← Chapters

ပွဲသိမ်း

Vol. 34 Ch. 499

ပွဲသိမ်း

Vol. 34 Ch. 499

လုယန်၏အနိုင်ကျင့်ဖိအားပေးမှုကြောင့် မုန်ကျင်းကျိုး အစောပိုင်း သဘောတူထားသည့်အတိုင်း လက်ခံရသည်။ ဤတစ်ကြိမ် လုယန်ကို ထောက်ပံ့ပေးရမည်။ နောက်တစ်ကြိမ် လုယန်က သူ့ကိုထောက်ပံ့ပေးလိမ့်မည်။

လက်ရှိခေတ်၏ ပါရမီရှင်နှစ်ယောက်တိုက်ပွဲက ဟန်ပြဖြစ်သည့်တိုင် စွမ်းအားလျိုထားသည့်လက္ခဏာမျိုး လုံးဝမရှိ။

ပြိုင်ပွဲကွင်းဘေးပတ်လည်တွင် ဝါရင့်ကျင့်ကြံသူများ ပြည့်နေသည်။ သူတို့ ထိန်းထိန်းချုပ်ချုပ်တိုက်ခိုက်နေလျှင် ရိပ်မိသွားနိုင်သည်။ ထို့ကြောင့် နှစ်ယောက်လုံး စွမ်းအားကုန်ထုတ်သုံး၍ တိုက်ခိုက်သည်။

ထိတွေ့မှုများက မုန်တိုင်းလိုပြင်းထန်သည်။ စွမ်းအား၊ လျင်မြန်မှု၊ တုံ့ပြန်မှု... တစ်ခြားပါရမီရှင်များအားလုံး အံ့အားသင့်ကြရသည်။ ပြည်နယ်ပြိုင်ပွဲအနိုင်ရခဲ့သည့် အဖြစ်မျိုးနှင့် လုံးဝယှဉ်မရ။ ပါရမီရှင်များကြား ကွာဟချက်က များလွန်းသည်။

ကျင့်စဉ်ဖျက်၍ပြန်စခဲ့သည့် ကျင့်ကြံသူများပင် ရင်ထိတ်မိကြသည်။

သူတို့သည် ကျင့်စဉ်ပြန်စဖို့ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသည်။ သို့တိုင်အောင် ပါရမီရှင်အစစ်များကို မယှဉ်နိုင်သေး။

ယနေ့ခတ်၏ ပြိုင်ပွဲက တကယ်ကြောက်စရာကောင်းသည်။

လုယန်က အဆင့်မြင့်ဓားပညာကို ကျွမ်းကျင်စွာ ထုတ်သုံးသည်။ ပွဲကြည့်နေသည့်မိန်ထိုက်ပင် သိမ်ငယ်သလို ခံစားနေရသည်။ တတိယအကြီးအကဲထံမှ အမွေခံထားသည့် မုန်ကျင်းကျိုး၏ လက်သီးပညာရပ်များက ခန္ဓာကျင့်ကြံသူတို့၏ အားသာချက်ကို အပြည့်အဝ ဖွင့်ထုတ်ပြနေသည်။ ခန္ဓာကိုယ်ကို ပြည့်ဝသည့်အဆင့်ရောက်အောင် ကျင့်ကြံထားသည်။ ဟာကွက်လုံးဝမရှိ။ ကူးဖြတ်ခြင်းအဆင့်များပင် အားနည်းချက်ရှာမတွေ့ကြ။

"မုန်မိသားစုမျိုးဆက်က တကယ်ကြောက်စရာကောင်းတာပဲ"

အကြီးအကဲတစ်ယောက်က သဘောကျသွားဟန်ရှိသည်။ နန်းမြို့တော်တွင် ဒုက္ခပေးနေသော်လည်း မုန်မိသားစုသည် ငြင်းချက်ထုတ်စရာမရှိသည့်စွမ်းအားဖြင့် ထိပ်ဆုံးမိသားစုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

