တံခါးနှင့် ကျောက်ပြား
Vol. 127 Ch. 1649
လန်ယွီတျန်းမှ ထူးခြားဆန်းကြယ်လှသော ဤနေရာအား စိတ်လှုပ်တရှား ကြည့်နေမိသည်။ အန္တိမဟင်းလင်းပြင်သည် မမြင်ရနိုင်သည့် ဧရာမသားရဲကြီးတစ်ကောင်လားပင်။ အစာချေဖျက် မရနိုင်သည့် အရာအားလုံးကို ဤနေရာတွင် စွန့်ပစ်ထားသယောင် ထင်ရသည်။
“ဒီအသွေးအသားပြာဿဒ်ဆောင်ကလည်း ဝါးမြိုလို့မရနိုင်တဲ့ အရာပဲ…. အဲဒါကြောင့် ဒီနေရာကို ရောက်လာရတာ”
သူက မျက်တောင်တဖျတ်ဖျတ် ခတ်လျက် စိတ်ထဲမှ တွေးလိုက်မိသည်။ “ဒီနေရာက တကယ်ပဲ ဘာနေရာများလဲ…. အန္တိမဟင်းလင်းပြင်ရဲ့ ဘယ်နေရာမှာ ရှိတာလဲ….”
အန္တိမဟင်းလင်းပြင်၌ တာအိုရရှိပြီးသူများ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများသာ ရှိသည်။ သူတို့၏ လက်ရှိ တည်နေရာကို ရှာတွေ့နိုင်ရန် မလွယ်လှပေ။
အန္တိမဟင်းလင်းပြင်၏ စွန့်ပစ်မြေမှာ အလွန်တရာ ကျယ်ပြန့်ပြီး အသွေးအသားပြာဿဒ်ဆောင်က တိတ်ဆိတ်စွာ မြောလွင့်နေသည်။ အချိန်တစ်ခုကြာပြီးနောက် ၎င်းသည် ထူးဆန်းသော အရာတချို့ကို တွေ့ကြုံခဲ့ရ၏။ လန်ယွီတျန်းမှာ ထူးဆန်းသောအရာ နောက်တစ်ခု အပြင်တွင် မြောလွင့်လာနေသည်ကို တွေ့လိုက်ရသည်။
တံခါးတစ်ချပ်ပင်။
လန်ယွီတျန်းလည်း တံခါးဘောင်အတွင်းသို့ လှမ်းကြည့်လိုက်သည့်အခါ လန့်ဖြန့်သွားမိသည်။ တံခါးဘောင်၏ အနောက်တွင် အန္တိမဟင်းလင်းပြင် မရှိဘဲ မရေမတွက်နိုင်သော ကျောက်ပြားများသာ တွေ့ရလေသည်။
သို့သော် ကျောက်ပြားများမှာ သူနှင့် ဆန့်ကျင်ဘက်အား မျက်နှာချင်းဆိုင်ထားသဖြင့် အရှေ့တွင် စကားလုံးများ ရှိ မရှိ မတွေ့မြင်ရချေ။
‘ဟိုကျောက်ပြားက အဲ့နေရာကနေ ဒီကိုများ ရောက်လာတာလား…. ဒါဆို ဒီတံခါးက ဘယ်ကို သွားတာလဲ…”
သူ တွေးတောနေစဉ်အတွင်း ချင်မူ့အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ “ညီလေး၊ ငါ ကမ္ဘာဦးဖရိုဖရဲတာအို ပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းကို ရှင်းလင်းဖို့ ယုံကြည်ချက် ရှိပြီ…”
လန်ယွီတျန်း ပျော်ရွှင်၀မ်းမြောက်သွားသည်။ ချင်မူ့မျက်လုံးကို ၀န်းရံထားသည့် ကမ္ဘာဦးဖရိုဖရဲချီသည် သူ၏ မျက်လုံးထဲသို့ စီးဆင်းဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
ချက်ချင်းဆိုသလို ချင်မူ့အသွေးအသားတို့သည် မျက်လုံးကို ဗဟိုပြု၍ သူ၏ဦးခေါင်းကို လျင်မြန်စွာ ဖွဲ့တည်လိုက်သည်။
ချင်မူ့ဦးခေါင်း၌ မျက်လုံးသုံးလုံး ပွင့်လာပြီး ခရမ်းရောင်ချီတို့သည် လှည့်ပတ်ပျံဝဲရင်း စိတ်လှုပ်ရှားနေသော အမူအရာအား ပြသနေ၏။
