← Chapters

ဆန်းကြယ်သော နေရာ

Vol. 127 Ch. 1648

ဆန်းကြယ်သော နေရာ

Vol. 127 Ch. 1648

ထိုက်ချူမှာ အသံကြားလိုက်လျှင်ချင်း အလျင်အမြန် ဆုံးဖြတ်ချက်ချ၍ အသွေးအသားပြာဿဒ်ဆောင်အား မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ကန်ထုတ်လိုက်သည်။ ထို့နောက် မဟာခြုံလွှမ်းကောင်းကင်ဘုံ အသက်သွင်းလျက် လှစ်ခနဲ ပျံသန်းထွက်ပြေးသွားတော့သည်။

‘သူ ထွက်ပြေးတာလည်း မတားနိုင်တဲ့အပြင် မြစ်ထဲလည်း အချိန်မီ နှစ်မသတ်နိုင်မှတော့ အန္တိမဟင်းလင်းပြင်ထဲပဲ ပစ်ချလိုက်တော့မယ်…. အန္တိမဟင်းလင်းပြင် သူ့ကို ဖျက်ဆီး မဖျက်ဆီးကတော့ ကံတရားပေါ်ပဲ မူတည်တယ်…”

မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံကား ပျောက်ကွယ်သွားတော့သည်။

ချင်မူ လွတ်မြောက်သွားပါက သူ့ကို သတ်မည်ကို ထိုက်ချူ စိုးရိမ်နေခြင်းဖြစ်၏။

သူသာ ချင်မူ့ကို အနိုင်မယူနိုင်ပါက ထွက်ပြေးရလိမ့်မည်။ အန္တိမဟင်းလင်းပြင်သည် ကျယ်ပြန့်လွန်းသည့်အလျောက် သူ ပုန်းနေသရွေ့ ချင်မူ့ကောင်းကင်နတ်သိုင်းများသည် မည်မျှပင် ခမ်းနားကောင်းမွန်နေပါစေ သူ့ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ဟင်းလင်းပြင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး အသွေးအသားပြာဿဒ်ဆောင်တစ်ခုတည်းသာ အန္တိမဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် မြောလွင့်နေချေသည်။

ချင်မူ့အသံက ပြာဿဒ်ဆောင်ထဲမှ ထွက်လာသည်။ “ထိုက်ချူ ထွက်သွားပြီ”

လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရင် တုထျန်းက သူ၏ နတ်လေးကို ချ၍ အံ့ဩမှင်သက်စွာ ပြောလိုက်သည်။ “လေးကြိုး ဆွဲလိုက်တာကို ကြောက်ဒူးတုန်သွားတာလား…. သူက တာအိုသိုင်းပညာရှင်လေ… ဘာလို့ ဒီလောက် အသည်းငယ်ရတာလဲ”

သူ့လက်ထဲရှိ လေးမှာ သာမန် နတ်လေးတစ်လက်သာ ဖြစ်သည်။ ယခုလေးတင် ပြာဿဒ်ဆောင်ထဲမှ ထွက်ပေါ်လာခဲ့သည့် ပေါက်ကွဲသံမှာ သူ အခုလေးတင် လေးကြိုးဆွဲ၍ မြားတချို့ တမင်တကာ ပစ်လွှတ်ခဲ့ခြင်းမှ အသံများပင်။

“ထိုက်ချူက ထက်မြတ်ပြီး ရက်စက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ…. အကျိုးအမြတ်သေးသေးလေးတွေအတွက်ကျ သူ့ကိုယ်သူ ဂရုမစိုက်ပေမယ့် ကိစ္စအကြီးကြီးတွေအတွက်တော့ သူ့ခန္ဓာကိုယ်ကို တန်ဖိုးထားတယ်…”

