← Chapters

ထွက်သွားမလား သေမလား

Vol. 9 Ch. 820

ထွက်သွားမလား သေမလား

Vol. 9 Ch. 820

"နင်က ဘယ်သူလဲ ... အမ် ... နင်က ဟိုကျူးဝမ်မျိုးနွယ် မူလ အဆင့်မလား ... ခုနက ရွှေရောင် အလင်းတန်းလိုမျိုး လာတဲ့လူက ဘယ်ကို ရောက်သွားပြီလဲ"

လင်းဝူဟွာက ချန်းဖန်အား ကြည့်ရင်း မေးလိုက်၏။

သူမ၏ ခန့်မှန်းချက် အရဆိုလျှင် ရွှေရောင် အလင်းတန်း အတွင်းမှ ပုဂ္ဂိုလ်မှာ အမြုတေ ဖွဲ့စည်းခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်မှာ ချန်းဖန် ဖြစ်လိမ့်မည်ဟု သူမ မယုံကြည်ချေ။

ချန်းဖန်က မည်သို့မျှ ပြန်မဖြေဘဲ သူ၏ အရှေ့ရှိ နန်းတော်ကိုသာ ငေးမောကြည့် နေခဲ့သည်။ သူ၏ မျက်လုံး အတွင်းတွင်မူ မရေမတွက်နိုင်သော သင်္ကေတများက တဖျတ်ဖျတ် လက်နေ၏။ သူသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ နန်းတော် ပတ်လည်ရှိ အစီအရင်များကို စစ်ဆေး နေခဲ့ခြင်း ဖြစ်သည်။

"နင်က သေချင်တာလား ...”

လင်းဝူဟွာ၏ အမူအရာက အေးစက်သွားသည်။

ရွှမ်မိန် ကောင်းကင် နယ်မြေ၏ ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် သူမအား ကျင့်ကြံခြင်း မိသားစုများ၏ ခေါင်းဆောင်များကပင် လေးစားရသည်။ အဘယ်ကြောင့် ကျုးဝမ် မျိုးနွယ် မူလအဆင့် တစ်ယောက်က မလေးမစား ပြုဝံ့သနည်း။

"ဘုန်း ...”

အနက်ရောင် ရေစွမ်းအားများက သူမ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ရုန်းကြွလာ၏။ ထိုစွမ်းအားများက ချိတ်ဆက် ကြိုးတစ်ကြိုး အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား ရိုက်ချရန် ကြိုးစားသည်။

"ဝှစ် ...”

ထိုအချိန်မှာပင် လေတိုးသံ တစ်ခု ထွက်ပေါ်လာသည်။ လင်းဝူဟွာက လှည့်ကြည့်လိုက်ရာ ငွေရောင် အလင်းတစ်ခုကို တွေ့ရ၏။

ကူလင်ကျိ သို့မဟုတ် ငွေရောင်ဝိညာဉ် မျိုးနွယ်၏ သခင်လေးသည်လည်း ရောက်ရှိ လာချေပြီ ဖြစ်သည်။

"ငါ ကူလင်ကျိကို အရင် သတ်လိုက်မယ် ...”

လင်းဝူဟွာက လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

ကျူးဝမ် မျိုးနွယ် မူလ အဆင့်နှင့် နှိုင်းယှဉ်ပါက သူမအတွက် ကူလင်ကျိမှာ ပိုမို အစွမ်းထက်သူ ဖြစ်သည်။ နောက်ဆုံးအကြိမ် တိုက်ခိုက်စဉ်က ထျန်းမိန်ဓားကြောင့်သာ မဟုတ်လျှင် ထိုငွေရောင် ဝိညာဉ် မျိုးနွယ်ကို သူမ အနိုင်ရခဲ့လိမ့်မည် မဟုတ်ချေ။

"ကလန့် ...”

လင်းဝူဟွာ၏ အနောက်၌ ဓားအရိပ် တစ်ခု ပေါ်လာ၏။

"ဟမ့် ...”

ကူလင်ကျိကလည်း နှာခေါင်းရှုံ့ကာ သူ၏လှံကို ဆန့်တန်းရင်း ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်သည်။

ယခု နန်းတော်ရှေ့၌ ကျင့်ကြံသူ သုံးယောက် ရှိရာ နောက်ဆုံး ကျန်ရစ်သူကသာ ရတနာကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ လင်းဝူဟွာကိုသာ အနိုင်ယူပြီးပါက သူ့အတွက် ကျူးဝမ် မျိုးနွယ်ကို သတ်ရန်မှာ မခက်ခဲတော့ချေ။

"ဘုန်း ...”

