ကိုယ်ဘာသာအောင်မြင်နည်း
Vol. 34 Ch. 510
ဝစီပိတ်သက်ပြင်းချသည်။ လုယန်သည် သူ့တပည့်ပီသလွန်းသည်။ တရားဝင်သင်ကြားပေးခဲ့ခြင်းမရှိဘဲ ကောင်းကင်ရုံးတော်ဂိုဏ်းလိုကိစ္စမျိုးကို စဉ်းစားနိုင်သည်။
သူရွှေသန္ဓေအဆင့်တွင် ရှိခဲ့ချိန်က တစ်ခြားရွှေသန္ဓေကျင့်ကြံသူများကိုသာ လှည့်ပတ်လိမ်ညာခဲ့သည်။ သို့သော်လုယန်က ထိုအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးများ၊ နတ်ဆိုးဂိုဏ်းသုံးဂိုဏ်း၊ အဆင့်နိမ့်ကျင့်ကြံသူများ၊ သာမန်လူများ အားလုံးကို လိမ်ညာလှည့်စားနေပြီဖြစ်သည်။ အနိမ့်အမြင့်မရွေး လိမ်ညာနိုင်သည့်စွမ်းရည်က တကယ်အံ့အားသင့်စရာကောင်းသည်။
အစက လုယန်ကို သူ့လိမ်နည်းပတ်နည်းများ လျှို့ဝှက်သင်ကြားပေးဖို့ ရည်ရွယ်ထားခဲ့သည်။ သို့သော်ယခု လိုတော့မည်မထင်။
ဆရာတစ်ယောက်အနေဖြင့် ဂုဏ်အယူရဆုံး ပညာများကို လက်ဆင့်မကမ်းနိုင်သည်မှာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား မဝေခွဲတတ်တော့။
"ငါက ကောင်းကင်ဘုရင်ဆိုတော့ ငါတို့ဂိုဏ်းတွက် အကျိုးဆောင်သင့်တယ်။ အပြင်လောကမှာ ငါတို့ဂိုဏ်း နာမည်ကျော်အောင် လုပ်ပေးနိုင်တယ်"
တာဝန်ယူစိတ်အပြည့်ဖြင့် ဝစီပိတ်ကပြောသည်။ သူ့စွမ်းအားကို အရှိန်ဟုန်မြှင့်ရာတွင် သူကျွမ်းကျင်သည်။
"မဖြစ်ဘူး"
စတုတ္ထအကြီးအကဲက သူ့အဆိုပြုချက်ကို ချက်ချင်းငြင်းပယ်သည်။
"ကျင့်ကြံသူလောကမှာ မင်းရဲ့နာမည်ဂုဏ်သတင်းက လမ်းပေါ်ဖြတ်ပြေးတဲ့ ကြွက်တစ်ကောင်လိုပဲ။ အားလုံးကမင်းကို ရိုက်သတ်ချင်ကြတာ။ သာမန်လူတွေ အဆင့်နိမ့်ကျင့်ကြံသူတွေကတော့ မင်းကိုသိချင်မှသိမှာပေါ့။ အဆင့်မြင့်ကျင့်ကြံသူတွေထဲမှာ မင်းကိုမသိတဲ့လူ ဘယ်သူရှိလဲ။
ငါတို့ဂိုဏ်းအတွက် မင်းကြော်ငြာတယ်ဆိုရင် မင်းရဲ့အဓိကပရိတ်သတ်က သာမန်လူတွေ အဆင့်နိမ့်ကျင့်ကြံသူတွေပဲ ဖြစ်မှာပေါ့။ ဒါပေမယ့် ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ မူလရည်ရွယ်ချက်က ပုန်းအောင်းနေတဲ့ရန်သူတွေကို လှည့်စားဖို့လေ။ အဲဒီ့လူတွေအားလုံးက အဆင့်မြင့်ကျင့်ကြံသူတွေပဲ။
မင်းလူလုံးထွက်ပြရင် ငါတို့ဂိုဏ်းကို အယုံအကြည်နည်းလာကြမှာပဲရှိတယ်"
ဝစီပိတ် "..."
