သုံး နှင့် ခုနစ်
Vol. 127 Ch. 1646
ထွက်ပေါ်လာသော ပလ္လင်ခန်းမ အရေအတွက် ၂၄ ခုသာ ဖြစ်သောကြောင့် အတိတ်စကြ၀ဠာ၏ တာအိုသိုင်းပညာရှင် ၂၄ ဦးကိုသာ ကိုယ်စားပြုသည်။ သို့သော် ထိုပုဂ္ဂိုလ်များမှာ ကမ္ဘာဦးတန်ခိုးရှင်ကဲ့သို့ တာအိုသိုင်းပညာရှင်များ ဖြစ်ကြသည့်အတွက် မီလော့နန်းတော်၏ ပင်မအင်အားဟု ပြော၍ရနိုင်၏။
ဥပမာအနေဖြင့် ကမ္ဘာဦးတန်ခိုးရှင်သည် စကြ၀ဠာသုံးခုအထိ နေထိုင်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ လူသားခွန်အားသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ထိုက်ချူနှင့် ခိုင်ဧကရာဇ်တို့ထက် များစွာသာလွန်၏။
သူ့အနေဖြင့်် ကောင်းကင်နတ်အရှင်ဆယ်ပါးလက်ထဲတွင် သေဆုံးခဲ့ရသော်လည်း ဤစကြ၀ဠာသို့ ဝင်မလာနိုင်ခဲ့သောကြောင့််သာ ဖြစ်သည်။ တာအိုသစ်သီးနှင့် တာအိုသစ်ပင်သာ ဆင်းသက်လာနိုင်ခဲ့ပြီး ဝေစွေ့ဖုန်းနှင့် ရှုကျွင်း၏ အကောက်ကြံခြင်း ခံခဲ့ရ၏။ ထိုအခြင်းအရာကြောင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိပ်တိုက်တွေ့ရသောကြောင့် သူ၏ဒဏ်ရာများက ဆိုးရွားပြင်းထန်ခဲ့သည်။ ဤသို့ဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ကမ္ဘာဦးတန်ခိုးရှင် သေဆုံးသွားခဲ့သော်လည်း ခန်းမ ၇၂ ခုရှိ အခြားသူများကတော့ အသက်ရှင်နေသေးသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူသည် စုစုပေါင်း ခန်းမ ၅၆ ခုကို ရယူနိုင်ခဲ့၏။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် ခန်းမ ၁၆ ခု ကျန်နေသေးပြီး ၎င်းတို့ထဲမှ တစ်ခုက ကမ္ဘာဦးတန်ခိုးရှင်၏ ကျောက်ယန်ခန်းမဖြစ်သည်။
ချင်မူသည် တာအိုရရှိခဲ့သော ပုဂ္ဂိုလ် ၂၄ ယောက်ကို လှောင်ပြောင်ခဲ့သော်လည်း အထင်သေးခြင်းတော့ အလျဉ်းမရှိပေ။
အတိတ်မှ တာအိုရရှိပြီး ယနေ့အထိ အသက်ရှင်ကျန်နိုင်သေးသူတိုင်းတွင် ထူးကဲသောအောင်မြင်မှုများကို ပိုင်ဆိုင်ထားကြသည်။ ခန္ဓာကိုယ်အစစ်အမှန်များ ဆင်းသက်ရောက်လာနိုင်ခြင်း မဟုတ်သော်လည်း ပေါ့သေးသေးတော့မဟုတ်ပေ။
တာအိုရရှိပြီးသည့် ပုဂ္ဂိုလ် ၂၄ ဦးမှာ ယခင်ကထက် အနည်းငယ်သာ သန်မာခြင်းမဟုတ်ဘဲ များစွာပို၍သန်မာခြင်း ဖြစ်၏။
သူတို့ ချင်မူ တာအိုမရအောင် တားဆီးခဲ့သည့် အချိန်တုန်းက သူတို့၏ စွမ်းအားသည် ပလ္လင်ခန်းမများမှ ရရှိခဲ့ခြင်းဖြစ်ပြီး ချင်မူ သိမြင်နားလည်ထားသည့် ပလ္လင်ခန်းမ ၇၂ ခု ဖြစ်ခဲ့သည်။ အစစ်အမှန် ပလ္လင်ခန်းမ ၇၂ ခု မဟုတ်ပေ။
သူတို့သည် ဆင်းသက်လာနိုင်ရန် အခွင့်အရေးကို ရယူခဲ့သော်လည်း စွမ်းဆောင်ရည်များကတော့ ထိုမျှအားကောင်းမနေချေ။ သူတို့ရုပ်ခန္ဓာနှင့် တာအိုသစ်ပင်၊ တာအိုသစ်သီးတို့၏ ပုံရိပ်ယောင်များကိုသာ စေလွှတ်နိုင်ခဲ့သည်။
