← Chapters

ဖရိုဖရဲတာအို

Vol. 127 Ch. 1647

ဖရိုဖရဲတာအို

Vol. 127 Ch. 1647

ချင်မူ့ဓား ထိုးစိုက်ဝင်ရောက်လာသည့်အခါ ထိုက်ချူသည် လက်ချောင်းများ လှုပ်ရှားလိုက်သော်လည်း မခုခံခဲ့ပေ။ သူ၏အစွမ်းအစများဖြင့် ချင်မူ့ဓားအား ခုခံရန် မခက်ခဲသော်လည်း ခန္ဓာကိုယ်အား ပူးကပ်ခံထားရသည့်အခါ လက်လျှော့ရန် ရွေးချယ်လိုက်တော့သည်။

သူ၏ ဦးခေါင်းအနောက်၌ ပျံဝဲနေသော နတ်ကောင်းကင်ခန်းမ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အပြင် ၎င်းထံမှ ထွက်ပေါ်လာနေသည့် စွမ်းအားသည်လည်း ချက်ချင်းဆိုသလို လွင့်ပြယ်သွားသည်ကို ခံစားလိုက်ရသည်။

ဤနတ်ကောင်းကင်ခန်းမသည် မီလော့နန်းတော်၏ သခင်လေးသုံး သူ့ကို ပေးအပ်ထားသော စွမ်းအားဖြစ်ကာ သူ၏ ကောင်းကင်နတ်ဘုံရှိ နတ်ကောင်းကင်ခန်းမ မဟုတ်ပေ။ ဤစွမ်းအား ပျောက်ကွယ်သွားခြင်းက သူ့ကို စိတ်အေးသက်သာစွာ သက်ပြင်းချမိစေသော်လည်း တစ်ချိန်တည်းမှာပင် ချင်မူ့စွမ်းဆောင်ရည်များကို သတိထားမိလာသည်။

မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် အရိပ်များက မြင့်လိုက်တက်လိုက် လှုပ်ရှားနေသည်။ မရေမတွက်နိုင်သော သံကြိုးများက တစ်ခုနှင့်တစ်ခု လိမ်ထွေးရစ်ပတ်နေကြသလို၊ တာအိုသိုင်းပညာရှင်များ၏ တိုက်ကွက်များကလည််း ပို၍ပင်ထူးခြားလာကြသည်။ သူတို့သည် ချင်မူ့ကို တိုက်ရိုက်တိုက်ခိုက်နေကြပုံမတူဘဲ သူတို့၏ ရုပ်ခန္ဓာများကို ကြားခံနယ်အဖြစ် အသုံးပြု၍ ပလ္လင်ခန်းမများအား အသက်သွင်းနေကြသယောင်ယောင်။၊

ထိုပလ္လင်ခန်းမများသည် သူတို့၏ မဟာတာအိုများမှ ဖွဲ့တည်လာခြင်းဖြစ်သည့်အလျောက် သူတို့၏အောင်မြင်မှုများ မည်မျှမြင့်မားကြောင်း သက်သေထူနေသည်။ ထို့ကြောင့် သူတို့၏ လက်ခန္ဓာကိုယ်များသည် ပလ္လင်ခန်းမများ၏ စွမ်းအားကို အသက်မသွင်းနိုင်ကြခြင်းဖြစ်သည်။

သူတို့၏ လက်ရှိခန္ဓာကိုယ်များမှာ ထိုက်ချူ၏ သွေးနှင့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသုံးပြုလျက် ရရှိလာသော ရုပ်ခန္ဓာများသာ မဟုတ်ပါလော။ သူတို့၏ အစစ်အမှန်ရုပ်ခန္ဓာများ၏ စွမ်းအားကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

ပလ္လင်ခန်းမများမှ စုပ်ယူလိုက်သည့် စွမ်းအားက အားကောင်းလွန်းလျှင် သူတို့၏ခန္ဓာကိုယ်ကို ပြိုလဲပျောက်ကွယ်သွားစေပေလိမ့်မည်။

သူတို့သည် ရုပ်ခန္ဓာအား ကြားခံနယ်အဖြစ် အသုံးပြု၍ ပလ္လင်ခန်းမများ၏ စွမ်းအားကို စုစည်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သူတို့၏ရုပ်ခန္ဓာများက ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် အက်ကွဲလာကြပြီး အားလုံးမှာ ခန္ဓာကိုယ်များ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား သွေးများ စိုရွှဲလာကြတော့သည်။

မကြာမီ တာအိုသံကြိုးများက မူလချီမဟာြခုံလွှမ်းကောင်းကင်ဘုံနှင့် ချင်မူ၏ ကောင်းကင်ရတနာစကြဝဠာထဲတွင် ရောယှက်ရစ်ပတ်သွားတော့သည်။