ပုဂ္ဂိုလ်ရေးသုံးသပ်ချက်များကို ဘေးဖယ်၍စဉ်းစားလျှင် စတုတ္ထအကြီးအကဲပြောသည့်စကား ယုတ္တိကျကြောင်း သူဝန်ခံရမည်။
အဋ္ဌမအကြီးအကဲက ထပ်ပြောသည်။
"ငါ့အမြင်ပြောရရင် ကောင်းကင်ရုံးတော်ဂိုဏ်းဟာ လောလောဆယ် မြင်သာထင်သာရှိတဲ့ လှုပ်ရှားမှုတွေမှာ ဝင်မပါသင့်ဘူး။ မကြာခဏလူလုံးထွက်ပြရင် သရုပ်ဆောင်နေမှန်း သိသာလာမယ်။ ပုန်းလျှိုးကွယ်ရှိုးနေမှ ငါတို့ရန်သူတွေက ငါတို့အင်အားကို စိတ်ကူးနဲ့ထင်ကြေးပေးပြီး မှန်းဆနေကြမှာ။ အဲဒါ အကောင်းဆုံးဗျူဟာပဲ"
လျှို့ဝှက်ပုန်းကွယ်နေလေ ရန်သူ့ထင်ကြေးများ ပိုများလာလေဖြစ်မည်။ ထို့ပြင် ကောင်းကင်ရုံးတော်ဂိုဏ်း၏အင်အားက ထင်ရှားနေပြီးဖြစ်သည်။ သူတို့ဘာမှမလုပ်လျှင်ပင် နောက်ကွယ်တွင် တစ်စုံတစ်ရာ အကွက်ချကြံစည်နေသည်ဟု လူအများက သံသယဝင်ကြမည်။ ရန်သူများ ဂဏာမငြိမ်ဖြစ်လာမည်။
ဝစီပိတ်၏ အုပ်ထိန်းသူ အဋ္ဌမအကြီးအကဲတွင် လှည့်စားမှုနှင့်ပတ်သက်၍ ထူးခြားသည့် ကိုယ်ပိုင်သီအိုရီများရှိသည်။
အကြီးအကဲများဆွေးနွေးသည်ကို နားထောင်ရင်း လုယန်လည်း သူ့သိစိတ်နယ်မြေမှ တဖြေးဖြေးရည်မှန်းချက်ပိုကြီးလာသည့် နတ်မယ်ကို ထိန်းချုပ်နေရသည်။
"ဟေ့...ဟေ့။ နင့်ဆရာပြန်လာပြီ။ ငါ့ကိုဂိုဏ်းချုပ်ရာထူးလွှဲပေးဖို့ မြန်မြန်ပြောလိုက်တော့"
နတ်မယ်က ကုတင်စွန်းကို စိတ်လှုပ်ရှားစွာပုတ်၍ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ လုယန်ကို တိုက်တွန်းသည်။
"နတ်မယ်၊ ဒါက အဲလောက်မလွယ်ဘူး"
"ဘာတွေ အဲလောက်ခက်နေတာလဲ။ ဘာပဲပြောပြော နင့်ဆရာကလည်း ဂိုဏ်းချုပ်လုပ်ချင်ပုံမပေါ်ပါဘူး"
"ပြဿနာက ကျုပ်ဆရာမဟုတ်ဘူး။ အမယွမ်ပါ။ သူက ဆယ့်တစ်နှစ်ကြာအောင် ဂိုဏ်းရဲ့ဩဇာကို ထိန်းချုပ်ထားတာ။ ဒီရာထူးနဲ့ သူအတော်အသားကျနေပြီ။ အလွယ်တကူ လက်လွှတ်မှာမဟုတ်ဘူး။ အရင်ကခင်ဗျားကို ယာယီဂိုဏ်းချုပ်လုပ်ခိုင်းခဲ့တာက သူခဏအနားယူချင်လို့ပဲ။ ကျုပ်ဆရာ ဂိုဏ်းချုပ်မလုပ်ချင်ဘူးဆိုရင်တောင် နောက်တက်လာမယ့်ဂိုဏ်းချုပ်က အမယွမ်ပဲ ဖြစ်နိုင်ခြေအရှိဆုံးပါ"
