← Chapters

လုသခင်လေးနှင့် ဂိုဏ်းချုပ်လု

Vol. 34 Ch. 500

လုသခင်လေးနှင့် ဂိုဏ်းချုပ်လု

Vol. 34 Ch. 500

လုယန်နှင့်လုယန် အပြင်းအထန်တိုက်ခိုက်နေသည်။

ဂိုဏ်းချုပ်လုက မှော်ပညာကျွမ်းကျင်သည်။ ဓာတ်ငါးမျိုးမှော်ပညာများကို သက်တောင်သက်သာအသုံးပြုနိုင်သည်။ အချိန်နှင့် လေဟာနယ် စွမ်းအင်သဘောတရားကို နားလည်ပြီး မှော်ပညာနှင့် သိုင်းပညာပေါင်းစပ်အသုံးပြုခဲ့သဖြင့် မသေမျိုးဂိုဏ်းလေးဂိုဏ်းခေါင်းဆောင်များ ထွက်ပြေးခဲ့ရသည်။

လုသခင်လေးက ဓားရေးကျွမ်းသည်။ အသက်ငယ်သော်လည်း ဓားပညာနားလည်နိုင်စွမ်းက အဆင့်တူတို့ထက် များစွာသာလွန်သည်။ နတ်ဝိညာဉ်အဆင့်ရောက်လုနီးပါး ဖြစ်နေသည်။

"ဘယ်သူနိုင်မလဲ။ ဂိုဏ်းချုပ်လုက မှော်ပညာပါရမီမြင့်မားပြီး ထူးခြားတဲ့မှော်ပညာတွေ တီထွင်ခဲ့တယ်လို့ ပြောကြတယ်။ ဒီအဆင့်နဲ့ မှော်ပညာဖန်တီးနိုင်တဲ့လူမျိုး သမိုင်းတလျှောက်မှာ လက်ချိုးရေလို့ရတယ်"

"ချင်းကျိူးပွဲမှာတုန်းက နှစ်ယောက်တစ်ယောက် သူတိုက်ခိုက်ခဲ့တာ။ ပိုင်မင်နဲ့လန်ထင်ကို အနိုင်ယူခဲ့တယ်။ သူဘယ်လိုရွှေသန္ဓေဖန်တီးခဲ့လဲမသိဘူး"

"ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်တယ်။ လုသခင်လေးရဲ့ပါရမီက အရမ်းမြင့်လို့ မသေမျိုးတွေတောင် သူ့ကိုနှိပ်ကွပ်ခဲ့တာလို့ပြောသွားတယ်လေ"

လုယန်သည် ပြိုင်ဘက်ကင်းဟူသည့်နာမည်နှင့် တကယ်လိုက်ဖက်သည်။ လှုပ်ရှားမှုတိုင်းက ပရိသတ်အာရုံကို ဆွဲဆောင်နိုင်သည်။

အထူးသဖြင့် မသေမျိုးလေးဂိုဏ်းခေါင်းဆောင်များနှင့် ကျန်းချွန်တို့က လုယန် ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်တည်း အသုံးချတိုက်ခိုက်နိုင်သည်ကို မြင်နေရသည်။

ဂိုဏ်းချုပ်လု ပြိုင်ပွဲကွင်းမှ ခုန်ဆင်းသွားချိန်တွင် နတ်မယ်က လုယန်ကို ခန္ဓာကိုယ်လွှဲပေးခဲ့သည်။ ခန္ဓာကိုယ်နှစ်ခုကို သူ့ဘာသာထိန်းချုပ်စေသည်။

"လုယန်၊ ကောင်းကောင်းတိုက်နော်။ နင့်ပြိုင်ဘက်ကို အနိုင်ယူမှဖြစ်မယ်။ ဒီတိုက်ပွဲဟာ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို ကိုယ်စားပြုတယ်"

နတ်မယ် အရင်ဆုံး ဂိုဏ်းချုပ်လု၏ သိစိတ်နယ်မြေသို့ဝင်၍ လုယန်ကို အားပေးသည်။ ထို့နောက် ချက်ချင်းပြန်ထွက်၍ လုသခင်လေး၏ သိစိတ်နယ်မြေသို့ဝင်သည်။