ချင်မူကလည်း ကောင်းကင်ရတနာစကြ၀ဠာ၏ သေဆုံးခြင်းနှင့် မွေးဖွားခြင်း သံသရာကို အသုံးပြုလျက် သူတို့ ထုတ်လွှတ်သော စွမ်းအားများကို စုပ်ယူသန့်စင်ခဲ့သည်။ သူ၏ကောင်းကင်ရတနာ ဖြစ်နေသည့်အတွက် အနေအထားအရ အရေးသာခဲ့သလို၊ သူ၏ကျင့်စဉ်များကိုလည်း စုစည်းနိုင်သည့် အခြေအနေတွင် ရှိခဲ့သည်။
သို့သော် ယခုတွင် ထိုတာအိုသိုင်းပညာရှင်များ၏ ပလ္လင်ခန်းမများက မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ၌ အမှန်တကယ် ပေါ်ပေါက်လာခဲ့လေပြီ။ ထိုမျှသာမက ဤသည်က ထိုက်ချူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံဖြစ်ပြီး ချင်မူ၏ ဝိညာဥ်သန္ဓေသား ကောင်းကင်ရတနာ မဟုတ်ပေ။
သူ့အနေဖြင့် ထိုတာအိုသိုင်းပညာရှင် ၂၄ ယောက်ကို အနိုင်ယူနိုင်ရန် ယုံကြည်ချက် မရှိချေ။
ထိုမျှသာမက ဘေးတွင် ထိုက်ချူလည်း ရပ်နေသးသည်။
ချင်မူ၏ မျက်နှာတွင် အပြုံးတစ်ပွင့်က နေရာယူထားပြီး သူက ကပ်ဘေးဓားကို ကိုင်လျက် မလှုပ်မယှက်ရပ်နေသည်။
တာအိုသိုင်းပညာရှင်များကလည်း တုတ်တုတ်မလှုပ်ဘဲ ရပ်နေကြ၏။ ဤတစ်ကြိမ်တွင် တာအိုပန်းပွင့်၊ တာအိုသစ်သီးနှင့် တာအိုသစ်ပင်များကို မဆင်းသက်လာစေနိုင်သော်လည်း ခန်းမများကတော့ အသက်ဝင်နေသည့်အလားပင်။ သင်္ကေတများ၊ တာအိုအမှတ်အသားများနှင့် ခန်းမများ၏ တာအိုသံကြိုးများက အသက်ဝင်ကာ တာအိုသိုင်းပညာရှင်များတွင် သူမတူသော တာအိုဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့၏ရုပ်ခန္ဓာများက ပိုပို၍ သန်မာအားကောင်းလာကြပြီး စွမ်းဆောင်ရည်များကလည်း အဆမတန် မြင့်တက်လာကြ၏။ ခန်းမများ၏ သင်္ကေတများ၊ တာအိုအမှတ်အသားများနှင့် တာအိုသံကြိုးများက ပျံသန်းလျက် သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ခွန်အားဖြည့်ပေးလိုက်သည်။
ထိုက်ချူမှာ အံ့မခမ်းလိလိ စွမ်းအားလှိုင်းဂယက်များကို ခံစားလိုက်ရသဖြင့် တိတ်ဆိတ်စွာ အံ့အားသင့်နေမိ၏။ ထိုပုဂ္ဂိုလ် ၂၄ ဦးအား ဖျက်စီး၍မရနိုင်သယောင်ပင်။ သူတို့သည် ခန္ဓာကိုယ်အစစ်အမှန်များနှင့် ဆင်းသက်လာနိုင်ခြင်း မရှိသော်လည်း သူ၏သွေးစက်အနည်းငယ်ဖြင့် သူတို့၏စွမ်းဆောင်ရည်များကို ဤအတိုင်းအတာအထိ မြှင့်တင်နိုင်ကြ၏။ သူတို့က ကောင်းကင်နတ်အရှင် ၂၄ ပါးအလား ဖြစ်နေပြီး အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလာသည်။
“ထိုက်ချူ၊ ခင်ဗျား တွေ့တယ်မလား”
ချင်မူက ပြုံးလျက် အေးဆေးစွာ ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကောင်းကင်နတ်အရှင်တွေက မှားယွင်းတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေကြတာ”