မရေမတွက်နိုင်သော သံကြိုးများက အလွန်တိကျသော ယန္တရားစက်ကြိုးများပမာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေါင်းစည်းသွားကြ၏။

ချင်မူက ဓားကို မြှောက်၍ ပုဂ္ဂိုလ်တချို့ကို တစ်ချက်တည်း ပိုင်းဖြတ်ပစ်လိုက်သည်။ ချင်မူမှာ စိတ်ထဲတွင် စိုးထင့်လာမိသည်။ ဤသံကြိုးများက များလွန်းသည့်အပြင် ပြိုင်ဘက်ကင်းလောက်အောင် ထူသည်။ သူ၏ ကောင်းကင်ရတနာများနှင့် လှုပ်ရှားများကို ချုပ်ချယ်နေသော ပိုက်ကွက်တစ်ခုပမာ ဖြစ်နေသည်။

သူ၏လောကသစ်ပင်မှာလည်း ထိုသံကြိုးများဖြင့် ချည်နှောင်ခံထားရ၏။

သူ၏မှော်စွမ်းအင် လှည့်ပတ်မှုသည် ပို၍ပင် လျော့တိလျော့ရဲဖြစ်လာသည်ကို ချင်မူ ခံစားလိုက်ရသည်။ သူ၏မူလဝိညာဉ် လှုပ်ရှားနိုင်သည့် နေရာပမာဏမှာလည်း ကျဉ်းမြောင်းလာသည်။

‘မကောင်းတော့ဘူး… ဒီတာအိုသံကြိုးတွေရဲ့ တည်ဆောက်ပုံက ငါ့ရဲ့ကျင့်စဉ်တွေ တုံ့ပြန်ဖို့ အထူးပြုလုပ်ထားတဲ့ ကောင်းကင်နတ်သိုင်းတစ်မျိုးနဲ့ တူတယ်… ဟုတ်သားပဲ… ငါ ဖရိုဖရဲခန်းမကို မတက်ခင်တုန်းက သူတို့နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လေ… သူတို့တွေ ငါ့ရဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို သိသွားကြတယ်… ငါ့ရဲ့ပြစ်ချက်တွေကို သေချာစစ်ဆေးလေ့လာပြီးတော့ တန်ပြန်တိုက်ခိုက်နိုင်မယ့် တိုက်ကွက်တွေကို ဖန်တီးခဲ့ကြတာပဲ”

သူ ထိုသို့တွေးနေစဉ် ရှင်ကျန်ရစ်သည့် တာအိုသိုင်းပညာရှင် တစ်ဒါဇင်ခန့်က ပြိုင်တူအော်ဟစ်လိုက်ကြသည်။

“သခင်လေးခုနစ်၊ ဒါက မင်းရဲ့ အားနည်းချက်တွေကို အသုံးချပြီး တန်ပြန်တိုက်ခိုက်ဖို့ သခင်လေးသုံး ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းပဲ”

ဝုန်း….

မရေမတွက်နိုင်သော သံကြိုးများက လှုပ်ခါသွားပြီး တာအိုသိုင်းပညာရှင် တစ်ဒါဇင်ခန့်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားစေသည်။ သူတို့၏ရုပ်ခန္ဓာများက တစ်ခုပြီးတစ်ခု ပေါက်ကွဲ၍ အသွေးအသားများက သံကြိုးများနှင့် ပေါင်းစည်းသွားကြ၏။

သံကြိုးများပေါ်တွင် အသွေးအသားတို့က အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာကြသည်။ သံကြိုးများမှာ ပိုပို၍ ထူထဲလာတော့သည်။

လှုပ်ယွနေကြသော အသွေးအသား သံကြိုးကြီးများသည် ချက်ချင်းပင် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကို အေးခဲသွားစေ၏။ ချင်မူ့တွင် တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၂ ဘုံကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ရတနာနယ်ပယ်အလွှာပေါင်း ၃၂ လွှာရှိသော်လည်း အားလုံးမှာ အသွေးအသားသံကြိုးများဖြင့် ထိုးဖောက်ခံလိုက်ရသည်။

တခဏအတွင်းမှာ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အလွှာ ၃၂ လွှာမှာ သံချေးများဖြင့် ဖုံးလွှမ်းသွားတော့၏။ မရေမတွက်နိုင်အောင် ထူထဲသော သံကြိုးများက နေရာတိုင်းတွင် ပြည့်နှက်နေသည်။ တချို့က ကောင်းကင်ကို ဖောက်ထွက်နေပြီး တချို့က မြေကြီးထဲ စိုက်ဝင်နေကြ၏။ တချို့က ကျောက်တုံးတွင်းငါးတွင်းထဲသို့ ဝင်ရောက်နေကြပြီး တချို့ကတော့ အဆုံးသတ်မြို့ပျက်ချောက်နက်ထဲ လျှောဆင်းသွားကြသည်။

