သဘောတရားအရတော့ နတ်ဝိညာဉ်အဆင့်ပါ
Vol. 34 Ch. 508
"ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်။ နင်အခု ရွှေသန္ဓေနောက်ဆုံးအဆင့်ကို ရောက်လာပြီပဲ"
နတ်မယ်က ပြုံး၍ လက်ခုပ်တီးနေသည်။
"နင့်ကျင့်စဉ်တိုးတက်နှုန်းက အတော်လေးစားစရာပါပဲ။ ငါ့ထက် နည်းနည်းပဲနှေးတယ်။ ကိုးဆမသေမျိုး ချီလင်မသေမျိုးတို့နဲ့ တန်းတူလောက်နီးပါးပဲ။
ကျင့်စဉ်တိုးတက်နှုန်းက မသေမျိုးဖြစ်ဖို့ အရေးကြီးဆုံးအချက်တော့မဟုတ်ဘူး။ ဒါပေမယ့် မသေမျိုးဖြစ်နိုင်ခြေရှိမရှိ သိနိုင်တယ်။
နင်ဒီလောက်ကြိုးစားနေတာမြင်ရတော့ ကိုးဆမသေမျိုးတို့ ဒီအချက်ကိုအားကိုးပြီး ကျင့်ကြံခဲ့ကြတာကို ငါပြန်သတိရတယ်။ အမြဲတမ်း လောဘတကြီးကျင့်ကြံကြတယ်။ တကယ်ဇွဲကောင်းကြတယ်"
လုယန်ခေါင်းငြိမ့်သည်။ ရှေးဟောင်းခေတ်၏ ပြိုင်ဆိုင်မှုများက ပြင်းထန်သည်။ ခြေတစ်လှမ်းနောက်ကျလျှင် အားလုံးနောက်ကျသွားသည့်သဘောဖြစ်သည်။ ကိုးဆမသေမျိုးတို့ အလောတကြီးကျင့်ကြံကြခြင်းသည့် ထိုခေတ်၏ ပြိုင်ဆိုင်မှုပြင်းထန်သည့်အဖြစ်ကို ထင်ဟပ်နေသည်။
သို့သော်ယခုခေတ်တွင် မဟာကပ်ရောက်လာတော့မည်ဟု ပြောနေကြသော်လည်း ကျင့်ကြံလိုသည့် စိတ်အားထက်သန်မှုက ရှေးဟောင်းခေတ်လောက် မပြင်းထန်လှ။ ဥပမာ မုန်ကျင်းကျိုးလို လူများသည် သူတို့နေ့ရက်များကို အပြင်လောကတွင် ဂိုဏ်းမစ်ရှင်များ ထမ်းဆောင်ရင်း အလဟဿဖြုန်းတီးကြသည်။ ကိုယ်ပိုင်ကျင့်ကြံမှုကို ဦးစားမပေးကြ။
"ဒါပေမယ့် သူတို့ဘယ်လောက် ဇွဲကောင်းကောင်း ကျင့်စဉ်တိုးတက်နှုန်းက ငါ့ကိုမမီကြဘူး။ တိုက်ခိုက်တဲ့အခါ ငါပဲအမြဲတမ်း အနိုင်ယူခဲ့တာ။ စကားစပ်မလို့ပြောရရင် သူတို့ငါ့ကို မနိုင်ပေမယ့် ထွက်ပြေးနှုန်းက အတော်လေးတိုးတက်လာတယ်။ ငါလက်ကနေ လွတ်သွားမလိုဖြစ်တာမျိုး လေးငါးကြိမ်ကြုံရတယ်"