ထိုက်ချူမှာ အနည်းငယ် ကြောင်အသွားသည်။ “ကောင်းကင်နတ်အရှင်မူက ဘာလို့ အဲဒီလိုပြောရတာလဲ”
“ဒီတာအိုမိတ်ဆွေ ၂၄ ယောက်ရဲ့ ကျင့်ကြံခြင်းရလဒ်တွေက နတ်ကောင်းကင်ခန်းမ မဟုတ်သလို ခရမ်းရောင်ကောင်းကင်ဘုံခန်းမလည်း မဟုတ်ဘူး… အဲဒီအစား သူတို့ရဲ့ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေ တာအိုရပြီးတဲ့နောက် ကိုယ်ပိုင်ခန်းမတွေကို ဖွဲ့တည်ခဲ့ကြတာ”
ချင်မူက ညီလာခံခန်းမ၊ လင်ရှုခန်းမ၊ ရတနာရောင်ခန်းမနှင့် လင်းရောင်စဉ်ခန်းမတို့အပါအဝင် အခြားခန်းမများကို ကြည့်လိုက်သည်။ “သူတို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်က တစ်ဖက်တည်း မဟုတ်ဘူး… ဒါကြောင့် ကျောက်စိမ်းမြို့တော်အစစ်အမှန်လမ်းစဉ်ကို ခင်ဗျားတို့ကို မပေးသေးတာပဲ… စစ်မှန်တဲ့ တာအိုလမ်းစဉ်သာဆိုရင် နတ်ကောင်းကင်ခန်းမရော၊ ခရမ်းရောင်ကောင်းကင်ဘုံခန်းမကိုရော ကျင့်ကြံနေရမှာ မဟုတ်ဘူး… အဲ့ဒီအစား ကိုယ်ပိုင်ပလ္လင်ခန်းမ၊ ကိုယ်ပိုင်ဧကရာဇ်ပလ္လင်နဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ကျင့်ကြံနေရမှာ”
ထိုက်ချူမှာ ငေးကြောင်စွာဖြင့် တိတ်ဆိတ်နေတော့သည်။
အမှန်တကယ်လည်း ချင်မူပြောသည့် အတိုင်းပင်။ အတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင် ၂၄ ယောက်၏ မဟာတာအိုသည် နတ်ကောင်းကင်ခန်းမတို့၊ ခရမ်းရောင်ကောင်းကင်ဘုံခန်းမတို့ ဖြစ်မလာဘဲ ကိုယ်ပိုင်ပလ္လင်ခန်းမများအဖြစ် ပြောင်းလဲခဲ့ကြ၏။
သူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင် လျှောက်လှမ်းခဲ့ကြသည့် နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ဘုံခန်းမလမ်းစဉ်များမှာ ထောင်ချောက်များ ဖြစ်ကြောင်း သိသာသည်။
ချင်မူ့ပြောစကားက မှန်ကန်၏။ သူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မီလော့နန်းတော် သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ နယ်ရုပ်များသာ ဖြစ်ကြပြီး သူတို့နှင့် တန်းတူရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
‘ဒါပေမဲ့ ကိစ္စတွေက ဒီအထိဖြစ်လာခဲ့ပြီဆိုတော့ နောက်ပြန်ဆုတ်လို့မရဘူး' ထိုက်ချူက စိတ်ထဲမှ တွေးနေသည်။
ရုတ်တရက် တာအိုသိုင်းပညာရှင် ၂၄ ဦးက အတူတကွ လှုပ်ရှား၍ ချင်မူ့အား အရပ်လေးမျက်နှာမှ တိုက်ခိုက်တော့၏။
ဤသည်မှာ အတိတ်စကြ၀ဠာမှ မဟာတာအိုကောင်းကင်နတ်သိုင်းများ ဤစကြ၀ဠာတွင် ပထမဦးဆုံးထွက်ပေါ်လာသည့် အချိန်ဖြစ်သည်။ ထိုဖြစ်တည်မှုများသည် သူတို့၏ ခေတ်အသီးသီးတွင် ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်များ ဖြစ်ကြ၏။ သူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် လမ်းစဉ်များက ဤစကြာဝဠာရှိ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် မတူကွဲပြားသော်လည်း သူတို့၏ စွမ်းအားကတော့ အနည်းငယ်မှ လျော့ကျမနေပေ။