သံကြိုးများပေါ်ရှိ အသွေးအသားတို့က အပ်ချည်မျှင်များအလား အရပ်လေးမျက်နှာသို့ ပျံ့ထွက်ကာ သူ၏နယ်ပယ်ကို သံချေးတက်၍ နေမင်း၊ လမင်းနှင့် ကြယ်တာရာတို့အထိ ကူးစက်နေစေ၏။

ဆယ်ယောက်ကျော်သော တာအိုသိုင်းပညာရှင်များအနက် တစ်ယောက်တည်းသာ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသေးသည်။ ကျန်သူများက ပေါက်ကွဲ၍ တာအိုသံကြိုးများနှင့် ပေါင်းစည်းသွားပြီဖြစ်ကာ သူတစ်ယောက်တည်းသာ သူ့ကိုယ်သူ ကာကွယ်ထားနိုင်သေးခြင်းဖြစ်၏။

“သခင်လေးခုနစ်”

အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်က သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လျက် ခပ်ဟဟ ရယ်လိုက်သည်။ သူက ဦးညွှတ်အရိုအသေပေးကာ ပြော၏။ “ဒါက သခင်လေးသုံး သခင်လေးခုနစ်အတွက် ပြင်ဆင်ထားတဲ့ ကောင်းကင်နတ်သိုင်းပဲ…. သခင်လေးသုံးက ကိုယ်စားနှုတ်ဆက်ခိုင်းလိုက်ပါတယ်”

သူက ခါးမတ်၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလာသည်။

“ကမ္ဘာဦးဖရိုဖရဲတာအို ပြောင်းလဲခြင်းသိုင်းကွက်”

မရေမတွက်နိုင်သော သံကြိုးများ ပေါက်ကွဲသွားသည်နှင့် ချင်မူ့ကောင်းကင်ရတနာအလွှာများမှာ ချက်ချင်း ပြိုလဲ၍ ကျုံ့၀င်သွားတော့သည်။

ပြိုလဲသွားသော ကောင်းကင်ရတနာများက ချင်မူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားကြပြီး အသွေးအသားသံကြိုးများကလည်း သူ၏ခန္ဓာကိုယ်ထဲသို့ စုပြုံတိုးဝင်သွားကြသည်။

ချင်မူမှာ သူ၏ခန္ဓာကိုယ်ထဲရှိ မဟာတာအို အထိန်းအချုပ်မဲ့သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ လမ်းစဉ်များ၊ ကျင့်စဉ်များ၊ သိုင်းကွက်များ၊ သင်္ကေတများ၊ တာအိုအမှတ်အသားများနှင့် တာအိုသံကြိုးများအားလုံး လွင့်ပြယ်ပျောက်ကွယ်သွားကြ၏။ သူ၏မူလဝိညာဉ်ပင်လျှင် အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံလိုက်ရသည်။

ဝုန်း…

လောကသစ်ပင်အောက်ရှိ သူ၏ရုပ်ခန္ဓာမှာ ကမ္ဘာဦးဖရိုဖရဲချီအဖြစ် ပေါက်ကွဲသွားတော့သည်။

ဤကမ္ဘာဦးဖရိုဖရဲချီလုံးမှာ ခရမ်းရောင်ဖြစ်ပြီး ရှင်းလင်းပြတ်သားနေသည်။ ခရမ်းရောင်ချီထဲတွင် ချင်မူ့မဟာတာအိုအားလုံး ပြိုကွဲနေသည်ကို မြင်နေရပြီး အဆုံးသတ်မြို့ပျက်မဟာတာအိုကိုပင်လျှင် ကယ်တင်၍ မရနိုင်တော့ပေ။

ဤတိုက်ကွက်၏ စွမ်းအားမှာ အမှန်တကယ် ကြောက်စရာကောင်းလွန်း၏။ မီလော့နန်းတော်၏ သခင်လေးသုံးသည် စောစောက ရှုံးနိမ့်ခဲ့ပြီး ချင်မူ့ကြောင့် အနီရောင်ကြိုးထုံးများဖြင့် အလစ်တိုက်ခံခဲ့ရသည်။ ချင်မူသည် ဓားတစ်လက်တည်းဖြင့် နတ်ကောင်းကင်ခန်းမ၏ ပုံရိပ်ယောင်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း ယခုတွင်တော့ အခြေအနေကား ပြောင်းပြန်ဖြစ်သွားလေပြီ။