မုန်မိသားစုစွမ်းအားကို ကူးဖြတ်ခြင်းအဆင့်များပင် ရှိန်ကြရသည်။

သူတို့ထုတ်ပြထားသည့်စွမ်းအားသည် အကုန်မဟုတ်သေး။

မုန်ကျင်းကျိုး၏ လက်သီးချက်များက အားပြင်းထည်ဝါသည်။ ယန်စွမ်းအင်များပြည့်နေသည်။ နတ်ဆိုးများကို နှိပ်ကွပ်နိုင်စွမ်း၊ ကောင်းကင်ကို တုန်ခါစေနိုင်စွမ်းရှိသည်။ ရပ်တန့်တားဆီး၍မရနိုင်။ ကြမ်းတမ်းသည့် သားရဲများပင် ထိတ်လန့်ကြရမည်။

လုယန်၏ ဓားစွမ်းအင်က သိပ်သည်းကျယ်ပြန့်သည်။ မြစ်ကမ်းစပ်သို့ လှိုင်းလုံးများရိုက်ခတ်သကဲ့သို့ လက်သီးချက်များကို ခုတ်ဖြတ်သည်။

တိုက်ပွဲက ပြင်းထန်သည်။ လက်ရည်မျှသည်။ ပါရမီရှင်များ ချွေးပျံလာပြီး ပြိုင်ပွဲစင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

ထိုသို့အာရုံစိုက်မှလည်း ထိုနှစ်ယောက်၏ လှုပ်ရှားမှုကို သေချာမြင်နိုင်မည်။

သက်တူရွယ်တူချင်းဖြစ်၍ ထိုနှစ်ယောက်ထံမှ လေ့လာသင်ယူလျှင် သူတို့အနာဂတ်တိုက်ပွဲများအတွက် များစွာအကျိုးရှိသည်။

"အဟွတ်..."

မုန်ကျင်းကျိုး အငိုက်မိသွားပြီး သူ့ပုခုံးကို ဓားချက်ပွတ်ထိသည်။ သွေးများ ဖြာကျလာပြီး အခက်တွေ့သွားသည်။ လုယန်က ထိုအခြေအနေကို လက်လွတ်မခံ။ အသက်ရှူခွင့်မပေး။

"မုန်ကျင်းကျိုး၊ လက်မလျှော့နဲ့"

အော်သံတစ်ခုပေါ်လာသည်။ မုန်ကျင်းကျိုးသည် လက်ရှိခေတ်၏ ပါရမီရှင်များကို ကိုယ်စားပြုသည်။ သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းကို မနိုင်စေချင်ကြ။

"လုသခင်လေးကို နိုင်အောင်ချ"

"မဟာရှားဆိုတာဘာလဲသိအောင် ပြလိုက်စမ်းပါ။ ဒါဟာ သူတို့လွှမ်းမိုးတဲ့ ရှေးဟောင်းခေတ်မဟုတ်ဘူး"

အော်သံများ သူ့နားထဲရောက်လာသည်။ သို့သော် အပြည့်အဝသရုပ်ဆောင်နေချိန်တွင် ဘယ်လောက်အော်အော်အကျိုးမထူးနိုင်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုး အားတက်လာသယောင်ဟန်လုပ်သည်။ သွေးကြောများ ဖောင်းထလာသည်။ မျက်လုံးများ နီရဲလာသည်။ စွမ်းအားကုန် တိုက်ခိုက်ရန်ပြင်သည်။

လုယန်က လက်နှစ်ချောင်းဆန့်ထုတ်၍ ဓားသွားပေါ်ပွတ်လိုက်သည်။ သူ့သွေးဖြင့် ဓားကိုယာဇ်ပူဇော်သည်။ အဆင့်အမြင့်ဆုံးတိုက်ကွက်ကို ထုတ်သုံးသည်။

"လေဟာနယ်ခွဲဓားစွမ်းအား"

"ဘုန်း"