"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ"
"ခင်ဗျား အမယွမ်ကို အနိုင်ယူနိုင်ပြီဆိုရင် ဂိုဏ်းချုပ်ရာထူးကို ကျုပ်တို့ ကြိုက်တဲ့အချိန် ယူလို့ရပြီလေ"
လုယန် နတ်မယ်ကို တားရမည်။ ဂိုဏ်းချုပ်ရာထူးလွှဲပေးဖို့ သူတောင်းဆိုလိုက်လျှင် သူ့ဆရာ တကယ်လွှဲပေးမည်ကို စိုးရိမ်နေသည်။
နတ်မယ်ခေါင်းငြိမ့်သည်။ လုယန်စကား သဘာဝကျသည်ဟု ယူဆသည်။
"ဂိုဏ်းချုပ်ရာထူးရဖို့ အလျင်မလိုသေးပါဘူး။ ရှောင်ယွမ်ကို ငါကြောက်လို့တော့မဟုတ်ဘူး။ လောလောဆယ် ဂိုဏ်းချုပ်ရာထူးကို သူကောင်းကောင်းထမ်းဆောင်နေတာလို့ ငါမြင်တယ်။ ငါ့စွမ်းအားအပြည့်အဝပြန်ရတဲ့အချိန်ကျရင် ဒီရာထူးအတွက် ယှဉ်ပြိုင်မယ်"
"နတ်မယ်၊ ခင်ဗျားရဲ့ ရှေ့ရေးအမြင်နဲ့ စိတ်ရှည်သည်းခံမှုကြောင့် နောင်တစ်ချိန် တာအိုလမ်းစဉ်ဂိုဏ်းမှာ ခင်ဗျားပါရမီစွမ်းတွေကို ထုတ်ပြခွင့်ရမှာပါ"
"ငါလည်းအဲလိုပဲထင်ပါတယ်"
ကောင်းကင်ရုံးတော်ဂိုဏ်းစည်းဝေးပွဲ လျင်မြန်စွာပြီးဆုံးသွားသည်။ ဆွေးနွေးစရာအကြောင်း သိပ်မရှိ။ အဓိကက ဝစီပိတ်ကို ကောင်းကင်ရုံးတော်ဂိုဏ်းအဖွဲ့ဝင်ဖြစ်နေကြောင်း အသိပေးဖို့သာဖြစ်သ်ည။
စည်းဝေးပွဲပြီးသွားချိန်တွင် ဝစီပိတ်က လုယန်ကို ခေါ်သည်။
"ဆရာ၊ ကိစ္စတစ်ခုခုရှိလို့လား"
ဝစီူပိတ် မြင်းမြီးကြာပွတ်ကို လက်မောင်းပေါ်လွှားတင်ထားပြီး မုတ်ဆိတ်ဖြူများကို လက်ဖြင်သပ်ရင်း ဖြေးညှင်းစွာပြောသည်။
"အရေးကြီးကိစ္စမရှိပါဘူး။ မင်းငါ့တပည့်ဖြစ်ပြီးကတည်းက မင်းကိုငါ ဘာမှကောင်းကောင်းသင်မပေးရသေးဘူးလို့ ခံစားမိလို့ပါ။ အခုမင်းကို ဓားပညာသင်ပေးဖို့ အချိန်ကောင်းပဲ"
လုယန် ဝမ်းသာသွားသည်။ ဂိုဏ်းထဲတွင် ဓားပညာသင်ထားသူအတော်များများရှိသည်။ သို့သော် တကယ်ကျွမ်းကျင်သူဟူ၍ ရှားလှသည်။ လုယန်၏ ဓားကွက်များက အခြေခံအကွက်များသာဖြစ်သည်။ သူ့ဓားပညာနားလည်နိုင်စွမ်းသည် သူ့ပင်ကိုယ်ဗီဇပါရမီပေါ် မှီတည်နေသည်။