တစ်ချိန်တည်းမှာပင် အသွေးအသားပြာဿဒ်ဆောင်ထဲရှိ သံကြိုးများက အရပ်လေးမျက်နှာသို့ ပျံ့ကားထွက်သွားကြပြီး သံကြိုးများ၏ စွမ်းအားကလည်း ပေါက်ကွဲထွက်လာကြသည်။ စွမ်းအားက ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့ကို ဖိနှိပ်ကာ သူ့ထံ ပြေး၀င်လာကြ၏။
ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းမှာ အသွေးအသားပြာဿဒ်ဆောင်ထဲတွင် ပုန်းခိုနေပြီး သူ ပြန်မရှင်သန်နိုင်လာအောင် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ထဲသို့ ပြန်လည်တွန်းပို့လိုက်သည်။
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထို ကောင်းကင်နတ်သိုင်းကို သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခွင့်ပေးလိုက်၏။ သို့သော် ၎င်းသည် သူ့ကို အနည်းငယ်မှပင် ထိခိုက်အောင် မလုပ်နိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ခရမ်းရောင်အလင်းတန်းများက သူ၏မျက်လုံးသုံးလုံးဆီမှ ပြေးထွက်လာကြပြီး သူနှင့် အနီးစပ်ဆုံး တာအိုသံကြိုးများကို ဖြတ်တောက်ပစ်လိုက်သည်။
ထူးဆန်းသည်က အသွေးအသားသံကြိုးများ ဖြတ်တောက်ခံလိုက်ရသည်နှင့် အသွေးအသားများ ပြန်လည်ထွက်လာခြင်းပင်။ ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းသည် သက်ရှိကောင်းကင်နတ်သိုင်း ဖြစ်သည့်အတွက် မီလော့နန်းတော်အရှင်သခင်၏ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများဖြင့် ပေါင်းစည်းကာ အလိုအလျောက် ပြန်အသက်ဝင်နိုင်နေ၏။
ချင်မူမှာ ဤသို့ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်ခုကို ပထမဦးဆုံး မြင်တွေ့ဖူးခြင်းဖြစ်သဖြင့် အံ့အားသင့်နေမိသည်။
သူ၏ ဦးခေါင်းအောက်တွင် လည်ပင်းပေါက်လာပြီး ပခုံး၊ ရင်ဘတ်နှင့် လက်မောင်းများလည်း ပေါက်လာကြ၏။ သူ၏ ခါးကလည်း အလိုအလျောက် ထွက်လာသည်။
ချင်မူက လက်မြှောက်လိုက်ရာ ကပ်ဘေးဓားသည် သူ၏ မျက်ခုံးနှစ်ဖက်ကြားထဲမှ ထွက်လာ၏။ ၎င်းက ပြာဿဒ်ဆောင်ကို ထိုးဖောက်သွားရင်း တာအိုသံကြိုးများအား ဖြတ်တောက်လိုက်သည်။ တာအိုသံကြိုးများကို ဖွဲ့တည်ထားသည့် တာအိုသင်္ကေတများ ဖျက်ဆီးခံလိုက်ရသောကြောင့် အသွေးအသားတို့က အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်ကုန်၏။
ထိုအခိုက်အတန့်တွင် လေအေးတစ်ချက်က ပြာဿဒ်ဆောင်ကို ဖြတ်သန်းတိုက်ခတ်လာပြီး ပြာဿဒ်ဆောင်၏ အသွေးအသားအပြင်အလွှာကို အရည်ပျော်လာစေသည်။
ပြာဿဒ်ဆောင်သည် လှည့်ပတ်၍ စွန့်ပစ်မြေ၏ အပြင်ဧရိယာသို့ တဝှီးဝှီး ဦးတည်သွား၏။