"အဲဒီ့တာအိုလမ်းစဉ်ဂိုဏ်းကကောင်ကို အပြတ်တွယ်လိုက်စမ်းပါ။ ဒီတစ်ခါ..ငါတို့ကောင်းကင်လမ်းစဉ်ဂိုဏ်း နာမည်ကျော်သွားအောင် လုပ်ရမယ်"

"...နတ်မယ်။ ခင်ဗျားဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနားနေလို့မရဘူးလား"

"ဪ...အေးပါလေ"

နတ်မယ် ယာယီဂိုဏ်းချုပ်အဖြစ်ဆောင်ရွက်ပြီး လုယန်ခန္ဓာကိုယ်ဖြင့် ကျင့်ကြံခဲ့သည်။ လုယန်၏ ကျင့်စဉ်စွမ်းအား သိသိသာသာတိုးတက်ခဲ့သည်။ အထူးသဖြင့် စိတ်စွမ်းအား အဆင့်သစ်တစ်ခုသို့ ရောက်လာသည်။

အရင်က ခန္ဓာကိုယ်နှစ်ခု ထိန်းချုပ်နိုင်ဖို့ သူအပြည့်အဝအာရုံစိုက်ရသည်။ တစ်ခြားအာရုံလွင့်၍မရ။ ရေသာခိုဖို့ အချိန်မရ။

ယခု ခန္ဓာကိုယ်နှစ်ခုကိုလည်း ထိန်းချုပ်နိုင်သလို နတ်မယ်ကိုလည်း ဖျောင်းဖျနိုင်သည့်စွမ်းအားမျိုး ရှိလာသည်။

ဂိုဏ်းချုပ်လုနှင့် လုသခင်လေးတို့ အပြင်းအထန် တိုက်ခိုက်ကြသည်။ ဘယ်ဘက်ကမှ အသာစီးမရ။

ဂိုဏ်းချုပ်လုက မီးတောက်စစ်တစ်ခု မှုတ်ထုတ်သည်။ မီးတောက်သုံးခုကွဲထွက်သွားသည်။ တစ်ခုချင်းစီက အရသာတစ်မျိုးစီရှိသည်။ မီးတန်းသုံးခုက လေထုအရသာကို မြည်းစမ်းနေသယောင်ရှိသည်။ ဘေးပတ်လည်အပူချိန် မြင့်တက်လာသည်။

လုသခင်လေးက လက်ကောက်ဝတ်ကိုဖြတ်ခနဲခါလိုက်သည်။ ထက်မြက်သည့် ဓားစွမ်းအင်ရောင်များ ထိုးထွက်လာသည်။

"ပျံလွှားဓားပျံသုံးလက်"

"ဘုန်း ဘုန်း ဘုန်း"

ဓားစွမ်းအင်နှင့် မီးတောက်စစ်တို့ ပေါက်ကွဲထွက်သည်။ ဓားစွမ်းအင်ရောယှက်နေသည့် အပူလှိုင်းကကြောင့် နှစ်ယောက်လုံး၏ပါးပြင်များ စပ်ဖျင်းဖျင်းဖြစ်လာသည်။

ဂိုဏ်းချုပ်လုက မြေအောင်းပညာသုံး၍ မြေအောက်မှ အလစ်တိုက်ခိုက်သည်။ သို့သော် လုသခင်လေးက တိုက်ခိုက်မှုကို ရိပ်စားမိဟန်ဖြင့် ဂိုဏ်းချုပ်လု မြေထဲမှမပေါ်လာမီ ကြိုတင်ရှောင်တိမ်းနိုင်သည်။

လုသခင်လေးကိုကြည့်၍ ဂိုဏ်းချုပ်လုမျက်နှာ လေးနက်တည်ကြည်လာသည်။

"အနာဂတ်ကြိုမြင်တဲ့စွမ်းအား၊ ဓားနှလုံးပုံရိပ်ပဲ။ ကျုပ်ဆရာ တစ်ခါပြောဖူးတယ်။ ဓားကိုစွဲလမ်းရူးသွပ်တဲ့လူတွေပဲ ဓားနှလုံးပုံရိပ်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တာတဲ့။ ခင်ဗျား ဓားစွမ်းအားကို နားလည်တဲ့အဆင့်မျိုး ရောက်ပြီလား"