နှစ်နှစ်ကြာအောင် ဆရာတပည့်ဖြစ်ခဲ့ပြီးနောက် ဓားဝိညာဉ်မြစ်ပိုင်ရှင်နှစ်ယောက် သင်ခန်းစာစကြတော့မည်။
"မင်းဓားတွေထုတ်ပါ။ ကြည့်ရအောင်"
လုယန် ချင်ဖုန်းနှင့်မိန်ယွဲ့ဓားကို ထုတ်သည်။
"မင်းရဲ့ဓားတွေကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်ထားတာလား"
"အဲဒါပြဿနာရှိလို့လား"
လုယန် နားမလည်။ တစ်ခြားဓားကျင့်ကြံသူများလည်း ထိုသို့ပင်လုပ်ကြသည်ကို သူမြင်သည်။
ဓားကျင့်ကြံသူတစ်ယောက်သည် အမြဲတမ်း ဓားကိုအနီးကပ် သေချာထိန်းသိမ်းထားဖို့ လိုသလားမသိ။ သို့မှသာ တိုက်ပွဲတွင် ပိုထိရောက်မှုရှိကောင်းရှိမည်။
"အဲဒါ အဓိကပြဿနာကြီးပေါ့။ ငါငယ်ငယ်က မကြာခဏချုံခိုတိုက်ခိုက်ခံရတယ်။ အဲလိုလူတွေနဲ့ရင်ဆိုင်ဖို့ ငါ့ဓားကို အမြဲတမ်းကိုယ်နဲ့မကွာထားတယ်။ ကျောက်စိမ်းတံဆိပ်ထဲ ထည့်ထားရင် အန္တရာယ်ကြုံလာတဲ့အခါ အသက်တစ်ရှူစာလောက် ပိုနောက်ကျသွားမယ်လေ"
"ဆရာငယ်ငယ်တုန်းက မဟာရှားနိုင်ငံရဲ့လုံခြုံရေးက အဲလောက်တောင်ဆိုးတားလား"
လုယန် အံ့အားသင့်သွားသည်။ သူစကျင့်ကြံကတည်းက ချုံခိုတိုက်ခိုက်ခံရသည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူး။ လွန်ခဲ့သည့်နှစ်နှစ်ထောင်က မဟာရှား၏ အုပ်ချုပ်ရေးညံ့ဖျင်းပုံကို သူမယုံနိုင်အောင်ဖြစ်ရသည်။
"လွန်ခဲ့တဲ့နှစ်နှစ်ထောင်က မဟာရှားရဲ့လုံခြုံရေးစနစ်ဟာ အခုခေတ်လိုပဲ ကောင်းမွန်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ငါ့အတွေ့အကြုံအရ အရင်တုန်းက အရမ်းပရမ်းပတာနိုင်တယ်"
"ချုံခိုတိုက်ခိုက်ခံရတာကို တိုင်ချက်မဖွင့်ဘူးလား"
"အခြေအနေတွေက အရမ်းရှုပ်ထွေးတော့ ပုံမှန်ဆို ငါမတိုင်ဖြစ်ဘူး"
လုယန် နားလည်သည်။ ဗျူရိုကရက်စနစ်သည် မယုံကြည်ရ။
"ဘယ်လိုရှုပ်ထွေးတာလဲ"
"အဓိကကတော့ ငါကတစ်ခြားလူတွေကို အရင်ချုံခိုတိုက်ခိုက်ခဲ့လို့ပေ့ါ။ ဒီအကြောင်း အာဏာပိုင်တွေသိသွားရင် ဘယ်သူ့ကိုမှ လွှတ်ပေးမှာမဟုတ်ဘူးလေ"
လုယန် "..."