အန္တိမဟင်းလင်းပြင်မှာ အလွန်တရာ ထူးဆန်းသည်။ ဟင်းလင်းပြင်အဖြစ် မပြောင်းလဲနိုင်သည့် အရာများသည် လေအေးကြောင့် ဤစွန့်ပစ်မြေသို့ ရောက်လာကြရ၏။ သို့သော် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲနိုင်သည့် အရာများကတော့ ဤနေရာမှ တွန်းထုတ်ခံကြရသည်။
ချင်မူ့ဓား အသွေးအသားပြာဿဒ်ဆောင်ကို ထိုးဖောက်သွားသည့်အချိန် ၎င်းသည် ပြာဿဒ်ဆောင်၏ ခုခံစွမ်းအားကို သိသိသာသာ လျော့ကျစေခဲ့ပြီး ဟင်းလင်းပြင်အဖြစ် ပြောင်းလဲစပြုလာသည်။ ထို့ကြောင့် ပြာဿဒ်ဆောင်မှာ လေအေးဖြင့် အဝေးသို့ သယ်ဆောင်ခံသွားရတော့သည်။
ချင်မူမှာ ဤအရာကို လုံးဝသတိမထားမိပေ။ ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီ၏ စွမ်းအားကို စုပ်ယူနေချိန်တွင် သူသည် ကမ္ဘာဦးဖရိုဖရဲတာအိုကို ဝါးမြို၍ သန့်စင်နေခဲ့ခြင်း ဖြစ်၏။ သူက တည်ကြည်လေးနက်စွာ သတိပေးလိုက်သည်။ “ညီလေး၊ လေအေးက ပြာဿဒ်ဆောင်ထဲ တိုက်ခိုက်လာတော့မယ်…. မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက မလုံလောက်ဘူး… ငါ့မျက်လုံးထဲမှာ ပုန်းနေမယ်ဆိုရင် သတိထား”
လေအေးက ချင်မူ့ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်လိုက်သည့်အခါ သူ၏ရုပ်ခန္ဓာကို ပြားကပ်သွားစေကာ မရေမတွက်နိုင်သော အမှုန်လေးများအဖြစ် အက်ကွဲလုနီးပါး ဖြစ်သွားစေသည်။
ချင်မူက ပြုပြင်မွမ်းမံထားသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး သူ၏ ရုပ်ခန္ဓာကို အတင်းအကြပ် ချုပ်ထားရင်း ဤထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို ခုခံလိုက်သည်။
သူ့အနေဖြင့် အန္တိမဟင်းလင်းပြင်၏ လေအေးကို ခုခံနိုင်သော်လည်း လေအေး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ကမ္ဘာထဲသို့ ဝင်ရောက်တိုက်ခတ်၍ သူ့မျက်လုံးထဲရှိ လူများအား ထိခိုက်စေမည်ကို စိုးရိမ်မိလေသည်။
သူ၏ မျက်လုံးထဲတွင် လန်ယွီတျန်းနှင့် မိစ္ဆာဘုရင်တုထျန်းတို့သာ မဟုတ်ဘဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သူများနှင့် နတ်ဘုရားသန်းပေါင်းများစွာလည်း ရှိသည်မဟုတ်လော။ သူတို့သာ လေအေးဖြင့် တိုက်ခတ်ခြင်းခံရပါက တစ်ခဏအတွင်း ဗလာနတ္ထိအဖြစ် ပြောင်းလဲသွား၍ ပျောက်ကွယ်သွားပေလိမ့်မည်။
သူတို့ ဤနေရာတွင် သေဆုံးသွားပါက ဝိညာဉ်များပင်လျှင် ဗလာနတ္ထိ ဖြစ်သွားသဖြင့် ဆင့်ခေါ်နိုင်တော့မည်မဟုတ်ပေ။
