← Chapters

ဘာမှမပြောဘဲ ပြန်လာသူ

Vol. 34 Ch. 509

ဘာမှမပြောဘဲ ပြန်လာသူ

Vol. 34 Ch. 509

ထွက်ခွာသွားသည့် စုစည်းခြင်းကျင့်ကြံသူများကို လုယန် စိုးရိမ်မကင်းသည့်မျက်နှာဖြင့် လှမ်းကြည့်နေသည်။

"ဘာဖြစ်တာလဲ။ သူတို့ထွက်သွားလို့ ဝမ်းနည်းနေတာလား။ မင်းနဲ့စေ့စပ်ပေးဖို့ သူတို့ကို ငါသွားပြောပေးရမှာ"

မုန်ကျင်းကျိုးက ပြုံး၍စနောက်နေသည်။ ပွဲတော်ပြီးဆုံးကတည်းက လုယန်ကိုစေ့စပ်ကြောင်းလမ်းဖို့ရောက်လာသည့် အောင်သွယ်တော်များ မပြတ်ခဲ့။ မုန်ကျင်းကျိုးပင် အားကျရသည်။

ယခု လုယန်က ထိုအောင်သွယ်များကို ငေးစိုက်ကြည့်နေသဖြင့် မုန်ကျင်းကျိုး ရယ်မိသည်။

လုယန် ဖြေးညှင်းစွာခေါင်းခါသည်။

"ငါ့ကိုစေ့စပ်ပေးတာဟာ ငါ့ဆရာနားကပ်လို့ရမယ့်အခွင့်အရေးဆိုတာ သူတို့စဉ်းစားမိသွားမှာစိုးရိမ်လို့ပါ"

မုန်ကျင်းကျိုး "..."

မေးမိတဲ့ငါ့ကိုက မှားတာပါ...

စုစည်းခြင်းတစ်ယောက်၏ မှတ်ဉာဏ်ဖြင့် သူတို့ရန်စစော်ကားမိခဲ့သူများကို မမှတ်မိဟုဆိုလျှင် ရန်သူအလွန်တရာများပြားလွန်း၍သာဖြစ်မည်။

သူ့ဆရာ၏ ရန်ညှိုးဖွဲ့နိုင်သည့်စွမ်းရည်ကို လုယန်စဉ်းစားနေမိသည်။ တစ်နေ့နေ့ အပြင်ထွက်ရင်း အသေဆိုးနှင့် သေသွားသည်ဟု ကြားရလျှင်ပင် အံ့ဩစရာမရှိတော့။

ထိုအဖြစ်မျိုးကို ကာကွယ်နိုင်ရန် လုယန် စေတနာဖြင့် အကြံပြုသည်။

"ဆရာ၊ သေတမ်းစာကြိုရေးဖို့ စဉ်းစားပြီးပြီလား။ ဆရာသေခါနီးကျရင် ရေးဖို့အချိန်မရှိမှာစိုးလို့ပါ"

ဝစီပိတ်က သူ့တပည့်ကို အဓိပ္ပါယ်ပါပါကြည့်သည်။ လုယန်၏ပြောပုံဆိုပေါက်သည် သူ့ဒုတိယတပည့် ယင်ယန်ရွှေသန္ဓေတည်ဆောက်ခဲ့စဉ်ကပုံစံနှင့်တူသည်ဟု တွေးနေသည်။

"မင်းရဲ့အကိုနှစ်ကို တွေ့ဖူးလား"

"အကိုနှစ်လား။ မတွေ့ဖူးဘူး။ သူက ရွှေဗုဒ္ဓနိုင်ငံမှာမဟုတ်လား"

သူ့ဆရာဘာကြောင့်မေးသည်ကို လုယန်နားမလည်။

"ထားပါတော့လေ"

တပည့်အတော်များများ ဝစီပိတ်ကို လာကြည့်ကြသည်။ အရင်က ဆယ်နှစ်ကြာအောင် ဝစီပိတ်ကျင့်ကြံခဲ့သည်။ မျက်နှာလုံးဝပြခဲ့။ လုယန်ဖျောင်းဖျပြောဆိုသည်ကို ယုံကြည်သဖြင့် ယွမ်ကျိက ဝစီပိတ်ကိုလွှတ်ပေးပြီး အပြင်လောကတွင် ပုံပြင်ပြော၍ တာအိုလမ်းစဉ်းဂိုဏ်းဂုဏ်သတင်းကို မြှင့်တင်စေခဲ့သည်။