အမှန်ပြောရလျှင် သူတို့၏ကောင်းကင်နတ်သိုင်းများနှင့် လမ်းစဉ်များသည် ထောင်ပေါင်းများစွာသော ပြုပြင်ပြောင်းလဲမှုများအား ဖြတ်သန်းခဲ့ပြီးသည့်အပြင် သူတို့မှာ မီလော့နန်းတော်အရှင်သခင်၏ နောက်လိုက်များ ဖြစ်ကြသည်။ ထူးကဲမှုဖြစ်စေ၊ အသုံးဝင်မှုဖြစ်စေ လက်ရှိကောင်းကင်နတ်ဘုံထက် အဆပေါင်း မရေမတွက်နိုင်အောင် သာလွန်၏။
သူတို့ထဲမှ တစ်ယောက်က ခွန်အားမှ တာအိုရရှိသည့်လမ်းစဉ်ကို ကျင့်ကြံထားသည်။ ထိုသူက ရုပ်ခန္ဓာကို ကျင့်ကြံထားပြီး သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ တစ်ခုတည်း ဖြစ်နေသည့်အလားပင်။ သူ၏ ရုပ်ခန္ဓာခွန်အားမျိုးကို ဤလောကတွင် တွေ့နိုင်ရန် ရှားပါးသည်။
သူ၏လှုပ်ရှားမှုများကမူ ကိုယ်ခံသိုင်းပညာရပ်နှင့် ဆင်တူ၏။ လှုပ်ရှားမှုတိုင်းက ကြီးမားကျယ်ပြန့်ပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းကွဲစေနိုင်သည့် ဘီလူးကြီးတစ်ကောင် သောင်းကျန်းနေသကဲ့သို့ ပြင်းထန်လှသည်။ သူ၏လက်များက နေနှင့် လကို စုတ်ဖြဲထားနိုင်ပြီး လက်ဖဝါးကတော့ ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားနိုင်၏။
နောက်တစ်ယောက်က မွေးရာပါအထွတ်အမြတ် မီးတောက်လမ်းစဉ်ကို လျှောက်လှမ်းသည်။ သူ၏မီးတောက်များက မရဏလေပူ နှင့် လေအေးကို ဖွဲ့တည်ထားသည့်အပြင် ကောင်းကင်နတ်အရှင်ဟွေ့ထက်ပင် သာလွန်၏။ သူ၏တာအိုသိုင်းကွက်များက နေရာဟင်းလင်းပြင်ကို ပုံပျက်နေစေပြီး တိုက်ကွက်တစ်ကွက်တည်းဖြင့် မီးတောက်များသည် မည်သည့်အရာမဆို အသွင်ပြောင်းယူနိုင်သည်။
နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ကောင်းကင်တာအိုလမ်းစဉ်ကို လျှောက်လှမ်း၏။ သူ၏ ကျင့်ကြံခြင်းအဆင့်က ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ယှဉ်နိုင်သော်လည်း ကျင့်စဉ်များနှင့် လမ်းစဉ်များကတော့ ရှေးဟောင်းနတ်ဘုရားဘုရင်ထက် ပို၍မှော်ဆန်ထူးကဲသည်။
မရေမတွက်နိုင်သော တာအိုသိုင်းပညာရှင်များက သူတို့၏ စုပေါင်းခွန်အားဖြင့် ချင်မူ့ထံ ပြေးဝင်လာကြချေပြီ။
ထိုက်ချူက သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒဏ်ရာကို ချုပ်ရန် နောက်ဆုတ်နေရစ်ခဲ့ပြီး အချိန်ကောင်းကို စောင့်ဆိုင်းနေသည်။