သို့သော် ထူးဆန်းသည်က ချင်မူ အသွင်ပြောင်းသွားခဲ့သည့် ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီလုံးထဲတွင် မျက်လုံးတစ်လုံး မြောလွင့်နေခြင်းပင်။ ထိုမျက်လုံးသည် ရုတ်တရက် တောက်ပလာ၏။ ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီများက ပျံ့ကားထွက်ကာ လောကသစ်ပင်ကို ခရမ်းရောင်ချီအတွင်းသို့ ဆွဲသွင်းလိုက်သည်။

လောကသစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များက ခရမ်းရောင်ချီထဲတွင် မြောလွင့်နေပြီး ဖြည်းဖြည်းချင်း ပြန့်ကားထွက်လာ၏။

ဤထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ကမ္ဘာဦးဖရိုဖရဲတာအို ပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်း၏ သက်ရောက်ခြင်း မခံခဲ့ရသည့် တစ်ခုတည်းသောအရာမှာ ချင်မူ့မျက်လုံးသာဖြစ်သည်။ ချင်မူ့မျက်လုံးတွင် ထိုက်ယီ၏ တာအိုသစ်စေး ကိန်းအောင်းနေသည့်အပြင် မီလော့နန်းတော်အရှင်သခင်၏ တာအိုသစ်ပင်ထံမှ သစ်စေးကိုလည်း ထည့်သွင်းထားသည် မဟုတ်လော။

ချင်မူ၏ အရာအားလုံးမှာ ဖျက်ဆီးခံလိုက်ရပြီး ကမ္ဘာဦးဖရိုဖရဲချီအဖြစ် ပြောင်းလဲခံလိုက်ရသည်။ ဤမျက်လုံးတစ်လုံးတည်းသာ ကျန်ရစ်တော့၏။

ဤမျက်လုံးက သူ ရှင်သန်နိုင်ရန် မျှော်လင့်ချက် ဖြစ်လာခဲ့သည်။

“သခင်လေးခုနစ်၊ ထပ် မတိုက်ခိုက်ပါနဲ့”

အတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင်က ခပ်ဟဟ ရယ်လျက် လောကသစ်ပင်ပတ်ပတ်လည်တွင် ရစ်ပတ်နေသော တာအိုသံကြိုးများကို အသက်သွင်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သို့သော် တာအိုသံကြိုးများက ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီကို ဝန်းရံရစ်ပတ်လျက် ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီ ပြာဿဒ်ဆောင်တစ်ဆောင်အား ဖွဲ့တည်လိုက်သည်။ ပြာဿဒ်ဆောင်က ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီလုံးနှင့် လောကသစ်ပင်ကို ၎င်းအတွင်းသို့ ဆွဲသွင်းကာ ငုံထား၏။

၎င်း၏ မျက်နှာပြင်ပေါ်တွင် အသွေးအသားများက လှုပ်ရွနေကြသည်။ တခဏအတွင်း အသွေးအသားများဖြင့် တည်ဆောက်ထားသော ပြာဿဒ်ဆောင်အဖြစ် ပြောင်းလဲသွားပြီး မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲ၌ မားမားမတ်မတ် ရပ်တည်နေတော့သည်။

တာအိုသိုင်းပညာရှင်က သွေးတစ်လုတ်အန်လိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်တက်ကြွစွာဖြင့် ထိုက်ချူအား ပြော၏။ “သခင်လေးခုနစ်က ငါ့ကြောင့် ဖိနှိပ်ခံထားရပြီးပြီ… ထိုက်ချူ၊ မြန်မြန် ငါ့ကို မင်းကို ယိုတုဆီ ခေါ်သွားပေး…”

ထိုက်ချူမှာ ‌ဇဝေဇဝါဖြင့် မေးလိုက်၏။ “တာအိုနောင်တော်၊ ကျွန်တော်တို့ မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ကို သတ်လို့ မရဘူးလေ… သူ့ကို ယိုတုဆီ ခေါ်သွားမယ့်အစား ဖရိုဖရဲမြစ်ထဲ နှစ်လိုက်ကြရအောင်လား…. ကျွန်တော့်အမြင်အရ သူ့ကို အခုပဲ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ပို့မှ ဖြစ်မယ်ထင်တယ်…. အချိန်ဆွဲနေရင် တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်မိတယ်”