လုသခင်လေး ခပ်ညှင်းညှင်းရယ်သည်။ သူ့ပါးပြင်မှသွေးစကို သုတ်လိုက်သည်။ ခုနက တိုက်ခိုက်မှုကို ကြိုတင်ရှောင်တိမ်းခဲ့သည်။ သို့သော် ခြေတစ်လှမ်းစာ နောက်ကျသွားသဖြင့် ဓားချက်ကမျက်နှာကို ပွတ်ထိသွားသည်။

"ခင်ဗျားလည်း သာမန်မဟုတ်ဘူး။ သမာဓိမီးတောက်စစ်ကိုသုံးပြီး မီးတောက်စစ်အသစ် ဖန်တီးနိုင်တယ်။ ခင်ဗျားသုံးသွားတဲ့ မြေအောင်းမှော်ပညာဟာ မြေထွက်ပြေးပညာနဲ့ဆင်တယ်။ ဒါပေမယ့် မတူဘူး။ ကိုယ့်ဘာသာ တီထွင်ခဲ့တာလား။

ရွှေသန္ဓေအဆင့်နဲ့ ဓားငါးမျိုးက နှစမျိုးကို ဖန်တီးနိုင်တဲ့အဖြစ်မျိုး ရှေးဟောင်းခေတ်မှာတောင် မရှိခဲ့ဘူး"

ဂိုဏ်းချုပ်လုခန္ဓာကိုယ် ရုတ်တရက်ကျုံ့သွားပြီး သုံးလက်မအရွယ်သို့ ရောက်သွားသည်။ အလွန်လျင်မြန်သည့်အရှိန်ဖြင့် မြေပေါ်တွင် ခုန်ပေါက်ပြေးလွှားနေသည်။ တစ်ကိုယ်လုံး မီးတေက်စစ်များဖုံးလွှမ်း၍ အရဟတ်လက်သီးပညာကို သုံးသည်။ အရွယ်အစားငယ်သော်လည်း ကြီးမားသည့်စွမ်းအင်ဖိအားကို လုသခင်လေး ခံစားရသည်။ ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ဓားဖြင့်ကာကွယ်။

သုံးလက်မအရွယ်ဂိုဏ်းချုပ်လု၏ လက်သီးချက်များက အံ့ဩစရာကောင်းသည်။ ဗုဒ္ဓကျမ်းစာရွတ်သံများ အတူပါလာသည်။ ကရုဏာရိပ်လွှမ်းနေသည်။ သေးငယ်သည့်လက်သီးက ဓားနှင့်ရင်ဆိုင်တွေသည်။ စူးရှသည့် သတ္တုထိခတ်သံမျိုး ပေါ်လာသည်။

လုသခင်လေး၏ဓားပညညာကလည်း စွမ်းအားကြီးသည်။ ဓားဦးဖြင့် ဂိုဏ်းချုပ်လုကိုချိန်ရွယ်၍ သုံးကြိမ်လှမ်းထိုးသည်။ ဂိုဏ်းချုပ်လုက အကြိမ်တိုင်း ပွတ်ကာသီကာ ရှောင်ထွက်သွားသည်။

နှစ်ယောက်သား သိုင်းကွက်တစ်ရာကျော်ယှဉ်ပြိုင်သည်။ ဘယ်သူမှ အသာစီးမရ။

တိုက်ခိုက်မှုတိုင်းက သေနိုင်လောက်သည့်စွမ်းအားရှိသည်။ တစ်ချက်မှားသည်နှင့် ရှုံးသွားနိုင်သည်။ သို့သော် နှစ်ယောက်လုံး တုံ့ပြန်လှုပ်ရှားမှု မြန်ဆန်သည်။ အချိန်တိုအတွင်း တန်ပြန်တိုက်စစ်ဆင်ဖို့ နည်းလမ်းရှာနိုင်သည်။