သူ၏ဒဏ်ရာမှာ အလွန်တရာ ပြင်းထန်သည်။ သူ၏ရုပ်ခန္ဓာသည် တစ်လောကလုံးတွင် အသန်မာဆုံး ရုပ်ခန္ဓာဖြစ်ခဲ့ပြီး သူ၏ရုပ်ခန္ဓာကို အသုံးပြု၍ မဟာဧကရာဇ်သည် အရောအားလုံးကို အနိုင်ယူသိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်နတ်အရှင်လင်၏ အလစ်တိုက်ခိုက်ခံခဲ့ရခြင်းကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်၏။
သို့သော် ချင်မူသည် သူ၏ ပြိုင်ဘက်ကင်းခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သည့်အဆင့်တစ်ဆင့််အထိ ရောက်နေလေပြီ။ သူ စောစောက ချင်မူနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် ချင်မူသည် သူ့အား သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့၏။
သူ၏ ရုပ်ခန္ဓာကို ဒဏ်ရာရစေခဲ့သည်သာမက မူလဝိညာဥ်ကိုပါ ဒဏ်ရာရစေခဲ့သည်။ ချင်မူ့ကပ်ဘေးဓားက မဟာတာအိုကို ဖျက်ဆီးရာ၌ ပြောင်မြောက်သည့်အပြင် ထိုဓား သူ၏မျက်ခုံးနှစ်ဖတ်ကြားသို့ ထိုးစိုက်လာသည့်အချိန်တွင် အလွန်တရာ ပြင်းထန်သော တာအိုဒဏ်ရာအား ရစေခဲ့သည်။
သူ နောက်ဆုတ်သွားသည်နှင့် ချင်မူ့နယ်ပယ်က ပေါက်ကွဲထွက်လာပြီး တဝှီးဝှီး လှည့်ပတ်သွားသည်။ ၎င်းက သူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် ဝင်တိုက်သွား၏။
ထိုက်ချူမှာ ဟန်ချက်ပျက်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရပြန်ရာ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အနောက်သို့လွင့်ထွက်သွားတော့သည်။
နယ်ပယ်တစ်ခုအား အဆုံးအစွန်အထိ တည်ဆောက်ကျင့်ကြံလိုက်ပါ ၎င်းသည် အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်သော မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်လာ၏။ မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံတို့မှာ နယ်ပယ်များဖြစ်ကြသည်။
သို့ထိတိုင် ချင်မူ၏ နယ်ပယ်သည် ထိုက်ချူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် ဝင်တိုက်လိုက်ရသည့်အခါတွင် အားနည်းမနေသဖြင့် သူ့မှာ ပို၍ပင် အံ့အားသင့်သွား၏။
‘သူ့ရဲ့ တိုးတက်လာနှုန်းက မြန်လွန်းအားကြီးတယ်…. တာအိုကျင့်စဉ်စနစ်ရဲ့ ကောင်းကင်ဘုံ ၃၂ ဘုံ နဲ့တောင် ဒီအဆင့်အထိ ရောက်နေပြီ… တာပိုသစ်ပင်ကို သူ မကျင့်ကြံရသေးတာ ကံကောင်းတာပဲ…’
ထိုက်ချူ ထိုသို့တွေးနေသည့်အချိန်တွင် လောကသစ်ပင်တစ်ပင်က ချင်မူ့အနောက်ရှိ မြေပြင်မှ ရုတ်တရက် ထွက်လာတော့သည်။
ထိုက်ချူ၏ မျက်လုံးထောင့်စွန်းများ တဖျတ်ဖျတ် လှုပ်သွားပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ ‘မကောင်းတော့ဘူး…”
လောကသစ်ပင် ထွက်ပေါ်လာခြင်းက ချင်မူ့အရှိန်အဝါကို မြင့်တက်သွားစေပြီး တာအိုသိုင်းပညာရှင်တစ်ဦး၏ အဟန့်အထည်ကို ပိုင်ဆိုင်သွားစေသည်။
ဝုန်း...