တာအိုသိုင်းပညာရှင်က ခေါင်းခါရမ်းသည်။ “ယိုတုမှာ အသွေးအသား ယဇ်၀င်္ကပါ ရှိတယ်… သခင်လေးသုံးရဲ့ ရည်ရွယ်ချက်က သူ့ကို ဖမ်းဖို့တင်ပဲ မဟုတ်ဘူး… ယဇ်ပူဇော်ဖို့ပဲ…. သူ့ကို သတ်ဖို့ခက်ပေမယ့် ယဇ်၀င်္ကပါကို သုံးပြီး ဆယ့်ခြောက်စင်းမြောက်စကြ၀ဠာဆီ ယဇ်ပူဇော်လိုက်လို့ရတယ်”

သူက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။ “သူ့ရဲ့ စွမ်းအားက သခင်လေးသုံးနဲ့ လဲလှယ်ဖို့ မလုံလောက်ပေမယ့် သခင်လေးသုံးရဲ့ တာအိုသစ်သီးလူဝင်စားတစ်ယောက်အတွက်တော့ လုံလောက်တယ်…. သခင်လေးသုံးရဲ့ တာအိုသစ်သီးလူဝင်စား ဒီလောကထဲ ဝင်ရောက်လာနိုင်တာနဲ့ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်တွေအားလုံး ရောက်လာနိုင်ပြီ…”

သူ စကားမဆုံးခင်မှာပင် ထိုက်ချူက သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ချောင်းတစ်ချောင်းဖြင့် ထိုးစိုက်လိုက်၏။

တာအိုသိုင်းပညာရှင်၏ ဦးခေါင်းမှာ ဘုန်းခနဲ ပေါက်ကွဲသွားတော့သည်။ သူ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်လျက် မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

ထိုက်ချူ၏ မျက်နှာအမူအရာက သုန်မှုန်နေပြီး သူသည် လှုပ်ယွနေသော ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်အား မော့ကြည့်လိုက်သည်။ သူ၏အကြည့်သည် တာအိုသံကြိုးများကို ဖြတ်သန်းပြီး အတွင်းရှိ ကမ္ဘာဦးခရမ်းရောင်ချီကိုသာမက ခရမ်းရောင်ချီထဲတွင် မြောလွင့်နေသော လောကသစ်ပင်ကိုပါ တွေ့မြင်နေရ၏။

“ငါ သခင်လေးသုံး ရောက်လာခွင့်ပေးလိုက်ရင် ငါဟာ အသုံးမကျတဲ့လူထက် မပိုတော့ဘူး … ကောင်းကင်နတ်ဧကရာဇ်ဟောင်က အခု ကောင်းကင်နတ်ဧကရာဇ် ဖြစ်နေပြီး ငါက နန်းစွန့်ဧကရာဇ်ဆိုတော့ တစ်လောကလုံးမှာ ဒုတိယမြောက် အာဏာရှိတဲ့ပုဂ္ဂိုလ် ဖြစ်နေသေးတယ်…. သခင်လေးသုံးကို ရောက်လာခွင့် ပေးလိုက်ရင် မင်းတို့အားလုံးအတွက် အလဲအလှယ်လုပ်ပေးဖို့ သူက စကြ၀ဠာတစ်၀က်လုံးကို ယဇ်ပူဇော်ရလိမ့်မယ်”

သူက ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ကို လှည့်ပတ်၍ ခပ်တိုးတိုး ရေရွတ်နေသည်။ “အဲဒီအချိန်ကျရင် ငါက ဘယ်သူဖြစ်လာမှာလဲ…. အကျိုးအမြတ်ရော ရပါတော့မလား”

သူက အေးစက်စွာ ရယ်မောလိုက်၏။ ရုတ်တရက် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက အလျင်အမြန် ရွေ့လျားသွားပြီး သူ့နှင့် ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်အား ဘိုးဘေးနန်းတော်သို့ သယ်ဆောင်သွားသည်။

“ဟောင်အာက ငယ်သေးတယ်…. သူသာ ဆိုရင် သေချာပေါက် သခင်လေးသုံးအတွက် ကောင်းကင်နတ်အရှင်မူကို အလဲအလှယ် လုပ်မှာပဲ… ဒါပေမဲ့ ငါကတော့ အဲဒီလို မဟုတ်ဘူး”

ထိုက်ချူက အသွေးအသားပြာဿဒ်ဆောင်အောက်တွင် ရပ်နေရင်း ခရမ်းရောင်ချီများထဲတွင် မြောလွင့်နေသာ မျက်လုံးကို ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးစွာ ပြော၏။ “ငါက အဲ့လိုလုပ်မှာ မဟုတ်ဘူး…. ကောင်းကင်နတ်အရှင်မူကို ဖရိုဖရဲမြစ်ထဲ နှစ်ချပြီး အတိတ်စကြ၀ဠာတွေဆီ ပြန်ရောက်အောင် လုပ်မယ်… သူ သခင်လေးသုံး၊ သခင်လေးလေးတို့နဲ့ အသေအကြေ တိုက်ခိုက်ရအောင် လုပ်မယ်…. ငါတို့ကတော့ ဒီစကြဝဠာကို အေးအေးဆေးဆေး အုပ်ချုပ်နေနိုင်မှာပေါ့”