လန်ယွီတျန်းလည်း ချက်ထျင်းပင် မိစ္ဆာဘုရင်တုထျန်းအား ဖန်ပေါင်းချောင်ကမ္ဘာထဲ၌ ပုန်းခိုစေသည်။ တခဏစဉ်းစားပြီးနောက် သူသည် တုထျန်းနှင့်အတူ ဖန်ပေါင်းချောင်ကမ္ဘာထဲ လိုက်မသွားပေ။ လေအေးသည် ချင်မူ့ဒေါင်လိုက်မျက်လုံးထဲသို့ တိုက်ခတ်လာပါက ဖန်ပေါင်းချောင်ကမ္ဘာပင် လူတိုင်းကို ကာကွယ်နိုင်ပေးလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဘုံများက ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားပြီး လူတိုင်း အိုးထဲတွင် သေဆုံးမည်ဖြစ်သည်။
သူ၏စွမ်းဆောင်ရည်များက ချင်မူ့လောက် မကောင်းမွန်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ သူ၏လမ်းစဉ်များ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက ပို၍ပင် လေးနက်ကျယ်ပြန့်၏။ ထို့ကြောင့် ကျောက်စိမ်းအိုးအပြင်တွင် နေ၍ ကာကွယ်ပေးရန် ကြံစည်ထားသည်။
ချင်မူ့ရုပ်ခန္ဓာက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းနေသဖြင့် ဆက်လက်ကြီးထွားနေ၏။ လေအေး တိုက်ခတ်လာသည့်အချိန်တွင် သူ၏ ရုပ်ခန္ဓာသည် ကမ္ဘာဦးဖရိုဖရဲချီတို့မှ ဖရိုဖရဲသင်္ကေတများဖြင့် ဖွဲ့တည်ထားသည့်အလား လုံးဝမလှုပ်ပေ။
လေအေး မည်မျှပင် တိုက်ခတ်ပါစေ သူ၏ရုပ်ခန္ဓာကို ဗလာနတ္ထိဖြစ်အောင် မလုပ်နိုင်ချေ။
သို့သော် အသွေးအသားပြာဿဒ်ဆောင်ထဲရှိ ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းကလည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေသည်။ စွမ်းအားနှစ်ခုကို တစ်ပြိုင်နက်တည်း ခုခံကာကွယ်နေရသဖြင့် သူ့အပေါ်ဖိအားများပြားစေ၏။
“ငါ ရုပ်ခန္ဓာကို မြန်မြန်ကြီးအောင် လုပ်ရမယ်… မဟုတ်ရင် ဒီအခြေအနေကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်”
ချင်မူလည်း ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို အသက်သွင်းလိုက်ရာ ကပ်ဘေးဓား၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သူ၏ရုပ်ခန္ဓာသည် အပြည့်အဝ မသက်သာသေးသော်လည်း ဓားလမ်းစဉ်ကောင်းကင်နတ်သိုင်း၏ စွမ်းအားက ယခင်ကထက် ပို၍ပြင်းထန်နေသေးသောကြောင့် သူ့အား အံ့သြဝမ်းသာမိစေသည်။
ဤအသွေးအသားပြာဿဒ်ဆောင်၏ တာအိုသံကြိုးများက ပို၍လျင်မြန်စွာ ပြိုလဲလာနေပြီး တာအိုအမှတ်အသားများအဖြစ် လွင့်ပြယ်နေကြသည်။ သို့သော် ဤကောင်းကင်နတ်သိုင်းမှာ သူ့ကို ထိန်းချုပ်ရန် သခင်လေးသုံးကိုယ်တိုင် ရေးဆွဲဖန်တီးထားခြင်းဖြစ်သောကြောင့် အချိန်တိုအတွင်း အပြည့်အဝ မဖျက်ဆီးနိုင်ပေ။