ပြင်းထန်လှသော တုန်ခါမှုများက ချင်မူ့ထံမှ ဖြာထွက်လာကာ သူ၏ကြွက်သားများက တင်းရင်းလာသည်။ သူသည် ခွန်အားဖြင့် တာအိုရရှိခဲ့သော တာအိုသိုင်းပညာရှင်နှင့် ထိပ်တိုက်တွေ့သွား၏။ သူတို့ ဝင်တိုက်သွားသည့် အခိုက်အတန့်မှာပင် တာအိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး အသွေးအသားတို့က လွင့်စင်ထွက်လာတော့သည်။
ချင်မူ့ခွန်အားက တာအိုသိုင်းပညာရှင်ထက် ပြင်းထန်သောကြောင့် လက်သီးတစ်ချက်တည်းဖြင့် ထိုသူ့အအား ပလ္လင်ခန်းမနှင့် ပြေးရိုက်သွားစေ၏။ သွေးများက ခန်းမနံရံအား ဖုံးလွှမ်းသွားသည်။
သူ၏သွေးမှ ဖွဲ့တည်လာခဲ့သော ရုပ်ခန္ဓာမှာ ဝိညာဉ်စွမ်းအင်အားလုံး ပျောက်ကွယ်သွားသည်ကို ထိုက်ချူ ချက်ချင်း ခံစားလိုက်ရ၏။
လက်သီးတစ်ချက်။
ချင်မူသည် လက်သီးတစ်ချက်လေးဖြင့် ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်ကို လုံးဝချေမုန်းနိုင်ခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် ကျန်တာအိုသိုင်းပညာရှင် ၂၃ ယောက်၏ ကောင်းကင်နတ်သိုင်းများနှင့် လမ်းစဉ်များက ချင်မူ့ခန္ဓာကိုယ်ဆီ တစ်ပြိုင်နက် ပြေးဝင်လာကြပြီး ကြောက်မက်ဖွယ်ရာလှိုင်းဂယက်များက သူ့ကို ဖုံးလွှမ်းသွား၏။
တစ်ချိန်တည်းမှာပင် ထိုက်ချူ၏ ဦးခေါင်းအနောက်တွင် နတ်ကောင်းကင်ခန်းမအရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ခုန်တက်၍ တာအိုသိုင်းပညာရှင် ၂၃ ယောက်၏ ကောင်းကင်နတ်သိုင်းများဆီသို့ ပြေးဝင်သွားတော့သည်။
သူ့မှာ အံ့အားသင့်နေမိသည်။ ဤစွမ်းအားမှာ သူ၏ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ နတ်ကောင်းကင်ခန်းမ၏ စွမ်းအားဖြစ်၏။
သူ့ဦးခေါင်းအနောက်ရှိ နတ်ကောင်းကင်ခန်းမအရိပ်မှာ သခင်လေးသုံးသည် သူ့ကို ကာကွယ်ရန် ပေးခဲ့ခြင်းဖြစ်သည်။ ဤစွမ်းအားကို မဟာဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်တုန်းက သူ့ကိုယ်သူကာကွယ်ရန် အသုံးပြုခဲ့ဖူးသည်။
နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင်ရုပ်ခန္ဓာကို ပြန်လည်ရရှိခဲ့သည်။ ဤစွမ်းအားကို အသုံးပြု၍ပင် အန္တိမဟင်းလင်းပြင်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံကိုလည်း ဖွဲ့တည်ခဲ့သည်။
သူ ဤစွမ်းအားကို အသုံးပြုခဲ့တုန်းက မှားယွင်းနေသည်ဟု မခံစားခဲ့ရပေ။ သို့သော် ယခုတွင် ဤစွမ်းအား၏ ထိန်းချုပ်ခြင်း ခံနေရပြီး အန္တရာယ်များသော အခြေအနေသို့ ဝင်ရောက်မိသည့်အခါတွင်တော့ ကြက်သီးမွေးညှင်းများ ထလာမိတော့သည်။