နောက်ဆုံးရင်ဆိုင်မှုအတွက် ဝိညာဉ်စွမ်းအင်အားလုံး ထုတ်သုံးကြသည်။

"ဝှီး"

လူတစ်ယောက် နောက်ပြန်လွင့်ထွက်၍ သွေးချောင်းဆိုးနေသည်။ အပြင်းအထန်ဒဏ်ရာရသွားသည်။

"လွင့်ထွက်သွားတာ ကောင်းကင်ရုံးတော်ဂိုဏ်းကလူပဲကွ"

တစ်ယောက်က ဝမ်းသာအားရပြောသည်။ အရင်ပွဲများတွင် ထိုလုသခင်လေး ယခုလိုဒဏ်ရာအပြင်းအထန်ရသည့်အဖြစ်မျိုး မရှိခဲ့။

လုယန် ဒူးတစ်ဘက်ထောက်၍ သူ့ဓားကို ကြမ်းပြင်ပေါ်စိုက်လိုက်သည်။ ထိတွေ့မှုအရှိန်ကြောင့် သူ့မျက်လုံးများငေးကြောင်နေသည်။

သို့‌သော် လူအုပ်ကြီး အောင်ပွဲမခံနိုင်မီ ဖုန်မှုန့်များ ရှင်းလင်းသွားသည်။ ကြမ်းပြင်ပေါ်လဲကျနေသည့် မုန်ကျင်းကျိုးကို မြင်ကြရသည်။ သွေးများနီရဲနေသည်။ သူ့အသက်ရှူသံ အားနည်းနေသည်။

လုယန်ထက် ပို၍ဒဏ်ရာပြင်းသည်။ လက်ချောင်းများ တဆတ်ဆတ်လှုပ်နေသည်။ မျက်လုံးကို ကြိုးစား၍ဖွင့်သည်။ ထရပ်ရန် အကြိမ်ကြိမ်ကြိုစားသည်။ သို့သော် သူ့ခြေလက်များကို ထိန်းချုပ်နိုင်တော့ဟန်မရှိ။ လုံးဝထမရပ်နိုင်။

ထို့ကြောင့် စိတ်ပျက်လက်ပျက် လက်လျှော့လိုက်ရသည်။

လုယန်က ဒဏ်ရာအပြင်းအထန်ရ၍ ဒူးထောက်ကျနေသော်လည်း ပြုံးရယ်၍စကားပြောနိုင်စွမ်းရှိသေးသည်။

ပြိုင်ပွဲရလာဒ်ပေါ်လာသည်။

ဒိုင်လူကြီး အံကြိတ်နေသည်။ ရှေးဟောင်းခေတ်မှလူကို အနိုင်ပေးရသည့်အတွက် မဟာရှား သိက္ခာကျသည်။ သို့သော် ဒိုင်လူကြီးအနေဖြင့် မျက်နှာလိုက်၍မရ။

"မုန်ကျင်းကျိုး...ရှုံးပါတယ်"

နောက်ဆုံးစကားသုံးလုံးက တိုးညှင်းသည်။ တုန်ရင်နေသည်။ အတော်ကြာအောင်ကြိုးစားပြီး ပြောရသည်။

ထို့နောက် ရှေ့တိုးလာပြီး မုန်ကျင်းကျိုးဒဏ်ရာများကို စစ်ဆေးသည်။ ပြင်းထန်သော်လည်း သေလောက်သည့်ဒဏ်ရာမဟုတ်၊ ကျင့်စဉ်အခြေခံမထိခိုက်သဖြင့် သူစိတ်သက်သာရာရသွားသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းမှ ကာကွယ်သူဘုရင်ငါးယောက် ပြိုင်ပွဲစင်ပေါ်ပြေးတက်လာပြီး ဂိုဏ်းသခင်လေးကို ဆွဲထူကြသည်။

"အဆင်ပြေရဲ့လား သခင်လေး"