နောက်ဆုံးတွင် ချင်မူမှာ ခြေထောက်နှစ်ဖက် ပေါက်လာသော်လည်း ပေါင်ရင်းအထိသာ ရှိသေး၏။ သူ၏ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်မှာ အသုံးပြုပြီး ဖြစ်လေသည်။
ချင်မူက မျက်လုံးသုံးလုံးကို ဖွင့်၍ အော်ဟစ်လိုက်သည်။ “ညီလေး၊ ငါ့ရဲ့ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တွေ ကုန်သွားပြီ… ခြေထောက်နှစ်ဖက်နဲ့ မူလဝိညာဉ်တောင် ပေါ်မလာသေးဘူး… ဘယ်လိုလုပ်ရမလဲ”
လန်ယွီတျန်းက သူ၏ ဒေါင်လိုက်မျက်လုံးမှတစ်ဆင့် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရင်း လေအေး ကျူးကျော်လာမည် စိုးရိမ်နေသည်။ သူ့အမေးအား ကြားလျှင် သူက ချက်ချင်း ဖြေသည်။ “အစ်ကိုကြီးက ရုပ်ခန္ဓာကို တည်ဆောက်ဖို့ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို သုံးတာဆိုတော့ ရုပ်ခန္ဓာက အတိတ်တုန်းကထက် အများကြီး ပိုသန်မာတယ်… ဒါကြောင့်မလို့ ချီစွမ်းအင် ကုန်သွားတာပဲ… မစိုးရိမ်ပါနဲ့ ဘိုးဘေးနန်းတော်ထဲမှာ ဖရိုဖရဲကျောက်သွေးကြောတွေ ရှိတယ်… အဲဒီနေရာက ဖရိုဖရဲချီကို စုပ်ယူပြီးရင် ဆက်ကြီးထွားစေလို့ရတယ်”
ချင်မူမှာ ခေါင်းကိုက်လာသည်။ လန်ယွီတျန်းမှာလည်း ယုံကြည်၍ မရနိုင်သောလူပင်။ အဝေးတွင် ရှိနေသောရေက အနီးအနားရှိ မီးကို မည်သို့ငြှိမ်းနိုင်မည်နည်း။ ဘိုးဘေးနန်းတော်ထဲတွင် ဖရိုဖရဲချီကျောက်သွေးကြောအများအပြား ရှိသော်လည်း ထိုနေရာသို့ မည်သို့ပျံသွားနိုင်မည်နည်း။
ထိုမျှသာမက ကမ္ဘာဦးဖရိုဖရဲချီအနေဖြင့် ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီအဖြစ် အသွင်ပြောင်းရန် လွယ်ကူမည့်ပုံမပေါ်ချေ။
လန်ယွီတျန်း မည်သို့အသွင်ပြောင်းရမလဲ သိလျှင်တောင်မှ သူ့ဆီမှ ပြန်လည်သင်ယူရန် အချိန်များစွာ ကြာပေလိမ့်မည်။
ဝုန်း…
အသွေးအသားပြာဿဒ်ဆောင်၏ ထိပ်ဆုံးအလွှာက ပြိုကျသွားပြီး အသွေးအသားတာအိုသံကြိုးများသည် အလွန်တောင့်တင်းသည့် လက်မောင်းကြီးများအလား သူ့ထံ ပြေးဝင်လာကြချေပြီ။
ချင်မူမှာ ဓားကို ကိုင်၍ သံကြိုးများအား တစ်ချောင်းပြီးတစ်ချောင်း ဖြတ်တောက်နေသည်။ ကမ္ဘာဦးဖရိုဖရဲတာအိုအသွင်ပြောင်းခြင်း ကောင်းကင်နတ်သိုင်းကိုလည်း အတတ်နိုင်ဆုံး သန့်စင်နေရပြီး ပြာဿဒ်ဆောင်ထံမှ ကမ္ဘာဦးဖရိုဖရဲချီအချို့ စုပ်ယူနိုင်အောင် ကြိုးစားနေ၏။
သို့သော် ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းမှာ ချင်မူအား အဓိကတိုက်ခိုက်ရန်အတွက် သခင်လေးသုံး ဖန်တီးထားခြင်း မဟုတ်လော။ ပို၍ပင်ထူးဆန်းသည်က ၎င်းသည် အလိုလို အသားပြန်ပြည့်နိုင်သော သက်ရှိကောင်းကင်နတ်သိုင်း ဖြစ်နေသည့်အတွက် ချင်မူ၏ တိုးတက်နှုန်းကို နှေးကွေးနေစေတော့သည်။