ကိုးဆမသေမျိုးတို့ ကျင့်စဉ်တိုးတက်ဖို့ အသေအလဲကြိုးစားကြသည်မှာ နတ်မယ်ရိုက်နှက်ခြင်းမခံရဖို့ ဖြစ်လောက်သည်ဟု လုယန်တွေးနေသည်။
"လက်ရှိကျုပ်ကျင့်စဉ်နှုန်းအရဆို နောက်ခြောက်လအတွင်း နတ်ဝိညာဉ်အဆင့်ကို ရောက်လိမ့်မယ်"
လုယန်စကျင့်ကြံကတည်းက အဆင့်မတက်နိုင်ဘဲ ပိတ်မိနေသည့်အဖြစ်မျိုး တစ်ခါမှမရှိခဲ့။ ဓားဝိညာဉ်မြစ်ကြောင့် ကျင့်စဉ်တိုးတက်နှုန်း အလွန်တရာမြန်ဆန်သည်။ အဟန့်တားတိုင်းကို ချိုးဖျက်နိုင်ခဲ့သည်။
"အမှန်တော့ အခုတောင် နင်ကနတ်ဝိညာဉ်အဆင့်လို့ သတ်မှတ်နိုင်ပါပြီ"
နတ်မယ်က အဓိပ္ပါယ်ပါပါ ပြုံး၍ပြောသည်။
"ဘာလို့လဲ"
"နတ်ဝိညာဉ်အဆင့်ရောက်တဲ့ သတ်မှတ်ချက်က ဘာလဲ"
"ဒန်ထန်မှာ ဝိညာဉ်တစ်ခု စတည်ဆောက်တာပါ"
ထိုအချက်သည် နတ်ဝိညာဉ်အဆင့်အတွက် ကျင့်ကြံသူလောက၏ သတ်မှတ်ချက်ဖြစ်သည်။ လုယန် ဟိုအရင်ကတည်းက သိထားသည်။
ယွမ်ကျိသည် ဒန်ထန််တွင် ရွှေသန္ဓေများ အပြည့်ရှိခဲ့သည်။ ရွှေသန္ဓေတစ်ခုကိုခွဲ၍ ဝိညာဉ်သန္ဓေတည်ဆောက်သည်။ ကျန်သည့်ရွှေသန္ဓေများကို ပုံမှန်အတိုင်းထားသည်။ စံသတ်မှတ်ချက်အရ သူသည်နတ်ဝိညာဉ်အဆင့်ဖြစ်သည်။ ရွှေသန္ဓေအဆင့်မဟုတ်တော့။
"သိပ်မှန်တာပေါ့။ အခု ဒီမသေမျိုးက ဝိညာဉ်ခန္ဓာအဖြစ် ရှိနေတယ်။ နင့်ရဲ့ဒန်ထန်မှာ ငါနေလိုက်ရင် နင်က နတ်ဝိညာဉ်အဆင့်ပဲမဟုတ်လား။ ပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်းအပြင်ဘက်က ကိုယ့်ထက်ကျင့်စဉ်မြင့်တဲ့လူတွေကို နင်စိန်ခေါ်နိုင်ပြီ။ နတ်ဝိညာဉ်အဆင့်ရဲ့ တိုက်ခိုက်စွမ်းအားအစစ်မျိုး ရှိနေပြီလေ။
ဒီတော့ နတ်ဝိညာဉ်အဆင့်စံနှုန်းနဲ့ ကိုက်ညီနေပြီမဟုတ်လား။ နင့်ကို နတ်ဝိညာဉ်အဆင့်လို့မပြောရင် တစ်ခြားဘယ်သူ့ကိုပြောရမှာလဲ"
လုယန် "..."
ကျုပ်ကတော့ ဒီသတ်မှတ်ချက်ကို လက်ခံလို့ရပါတယ်။ ဒါပေမယ့် တစ်ခြားနတ်ဝိညာဉ်အဆင့်တွေက လက်ခံကြပါ့မလား...