ချင်မူက အေးအေးလူလူ ပြောသည်။ “မင်း‌ လေးကြိုးဆွဲပြီး မြားတချို့ ပစ်လိုက်တာကို ငါ ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနိုင်ပြီး ကမ္ဘာဦးဖရိုဖရဲတာအိုနဲ့ တာအိုသံကြိုးတွေကို ချိုးဖျက်နိုင်ပြီ ထင်သွားတာ… ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားတာပေါ့… ကောင်းကင်နတ်အရှင်ဆယ်ပါးလုံးက ဒီအတိုင်းပဲ… သတ္တိရှိပြီး ရဲရင့်တဲ့သူဆိုလို့ ရှားတယ်…. အဲလိုဆိုမှ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူတို့ကြားမှာ မဆိုးဘူးလို့ ပြောရမယ်”

ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်းသိုင်းကွက်အား ဖျက်စီးနိုင်မည်ဟု လန်ယွီတျန်းသည် ယုံကြည်ချက်ရှိ၏။ သို့သော် ချိုးဖျက်ရန်ကတော့ အချိန်များစွာ ပေးရပေလိမ့်မည်။ ထိုအချိန်တွင် အသွေးအသားပြာဿဒ်ဆောင်သည် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ထဲသို့ ထိုက်ချူလက်ချက်ဖြင့် ကျသွားလိမ့်မည်။ ထို့ကြောင့် ချင်မူသည် မိစ္ဆာဘုရင်တုထျန်းအား တာအိုသံကြိုးများ ပျက်စီးသွားသည့် အသံကို တုပစေ၍ ထိုက်ချူအား ခြောက်လှန့်ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။

ချင်မူအနေဖြင့် ထိုက်ချူအကျင့်စရိုက်ကို ကောင်းကောင်းနားလည်ထားသည်ဟု ဆိုရမည်။

မဟာဧကရာဇ်ကြောင့် ထိုက်ချူသည် စောစီးစွာ မွေးဖွားခဲ့ရပြီး မဟာဧကရာဇ်၏ မွေးစားသား ဖြစ်ခဲ့ရသည်။ သူသည် မဟာဧကရာဇ်၏ လက်အောက်တွင် အရိပ်တကြည့်ကြည့် ခစားခဲ့ရသဖြင့် သတိကြီးလွန်း၏။ တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်ကို မည်သို့ဖယ်ရှားရမည်လဲ တိတ်တဆိတ် ကြံစည်နေခဲ့လေသည်။

သို့သော် သူ့အနေဖြင့် ထိုအခွင့်အရေးကို ပိုင်ဆိုင်နိုင်ရန် နှစ်ကုဋေပေါင်းများစွာ စောင့်ခဲ့ရသည်။ ထိုအခွင့်အရေးသည်လည်း ထိုက်ယီကြောင့် ရောက်လာခဲ့ခြင်းဖြစ်၏။ ထိုက်ယီ တာအိုအဖြစ် ပြောင်းလဲသွားပြီးနောက် ရှေးဟောင်းနတ်ဘုရားများအား တော်လှန်နိုင်သည့််အခြေအနေ မပေးခဲ့လျှင် ထိုက်ချူမှာ ဆက်လက်သည်းခံနေခဲ့ရမည်သာ ဖြစ်သည်။

သူသည် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာပြီးနောက် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့၏ တွန်းလှန်ခြင်း ခံခဲ့ရ၏။ ထို့နောက် ရှောင်အဖြစ် လူပြန်ဝင်စားကာ အခြားကောင်းကင်နတ်အရှင်များအား မြှောက်စားမျက်နှာလုပ်၍ နောက်ထပ်နှစ်တစ်သန်းအထိ မည်သည်မှ မလုပ်ဘဲ ပုန်းကွယ်နေခဲ့သည်။

သူ့မှာ သူ့နာမည်အား ပြန်လည်စိုက်ထူချင်ခဲ့လည်း အကောင်အထည်မဖော်ခဲ့ပေ။ သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရန်တွင်သာ အာရုံစိုက်ခဲ့၏။