ချင်မူမှာ ကမ္ဘာဦးဖရိုဖရဲချီကို အသုံးပြုလျက် သူ၏မူလဝိညာဥ်ကို စတင်တိုးတက်လာစေသည်။ သို့သော် ကမ္ဘာဦးဖရိုဖရဲတာအိုအသွင်ပြောင်းခြင်းက နှေးကွေးနေပြီး လေအေးကတော့ ပိုပို၍ ပြင်းထန်လာ၏။ လေအေးဖြင့် မကြာခဏ တိုက်ခတ်ခံရပြီး လွင့်ထွက်သွားတက်သောကြောင့် သူ့မှာ ကမ္ဘာဦးဖရိုဖရဲချီကို သန့်စင်နိုင်ရန် ခက်ခဲနေသည်။
“တံခါးဘောင်”
လန်ယွီတျန်း၏ အသံ ထွက်ပေါ်လာ၏။ “အစ်ကိုကြီး၊ တံခါး…”
“ဘာ တံခါးလဲ”
ချင်မူက သူ့တွင် ရှိသမျှ ခွန်အားအားလုံး အသုံးပြု၍ ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း ကောင်းကင်နတ်သိုင်းအား ခုခံကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဧရာမတံခါးရွက် တစ်ချပ်သည် လေအေးထဲ၌ သစ်ရွက်တစ်ရွက်အလား မြောလွင့်နေသည်ကို သတိထားမိလိုက်၏၊
တံခါးမှာ မယုံကြည်နိုင်လောက်အောင် ကြီးမားနေပြီး သူ အလောတကြီး ကြည့်လိုက်သည့်အချိန်၌ ထူးဆန်းသော စာလုံးတချို့ကိုပင် တွေ့မြင်လိုက်ရသည်။ သဲသဲကွဲကွဲတော့ မမြင်လိုက်ရပေ။
“အစ်ကိုကြီး… အဲဒီတံခါးကို ယူလိုက်” လန်ယွီတျန်းက စိတ်လှုပ်တရှား လှမ်းအော်၏။
ချင်မူက ကမ္ဘာဦးဖရိုဖရဲတာအိုပြောင်းလဲခြင်း သိုင်းကွက်ဆီမှ ဖိအားကို ခုခံကာ ကောင်းကင်သို့ ပျံတက်၍ အသွေးအသားပြာဿဒ်ဆောင်၏ ထိပ်ဆုံးအလွှာအား ဖောက်ထွက်သွားသည်။ မရေမတွက်နိုင်သော အသွေးအသားသံကြိုးများက သူ့အနောက်မှ လိုက်ပါလာကြ၏။
ချင်မူမှာ ထွက်ပြေးချင်သော်လည်း သူ၏ခြေထောက်များက နှစ်လက်မသာ ရှိသဖြင့် မလှုပ်ရှားနိုင်ပေ။ စိတ်ထဲတွင် ဆဲရေးလျက်သာ အန္တိမဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရ၏။ သို့သော် ကောင်းကင်နတ်သိုင်းမှာ ပေါ်လာသည်နှင့် ဖတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
သူ့ခမျာ ငှက်တစ်ကောင်အလား လက်ဖြင့် တဖျတ်ဖျတ် ခတ်လျက်သာ တံခါးဆီသို့ သုတ်သီးသုတ်ပျာ သွားနေရ၏။
ချွမ်း…
အသွေးအသား တာအိုသံကြိုးများက သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တင်းကြပ်စွာ ချည်နှောင်သွားပြီး အသွေးအသားပြာဿဒ်ဆောင်သည် ပျံသန်းလာ၍ သူ၏ခန္ဓာကိုယ်အပေါ် ဖိချလိုက်သည်။ တစ်ချိန်တည်းမှာပင် ချင်မူ့ လက်ဖဝါးသည် တံခါးရွက်ကို ဆုပ်ကိုင်မိသွား၏။ ပြာဿဒ်ဆောင်ဖြင့် ဖိနှိပ်ခံထားရသဖြင့် တခဏ မလှုပ်ရှားနိုင်ပေ။
“သခင်လေးသုံး၊ ခင်ဗျားရဲ့ ကောင်းကင်နတ်သိုင်းက တော်တော်ရက်စက်တာပဲ’’