"အဟွတ်...အဟွတ်.. ကျုပ်မသေနိုင်ပါဘူး။ တိုက်ခိုက်ရတာ တကယ်ပျော်စရာကောင်းသားပဲ"

သူ့နှုတ်ခမ်းထောင့်တွင် သွေးစတစ်ချို့ရှိနေသော်လည်း လုယန် ပြုံးနေဆဲဖြစ်သည်။

ရွှေမီးတောက်ကောင်းကင်ဘုရင်က ပုလင်းငယ်တစ်လုံး အမြန်ထုတ်၍ အဖုံးဖွင့်သည်။ မွှေးပျံ့သည့်ဆေးနံ့က ပြိုင်ပွဲစင်ပေါ် ပြည့်နက်သွားသည်။ လုယန်ကို ‌ရွှေရောင်ဆေးနှစ်လုံး ကျွေးသည်။ လုယန်တင်ပျဉ်ခွေထိုင်၍ စွမ်းအင်လည်ပတ်လိုက်သည်။ ဒဏ်ရာများ ချက်ချင်းပျောက်သွားသည်။ ဝိညာဉ်စွမ်းအား အမြန်တိုးလာသည်။

......

မုန်ကျင်းကျိုး ရှုံးသွားသည်။

ရွှေသန္ဓေအလတ်တန်းဆင့် ပါရမီရှင် ရှုံးသွားသည်။

ထိုအဖြစ်ကို အတော်များများက လက်မခံနိုင်ကြ။

နီးစပ်ခဲ့သည်။ သူတို့အနိုင်ရဖို့ အလွန်နီးစပ်ခဲ့သည်။

သတ္တမအကြီးအကဲ၏ အားဖြည့်ဆေးများက အာနိသင်ထက်မြက်သည်။ လုယန် သိပ်မကြာမီ ပြန်ကောင်းလာပြီး ထရပ်သည်။ မျက်နှာပျက်နေသည့် မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များနှင့် ပထမမင်းသားကျန်းချွန်ကို လှမ်းကြည့်သည်။

"ဒီနေ့ခတ်ရဲ့ ပါရမီရှင်တွေက စွမ်းအားနည်းနည်းတော့ ရှိတဲ့ပုံပါပဲ။ မဆိုးပါဘူး။ ဒါပေမယ့် နည်းနည်းပါပဲ။ အဲဒီထက်တော့မပိုဘူး"

ထိုစကားကြောင့် လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ တင်စီးလွန်းသည့်စကားဖြစ်သည်။ 'ဒီထက်မပိုဘူး'ဆိုသည့်စကားက ဘာအဓိပ္ပါယ်နည်း။ ယခုပွဲတွင် ပြိုင်ဘက်နှစ်ယောက်သည် စွမ်းအားခြင်း သိပ်မကွာ။ အမှားလေးတစ်ချက်ပေါ်သည်နှင့် ရလာဒ်ပြောင်းလဲနိုင်သည်။ နောက်တစ်ကြိမ်တိုက်ခိုက်လျှင် ဘယ်သူနိုင်မည်ကို အတပ်ပြော၍မရ။

"လုသခင်လေး၊ ခင်ဗျားက ဒီနေ့ခေတ်ပါရမီရှင်တွေကို မျက်လုံးထဲမထည့်ဘူးထင်တယ်။ ကိုယ့်ထက်တော်တဲ့လူဆိုတာ ရှိစမြဲပါပဲ။ လောကကြီးဟာ ခင်ဗျားတစ်ယောက်တည်းအပိုင်မဟုတ်ဘူး"

ဂိုဏ်းချုပ်လုက လုသခင်လေးကို အဓိပ္ပါယ်ပါပါကြည့်သည်။ သူ့စကားထဲတွင် ခြိမ်းခြောက်သံပါသည်ကို အားလုံးရိပ်စားမိသည်။