ထိုအချိန်ကတည်းက ဝစီပိတ် ဂိုဏ်းသို့ လုံးဝပြန်မလာခဲ့။

အရင်တပည့်မျိုးဆက်နှစ်ခုက ဂိုဏ်းချုပ်အကြောင်း ကြားသာကြားဖူးသည်။ တစ်ခါမှမမြင်ဖူးကြ။

လုယန်မျိုးဆက်မှာပင် လုယန်နှင့်မုန်ကျင်းကျိုးသာ ဝစီပိတ်ကိုမြင်ဖူးသည်။ ထောင်ယော်ယဲ့၊ အရိုးရိုင်းနှင့် လီဟော်ရန်တို့ တစ်ခါမတွေ့ဖူးကြ။

"ဂိုဏ်းချုပ်ပြန်လာပြီလို့ကြားတယ်။ သွားကြည့်ရအောင်"

"ဂိုဏ်းချုပ်က ယွမ်ကျိမဟုတ်ဘူးလား"

"နောက်ဆုံးတော့ ဂိုဏ်းချုပ်အစစ်ကို တွေ့ခွင့်ရတော့မှာပေါ့။ အပြင်လောကမှာ မစ်ရှင်တစ်ခုထွက်တုန်းက ငါ့ကိုယ်ငါ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ပါလို့ မိတ်ဆက်တော့ ငါ့ကို တာအိုဝစီပိတ်တပည့်လားလို့ လူတွေက အရင်ဆုံးမေးကြတယ်။ မဟုတ်ဘူးလို့ပြောမှ ငါ့ကိုဝင်ခွင့်ပေးတယ်"

"မင်းတို့အားလုံး ဂိုဏ်းချုပ်ကို တစ်ခါမှမမြင်ဖူးဘူးပေါ့"

"မင်းကမြင်ဖူးတယ်ပေါ့"

"မြင်ဖူးတယ်လေ"

"ငါတို့အားလုံးက မျိုးဆက်တူတွေပါ။ မင်းသူ့ကို ဘယ်မှာမြင်ဖူးတာလဲ"

"အလိုရှိဝရမ်းကြော်ငြာမှာလေ"

တပည့်များ အတင်းတိုးဝှေ့စုပြုံလျက် သက်ရှိထင်ရှားရှိသည့် ဝစီပိတ်ကိုကြည့်ရန် ကြိုးစားကြသည်။ ထိုမြင်ကွင်းကို အပြင်လူများမြင်လျှင် ဝစီပိတ်သည် သူ့ဂိုဏ်းတပည့်များနှင့် အလွန်တရာ ပုလဲနံသင့်ဖြစ်သည်ဟု အထင်မှားနိုင်သည်။

"ညီလေး၊ မင်းပြန်လာပြီလား"

မဟာအကြီးအကဲက နောက်ကျမှ ရောက်လာသည်။...သို့မဟုတ် တိုက်ပွဲပြီးမှ လူလုံးထွက်ပြခြင်းဖြစ်မည်။

လုယန်ပင် ဤနေရာသို့ ချက်ချင်းရောက်နိုင်သည်ဆိုလျှင် မဟာအကြီးအကဲက နောက်ကျနေစရာအကြောင်းမရှိ။

ဝစီပိတ်ကို ရိုက်နှက်ခဲ့ကြသည့် စုစည်းခြင်းကျင့်ကြံသူအားလုံး မဟာအကြီးအကဲနှင့် သိကြသည်။ တစ်ချိန်က သူနှင့်ဝစီပိတ် ဂူသင်္ချိုင်းများ တူးဖော်ခဲ့သည်။ သူတို့ကွင်းဆင်းလေ့လာမှုစွမ်းရည် နိမ့်သေးသဖြင့် မိသားစုပိုင်ဘိုးဘေးဂူသင်္ချိုင်းတစ်ခုကို တူးဖော်မိသည်။