ချင်မူမှာ သွေးအန်လုနီးပါး ဖိချခံထားရသည်။ သူက ရှိသမျှခွန်အားအကုန် ထုတ်၍ ပြာဿဒ်ဆောင်အား ပင့်မြှောက်ကာ အော်ဟစ်လိုက်သည်။ “ညီလေး၊ ဒီတံခါးထဲမှာ ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီ ရှိတာလား”
“မရှိဘူး”
လန်ယွီတျန်းက ချက်ချင်း ဖြေသည်။ “ကျွန်တော် စောစောက အန္တိမဟင်းလင်းပြင်ထဲမှာ တံခါးတစ်ချပ် တွေ့လိုက်ပေမယ့် တံခါးရွက်တော့ မရှိဘူး… အဲဒါ ဒီတံခါးရွက်ပဲ ဖြစ်ရမယ်… အဲဒါကြောင့် အစ်ကိုကြီးကို ယူခိုင်းလိုက်တာ… အစ်ကိုကြီး အဆင်ပြေရဲ့လား”
“ငါ အဆင်ပြေတယ်”
ချင်မူက အံတင်းတင်းကြိတ်လျက် ကမ္ဘာဦးဖရိုဖရဲချီဖြင့် ကပ်ဘေးဓားကို အသက်သွင်းလိုက်သည်။ သူက ချီကို အသုံးပြု၍ ဓားအား ပြာဿဒ်ဆောင်ထဲ ထိုးစိုက်လိုက်၏။ သူ၏ အသံက အက်ကွဲလျက် ထွက်ပေါ်လာသည်။ “ကပ်ဘေးခွင်း…”
ဝုန်း….
ဓားရောင်တို့က ပြာဿဒ်ဆောင်ထဲတွင် ပေါက်ကွဲထွက်လာပြီး အသွေးအသားသံကြိုးဆယ်ချောင်းကျော်ကို ပျက်စီးသွားစေသည်။ ဓားရောင်သည် ပြာဿဒ်ဆောင်ထဲမှ ပြန်ထွက်လာပြီး တံခါးရွက်အား ဒုတ်ခနဲ ထိုးစိုက်သွား၏။ သို့သော် ဧရာမတံခါးရွက်ကြီးမှ မီးပွားများ ထွက်ပေါ်လာပြီး ဓားရောင်မှာ ဖောက်ထွက်မသွားနိုင်ပေ။
ရှုပ်ထွေးသော သင်္ကေတတစ်ခုက ဓား ထိုးစိုက်သွားသော နေရာ၌ ထွက်ပေါ်လာသည်။ ၎င်းက အဆက်မပြတ် လှည့်ပတ်နေပြီး တစ်ခဏကြာမှ ပျောက်ကွယ်သွား၏။
ချင်မူမှာ ကြောင်အသွားပြီး သူ၏ချီဖြင့် အသွေးအသားပြာဿဒ်ဆောင်ကို နောက်တကြိမ် ထိုးစိုက်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်လုံးတွင် ခွန်အားအလုံးစုံ ထည့်လျက် ပြာဿဒ်ဆောင်ကို အားကုန် လွှတ်ပစ်လိုက်၏။
ပြာဿဒ်ဆောင်မှာ ပျက်စီးပြိုကွဲ၍ သူ၏ခန္ဓာကိုယ်ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်လာနေသော အသွေးအသားသံကြိုးများအဖြစ် ပြောင်းလဲသွားပြန်သည်။ ချင်မူက တံခါးရွက်ကို ပိတ်ချလိုက်ရာ ၎င်းက ဝှီးခနဲ ပျံတက်သွား၏။ သူက တံခါးရွက်ထောင့်များကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်၍ မယုံကြည်နိုင်အောင်ကြီးမားသော နတ်ဓားမတစ်လက်အလား မြှောက်ကာ အသွေးအသားတာအိုသံကြိုးများကို ခုတ်ချလိုက်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာ အဘိုးအဘွားကိုးယောက်ထံ၌ သင်ကြားခဲ့ရတုန်းက ရွှေအသည် သူ့အတွက် စဉ်းတီတုံးအရွယ်အစားရှိသည့် သံမဏိဓားမနှစ်လက်ကို သွန်းလုပ်ပေးခဲ့၏။ ဤတံခါးရွက်က ပို၍ကြီးမားသော်လည်း ချင်မူမှာ အသုံးပြုရန် ထူးဆန်းသည်ဟု မခံစားရပေ။
ခွမ်း….