နောက်ပိုင်းတွင် ချင်မူ မွေးဖွားလာခဲ့ပြီး ထိုက်ချူသည် အကြံအစည်များစွာ စီစဉ်ခဲ့၏။ ၎င်းတို့က အားနည်းချက် မရှိသယောင် ထင်ရသော်လည်း သူသည် သူ၏အသက်ကိုသူ တန်ဖိုးထားလွန်းသဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အနိုင်ယူခြင်း ခံခဲ့ရသည်။ အညံ့ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ဘဲ သူ၏သားတော် ကောင်းကင်နတ်အရှင်ဟောင်ကား ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာခဲ့၏။

တစ်ခါတစ်ရံတွင်တော့ ထိုက်ချူကား သေးငယ်လှသော အကျိုးအမြတ်လေးအတွက် အသက်ကိုပင် စွန့်စားတတ်လေသည်။

သူသည် တိကျသော ဆုံးဖြတ်ချက်မချပဲ အစီအစဉ်ချရာတွင် ကျွမ်းကျင်သည်။ သူ၏ပုံစံက ခက်ထန်ပုံပေါ်သော်လည်း ရှက်ရွံ့ကြောက်တတ်၏။ အကျိုးအမြတ်အနည်းငယ်လေးကို မြင်လျှင် သူ၏အသက်ကိုပင် မေ့သွားတတ်ပြီး ကိစ္စကြီးများ ဆောင်ရွက်ရသည့်အခါတွင်တော့ သူ၏ အသက်ကို တန်ဖိုးထားလွန်းသည်။ ဤသည်က သူ၏အကျင့်စရိုက်ပင် ဖြစ်၏။

အသွေးအသားပြာဿဒ်ဆောင်က အန္တိမဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ မြောလွင့်နေသည်။ ချင်မူသည် သူ၏ကျင့်စဉ်စွမ်းအင်ကို ကမ္ဘာဦးဖရိုဖရဲချီအဖြစ် ပြောင်းလဲနိုင်မည့်နည်းအား လန်ယွီတျန်းထံမှ သင်ယူထား၏။

သို့သော် မည်သူကမှ အသွေးအသားပြာဿဒ်ဆောင်ကို မထိန်းချုပ်နိုင်သောကြောင့် မသိနိုင်သော နေရာတစ်နေရာသို့ လေဆောင်ရာအတိုင်း ရွေ့လျားနေတော့သည်။

အန္တိမဟင်းလင်းပြင်က မည်မျှ ကြီးမားပါသနည်း။

ဤမေးခွန်းကို ဖြေနိုင်သူ မရှိပေ။

ချင်မူပင်လျှင် အန္တိမဟင်းလင်းပြင်သည် စကြ၀ဠာထက် ပို၍ကြီးမားကြောင်း သိရှိထားသော်လည်း မည်သည့်နေရာတွင် အဆုံးသတ်သည်ကိုတော့ မသိပါချေ။

ဟင်းလင်းပြင်ထဲတွင် မည်သည့်ဒြပ်ထုမှ မရှိနိုင်သည့်အပြင်၊ ဤနေရာရှိ အရာအားလုံးသည် ‌ဗလာနတ္ထိဖြစ်သွားသည့်အထိ လွင့်မြောပြိုကွဲသွားတတ်ကြသည်။ ပထမဦးဆုံး ဟင်းလင်းပြင်အလွှာ၏ ဟင်းလင်းပြင်အသွင်ပြောင်းခြင်းမှာ ထိုမျှတုန်လှုပ်ဖွယ်မကောင်းသော်လည်း ပို၍နက်ရှိုင်းလာသည်နှင့်အမျှ ဟင်းလင်းပြင်အသွင်ပြောင်းခြင်းစွမ်းအားက ပို၍အားကောင်းလာလေ ဖြစ်၏။ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များပင်လျှင် ဟင်းလင်းပြင် ၃၅ လွှာမြောက်တွင် ကြာကြာမနေနိုင်ကြချေ။ ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားနိုင်သည့် အန္တရာယ် ရှိသည်။