ထိုလူများက သူတို့နှစ်ယောက်ကို ဂူဖောက်သူခိုးများဟုထင်သဖြင့် စစ်ဆေးရန် ရောက်လာသည်။ ထိုအချိန်တွင် ပြေးဖို့လည်း အချိန်မမီတော့သဖြင့် ခေါင်းတလားထဲတွင် ဝင်ပုန်းကြသည်။ ထိုလူများ၏ ဘိုးဘေးနှင့်အတူ တစ်ညအတူအိပ်ခဲ့သည်။

ထိုကိစ္စသတင်းပြန့်သွားပြီးနောက် ထိုမိသားစုက ဝစီပိတ်ကို နေရာတိုင်းလိုက်ရှာခဲ့သည်။

မဟာအကြီးအကဲလည်း စိတ်မလုံသဖြင့် ဝစီပိတ်အရိုက်ခံလိုက်သည်က ပိုကောင်းသည်ဟု တွေးမိသည်။

တစ်ခြားအကြီးအကဲများလည်း ထိုသို့ပင်တွေးကြသည်။

ခုနက ဝစီပိတ်ကိုရိုက်နှက်ခဲ့သူအားလုံးသည် သူနှင့်အကြီးအကဲများ အတူပေါင်း၍ ရန်စစော်ကားခဲ့သူများဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှ မျက်နှာထွက်မပြကြ။

"ဂိုဏ်းနားကနေဖြတ်သွားရင်း လမ်းကြုံလို့ ဝင်လာတာပါ"

ဝစီပိတ် သက်ပြင်းချသည်။ ပြီးခဲ့သည့်နှစ်အတွင်း ယာယီဂိုဏ်းချုပ်အပြောင်းအလဲ လေးကြိမ်ဖြစ်ခဲ့သည်။

အရင်ဆုံး ယွမ်ကျိ ယာယီဂိုဏ်းချုပ်လုပ်နေသည်။ ထို့နောက် လုယန်က သုံးရက်ရာထူးလွှဲပြောင်းယူသည်။ ထို့နောက် ယွမ်ကျိထံပြန်ရောက်သည်။ ထို့နောက် လုယန်က နှစ်လကြာ ရာထူးယူသည်။ ယခု ယွမ်ကျိအလှည့် ပြန်ရောက်လာသည်။

မကြာခဏ ယာယီဂိုဏ်းချုပ် ပြောင်းလဲနေခြင်းသည် ဂိုဏ်း၏စီမံအုပ်ချုပ်ရေးပိုင်း ပရမ်းပတာဖြစ်နေသည့်သဘောဖြစ်သည်။

"တစ်ယောက်ယောက်ကို မင်းသွားရန်စမိလို့ ဂိုဏ်မှာပုန်းခိုဖို့ ပြန်လာတယ်ထင်ခဲ့တာ"

ဝစီပိတ် ထိုစကားကိုသဘောမကျ။

"အကိုဘာတွေပြောနေတာလဲ။ ကျုပ်လုပ်ရပ်တွေအတွက် ကျုပ်အမြဲတမ်းတာဝန်ယူတယ်။ ကျုပ်ဘယ်တုန်းက ထွက်ပြေးဖူးလို့လဲ"

မဟာအကြီးအကဲ မျက်နှာင်းတင်းဖြင့် သူ့ဘာသာအသံတိတ်ရေရွတ်နေသည်.

"ဒါဆိုမင်းဘာလို့ မိန်းမတစ်ယောက်လိုဟန်ဆောင်ပြီး စတုတ္ထညီလေးဆီ ရည်းစားစာတွေရေးခဲ့တာလဲ။ သူက အရမ်းအချစ်ဆိပ်သင့်ပြီး အာရုံထွေပြားခဲ့တယ်။ ဒီစာတွေက အလိမ်အညာဖြစ်မှန်း သူသိသွားတဲ့အချိန် တစ်ပိုင်းတစ်စရေးထားတဲ့ ရည်းစားစာတွေ ငါ့အိပ်ယာအောက်ကို မင်းဘာလို့ထိုးထည့်ခဲ့တာလဲ"