မရေမတွက်နိုင်သော အသွေးအသားတာအိုသံကြိုးများမှာ ဤဧရာမတံခါးရွက်ကြီးကြောင့် နှစ်ပိုင်းပြတ်သွားကြသည်။ လေအေးက သံကြိုးများအား အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားစေ၏။
ထိုအသွေးအသားသံကြိုးများမှာ အန္တိမဟင်းလင်းပြင်ထဲတွင် တီကောင်များအလား လှုပ်ယွနေကြပြီး အတူတကွ ပြန်လည်ပေါင်းစည်းရန် ကြိုးစားနေကြသည်။ သို့သော် အတော်များများက လေအေးကြောင့် လုံးလုံးလျားလျား လွင့်ထွက်သွားကြရ၏။
ချင်မူက တံခါးရွက်ကို မြှောက်၍ ဓားမအဖြစ် အသုံးပြုနေသည်။ သူ ဓားမကို လျှပ်စီးအလား လှုပ်ရှားစေ၍ အဆက်မပြတ် ခုတ်ချကာ ပြန်လည်ပေါင်းစည်းသွားသည့် သံကြိုးများကို ပိုင်းဖြတ်နေ၏။
နောက်ဆုံးတွင် ပြင်းထန်လှသော လေအေးတစ်ချက်က တိုက်ခတ်လာသည်။ ချင်မူသည် အသွေးအသားတာအိုသံကြိုးများနှင့်အတူ စွန့်ပစ်နယ်မြေမှ လွင့်ထွက်သွားတော့၏။
“အစ်ကိုကြီး ကျောက်ပြား”
လန်ယွီတျန်း၏ အနည်းငယ် အံ့အားသင့်နေသော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ “ကျောက်ပြား”
“ဘာကျောက်ပြားလဲဟ”
ချင်မူက အံတင်းတင်းကြိတ်ပြီးနောက် တံခါးရွက်ကို မြှောက်ကာ လေအေးအား ခုခံထားသည်။ ထို့နောက် လေးအေးကြောင့် လိမ့်ထွက်သွားပြန်၏။ သူ ခပ်သွက်သွက် လှမ်းကြည့်လိုက်ရာ မည်မျှမြင့်မားကြောင်း မသိရသည့် ကျောက်ပြားတစ်ချပ်သည် အန္တိမဟင်းလင်းပြင်ထဲ၌ အမှန်တကယ် ရပ်တည်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ၏ လိမ့်ထွက်နေနှုန်းမှာ မြန်ဆန်လွန်းသဖြင့် ကျောက်ပြားသည် အလျင်အမြန် ပျောက်ကွယ်သွားတော့၏။
အချိန်အတော်ကြာပြီး နောက်ဆုံးတွင်တော့ ချင်မူမှာ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်နိုင်သည်။ သူ၏ ဘေးတွင် အသွေးအသားပြာဿဒ်ဆောင်လည်း မရှိတော့သလို စွန့်ပစ်နယ်မြေလည်း မရှိတော့ပေ။
“ဒီတံခါးရွက်က ဘယ်ဆိုးလို့လဲ”
ချင်မူ့ခန္ဓာကိုယ်အပေါ်ပိုင်းက တံခါးရွက်အပေါ်တွင် ရပ်၍ ချီးကျူးလိုနေသည်။ ထို့နောက် သူ၏ပုံရိပ်ကိုသူ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရ၏။
“ငါ့ပုံစံက ဟိုးအရင်တုန်းက ဘိုးဘိုးသားသတ်သမားနဲ့ တူနေသလိုပဲ”