နန်းတော် အရှေ့၌ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။

သို့သော်လည်း တိုက်ပွဲ အထွတ်အထိပ်သို့ မရောက်ခင်မှာပင် ထိုနေရာသို့ ပိုမို များပြားသော အလင်းများ ရောက်ရှိ လာခဲ့သည်။

"ထျန်းမန် ကောင်းကင် နယ်မြေ ကိုယ်စားလှယ် မန်ကူး ...”

"တော်ဝင်မြို့ ချူမိသားစု သခင်လေး ချူထျန်းယု ...”

"ယင်ယန် ကောင်းကင် နယ်မြေ ကိုယ်စားလှယ် ပိုင်ချွင်အာ ...”

"တော်ဝင်မြို့ တော်ဝင်မိသားစုမှ မင်းသား ကျိုးချင်ချန်း ...”

“...”

တစ်ခဏ အတွင်းမှာပင် ဆယ်ချီသော မူလအဆင့် ကျင့်ကြံသူများသည် အစီအရင်များကို ချိုးဖျက်ကာ နန်းတော် အရှေ့သို့ ရောက်ရှိ လာခဲ့ကြသည်။ ထိုသူများမှာ ပေ့ဟန်နယ်၏ နာမည်ကျော် ကျင့်ကြံသူများ ဖြစ်ပြီး အားအနည်းဆုံးသူပင်လျှင် မူလ ထိပ်ဆုံးအဆင့်၌ ရှိနေခဲ့သည်။

"လင်းဝူဟွာ ... ကြည့်ရတာ ငါတို့ တိုက်ပွဲက ခဏ ရပ်ထားမှ ဖြစ်မယ်ထင်တယ်"

ကူလင်ကျိက ပြုံးကာ သူ၏လှံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

"ဟမ့် ...”

လင်းဝူဟွာကလည်း နှာခေါင်းရှုံ့ကာ သူမ၏ ထျန်းမိန်ဓားကို ပြန်လည် သိမ်းဆည်းလိုက်၏။

"ငါတို့ထက် အရင် ပျံသွားတဲ့ ရွှေရောင် အလင်းတန်းက ဘယ်ကို ရောက်သွားတာလဲ ...”

မန်ကူးက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ရင်း မေးလိုက်သည်။

"မသိဘူး ... ငါရောက်ကတည်းက ဒီလူ တစ်ယောက်ပဲ တွေ့တယ်"

လင်းဝူဟွာက ချန်းဖန်အား ညွှန်ပြရင်း အဖြေပေး လိုက်၏။

"ဟိုကျူးဝမ် မျိုးနွယ်ပါလား ...”

လူငယ်များမှာ ချန်းဖန်အား ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားကြ၏။ သူတို့သည် ချန်းဖန်အား ကျူးရန် မြို့တော်သခင်၏ စားသောက်ပွဲတွင် တွေ့ဖူးရာ မှတ်မိနေခြင်း ဖြစ်သည်။

ချန်းဖန်ကမူ အခြားလူများ ရောက်လာသည်ကို သတိပြုမိပုံပင် မပေါ်ချေ။ သူသည် နန်းတော် တံခါးရှေ့၌ ရပ်ကာ အတွင်းရှိ အစီအရင်များကို အကဲခတ်နေဆဲ ဖြစ်သည်။

"မင်းတို့အားလုံး သိကြတဲ့ အတိုင်းပဲ ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်ရဲ့ နန်းတော်က အရမ်း အန္တရာယ်များတယ် ... ရွှေအမြုတေ အဆင့် တစ်ယောက်တောင် ဝင်မိတာနဲ့ ချက်ချင်း အေးခဲ သွားမှာ ... အဲဒီတစ်ယောက်က လွယ်လွယ်ကူကူနဲ့ ဝင်နိုင်မှာ မဟုတ်ဘူး"

ကျိုးချင်ချန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။ ထို့နောက် သူက ချန်းဖန်အား ကြည့်ကာ အမိန့်ပေး လိုက်သည်။

"ဟိုကောင်လေး ... ရွှေရောင် အလင်းထဲက ပုဂ္ဂိုလ် ဘယ်ရောက်သွားလဲ ပြောစမ်း ... နောက်ပြီး မင်းက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"

သို့သော်လည်း ချန်းဖန်က ပြန်မဖြေရုံသာမက လှည့်ပင် မကြည့်ခဲ့ချေ။ သူက နန်းတော် တံခါးကိုသာ စူးစိုက် ကြည့်နေခဲ့သည်။

"မင်း ...”