အန္တိမဟင်းလင်းပြင်ဆိုသည်မှာ တာအိုသိုင်းပညာရှင်များသာ ဝင်ရောက်နိုင်သော နေရာဖြစ်သည်။ သို့သော် အသွေးအသားပြာဿဒ်ဆောင်က အလွန်တရာ ထူးဆန်း၏။ ၎င်းက အန္တိမဟင်းလင်းပြင်၏ မရဏလေအေးကို ခုခံ၍ အကာအရံတစ်ခု ဖန်တီးထားသည်။ ချင်မူ အသွင်ပြောင်းထားသည့် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်အပြင် ၎င်းထဲရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများကိုပင် ကာကွယ်ပေးထား၏။

ပြာဿဒ်ဆောင်သည် အချိန်တစ်ခု ကြာသည်အထိ မြောလွင့်လာပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို ၀င်တိုက်မိသည့်အလား ရပ်တန့်သွားသည်။ ဆက်လက်မလှုပ်ရှားတော့ပေ။

ပြာဿဒ်ဆောင်မှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။

လန်ယွီတျန်းနှင့် မိစ္ဆာဘုရင်တို့က ချင်မူ့မျက်လုံးမှ တစ်ဆင့် ကြည့်လိုက်ကြရာ ပြာဿဒ်ဆောင် ရပ်တန့်သွားသည့်နေရာသည် အပျက်အစီးလွင်ပြင်တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ပျက်စီးပြိုလဲနေသော နံရံများက နေရာတိုင်းတွင် ပြည့်နှက်နေပြီး အရာအားလုံးမှာ အပျက်ပျက်အယွင်းယွင်းပင်။

နှိုင်းယှဉ်၍မရနိုင်အောင် ရှေးကျသော အဆောက်အဦးများ ရှိသော်လည်း အားလုံး ပြိုလဲနေကြ၏။ လေအေး တိုက်ခတ်သွားလျှင်တောင်မှ ဤအရာရှိ အရာအားလုံးကို ဗလာနတ္ထိ ဖြစ်သွားစေနိုင်သည်။

“ဒီအပျက်အစီးတွေရဲ့ အနေအထားက ကျောက်စိမ်းမြို့တော်နောက်တစ်မြို့ နဲ့ တူတယ်”

လန်ယွီတျန်းသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ရောက်ဖူးသည့်အလျောက် ချက်ချင်းပင် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူက တအံ့တဩ ပြောလိုက်၏။ “ပလ္လင်ခန်းမ ၇၂ ခုရဲ့ အနေအထားကပဲ မတူတာ… ထူးဆန်းလိုက်တာ… ဒီလောကမှာ ဒုတိယမြောက် ကျောက်စိမ်းမြို့တော် ရှိနေသေးနိုင်တာလား”

သူ အသေအချာ စစ်ဆေးကြည့်တေ့ာမည့်အချိန်တွင် ဖရိုဖရဲစွမ်းအင်လှိုင်းတစ်လှိုင်းက အပျက်အစီးများထဲမှ ထွက်ပေါ်လာပြီး သူတို့၏ မြင်ကွင်းကို ကာဆီးလိုက်သည်။

တခဏကြာ၍ လေအေး ဖရိုဖရဲချီအား လွင့်ပြယ်တိုက်ခိုက်သွားသည့်အချိန်တွင် ထူးဆန်းသည့် နေရာမှာ ပျောက်ကွယ်သွားလေပြီ။

လန်ယွီတျန်းက အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်လိုက်၏။ လေအေးက အသွေးအသားပြာဿဒ်ဆောင်ကို အန္တိမဟင်းလင်းပြင်ထဲတွင် ဆက်လက်‌မြောလွင့်နေစေသည်။ အချိန်တစ်ခု ကြာပြီးနောက် အသွေးအသားပြာဿဒ်ဆောင်သည် တစ်စုံတစ်ခုကို ဝင်တိုက်သွားပြီး အက်ကွဲသည့်အသံတစ်သံ ထွက်ပေါ်လာ၏။