စတုတ္ထအကြီးအကဲငယ်ငယ်က ယဲ့ချန်ချန်ဟူသည် စာရေးဖော်တစ်ယောက်ရှိခဲ့သည်။ လူချင်းတစ်ခါမှမတွေ့ဖူး။ စာဖြင့်သာဆက်သွယ်ခဲ့သည်။ စာထဲတွင် ယဲ့ချန်ချန်က စတုတ္ထအကြီးအကဲ နတ်ဆိုးကျင့်ကြံသူများကို စုတ်တံနှင့် သုတ်သင်ရှင်းလင်းသည့် မြင်ကွင်းများကို ရေးသားဖော်ပြသည်။ အကြီးအကဲကိုလေးစား၍ စာပို့လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အကြီးအကဲက ယဲ့ချန်ချန်၏ စကားချိုချိုများ လှပသည့်လက်ရေးလက်သားများကြောင့် သိပ်မကြာမီ ချစ်မိသွားသည်။

ယဲ့ချန်ချန်ကလည်း သူနေသည့်မြို့ ရေဘေးအန္တရာယ်သင့်၍ ကောက်ပဲသီးနှံများ ပျက်စီးနေကြောင်း ပြောသည်။ စတုတ္ထအကြီးအကဲက ပြန်စာနှင့်အတူ ဝိညာဉ်ကျောက်များ ချက်ချင်းပို့ပေးလိုက်သည်။

သို‌့သော် အစီအစဉ် ဘယ်လောက်ပိရိသည်ဖြစ်စေ ထင်မထားသည့်အဖြစ်များ အမြဲကြုံတတ်သည်။ တစ်နေ့တွင် အဖြစ်မှန်ပေါ်လာသည်။ သူ့ဂိုဏ်းတူအကိုများထဲမှတစ်ယောက်က ယဲ့ချန်ချန်အယောင်ဆောင်နေကြောင်း အကြီးအကဲသိသွားသည်။ ဒေါသထွက်ပြီး လူတိုင်းကို ရှာဖွေစစ်ဆေးသည်။

အခြေအနေမကောင်းတော့သဖြင့် ဝစီပိတ်က မပြီးသေးသည့်စာများကို မဟာအကြီးအကဲအိပ်ယာအောက်သို့ ထိုးထည့်ထားလိုက်သည်။

ထင်သည့်အတိုင်းပင် စတုတ္ထအကြီးအကဲက မဟာအကြီးအကဲနှင့် တိုက်ခိုက်သည်။ နောက်ပိုင်းကျမှ ထိုကိစ္စသည် ဝစီပိတ်လက်ချက်ဖြစ်ကြောင်း သိကြသည်။

"အကို'လေး'က လူရည်မွန်လမ်းစဉ်လိုက်တဲ့ စာပေကျင့်ကြံသူဆိုတော့ ပြုမှုလှုပ်ရှားမှုတွေက စာအုပ်ကြီးဆန်လွန်းတယ်။ ဉာဏ်ကိုလွှာပြီးမသုံးဘူး။ သူအပြင်ထွက်ရင် မိန်းမတွေလှည့်စားတာကို လွယ်လွယ်ခံရမှာ။

အပြင်လူတွေ လှည့်စားခံရမှာထက်စာရင် ကျုပ်သူ့ကို အရင်လှည့်စားလိုက်တာ ပိုကောင်းတာပေါ့။ အဲလိုဆို ရှေ့လျှောက်ပြီး သူပိုသတိထားတတ်လာမယ်လေ...အဲ...အပြင်လူလှည့်စားခံရတာထက် မိသားစုဝင်တစ်ယောက် လှည့်စားခံရတာ ပိုကောင်းတယ်လို့ ပြောချင်တာပါ"

ဝစီပိတ်က ထိုသို့ရှင်းလင်းချက်ပေးသည်။ ထို့နောက် သူအရိုက်ခံရသည်။

ထိုအကြောင်းပြန်တွေးတိုင်း မဟာအကြီးအကဲ ကြက်သီးထနေဆဲဖြစ်သည်။ စာပေကျင့်ကြံသူများ ဒေါသထွက်လျှင် ဘယ်လောက်ရက်စက်ကြမ်းတမ်းသည်ကို သူသိသည်။

