုရဲ့ ဒုတိယနိုင်ငံ့ဆရာပေါ့။ လောလောဆယ် သူ့ကိုဒီမှာအကျဉ်းချထားမယ်။ သတိထားပါ။ သူက ကံကြမ္မာအရိယဖလသန္ဓေ တည်ဆောက်ထားတယ်"
အငြိမ်းစားယူပြီးနောက် အကျဉ်းထောင်တောင်ထိပ်ကို ကောင်းကောင်းထိန်းချုပ်၍ ဂိုဏ်းအတွက် အကျိုးဆောင်ပေးနိုင်သည်ဟု ကူးဖြတ်ခြင်းအဆင့် ဘိုးဘေးဆရာ ထန်ရှန်းယိ အမြဲတွေးခဲ့သည်။
သို့သော်ယခု သူ့ကိုယ်သူ အထင်ကြီးခဲ့မိသလို ခံစားလာရသည်။ တောင်ထိပ်ကို ထိန်းချုပ်ရသည်မှာ ခက်ခဲလွန်းသည်။
"မစိုးရိမ်ပါနဲ့ဆရာ သူက ကပ်ဆိုးဒုက္ခကျိန်စာသင့်နေတာပါ။ သူ့ကိုသူကာကွယ်ဖို့တောင် မနည်းတောင့်ခံနေရတာ။ ထွက်မပြေးနိုင်ပါဘူး"
ဘိုးဘေးဆရာ စိတ်အေးစေရန် နိုင်ငံ့ဆရာ၏အကျဉ်းခန်းထဲတွင် မှော်စက်ဝန်းတစ်လွှာ တည်ဆောက်ပေးသည်။
ထို့နောက် နိုင်ငံ့ဆရာ၏ လျှို့ဝှက်အခြေစိုက်စခန်းဆီ ယွမ်ကျိဦးတည်လိုက်သည်။
.....
အကျဉ်းထောင်တောင်ထိပ်မှ ထွက်လာပြီးနောက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့သွားသလို လုယန်ခံစားရသည်။
ပွဲတော် ချောမွေ့စွာ ပြီးဆုံးခဲ့သည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ဂုဏ်သရေကို တည်ဆောက်နိုင်ခဲ့သည်။ မဟာယုနိုင်ငံ့ဆရာအဖွဲ့ကို ဖမ်းနိုင်ခဲ့သည်။ နတ်မယ်၏ နှစ်လတာယာယီဂိုဏ်းချုပ်လုပ်ခွင့် သက်တမ်းပြည့်သွားသည်။
ကျင့်ကြံမှုလုပ်ရတော့မည့် အချိန်ဖြစ်သည်။
...
အချိန်သုံးလ ဖြတ်ကျော်သွားသည်။
လုယန် တင်ပျဉ်ခွေထိုင်နေသည်။ ချင်ဖုန်းဓားနှင့် မိန်ယွဲ့(ငရဲလ)ဓားက သူ့ဘေးတစ်ဘက်တစ်ချက်တွင် ဝဲပျံလျက် ဓားစွမ်းအင်ခပ်မှိန်မှိန်ထုတ်လွှတ်နေသည်။
ပြိုင်ဘက်ကင်းသန္ဓေ ဖြေးညှင်းစွာ လည်ပတ်နေသည်။ ပြင်ပဝိညာဉ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူသည်။ သူ့ဒန်ထန်တွင် ဝိညာဉ်စွမ်းအင်လေဝဲတစ်ခုပေါ်လာပြီး လည်ပတ်မှု တဖြေးဖြေးအရှိန်မြင့်လာသည်။
လက်နှစ်ချောင်းကို ကောင်းကင်သို့ ထိုးညွှန်၍ အော်ဟစ်လိုက်သည်။
"ချိုးဖျက်မယ်"
သူ့ကိုယ်မှစွမ်းအင်ရောင်များ မြစ်ရေလျှံသကဲ့သို့ ထိုးထွက်လာသည်။
ချင်ဖုန်းနှင့်မိန်ယွဲ့ဓား ရိုက်ခတ်သည်။ ဓားစွမ်းအင်ရောင်များ ရောယှက်သွားပြီး မြက်ပြင်ပေါ်တွင် အမှတ်အသားများဖြစ်ပေါ်လာသည်။
ဓားစွမ်းအင်က ခါတိုင်းထက် ပို၍ထက်မြက်အားပြင်းသည်။
"ရွှေသန္ဓေ နောက်ဆုံးအဆင့်"