သူ သခင်လေးသုံး၏ စွမ်းအားကို ပို၍အားကိုးလေလေ စွမ်းအား၏ ထိန်းချုပ်ခြင်းခံရလေလေ ဖြစ်၏။ ယင်းက သူ့ကို ပင့်ကူအိမ်ထဲသို့ ပြုတ်ကျသွားသည့်အလား ခံစားနေရစေသည်။
အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကောင်းကင်နတ်သိုင်းတစ်ခုကို အသက်သွင်းနေသည့် သူ့ကိုယ်သူ တွေ့မြင်နေရ၏။ ၎င်းက ရှေးကျကျယ်ပြန့်ကာ ထိုက်ချူလမ်းစဉ်၏ အန္တိမစွမ်းအား ဖြစ်နေသည်။ ထိုသိုင်းကွက်သည် မူလချီ၏ကောင်းကင်ဘုံ ၃၆ ဘုံနှင့် အသိစိတ်အလျဉ်ကောင်းကင်ဘုံ ၃၆ ဘုံတို့ကို စုစည်းထားပြီး ထိုက်ချူလမ်းစဉ် အန္တိမတာအိုအဆင့်ဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေ၏။
သူက ကောင်းကင်နတ်သိုင်းများထဲသို့ ပြေးဝင်သွားရာ ချင်မူ၏ စုတ်ပြတ်သပ်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားကြသည့် တာအိုသိုင်းပညာရှင် ၂၃ ယောက်က သူတို့၏ ခွန်အားကို စုစည်း၍ တိုက်ခိုက်နေကြသော်လည်း ချင်မူ့ကို မသတ်နိုင်ကြသေးပေ။
ချင်မူသည် မသေသေးသည်သာမက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းနှင့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလျက် သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ပြန်တည်ဆောက်နေသည်။
ထိုက်ချူမှာ သူ၏လက်ဖဝါး ဆန့်တန်းလိုက်သည်ကို မြင်လိုက်ရပြီး လက်ဖဝါးထဲမှ ထိုက်ချူအန္တိမလမ်းစဉ်စွမ်းအား ပေါက်ကွဲထွက်လာသည်ကိုလည်း ကြည့်နေရသည်။ ၎င်းက အလွန်တရာ များပြားကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ဖြစ်ပြီး သူ အိပ်မက်မက်ခဲ့ရသော စွမ်းအားမျိုး ဖြစ်သည့်တိုင် သူ့မှာ တုန်လှုပ်နေမိ၏။
‘သခင်လေးသုံးက ငါ့ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်နေတာပဲ… သူ ဘာတွေ ကြံစည်နေတာလဲ’
သူ့မှာ ကြောက်ရွံတုန်လှုပ်နေမိသည်။ ‘ငါ့ကို သတ်ပြီး သူ့ကိုယ်ပွားဖြစ်အောင် လုပ်လိုက်ရင် သူ စောစော ဆင်းလာနိုင်မှာ မဟုတ်လား...’
သူ လက်ဆန့်တန်းလိုက်သည်နှင့် ချင်မူက ချာခနဲလှည့်၍ လက်မြှောက်ကာ သူ၏လက်ဖဝါးကို ဖမ်းဆုပ်လိုက်သည်။
အနီရောင်ကြိုးငါးကြိုးက ချင်မူ့လက်ဖဝါးမှ ထွက်ပေါ်လာပြီး ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းကို ဖောက်ထွက်ကာ ဝှစ်ခနဲ ထိုက်ချူ၏ ဦးနှောက်ထဲသို့ ဖြတ်သန်းသွားသည်။ အနီရောင်ကြိုးများက ထုံးဖွဲ့ရစ်ပတ်လျက် သူ၏ ဦးခေါင်းအနောက်ရှိ နတ်ကောင်းကင်ခန်းမကို ချုပ်နှောင်လိုက်လေသည်။
“အစ်ကိုနှစ်၊ ကျွန်တော် ခင်ဗျားအသက်ကို ကယ်ခဲ့တာနော်’’
ချင်မူသည် ပြုံးလိုက်သည့်အချိန်မှာပင် ချက်ချင်းဆိုသလို စွမ်းအင်လုံးအဖြစ် ပေါက်ကွဲသွားတော့၏။