လန်ယွီတျန်း ချင်မူ့မျက်လုံးကို သုံး၍ လှမ်းကြည့်လိုက်ပြန်ရာ အသွေးအသားပြာဿဒ်ဆောင် ဝင်တိုက်သွားသည့် အရာမှာ အသွေးအသားပြာဿဒ်ဆောင်ထက် အဆပေါင်းများစွာ ကြီးမားသည့် ဧရာမဦးခေါင်းခွံကြီးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဦးခေါင်းခွံပေါ်တွင် အသွေးအသား မရှိဘဲ အရိုးများသာ နေရာယူထား၏။ ၎င်းတို့မှာ လေအေး၏ သယ်ဆောင်တိုက်ခတ်ခြင်း ခံနေရသည်။

သို့သော် အသွေးအသားပြာဿဒ်ဆောင်နှင့် ဝင်တိုက်သွားသည့်အချိန်တွင် ပြာဿဒ်ဆောင်ပေါ်မှ သွေးတချို့က ဦးခေါင်းခွံတွင် စွန်းထင်သွား၏။

ချင်မူ့ဒေါင်လိုက်မျက်လုံးက အမှန်တကယ် စွမ်းအားကြီးသောကြောင့် လန်ယွီတျန်းမှာ ပြာဿဒ်ဆောင်ကို ဖြတ်သန်း၍ အားလုံးကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။ ဦးခေါင်းခွံကြီး၏ မျက်နှာပြင်ပေါ်တွင် အသွေးအသားအမျှင်က ယွစိယွစိဖြင့် ကြီးထွားလာချေပြီ။

လန်ယွီတျန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေမိသည်။ ဦးခေါင်းခွံပေါ်၌ မည်သည်သို့ဖြစ်ပျက်နေသည်လဲ မသိသလို အသွေးအသားတို့ အဘယ်ကြောင့် ကြီးထွားနိုင်သည်ကိုလဲ သူ မသိချေ။

လေအေးတစ်ချက်က တိုက်ခတ်သွားပြန်သည့်အခါ ဦးခေါင်းခွံအပေါ်ရှိ အသွေးအသားမှာ တမုဟုတ်ချင်း လွင့်ပြယ်သွားသည်။ သို့သော် အသွေးအသားတချို့က ကြီးထွားလာရင်း အခွင့်အရေးကို အသုံးချကာ ဦးခေါင်းခွံအတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်၍ ပုန်းခိုကာ လေအေးဆီမှ ထွက်ပြေးနိုင်ရန် ကြိုးစားနေကြ၏။

လန်ယွီတျန်းမှာ ရင်တဒိန်းဒိန်း ခုန်နေမိ၏။ ‘လေအေးက ငါတို့ကို အန္တိမဟင်းလင်းပြင်ရဲ့ ဘယ်နေရာအထိ ခေါ်လာနေတာလဲ… ဘယ်လိုလုပ် ဒီလိုထူးဆန်းတဲ့ အရာတွေ ရှိနေရတာလဲ’

သူသည် လေအေးကြောင့် ဦးခေါင်းခွံ မည်သည့်နေရာသို့ တိုက်ခတ်သွားသည်လဲ မမြင်ရတော့ပေ။ သို့သော် အခြေအနေအရ ဦးခေါင်းခွံထဲတွင် အသိစိတ်တစ်ခု ရှိနေပြီး တစ်စုံတစ်ခုက ၎င်းထဲတွင် နေထိုင်နေသည့်အလားပင်။ ၎င်းက အသွေးအသား‌ပြာဿဒ်ဆောင်မှ အသားမျှင်ကို အသုံးချ၍ ရုပ်ခန္ဓာကို ပြန်လည်အားဖြည့်နိုင်အောင် ကြိုးစားနေသည်။

“အန္တိမဟင်းလင်းပြင်က စကြ၀ဠာ ဖန်တီးခံရတဲ့အချိန်တုန်းက ဖြစ်တည်လာခဲ့တာ… စကြ၀ဠာအစကတည်းက ရှိခဲ့တာလို့ ပြောလို့ရတယ်…. ကမ္ဘာဦးမကောင်းဆိုးဝါးတစ်ကောင်များ ဒီနေရာမှာ ပုန်းနေတာလား”