ဂိုဏ်းတွင် နှစ်နှစ်ကြာပြီးနောက် ရွှေသန္ဓေနောက်ဆုံးအဆင့်သို့ သူရောက်လာသည်။
ပြုံး၍ သူထရပ်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ခံစားကြည့်သည်။ လွန်ခဲ့သည့်သုံးလကရှိခဲ့သည့် သူ့စွမ်းအားသူ အလွယ်တကူ အနိုင်ယူနိုင်ပြီဖြစ်သည်။
သုံးလလုံးလုံး ကျင့်ကြံမှုကို သူအာရုံစိုက်ခဲ့သည်။ ဂိုဏ်းထဲမှ လုံးဝမထွက်။ မုန်ကျင်းကျိုးက အပြင်ထွက်ဖို့ လာခေါ်သည်ကိုပင် သူငြင်းခဲ့သည်။
ပွဲတော်ပြီးဆုံးပြီးနောက် သူ့နာမည်ဂုဏ်သတင်း မြင့်တက်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးလုကို လက်ရည်တူယှဉ်နိုင်သည့် ရွှေသန္ဓေအလတ်တန်းဆင့်နံပတ်တစ် တာအိုလမ်းစဉ်ဂိုဏ်းမှလုယန်ကို လူအားလုံးသိသွားသည်။
တစ်ချို့က ဝစီပိတ်တပည့်ဖြစ်သည်အချက်ကိုပင် မေ့ထားပြီး လက်ထပ်ထိန်းမြားဖို့ လာကမ်းလှမ်းကြသည်။ စိတ်အားထက်သန်မှုပြကြသည်။
လုယန် အပြင်မထွက်သည်က နောက်ထပ်အကြောင်းရင်းတစ်ခု ရှိပါသည်။ နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နှင့် သူတွေ့လျှင် နတ်မယ်နောက်ထပ် ယာယီဂိုဏ်းချုပ်ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
မဟာယုကျင့်ကြံသူများ၏ အမွေအနှစ်များ ရှာဖွေဖော်ထုတ်သည့်လုပ်ငန်းကို အစီအစဉ်တကျ ဆက်လုပ်နေသည်။ ယွမ်ကျိက အခြေစိုက်စခန်းသို့သွားပြီး အဖိုးတန်ပစ္စည်းအားလုံး ယူလာသည်။
ထို့နောက် မဟာယုကျင့်ကြံသူများထံမှ စစ်ဆေးသိရှိရသည့် တည်နေရာများကိုအခြေတည်၍ တစ်ခြားဂိုဏ်းများလည်း စတင်လှုပ်ရှားကြသည်။ မဟာယုကျင့်ကြံသူတစ်ယောက်၏ ရတနာတိုက်ကို ဂိုဏ်းနှစ်ဂိုဏ်း သို့မဟုတ် သုံးဂိုဏ်းပေါင်း၍ ရှာဖွေကြသည်။
တာအိုလမ်းစဉ်ဂိုဏ်းက ယင်ယန်အရှင်၏ ရတနာတိုက်ကိုရှာဖွေရန် မဟာအကြီးအကဲကို အဖွဲ့တစ်ခုနှင့်အတူ စေလွှတ်ခဲ့သည်။
ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဖြစ်သည့် ယင်ယန်အရှင်တွင် လုယန်မင်သက်မိလောက်သည့် ပစ္စည်းကောင်းများစွာရှိသည်။
လွန်ခဲ့သည့်နှစ်ရက်သုံးရက်က လုယန် သတင်းတစ်ခုကြားသည်။ မဟာယုနိုင်ငံ့ဆရာသည် ကပ်ဆိုးခုနစ်မျိုး ဒုက္ခရှစ်ပါးကျိန်စာကို သုံးလကြာခံစားပြီးနောက် သေဆုံးသွားသည်။ သူ့ဝိညာဉ်ကြေမွပျက်စီးသွားသည်။ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားခြင်းဖြစ်သည်။
**************************************