“တော်လိုက်တာ”

ရုတ်တရက် ချင်မူ့အသံက ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းက လောကသစ်ပင်‌ဘေးတွင် မြောလွင့်နေသော မျက်လုံးဆီမှ ပျံ့လွင့်လာခြင်းဖြစ်၏။

ထိုက်ချူက မျက်မှောင်ကြုတ်သွားပြီး သူ၏နဖူးရှိ ဓားဒဏ်ရာကို ထိကြည့်လိုက်သည်။ ချင်မူ့ ဓားသည် သူ၏ဦးခေါင်းကို ထိုးဖောက်သွားခဲ့သဖြင့် ဒဏ်ရာက ရှိနေသေး၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက တကယ်ကို အသက်ရှင်နေသေးတာပဲ… ငါ မျှော်လင့်ထားတာထက်တောင် အသက်ပြင်းနေတယ်”

ထိုက်ချူက သစ်ပင်အောက်တွင်ထို င်၍ ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ကို မော့ကြည့်လိုက်သည်။ သူက အေးအေးလူလူ ပြော၏။ “မင်းပြောတာ မှန်တယ်… ငါက အတိတ်တုန်းကလို ဉာဏ်မပြေးတော့ပေမယ့် အသက်ရှင်နေသေးတယ်လေ… မင်းကတော့ အခု အကျဉ်းသားတစ်ယောက် ဖြစ်လာပြီမလား”

သူက ခပ်ယဲ့ယဲ့ ပြုံး၏။ “အခု ငါက အပြင်မှာ… မင်းကတော့ အထဲမှာ… မင်း မကြာခင် ငါ့ကြောင့် ဖရိုဖရဲမြစ်ထဲ နှစ်ခံရပြီး အတိတ်စကြ၀ဠာတွေဆီ ရောက်သွားတော့မယ်… အဲဒါဆိုရင် အချိန်ရော နေရာရော ပြိုလဲနေတဲ့ အတိတ်စကြ၀ဠာမှာ သခင်လေးခုနစ် ဖြစ်လာနိုင်ပြီ… ဒီစကြ၀ဠာက မင်းကို မလိုအပ်တော့ဘူး’’

“ဟားဟားဟား”

ချင်မူ၏ ကျယ်လောင်လှသော ရယ်သံက ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ထဲမှ ထွက်ပေါ်လာပြီး သူက အေးဆေးစွာ ပြော၏။ “အစီအစဉ်က ကောင်းပေမယ့် ခင်ဗျား ကျွန်တော့်ကို အတိတ်စကြ၀ဠာဆီ ပို့နိုင်မယ်ဆိုရင်တောင် ဒုတိယနေရာ‌ ဖြစ်နေပြီး ခင်ဗျားသားတော်က နံပါတ်တစ် ဖြစ်နေဦးမှာပဲ…”

ထိုက်ချူက ပြုံးလိုက်သည်။ “ပြောဖို့က ခက်ပါတယ်…. ငါ ဘယ်သူပဲဖြစ်ဖြစ် မင်းကတော့ နံပါတ်ခုနစ်ပဲလေ…”

“မဟုတ်သေးပြန်ဘူး… တုထျန်းမိစ္ဆာဘုရင်…. ကျေးဇူးပြုပြီး လန်ယွီတျန်းကို ခေါ်လာခဲ့ပေးပါ”

ခရမ်းရောင်ချီများထဲရှိ မျက်လုံးက ရုတ်တရက် ပြောသည်။ “ကျွန်‌တော် ဒီကမ္ဘာဦးဖရိုဖရဲတာအိုအသွင်ပြောင်းခြင်းကို ဖြေရှင်းနိုင်ဖို့ သူ ကူညီပေးလိမ့်မယ်”

ထိုက်ချူ၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူက အလျင်အမြန်ထရပ်၍ လှမ်းကြည့်လိုက်၏။ မျက်လုံးထဲတွင် ကောင်းကင်နှင့် မြေကြီး ပါရှိနေပြီး အတွင်းတည်ဆောက်ပုံမှာ အလွန်တရာ ရှုပ်ထွေးနေသည်ကို သတိထားမိလိုက်သည်။ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုမှ ဖွဲ့တည်ထားသည့် ယိုတုရှိနေပြီး ကောင်းကင်နယ်စားမင်း တည်ဆောက်ထားသော ရွှမ်တုအပြင် ထိုက်ယီ၏ ဥခွံလည်း ရှိနေသည်။