တိုက်ခိုက်ပုံ ခုခံပုံများ စိတ်စွမ်းအား တိုက်ခိုက်မှုများကိုကြည့်၍ ပရိတ်သတ်ထဲမှ ပါရမီရှင်များ အသက်မရှူနိုင်အောင်ဖြစ်နေသည်။ လုံးဝအလွတ်မခံဘဲ အာရုံစိုက်၍ကြည့်နေသည်။

သိုင်းကွက်တစ်ရာ့နှစ်ဆယ် ရောက်ချိန်တွင် နှစ်ယောက်လုံးပြိုင်တူနောက်ဆုတ်၍ မောပန်းစွာ အသက်ရှူနေကြသည်။ ကုန်သွားသည့်ဝိညာဉ်စွမ်းအားများ ပြန်ဖြည့်ကြသည်။

တိုက်ကွက်များစွာ ထုတ်သုံးခဲ့သဖြင့် သူတို့ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသလောက်ဖြစ်နေသည်။

"ဓားကျင့်ကြံသူတွေဟာ မှော်ပညာတစ်သောင်းကို ဓားတစ်ချက်နဲ့ ချိုးဖျက်နိုင်တယ်လို့ပြောကြတယ်။ အစက ကျုပ်မယုံခဲ့ဘူး။ အခုမှ တကယ်မှန်နေတာ တွေ့ရတယ်"

ဂိုဏ်းချုပ်လုက လုသခင်လေးကို စိုက်ကြည့်၍ တိုက်ခိုက်ဖို့ အခွင့်ကောင်းစောင့်နေသည်။

"ဂိုဏ်းချုပ်လုက ကျုပ်ကိုမြှောက်ပင့်နေတာပဲ။ လက်ထဲမှာ ဓားတစ်လက်ရှိနေရင် လောကထဲက ဘယ်နေရာကိုမဆို သွားနိုင်တယ်လို့ ကျုပ်ယုံကြည်ထားတယ်။ ပါရမီရှင်တွေအများကြီးရှိပေမယ့် ကျုပ်ဓားစွမ်းအားကို ဘယ်သူမှမယှဉ်နိုင်ဘူး။ ခင်ဗျားနဲ့တိုက်ခိုက်မှပဲ ကျုပ်ရဲ့မသေမျိုးလမ်းစဉ်မှာ အတားအဆီးတွေရှိနေသေးတာကို သဘောပေါက်လာတယ်"

ဆေးတစ်ရာဘုရင်က ထိုမြင်ကွင်းကိုကြည့်၍ တစ်ခြားလူများ ကြားနိုင်လောက်အောင် သက်ပြင်းချ၍ပြောသည်။

"ဂိုဏ်းသခင်လေးဟာ အရင်က ဘယ်သူ့ကိုမှ ဒီလိုမချီးကျူးဖူးဘူး"

တစ်ခြားကောင်းကင်ဘုရင်လေးယောက်က ခေါင်းငြိမ့််သည်။

"သခင်လေးက အရမ်းမာနကြီးတယ်။ ဂိုဏ်းချုပ်နဲ့ ပဲဝါအရှင်ကိုပဲ သူလေးစားတာ။ သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်တွေ့ဖို့ဆိုတာ ခဲယဉ်းတယ်"

"ငါတို့ အလျင်စလို ထွက်လာခဲ့ရတာ ဆိုးတာပဲ။ တော်ဝင်သားတော်လေးယောက်ကို ခေါ်လာခဲ့ရင် ဒီတိုက်ပွဲက အခြေအနေပြောင်းသွားလောက်တယ်"

တော်ဝင်သားတော်လေးယောက်...

ထိုစကားကြောင့် တစ်ခြားလူများ အတွေးနစ်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းတွင် လုသခင်လေးအပြင် တစ်ခြားပြိုင်ဘက်ကင်းပါရမီရှင်လေးယောက် ရှိနေသေးသည့်သဘောလားမသိ...