လန်ယွီတျန်း ထိုသို့တွေးနေသည့်အချိန်မှာပင် အသွေးအသားပြာဿဒ်ဆောင်က နောက်တစ်ကြိမ် ရပ်တန့်သွားပြန်သည်။ သူ အပြင်သို့ ချက်ချင်းကြည့်လိုက်ရာ ပြာဿဒ်ဆောင်သည် အလွန်တရာ ချောမွေ့နေသော ကျောက်သားနံရံတစ်ခုနှင့် ဝင်တိုက်သွားသည်ကို တွေ့လိုက်ရ၏။

၎င်းမှာ ဖရိုဖရဲကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကျောက်သားနံရံတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်း၏ မျက်နှာပြင်က မှန်တစ်ချပ်အလား ချောမွေ့ကြည်လင်နေပြီး မည်သည့်အပြစ်အနာဆာမှ မရှိပေ။

လန်ယွီတျန်းက ချင်မူ့မျက်လုံးများကို ထိန်းချုပ်၍ မော့ကြည့်လိုက်ရာ ကျောက်သားနံရံသည် သေသပ်သန့်ရှင်းနေသည်ကို တွေ့လိုက်ရ၏။ ၎င်း မည်မျှရှည်လျားမှန်း မသိသော်လည်း အကျယ်ကတော့ အကန့်အသတ် ရှိလေသည်။ ရှည်မြောမြော ကျောက်ပြားကြီးတစ်ချပ်နှင့် တူပြီး အန္တိမဟင်းလင်းပြင်ထဲတွင် ထီးထီးကြီး ရပ်တည်နေ၏။

လေအေးက တိုက်ခတ်လိုက်ပြန်ရာ ပြာဿဒ်ဆောင်သည် ဧရာမကျောက်ပြားကြီးကို နှစ်ချက်မျှ ဝင်တိုက်သွားပြီးနောက် လေအဟုန်ဖြင့် မြောလွင့်သွားပြန်သည်။

လန်ယွီတျန်းက ချင်မူ့မျက်လုံးများကို လှုပ်ရှားစေ၍ ကျောက်ပြား၏ အနောက်သို့ ကြည့်လိုက်၏။ ကျောက်ပြား၏ အနောက်ဘက်တွင် ဒေါင်လိုက်ရေးသားထားသော စာတန်းတချို့ ရှိနေပြီး ၎င်းတို့မှ သွေးများ စီးကျနေကြသည်။ သို့သော် ထိုစာလုံးများမှာ ပစ္စုပ္ပန်ကာလ၏ စာလုံးများ မဟုတ်သောကြောင့် အဓိပ္ပာယ်အား မသိရပေ။

“တော်တော်ကို ထူးဆန်းတဲ့နေရာပဲ”

လန်ယွီတျန်းမှာ ရင်တုန်စိတ်လှုပ်ရှားနေသည်။ “‌လေအေးက ငါတို့ကို ဘယ်ကို ခေါ်သွားနေတာလဲ… အစ်ကိုကြီးကရော ဘာလို့ နိုးမလာသေးတာလဲ… ကမ္ဘာဦးဖရိုဖရဲချီက သိမြင်နားလည်နိုင်ဖို့ တော်တော်ခက်တာလား”

သူက မျက်မှောင်ကြုတ်၍ စိတ်ထဲမှ တွေးနေ၏။ “ငါ သူ့ကို လွှဲပြောင်းပေးသင့်တာတွေ လွဲပြောင်းပြီးပြီလေ… သိမြင်နားလည်ဖို့ အဲ့လောက် မခက်လောက်ပါဘူး…. ရှုရှန်းဟွာ ဒီမှာ ရှိနေသင့်တာ… ငါက တခြားသူတွေကို ဘယ်လိုသင်ပေးရမလဲ သိတာ မဟုတ်ဘူး… သူက ပိုကျွမ်းတယ်”