ထိုကောင်းကင်နှင့် မြေကြီးအပိုင်းအစထဲတွင် မျက်နှာလေးဖက် လက်ရှစ်ဖက်ဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါးက သူ၏ လက်ထဲတွင် ကျောက်စိမ်းအိုးတစ်အိုးကို ကိုင်ထားသည်။

ထိုက်ချူက စိတ်ထဲမှ ဆဲရေးတိုင်းထွာလိုက်၏။ လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရားက ဦးညွှတ်အရိုအသေပေး၍ ပြောသည်။ “ဆရာလန်၊ ဂိုဏ်းသခင် ခေါ်ခိုင်းလိုက်ပါတယ်”

“သူ ရောက်လာပြီ… သူ ရောက်လာခဲ့ပြီ”

ရင်းနှီးသော ပုံရိပ်တစ်ရိပ်က ကောင်းကင်ဘုံများထဲမှ လျှောက်ထွက်လာ၏။ ၎င်းက ကောင်းကင်နတ်အရှင်ယွီမှလွဲ၍ အခြားသူမဟုတ်ပေ။

ထိုက်ချူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ကောင်းကင်နတ်အရှင်ယွီသည် သူ၏စိတ်နှလုံးမိစ္ဆာ ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို လွန်ခဲ့သည့် နှစ်တစ်သန်း၌ တွေ့ခဲ့သည့် အချိန်တည်းကစ၍ သူသည် ဤလူသားလူငယ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိရှိခဲ့ရသည်။ ဤလူသားသည် အနာဂတ်ရှေးဟောင်းနတ်ဘုရားမျိုးနွယ်အား ဆုတ်ယုတ်စေခဲ့ပြီး လူသားမျိုးနွယ်နှင့် ကမ္ဘာခေတ်နှောင်းမျိုးနွယ်တို့အား တိုးတက်စေခဲ့သည်။ ထိုက်ချူ၏ အာဏာနှင့် ရှေးဟောင်းနတ်ဘုရား၏ ဩဇာသည် သူ၏ခြေထောက်အောက်တွင် ပျက်စီးခဲ့ရသည်။

ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွီကို သတ်ဖြတ်ရန် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်ယင်သားတော်ကို အမိန့်ပေးခဲ့ခြင်းပင်။

ယခုတွင် ကောင်းကင်နတ်အရှင်ယွီမှာ တစ်ဖန်ပေါ်ထွက်လာခဲ့ချေပြီ။

“ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းတဲ့လား”

ကောင်းကင်နတ်အရှင်ယွီသည် ချင်မူ့အကြည့်အတိုင်း အသွေးအသား သံကြိုးများကို လေ့လာနေသည်။ တခဏကြာသော် သူက ပြော၏။ “အစ်ကိုကြီး၊ ‌ဒါက အစ်ကိုကြီးရဲ့ ကျင့်စဉ်ကို ပစ်မှတ်ထားတဲ့ ကောင်းကင်နတ်သိုင်းတစ်ခုပဲ… အစ်ကိုကြီးရဲ့ ကျင့်စဉ်မှာ ပြစ်ချက်တစ်ခုရှိနေတာ တစ်ယောက်ယောက် သိသွားပြီ”

“အစ်ကိုကြီးတဲ့လား…”

ထိုက်ချူမှာ ကြောင်အနေသည်။ “ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်အရှင်မူကို အစ်ကိုကြီးလို့ ခေါ်လိုက်တာလား”

“အဓိပ္ပါယ်မရှိတာ”

ချင်မူက မကျေမနပ် ပြန်ပြောသည်။ “ငါ သူတို့ကို ခပ်နာနာ ဆော်ခဲ့လို့ သူတို့ ပြစ်ချက်ကို သိသွားကြတာနေမယ်… ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား… ဒီထက်ပိုပြီး အချိန်ဆွဲနေရင် ထိုက်ချူက ငါတို့ကို ဖရိုဖရဲမြစ်ထဲ နှစ်ချတော့မယ်”

လန်ယွီတျန်းက ဂရုတစိုက် စစ်ဆေးကြည့်နေ၏။ “ရှုရှန်းဟွာသာ ဒီမှာရှိရင် ဒီကောင်းကင်နတ်သိုင်းကို သူနဲ့ အလွယ်တကူ ဖြေရှင်းလို့ရမှာ… သူ့ကို အစ်ကိုကြီး ဘိုးဘေးနန်းတော်မှာ ထားခဲ့တာ နှမြောစရာပဲ…. အစ်ကိုကြီး ကမ္ဘာဦးဖရိုဖရဲသင်္ကေတကို မသိဘူးလား… ကမ္ဘာဦးဖရိုဖရဲချီက အစ်ကိုကြီးရဲ့ အထူးပြုမှု မဟုတ်ဘူးလား..”