"မယုံမရှိပါနဲ့။ ရှေးဘိုးဘေးတွေ ကျင့်စဉ်အဆင့်သတ်မှတ်ချိန်တုန်းက ဒါက နတ်ဝိညာဉ်အဆင့်ရဲ့ မူလစံနှန်းပဲ။ ရွှေသန္ဓေအဆင့်ရောက်လို့ ရှေ့ဆက်ဖို့ နည်းလမ်းရှာမတွေ့ရင် သားရဲတစ်ကောင်ရဲ့ဝိညာဉ်ကို သန့်စင်ပြီး ဒန်ထန်ထဲ ထည့်ကြတယ်။ ပြိုင်ဘက်ကင်းစွမ်းအားရလာတယ်။ ရွှေသန္ဓေအဆင့်အားလုံးကို အနိုင်ယူနိုင်တယ်။
ရှေးဘိုးဘေးတွေက ဒီအဆင့်ကို 'သန္ဓေဝိညာဉ်အဆင့်'လို့ ခေါ်ကြတယ်။
ဒါပေမယ့် ဒီသန္ဓေဝိညာဉ်အဆင့်မျိုးက တန်ကြေးတစ်ခုပေးဆပ်ရတယ်။ သက်တမ်းတိုသွားတယ်။ ပြီးတော့ သားရဲဝိညာဉ်ဆိုတာ လူ့ခန္ဓာကိုယ်နဲ့ သဟဇာတမဖြစ်လို့ ရုတ်တရက် သေသွားတာမျိုးဖြစ်နိုင်တယ်။
နောက်တော့ လူတွေက ရွှေသန္ဓေကို ခွဲကြည့်ကြတယ်။ လူသေးသေးလေး ပေါ်လာတာကို တွေ့ကြတယ်။ အဲဒါ သူတို့ကိုယ်ပိုင်ဝိညာဉ်ပဲ။ အဲလိုနဲ့ ဒီနေ့ခေတ်မှာ နတ်ဝိညာဉ်အဆင့်ဆိုတာ ပေါ်လာတာ"
ရွှေသန္ဓေအခြေခံအဆင့်တွင် သားရဲသန္ဓေများကို အစားထိုးသုံးကြသလိုပင် နတ်ဝိညာဉ်အဆင့်တွင်လည်း သားရဲတို့စွမ်းအားကို အားကိုးခဲ့ကြသည်။
သားရဲသန္ဓေများကို ရွှေသန္ဓေအဖြစ်အစားထိုးသုံးသည့် နည်းလမ်းက ယနေ့ခေတ်အထိ ရှိနေဆဲဖြစ်သည်။ ကျင့်ကြံသူလောကတွင် ထိုရွှေသန္ဓေအဆင့်ကို သန္ဓေတုအဆင့်ဟုခေါ်သည်။
"ဪ...အဲလိုလား"
လုယန် နားလည်လာသည်။ ချက်ချင်းလက်ငင်း အသုံးမဝင်သော်လည်း နတ်မယ်ပြောသည့်ဇာတ်လမ်းက နည်းလမ်းမှန်ရှေးဟောင်းလျှို့ဝှက်ချက်အစစ်ဖြစ်သည်။
ထိုစဉ် ရုတ်တရက် အဝေးမှ တိုက်ခိုက်သံများကို လုယန် ခပ်သဲ့သဲ့ကြားလိုက်ရသည်။
"ဒီဘက်ကပဲ...အဲဒီမှာ ဂိုဏ်းအဝင်ဂိတ်တံခါးမဟုတ်လား"
လုယန် အံ့အားသင့်သွားသည်။ ဂိုဏ်းအဝင် တောင်တန်းဂိတ်တံခါးတွင် ဘာကြောင့် တိုက်ခိုက်နေကြသနည်း။ တာအိုလမ်းစဉ်ဂိုဏ်းကို တစ်ယောက်ယောက်က လာရောက်တိုက်ခိုက်နေခြင်းလော။
ထိုသို့ပြောင်ပြောင်တင်းတင်းတိုက်ခိုက်မှုမျိုးကို မဟာယုနိုင်ငံ့ဆရာပင် လုပ်ရဲမည်မဟုတ်။
"သွားကြည့်ရအောင်"
နတ်မယ်က စိတ်အားထက်သန်စွာ အကြံပြုသည်။
လုယန် တောင်ပေါ်မှဆင်းသည်။ မုန်ကျင်းကျိုးနှင့် လမ်းတွင်တွေ့သည်။ သူလည်း အခြေအနေကြည့်ဖို့ ထွက်လာခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ"
"မသိဘူး။ ငါလည်းသွားကြည့်မလို့"
"အတူသွားရအောင်"
"အင်း"
တိုက်ခိုက်သံများက ကျယ်လောင်သည်။ သူတို့နှစ်ယောက်သာမဟုတ်။ တစ်ခြားဂိုဏ်းတပည့်များလည်း အခြေအနေကြည့်ဖို့ ဂိတ်တ်ံခါးဆီသွားနေသည်။ ထိုနေရာတွင် လူများဝိုင်းအုံနေသည်။