လုသခင်လေး လှောင်ပြုံးပြုံးသည်။

"ပိုတော်တဲ့လူ အမြဲတမ်းရှိတယ်တဲ့လား။ ဒါက အရှုံးသမားတွေ သိက္ခာထိန်းဖို့ပြောတဲ့ ဆင်ခြေသက်သက်ပါ။ ကျုပ်ပါရမီကို ဘယ်သူယှဉ်နိုင်လဲ"

မြေအောက်ကောင်းကင်ဘုရင်က လူအုပ်ကြီးကို မခိုးမခန့် တစ်ချက်ဝေ့ကြည့်သည်။

"ရှေးဟောင်းမသေမျိုးတွေ ဖိနှိပ်ခဲ့လို့သာမဟုတ်ရင် ဂိုဏ်းသခင်လေးဟာ ရှေးဟောင်းခေတ်ရဲ့ မသေမျိုးတစ်ယောက်ဖြစ်ခဲ့မှာ။ ဒီနေ့အထိတောင် စောင့်ဖို့မလိုဘူး"

လုသခင်လေးက မြေအောက်ဘုရင်ကို တစ်ချက်ကြည့်၍ စိတ်မရှည်ဟန်ဖြင့် လက်ခါပြသည်။

"မြေအောက်ဘုရင်၊ တော်ပါတော့။ ဒီနေ့ ကျုပ်စိတ်ကြည်နေတဲ့အချိန် ဒီလိုစိတ်ညစ်စရာအကြောင်းတွေ မပြောနဲ့"

"ဟုတ်ကဲ့"

မြေအောက်ဘုရင် အသံတိတ် နောက်ဆုတ်သွားပြီး ကျောက်ရုပ်လိုပြန်ရပ်နေသည်။

လူအုပ်ကြီး မင်သက်မိနေသည်။ မယုံနိုင်လောက်အောင် အံ့ဩနေသည်။ လုသခင်လေးပါရမီက မသေမျိုးများ မနာလိုဖြစ်ရလောက်အောင်ပင် မြင့်မားနေသလော။

ဘယ်လိုထူးခြားပါရမီမျိုး ရှိနေသနည်။

မှတ်တမ်းအရ ရှေးဟောင်းမသေမျိုးလေးယောက်ရှိကြောင်းသာသိရသည်။ သူတို့ပါရမီများအကြောင်း မှတ်တမ်းမှတ်ရာလုံးဝမရှိ။

တစ်နည်းပြောရလျှင် လုသခင်လေး၏ ပါရမီသည် ဘယ်ကျမ်းစာတွင်မှ မှတ်တမ်းမတင်ဖူးခဲ့သည့် ပါရမီမျိုးဖြစ်သည်။

"ကြွားလုံးထုတ်ရုံပဲလား။ အဲလောက်ယုံကြည်ချက်ရှိနေရင် လုသခင်လေး ကျုပ်နဲ့ယှဉ်ကြည့်မလား"

အားလုံးအံ့အားသင့်သွားသည်။ ဂိုဏ်းချုပ်လု စင်မြင့်ပေါ်မှ ခုန်ဆင်း၍ ပြိုင်ပွဲကွင်းထဲ တည်ငြိမ်စွာ ကျလာသည်။

"ဂိုဏ်းချုပ်လုလည်း ‌ရွှေသန္ဓေအလတ်တန်းဆင့်ဆိုတော့ တကယ်ပြိုင်ဘက်ကောင်းပဲ။ ဒါပေမယ့် ခင်ဗျားလေသံကိုတော့ ကျုပ်မကြိုက်ဘူး"

လုသခင်လေးက လက်ချောင်းများကို ပွတ်နေရင်း ဖြေးညှင်းစွာပြောသည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသည်။ မီးပွင့်မတတ်ဖြစ်နေသည်။ ဘုရင်ငါးယောက် အလိုက်တသိ နောက်ဆုတ်သွားကြသည်။ လုသခင်လေးစိတ်ဝင်စားနေသဖြင့် အနှောက်အယှက်မပေးလိုကြ။

"စကြမလား"

"စတာပေါ့"

***********************************

All Chapters