ဝစီပိတ် ဓားနှစ်လက်ကိုယူ၍ ဓားအိမ်မှ အနည်းငယ်ထုတ်ကြည့်သည်။ တောက်ပသည့်ဓားအလင်းက သူ့မျက်လုံးသို့ အရောင်ပြန်လာသည်။
"ဓားကောင်းတွေပဲ။ တစ်လက်က ရှောင်ယွမ်ပေးထားတာ။ ဓားပေါ်မှာ မှော်တံဆိပ်တစ်ခုတောင်ရှိတယ်။ နောက်ဓားတစ်လက်က ကျိုးရှင်းသေချာလုပ်ထားတဲ့လက်ရာပဲ"
သူ့မြင်းမြီးကြာပွတ်လည်း အကြီးအကဲကျိုးရှင်း ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ မြင်းမြီးကြာပွတ်နှင့်တူသော်လည်း မရေမတွက်နိုင်သည့် ဓားစွမ်းအင်များပါသည်။ တစ်ဘက်လူကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်သည်။
ဝစီပိတ် နှမျောတသစွာဖြင့် ဓားနှစ်လက်ကို လုယန်လက်ထဲ ပြန်ပေးသည်။ ရှောင်ယွမ်က မျက်နှာလိုက်သည်။ ချင်ဖုန်းဓားကို သူအကြိမ်ကြိမ်တောင်းခဲ့သည်။ သို့သော် ယွမ်ကျိက လုံးဝမပေး။
"မင်းရဲ့ဓားကွက်တွေပြပါဦး။ ဘယ်လောက်ကျွမ်းကျင်ထားလဲကြည့်ရအောင်"
"ဟုတ်ကဲ့"
လုယန် ဓားလက်ကိုင်ရိုးကို ရင်ဘတ်နှင့် တစ်တန်းတည်းထားသည်။ ဓားစွမ်းအင်များ ဓားသွားပတ်လည်တွင် နဂါးခွေရစ်သလို ခံ့ညားထည်ဝါစွာရှိနေသည်။
ကျယ်လောင်စွာအော်ဟစ်မာန်သွင်း၍ လက်ကောက်ဝတ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ ဓားက ငွေငန်းတစ်ကောင်လို လှုပ်ရှားသွားသည်။ မြန်ဆန်တိကျသည်။
ဖျက်ဓား၊ ပိုင်းဓား၊ ထိုးဓား....
အခြေခံဓားသိုင်းကွက်များ လုယန်လက်ထဲတွင် အသက်ဝင်လာပြီး ဟာကွက်ပျော့ကွက် လုံးဝမရှိဘဲ ချောမွေ့စွာ စီးဆင်းနေသည်။
ဝစီပိတ် "..."
ကိုယ်ဘာသာလေ့လာတာ ဒီအတိုင်းအတာထိ ကျွမ်းကျင်နိုင်တယ်ပေါ့...
လုယန်ကို သူကိုယ်တိုင်သင်ပေးလျှင်ပင် ရလာဒ်က သိပ်မကွာလောက်ဟု ခံစားရသည်။
လုယန် ဓားကိုပြန်သိမ်းသည်။ ချင်ဖုန်းဓားကို နောက်ကျောတွင်လွယ်လျက် ဝစီပိတ်ကို ဦးညွှတ်အရိုအသေပြုသည်။
"ဆရာ၊ ကျုပ်ဓားကွက်တွေမှာ ပြုပြင်ဖို့လိုတာမျိုးရှိလား"
လုယန် အတော်စိုးရိမ်နေသည်။ သူ့ဓားကွက်များအားလုံး ကိုယ့်ဘာသာလေ့ကျင့်သင်ယူထားခြင်းဖြစ်သည်။ သူကိုယ်တိုင်က ကောင်းသည်ဟု ခံစားရသ်ောလည်း သူ့ဆရာအမြင်တွင် ဟာကွက်များ အပြည့်ရှိနေနိုင်သည်။
ဝစီပိတ် ခဏစဉ်းစားနေပြီးနောက် အလေးအနက်လေသံဖြင့်ပြောသည်။
"နောက်တစ်ခါ မင်းဓားသိုင်းကစားရင် ငါထောက်ပြစရာရှိအောင် ဟာကွက်နည်းနည်းချန်ထားဖို့ မမေ့နဲ့"
*********************************