ဂိတ်တံခါးနှင့်နီးလာလေ တိုက်ခိုက်သံများက ပိုကျယ်လာလေဖြစ်သည်။
ဂိတ်တံခါးသို့ရောက်ချိန်တွင် လေထဲတွင် တိုက်ခိုက်နေသည့် စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ချို့ကို မြင်ရသည်။ လှုပ်ရှားမှုများက ကြမ်းတမ်းသည်။ မြန်ဆန်သည်။ စုစည်းခြင်းအဆင့်စွမ်းအားကို ထုတ်သုံးကြသည်။
ထိုလူများထဲမှ တစ်ယောက်ကို လုယန်သိသည်။
တာအိုရှင်ဝစီပိတ်ဖြစ်သည်။
"ဟေ့၊ ဘာတွေလဲကွ။ ငါအခုမှ ဂိုဏ်းကိုပြန်လာတာပါ။ မင်းတို့ကငါ့ကို ဂိတ်တံခါးမှာ အလစ်ဝင်တိုက်တယ်ပေါ့"
တိုက်ခိုက်မှုများကို အသဲအသန်ရှောင်တိန်းရင်း ဝစိပိတ် အော်ဟစ်လိုက်သည်။ သူ့ပုံစံ ဖရိုဖရဲဖြစ်နေသော်လည်း လှုပ်ရှားမှုများက သွက်လက်သည်။ တစ်ချက်မှမထိသေး။
"ဘယ်သူကမင်းကို အချိန်ကုန်ခံပြီး အလစ်ေချာင်းတိုက်ခိုက်မှာလဲ။ မင်းက ငါတို့ထောင်ချောက်ထဲကို တည့်တည့်ဝင်လာတာကွ"
တစ်ခြားကျင့်ကြံသူများက ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ကြသည်။ ဝစီပိတ်ကို အသက်ရှူခွင့်ပင်မပေး။
"မဟာလေပြင်း နိုးထစမ်း"
ပြင်းထန်သည့်မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။ ဖုန်မှုန်များ အလုံးလိုက်လွင့်တက်သွားသည်။ ကျောက်တုန်းကြီးများပင် လေထဲသို့ လွင့်ပါလာသည်။
ဖုန်လုံးနှင့်သဲမှုန်များပါသည့်လေပြင်းက ဝစီိပတ်ဆီ ပြေးဝင်သွားသည်။
ဝစီပိတ် မြင်းမြီးကြာပွတ်ကို ဝှေ့ရမ်းလိုက်သည်။ လေပြင်းကို ခုတ်ဖြတ်သည်။
"ဒါဆိုဘာလို့မင်းတို့ ငါတို့ဂိုဏ်းမှာရှိနေတာလဲ"
"အစက မင်းတပည့်လုယန်ကို စေ့စပ်ကြောင်းလမ်းဖို့လာတာပါ။ ဒါပေမယ့် ဂိတ်တံခါးမှာမင်းကိုမြင်တို့ စေ့စပ်ဖို့ကိစ္စထက် မင်းကိုတွယ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ငါတို့တွေးမိတယ်လေ"
တစ်ခြားစုစည်းခြင်းကျင့်ကြံသူများလည်း ခေါင်းငြိမ့်ထောက်ခံကြသည်။
လုယန် နားလည်သွားသည်။ သူ့ဆရာ ပြန်လာချိန်တွင် စေ့စပ်ကြောင်းလမ်းဖို့လာသည့်အဖွဲ့နှင့် အမှတ်မထင်ဝင်တိုးသည်။ ဝစီပိတ်ကိုမြင်သည်နှင့် ထိုလူများ ဒေါသမထိန်းနိုင်ပဲ ပြိုင်တူဝင်တိုက်ခိုက်ခြင်းဖြစ်သည်။
...လုယန် သူ့ဆရာကိုကူညီဖို့ ရည်ရွယ်ချက်မရှိပါ။
တစ်ခြားဂိုဏ်းတူညီအကိုမောင်နှမများလည်း တိုက်ပွဲကိုကြည့်နေသည်။ ဝင်စွက်မည့်အရိပ်အယောင်မရှိ။ စုစည်းခြင်းအဆင့်တိုက်ပွဲမျိုးက တွေ့ရခဲသဖြင့် ပညာယူဖို့ အာရုံစိုက်နေကြခြင်း ဖြစ်လိမ့်မည်။