ထိုအခိုက်အတန့်တွင် အသွေးအသားပြာဿဒ်ဆောင်သည် နောက်ထပ်တစ်စုံတစ်ခုကို ဝင်တိုက်သွားပြန်သည်။ ၎င်းသည် ခန္ဓာကိုယ်တစ်ခြမ်းသာ ကျန်တော့သော သင်္ဘောပျက်တစ်စီး ဖြစ်၏။ ၎င်း၏ ပျက်စီးနေသော မျက်နှာပြင်က မညီမညာဖြစ်ကာ အချို့နေရာများက အလွန်ချွန်ထက်နေသောကြောင့် ပြာဿဒ်ဆောင်ကိုပင်လျှင် ထိုးစိုက်မတတ်ဖြစ်နေသည်။

ပြာဿဒ်ဆောင်၏ မျက်နှာပြင်ရှိ အသွေးအသားတို့မှာ ထိုးစိုက်ခံလိုက်ရ၍သင်္ဘောပျက်တွင် တွဲခိုကျန်ရစ်ခဲ့၏။

လန်ယွီတျန်းသည် သင်္ဘောနံရံတွင် မြုပ်ဝင်နေသည့် အရိုးဖြူတစ်ချောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ ၎င်းမှာ အန္တိမဟင်းလင်းပြင် အပြည့်အဝ မဝါးမြိုရသေးသော တာအိုသိုင်းပညာရှင်တစ်ဦး၏ အလောင်း ဖြစ်ပုံရသည်။

တာအိုသိုင်းပညာရှင်သည် အသတ်ခံခဲ့ရခြင်းမှာ သိသာလှသည်။ သူ၏ ဝမ်းဗိုက်က ကွဲထွက်နေပြီး သံချေးတက်နေသည့် လက်နက်တစ်ခုက သူ၏ ရင်ဘတ်အား ထိုးစိုက်နေ၏။

ဂျွတ်…

အဖြူရောင်အရိုးခေါင်းက ရုတ်တရက် လှည့်လာသည်။ ၎င်း၏ မျက်တွင်းဟောက်ပက်ကြီးများက ပြာဿဒ်ဆောင်ထဲတွင် ရှိနေသမျှ အရာအားလုံးကို တွေ့မြင်နေရသည့်အလား ကြည့်နေ၏။

လန်ယွီတျန်းမှာ ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ကာလိုက်သည်။ တစ်ခဏကြာပြီးနောက် လက်ချောင်းကြားထဲမှ ချောင်းကြည့်၏။

မိစ္ဆာဘုရင်တျထျန်းက ၎င်းကို မြင်လျှင် စိတ်ထဲမှ တွေးနေသည်။ “ဆရာသခင်လန်က ကလေးတစ်ယောက် ဖြစ်နေတုန်းပါလား… ဘာလို့ ဒီလောက်ကြောက်နေရတာလဲ… ဘာကများ သူ့ကို ကြောက်အောင် လုပ်…. လုပ်…”

သူလည်း အပြင်ရှိ မြင်ကွင်းကို ကြည့်လိုက်သည့်အချိန်တွင် ကြောက်ရွံ့လွန်းသဖြင့် သူ၏ ခေါင်းလေးလုံးပေါ်ရှိ ဆံပင်အားလုံး ဖြူတစ်ကောင်အလား ထိုးထောင်သွားကြသည်။

“သူ သေနေပြီ”

လန်ယွီတျန်းက လက်ပြန်ချ၍ ပြုံးကာ ပြောပြ၏။ “စိတ်မပူပါနဲ့ … သူ သေနေပါပြီ… လေကြောင့် သူ့ခေါင်း လည်သွားတာ… အသက်ရှင်နေတယ် ထင်သွားမိတာ… ထူးဆန်းလိုက်တာနော်… စကြ၀ဠာ ဖန်တီးခံခဲ့ရတုန်းက ဒီအရာတွေက ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်းမှာ ဖျက်‌ဆီးခံခဲ့ရတာ ဖြစ်မယ်… ဘယ်လိုလုပ် အခုအထိ ရှိနေသေးကြတာပါလိမ့်”