အမှန်တော့ ထိုလေးယောက်သည် မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့၊ အရိုးရိုင်းနှင့် လီဟော်ရန်ဖြစ်သည်။

ချင်ယန်ယန်သည်လည်း ကောင်းကင်ရုံးတော်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သည်။ သို့သော်လက်ရှိတွင် သူသည် ချင်ဟော်ရန်လူဝင်စားအဖြစ် ရှိနေသည်။

နောက်ထပ် သိုင်းကွက်ရှစ်ဆယ် တိုက်ခိုက်ကြသည်။ အနိုင်အရှုံးမပေါ်သဖြင့် နှစ်ဦးသဘောတူ ရပ်လိုက်ကြသည်။

"အတော်စိတ်လှုပ်ရှားစရာကောင်းတာပဲ။ အဆင့်တူတစ်ယောက်နဲ့ ဒီလောက်အားရအောင် တစ်ခါမှ မတိုက်ခိုက်ဖူးဘူး"

လုသခင်လေး အော်ဟစ်ရယ်မောနေသည်။ မောက်မာဝင့်ကြွားခြင်းမရှိတော့။ ဂိုဏ်းချုပ်လုကို အထင်မသေးတော့။

ဂိုဏ်းချုပ်လုလည်း ပြုံးနေသည်။

"ဆက်တိုက်ခိုက်ရင်လည်း မနက်ဖြန်အထိတောင် ကျုပ်တို့ အနိုင်အရှုံးပေါ်မှာမဟုတ်ဘူး။ ဒီတိုက်ပွဲက အဓိပ္ပါယ်မရှိတော့ဘူး။ သရေပွဲလို့ပဲ သတ်မှတ်ကြမလား"

လုသခင်လေး ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုလည်း သရေလို့ပဲ သတ်မှတ်တာပေါ့။ ဒီခေတ်ရဲ့ ပါရမီရှင်တွေကို ကျုပ်အထင်သေးခဲ့မိတာပဲ။ ခင်ဗျားရှိနေရင် မဟာကပ်အပြိုင်အဆိုင်ကာလဟာ ငြီးငွေ့စရာမရှိတော့ပါဘူး"

ဂိုဏ်းချုပ်လုက လောကဝတ်အရ နှိမ့်ချ၍ပြောသည်။

"မဖိတ်ခေါ်ပဲလာတာဟာ မယဉ်ကျေးရာရောက်တယ်။ ကောင်းကင်ရုံးတော်ဂိုဏ်း...ခင်ဗျားတို့ ပြန်ကြပါတော့"

နှင်ထုတ်ခံရသော်လည်း လုသခင်လေး စိတ်မဆိုး လက်တစ်ချက်ဝှေ့ယမ်းလျက် လှည့်ထွက်သွားသည်။

"ကာကွယ်သူတို့...သွားကြရအောင်"

"ဟုတ်ကဲ့"

ကောင်းကင်ရုံး‌တော်ဂိုဏ်းဝင်များ တိမ်တိုက်စီး၍ ရောက်လာသည်။ ယခု အားလုံးမျက်စိရှေ့မှာပင် တိမ်တိုက်စီး၍ ထွက်သွားကြသည်။

ပြိုင်ပွဲစင်နောက်ဘက်တွင် ဒဏ်ရာကုနေသည့် မုန်ကျင်းကျိုးက ထိုမြင်ကွင်းကိုကြည့်၍ အတော်မကျေမချမ်းဖြစ်နေသည်။

"သောက်လခွမ်းကွာ၊ နစ်နာလိုက်တာ"

"ဘာဖြစ်တာလဲ အကိုမုန်"

အရိုးရိုင်းက မေးသည်။

လီဟော်ရန်မှလွဲ၍ ကောင်းကင်ရုံးတော်ဂိုဏ်း၏ တော်ဝင်သားတော်သုံးယောက် ဤနေရာတွင် ပုန်းအောင်းနေကြသည်။

အရိုးရိုင်းနှင့် ထောင်ယော်ယဲ့က သရုပ်ဆောင်သိပ်မကောင်း။ သူတို့လူလုံးထွက်ပြလျှင် အလိမ်ပေါ်သွားနိုင်သည်။ ထို့ကြောင့် စင်နောက်ဖေးမှသာ အသာစောင့်ကြည့်နေခဲ့သည်။

"ဒီလုယန်ဆိုတဲ့ကောင်က နှစ်ခါကြွားလုံးထုတ်သွားတယ်။ ငါ့ကိုကျတော့ တစ်ခါပဲအစွမ်းပြခွင့်ပေးမယ်တဲ့"

**********************************

All Chapters