အထူးသဖြင့် ထောင်ယော်ယဲ့က တိုက်ပွဲကို သေချာအာရုံစိုက်၍ ကြည့်နေသည်။ ဤတိုက်ပွဲသည် စုစည်းခြင်းအဆင့်တိုက်ပွဲအစစ်ဖြစ်သည်။ တိုက်ခိုက်မှုများက ပုံမှန်မှော်စွမ်းအားတိုက်ပွဲများထက် ပိုကြမ်းတမ်းသည်။ 'အိပ်မက်ရေပွက်ပုံရိပ်ယောင်'ဖန်တီးဖို့ ကွက်တိဖြစ်သည်။
ပွဲတော်တွင်းတွင် "အိပ်မက်ရေပွက်'ကို ထောင်ယော်ယဲ့ ပွဲထုတ်ခဲ့သည်။ ချီးကျူးထောက်ခံမှုများစွာရခဲ့သည်။ ပွဲတော်ပြီးဆုံးပြီးနောက် ဂိုဏ်း၏အထောက်အပံ့ဖြင့် သူ့လုပ်ငန်းကို ခွန်တိုက်အားတိုက် ပရိုမိုးရှင်းဆင်းသည်။ ပရိတ်သတ်အားပေးမှုလည်း ရနေပြီဖြစ်သည်။
'အိပ်မက်ရေပွက်ပုံရိပ်'ပစ်မှတ်ထားသည့် ပရိတ်သတ်က သေမျိုးများ အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သည်။ လက်မှတ်များကည်း ဈေးမမြင့်လှ။ သို့သော် အားလုံးခြုံကြည့်လျှင် ထိုလုပ်ငန်းသည် လုယန်၏ ရထားပျံမူပိုင်ကြေးထက် ဝင်ငွေပိုများသည်။
လူငယ်မျိုးဆက်ကြားတွင် မုန်ကျင်းကျိုးသည် ဝိညာဉ်ကျောက်အပေါဆုံးဖြစ်သည်။ သူပြီးလျှင် ထောင်ယော်ယဲ့ဖြစ်သည်။ လုယန်က တတိယနေရာတွင်ရှိသည်။
အရိုင်းမျိုးဆက်၏ နှလုံးသည်းပွတ်ရတနာ အရိုးရိုင်းက မုန့်ဖိုးငွေများစွာရှိသဖြင့် စတုတ္ထနေရာ၌ ရှိသည်။
ပဥ္စမနေရာတွင် လီဟော်ရန်ရှိသည်။ သို့သော် သူ့အဆင့်က ယာယီသာဖြစ်သည်။ စုယီကို လက်ထပ်လိုက်သည်နှင့် လင်နှင့်မယား ပိုင်ဆိုင်မှုများ ပေါင်းစည်းသွားမည်။ သူ့ကြွယ်ဝမှုအဆင့်အတန်းလည်း ဒုတိယနေရာအထိ ချက်ချင်းခုန်တက်သွားလိမ့်မည်။
နောက်ဆုံးတွင် တိုက်ခိုက်မှုများကြားမှ ဟာကွက်တစ်ခု ဝစီပိတ်တွေ့သွားသည်။ ဓားအလင်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ဂိုဏ်းထဲသို့ ပျံဝင်သွားသည်။ စေ့စပ်ကြောင်းလမ်းသည့်လူစုလည်း လက်လျှော့သွားသည်။ မကျေမနပ်ဖြစ်ကျန်ခဲ့သည်။
ဖုန်အလူးလူးဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေသည့် တာအိုရှင်ဝစီပိတ် အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။
ဂိုဏ်းဘေးမှဖြတ်သွားရင်း လမ်းကြုံ၍ သူဝင်ကြည့်ခြင်းသာဖြစ်သည်။ ဂိတ်တံခါးတွင် ရန်သူများရှိနေမည်ဟု သူဘယ်လိုတွေးမိမည်နည်း။
"ဆရာ၊ သူတို့က ဆရာနဲ့ဘယ်လိုရန်ကြွေးရှိတာလဲ"
လုယန် စပ်စုလိုက်သည်။
"ပြောရခက်တယ်"
"ပြောရခက်တယ်..ဟုတ်လား"
"ရန်သူတွေက အများကြီးရှိတာလေ။ ငါမမှတ်မိဘူး"
****************************************