သူ မည်မျှပင် စဉ်းစားပါသော်လည်း အဖြေမရှာနိုင်သဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဒီသင်္ဘောရဲ့ သစ်သားက လောကသစ်ပင်ရဲ့ သစ်သားနဲ့များ လုပ်ထားတာလား”

သူသည် စူးစမ်းကြည့်ချင်နေပြီး ချင်မူ့မျက်လုံးထဲမှ ထွက်၍ သင်္ဘောပျက်ကို သွားကြည့်ချင်နေမိသည်။ သို့သော် သူ ထွက်လာနိုင်လျှင်တောင်မှ အသွေးအသားပြာဿဒ်ဆောင်၏ အပြင်ဘက်သို့ ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

သူ့တွင် ထိုသို့လုပ်နိုင်စွမ်း မရှိချေ။၏

ထိုမျှသာမက သူ အပြင်သို့ ရောက်သည်နှင့် အန္တိမဟင်းလင်းပြင်၏ လေအေးကိုလည်း ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ချင်မူသည် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအကြောင်း များများစားစား မသိသော်လည်း သူ၏ကျင့်ကြံခြင်းနှင့် စွမ်းဆောင်ရည်တို့ကတော့ လန်ယွီတျန်းထက် များစွာသန်မာအားကောင်း၏။ ချင်မူသာ ပြန်လည်အသက်ဝင်လာပါက သူ၏အစွမ်းအစဖြင့် အပြင်သို့ ထွက်ကာ ဤနေရာ၏ ထူးဆန်းမှုများကို ရှာဖွေစူးစမ်းနိုင်ပေလိမ့်မည်။

လေအေးက ဆက်လက်တိုက်ခတ်နေပြီး ပြာဿဒ်ဆောင်မှာ နောက်ဆုံးတော့ ယိမ်းယိုင်သွားသည်။ ၎င်းက သင်္ဘောပျက်ထံမှ ထွက်ခွာ၍ ဆက်လက်မြောလွင့်လာပြန်၏။

လန်ယွီတျန်းမှာ သင်္ဘောပေါ်ရှိ အရိုးစုကို ကြည့်လိုက်ရင်း ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထသွားမိသည်။ အရိုးစုသည် တဖြည်းဖြည်း ခေါင်းလှည့်လာ၍ ပြာဿဒ်ဆောင်အား “စိုက်ကြည့်” နေလေသည်။

“အသက်ရှင်နေတယ်”

လန်ယွီတျန်းမှာ ရင်ဘတ်ပေါက်ကွဲတော့မည့်အလား တဒုန်းဒုန်း ရင်ခုန်နေသော်လည်း အလျင်အမြန် စိတ်ထိန်းလိုက်၏။

အသွေးအသားပြာဿဒ်ဆောင်သည် အန္တိမဟင်းလင်းပြင်၏ ထူးခြားဆန်းကြယ်သော နေရာတစ်ခုသို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းမှာ မြောလွင့်နေစဉ်အတွင်း ထူးဆန်းသောအရာမျိုးစုံကို တွေ့ကြုံနေရ၏။

ညှိုးခြောက်နေသော တာအိုသစ်ပင်များ၊ ပျက်စီးနေသော ကောင်းကင်လက်နက်များနှင့် အမျိုးအမည် မသိသော အရိုးများရှိလေသည်။ အလံတိုင်တစ်တိုင်ပေါ်တွင် ထိုးစိုက်နေသော ဦးခေါင်းတစ်လုံးကိုပင် တွေ့ခဲ့ရ၏။

ဤနေရာသည် အန္တိမဟင်းလင်းပြင်တွင် အသုံးမဝင်သောနေရာများကို စုပြုံထားသည့်အလားပင်။ ဟင်းလင်းပြင်အဖြစ် ပြောင်းလဲ၍မရနိုင်သည့် အရာအားလုံးက ဤနေရာတွင် စုပြုံနေကြသယောင် ဖြစ်နေတော့သည်။

All Chapters