"မင်းပြန်လာပြီဆိုတော့ အစည်းအဝေးထိုင်ရ‌အောင်။ ငါတို့မင်းနဲ့ ဆွေးနွေးစရာရှိတယ်"

မဟာအကြီးအကဲက အားလုံးကို စုစည်းသည်။ ယွမ်ကျိ၊ အကြီးအကဲရှစ်ယောက်၊ ဝစီပိတ်၊ လုယန်၊ မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့၊ အရိုးရိုင်း၊ လီဟော်ရန်နှင့် ချင်ယန်ယန်။

ယွမ်ကျိလည်း ဂိုဏ်းတွင်ရှိသည်။ သူ့ဆရာအရိုက်ခံရသည်ကို ဘာမှဝင်မစွက်ဘဲ ကြည့်နေသည်။

သူ့အကြောင်းပြချက်ကလည်း ခိုင်မာသည်။

"ငါက စုစည်းခြင်းအဆင့်မဟုတ်ဘူး။ သူတို့ကို မရိုက်နိုင်ဘူး"

ဝင်မပါချင်၍ တမင်ပြောကြောင်း သိသာနေသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်အားလုံး ရှိနေသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ရင်ဘတ်ထဲတွင် တင်းကြပ်လျက် အသံတိတ်နေကြသည်။ လေထုက တင်းကြပ်လာသည်။

အမှန်တော့ ဆဋ္ဌမအကြီးအကဲထောင်ယာ ရှိနေသောကြောင့် အားလုံးစကားမပြောနိုင်ကြခြင်းဖြစ်သည်။

အကြီးအကဲ သိစိတ်အာရုံမှ ရှင်းပြသည်ကို နားထောင်ပြီးနောက် လှည့်စားမှုအတတ်ပညာတွင် နာမည်ကျော်သည့် တာအိုရှင်ဝစီပိတ်ပင် မင်သက်မိနေသည်။

"ဒါဆို အခုတလော ဂယက်ထအောင်လုပ်နေတဲ့ ကောင်းကင်ရုံတော်ဂိုဏ်းဆိုတာ မင်းတို့ပေါ့"

"ငါတို့အားလုံးပါ"

မဟာအကြီးအကဲက အမှန်ပြင်ပေးသည်။

"ငါ့ကိုအသိမပေးဘဲ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူဘုရင်ခန့်ထားတာကို ဘာမှမပြောပါဘူး။ ကောင်းကင်ဘုရင်ဖြစ်ရတာလည်း ကောင်းပါတယ်။

ဒါပေမယ့် ဘာလို့ ငါပြင်ဆင်ဖန်တီးခဲ့တဲ့ 'လိုသလိုချုံ့ချဲ့ပညာ'ကို အစွဲပြုပြီး ငါ့ကို ကြီးထွားခြင်းဘုရင်လို့ နာမည်ပေးထားတာလဲ"

လောင်ပါးက လက်နှစ်ဘက်ဖြန့်ပြပြီး သုံးသပ်ပြသည်။

"အဲဒီတုန်းက မင်းဒီမှာမရှိဘူးလေ။ ဒီတာ့ ငါတို့လည်း တစ်ခြားရွေးစရာမှမရှိတာ။ ပြီးတော့ ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းက အများဆန္ဒကို အလေးထားတယ်။ မင်းဘွဲ့နာမည်ကို မင်းကလွဲရင် အားလုံးထောက်ခံခဲ့ကြတာပါ"

ဝစီပိတ်ဒေါသထွက်သွားပြီး နဖူးသွေးကြောများ ဖောင်းထလာသည်။

"လခွမ်းတွေ အများဆန္ဒလား။ ဘယ်သူဦးဆောင်တာလဲ။ အကိုကြီးလား မင်းလား။ ဒီကိစ္စကို ငါအဆုံးထိသိချင်တယ်"

"မင်းရဲ့ပထမတပည့် ယွမ်ကျိပါ"

"ကြီးထွားခြင်းကောင်းကင်ဘုရင်ဆိုတဲ့နာမည်က အတော်လေးကောင်းသလိုပါပဲ"

******************************************

All Chapters