ချင်မူက ညည်းတွားသည်။ “ငါ ကမ္ဘာဦးဖရိုဖရဲချီကို ကျင့်ကြံတာက အသိစိတ်အလျဉ်လမ်းစဉ်နဲ့ မွေးရာပါချီကို အပြည့်အစုံ သိမြင်နားမလည်နိုင်သေးလို့ပဲ… ကမ္ဘာဦးဖရိုဖရဲချီက သာမန်ကာလျှံကာပဲဟာ… ငါ ကမ္ဘာဦးဖရိုဖရဲချီကို အခုထိမကျင့်ကြံရသေးဘူး..”

လန်ယွီတျန်းက ပြုံးလိုက်သည်။ “အစ်ကိုကြီး၊ အတွေးမှားနေပြီ… ထိုက်ကျိချီ၊ ထိုက်ရှီချီ၊ ထိုက်ချူချီ၊ ထိုက်စုချီ၊ ထိုက်ကျိချီတို့အားလုံးက အစဉ်လိုက် ကျင့်ကြံရတာမဟုတ်ဘူး… အစ်ကိုကြီးနားလည်သရွေ့ အဲဒီငါးခုကြားမှာ ကွာခြားချက်မရှိဘူး… အစ်ကိုကြီး ကျင့်ကြံနိုင်ပါလိမ့်မယ်… ကျွန်တော် သင်ပေးမယ်”

ထိုက်ချူသည် မည်းမှောင်နေသော မျက်နှာကြီးဖြင့် ထိုက်ချူ မူလကျောက်တုံးကို ထုတ်၍ သူ၏မျက်ခုံးနှစ်ဖက်ကြားထဲသို့ ထိုးထည့်လိုက်သည်။ သူက အသိစိတ်အလျဉ်ကို အသက်သွင်းလိုက်ပြီး ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ထဲသို့ ပို့လွှတ်လိုက်ရင်း လန်ယွီတျန်းကို သတ်ဖြတ်ရန် ပြင်လိုက်၏။

ထင်မှတ်မထားဖွယ်ကောင်းစွာနှင့် သူ၏အသိစိတ်အလျဉ်နှင့် ကောင်းကင်နတ်သိုင်းသည် ကမ္ဘာဦးဖရိုဖရဲပြာဿဒ်ဆောင်ထဲ ဝင်ရောက်သွားသည်နှင့် ပျောက်ကွယ်သွားတော့သည်။ ပြာဿဒ်ဆောင်က ၎င်းအား အစအနပင်မကျန်အောင် ဝါးမြိုပစ်လိုက်၏။

ထိုက်ချူ၏ မျက်လုံးထောင့်များ တွန့်သွားပြန်သည်။ သူက အသိစိတ်အလျဉ်ကို အကြိမ်ကြိမ် အသက်သွင်းနေသော်လည်း ကမ္ဘာဦးဖရိုဖရဲအသွင်ပြောင်းခြင်းတာအိုဖြင့် ဖွဲ့တည်ထားသော စေတီကို မထိုးဖောက်နိုင်ဖြစ်နေ၏။ သူ့မှာ အံကြိတ်၍ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို အသက်သွင်းရင်း ဘိုးဘေးနန်းတော်သို့ ဦးတည်ထွက်ခွာနေရတော့သည်။

“ဘိုးဘေးနန်းတော်ကို ရောက်တဲ့အချိန်မှာတောင် ကောင်းကင်နတ်အရှင်ယွီ ကမ္ဘာဦးဖရိုဖရဲတာအိုအသွင်ပြောင်းခြင်း ကောင်းကင်နတ်သိုင်းကို အဖြေမရှာနိုင်ခင် ငါ သူတို့ကို ဖရိုဖရဲမြစ်ထဲ နှစ်သတ်နိုင်တာနဲ့ စိတ်ပူစရာမလိုတော့ဘူး”

မူလချီမဟာခြံလွှမ်းကောင်းကင်ဘုံက အန္တိမဟင်းလင်းပြင်ကို ဖြတ်၍ အရှိန်အဟုန်ဖြင့် ခရီးနှင်နေသည်။

သို့သော် သူ ဘိုးဘေးနန်းတော်သို့ မရောက်ခင်မှာခင် အသွေးအသားပြာဿဒ်ဆောင်ကြီးဆီမှ တစ်ခုခု ပျက်စီးသွားသကဲ့သို့ ဝုန်းခနဲ အသံကြီးကို ကြားလိုက်ရတော့၏။

All Chapters