ထိုက်ချူမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ချင်မူ့အနီရောင်ကြိုးများ၏ စွမ်းအား ပေါ်ထွက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ဦးခေါင်းအနောက်ရှိ နတ်ကောင်းကင်ခန်းမမှ ဖြာထွက်လာသည့် စွမ်းအားမှာ ခန်းမထဲသို့ ပြန်လည်တွန်းပို့ခံရ၍ ချိပ်ပိတ်ခံလိုက်ရကြောင်း သတိထားမိလိုက်သည်။
“ညီခုနစ်၊ မင်းက နမော်နမဲ့နဲ့ အညှာအတာ ကင်းမဲ့နေတုန်းပါလား… “ မရင်းနှီးသော အသံတစ်သံက နတ်ကောင်းကင်ခန်းမဆီမှ ထွက်ပေါ်လာ၏။
ထိုက်ချူမှာ တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်သွားတော့သည်။ သူသည် သူ၏ စွမ်းအား မဟုတ်သော စွမ်းအားတစ်ရပ် အလျင်အမြန် ပျောက်ကွယ်သွားကြောင်း ခံစားနေရ၏။ သူ၏ရုပ်ခန္ဓာကို ပြန်လည်ထိန်းချုပ်လာနိုင်သည်။
‘သူတို့နှစ်ယောက်လုံး ဒဏ်ရာရနေတာဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်နတ်အရှင်မူကို စုပ်ယူရမယ်…”
ထိုက်ချူ၏ မျက်လုံးများ တောက်ပလင်းလက်လာပြီး အသက်တစ်ရှိုက် ရှူသွင်းလိုက်သည်။ သူသည် ချင်မူ အသွင်ပြောင်းသွားခဲ့သော စွမ်းအင်လုံးကို စုပ်ယူသန့်စင်ရန် ပြင်လိုက်၏။
ထိုအခိုက်အတန့်တွင် ချင်မူ့လောကသစ်ပင်က ယိမ်းယိုင်သွားပြီး စွမ်းအားကြီးတစ်ရပ်က အရာအားလုံးကို ဝါးမြိုရင်း ပေါက်ကွဲထွက်လာသည်။ သူ၏ကောင်းကင်ရတနာနယ်ပယ်က ပြန်လည်ပွင့်ဟလာပြီး ချက်ချင်းဆိုသလို စကြ၀ဠာ၏ ထိုက်ငါးပါးကို တွေ့ကြုံလိုက်ရသည်။
ထိုက်ချူအရှေ့ရှိ ချီစွမ်းအင်လုံးလည်း ချက်ချင်း ပျောက်ကွယ်သွားကာ သူ့အနောက်တွင် ကောင်းကင်နတ်သိုင်းများ ထိတိုက်သွားသံကို ကြားလိုက်ရသည်။ သူ ပြန်လှည့်ကြည့်လိုက်ရာ ချင်မူသည် တာအိုသိုင်းပညာရှင်တစ်ဦး၏ ကိုယ်ပွားအား ဓားမြှောက်လျက် သတ်ဖြတ်နေသည်ကို တွေ့လိုက်ရ၏။
“အစ်ကိုသုံး၊ ဒါက ကျွန်တော်တို့ ပထမဦးဆုံး တိုက်ကွက်ဖလှယ်တာပဲနော်”
ချင်မူက တာအိုသိုင်းပညာရှင်တစ်ဦး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဓား ထိုးသွင်းကာ ဓားရိုးကို ဆောင့်ချလိုက်သည်။ တာအိုသိုင်းပညာရှင်မှာ ပေါက်ကွဲလျက် ဖရိုအရဲများအဖြစ် ပြောင်းလဲသွား၏။ ချင်မူက ပြုံးလျက် ပြောသည်။ “ကျွန်တော် အတိတ်ကို ပြန်လာတဲ့အခါမှ သေချာတွေ့ကြတာပေါ့”
သူ့လက်ထဲရှိ ဓားက ပျံသန်း၍ ထိုက်ချူအနောက်ရှိ နတ်ကောင်းကင်ခန်းမအား ထိုးစိုက်သွားသည်။ နတ်ကောင်းကင်ခန်းမ၏ ပုံရိပ်မှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့၏။
“မင်းကို စောင့်နေမယ်” ဝိုးတဝါး ညည်းညူသံက နတ်ကောင်းကင်ခန်းမထဲမှ ထွက်ပေါ်လာတော့သည်။