ကျိုးချင်ချန်းမှာ ဒေါသထွက် သွား၏။ တော်ဝင် မိသားစုမှ မင်းသား တစ်ယောက် အနေဖြင့် သူ့အား မည်သူမျှ ထိုကဲ့သို့ မလေးမစား မလုပ်ရဲချေ။

ပိုင်ချွင်အာမှာ ပါးစပ်ကိုပိတ်ကာ ရယ်လိုက်၏။ ထို့နောက် သူမက ချန်းဖန်အား ညင်သာ နူးညံ့သော အသံဖြင့် မေးလိုက်သည်။

"အစ်ကို ... ရွှေရောင် အလင်းတန်း ဘယ်ရောက် သွားတယ်ဆိုတာ ငါတို့ကို ပြောပြပါလား"

ယင်ယန် ကောင်းကင် နယ်မြေသည် ညှို့ငင်ခြင်း ကျင့်စဉ်များဖြင့် ထင်ရှားသည်။ ထို ယင်ယန် နယ်မြေ၏ ထိပ်တန်း တပည့်တစ်ယောက် အနေဖြင့် ပိုင်ချွင်အာသည် မူလအဆင့် တစ်ယောက်ကို လွယ်ကူစွာ အရည်ဖျော် ပစ်နိုင်၏။

သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို ကြားပုံပင် မရချေ။ သူကား အရာရာအား လျစ်လျူထားဆဲ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ပိုင်ချွင်အာပင်လျှင် အနည်းငယ် အေးစက်သွားသည်။ ပိုင်ချွင်အာ၏ အဖြစ်ကို ကြည့်ရင်း လင်းဝူဟွာမှာ ချန်းဖန် အပေါ် လေးစား သွားမိ၏။

"မင်းက မင်းသားနဲ့ နတ်မိမယ်ပိုင်ကို လျစ်လျူ ရဲတယ်ပေါ့"

ခရမ်းရောင် ဝတ်စုံဝတ် အဘိုးအို တစ်ဦးက သူ၏ လက်သည်းများဖြင့် ခရမ်းရောင် အလင်းကို ကုတ်ခြစ်ကာ ချန်းဖန်အား တိုက်ခိုက်လိုက်သည်။

သူကား ကျိုးရှန်းမြို့၊ ကျိမိသားစု၏ ဘိုးဘေး ဖြစ်ပြီး မူလ ထိပ်ဆုံးအဆင့် တစ်ယောက် ဖြစ်သည်။ သူ၏ အဆိပ်နဂါး ကျင့်စဉ်သည် အလွန် အစွမ်းထက်ကာ အဆင့်တူ များစွာကို အနိုင်ယူခဲ့ဖူးသည်။

"ဘုန်း ...”

လက်သည်း သဏ္ဌာန် ခရမ်းရောင် အလင်း ဆယ်ခုက ချန်းဖန်ထံသို့ တိုးဝင်သွား၏။ သို့သော်လည်း ချန်းဖန်နှင့် ဆယ်ပေ အကွာအဝေးသို့ ရောက်သည်နှင့် ထိုအလင်းများမှာ ပေါက်ကွဲကာ ပျက်ပြယ်သွားသည်။

"ဘာလဲ ...”

လင်းဝူဟွာ အပါအဝင် လူတိုင်းမှာ အံ့အားသင့် သွားကြ၏။

ထိုအရာကား ကိုယ်ပိုင်နယ်မြေ ဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေသော လူများမှ လွဲ၍ မည်သူမျှ ကိုယ်ပိုင်နယ်မြေကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။

"ကြည့်ရတာ ငါတို့ မင်းကို အထင်သေး မိတာပဲ ... ဒီတော့ ရွှေရောင် အလင်းက မင်းပေါ့ ဟုတ်လား ...”

ကျိုးချင်ချန်းက အနည်းငယ် ရယ်ရင်း မေးလိုက်သည်။

လင်းဝူဟွာနှင့် အခြားလူများမှာလည်း ပြန်လည် အသက်ဝင် လာကြ၏။ သူတို့သည် ချန်းဖန်ကဲ့သို့ ကျူးဝမ် မျိုးနွယ် တစ်ယောက်က အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်နေမည်ဟု လုံးဝ မထင်ခဲ့ကြချေ။

သို့သော်လည်း သူတို့သည် ချန်းဖန်ကို မကြောက်ကြချေ။ သူတို့ကား ပေ့ဟန်နယ် လူငယ် မျိုးဆက်၏ အစွမ်း အထက်ဆုံး မူလအဆင့်များ ဖြစ်ရာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များကိုပင် အနိုင်ယူနိုင် ကြသည်။

"ဒီဘက် လှည့်စမ်း ...”

မန်ကူးက ရှေ့သို့ တစ်လှမ်းတိုးကာ အော်ဟစ် လိုက်သည်။

“ဘုန်း ...”

ထိုအသံက မိုးကြိုးများစွာ ပစ်ခတ်သည့် အလား ချန်းဖန်၏ နားစည်သို့ တိုးဝင်၏။

ယခုတစ်ကြိမ်တွင်မူ ချန်းဖန်မှာ ဆက်လက် လျစ်လျူ မနေနိုင်တော့ချေ။ သူကား အလွန် နားငြီးနေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူက နောက်သို့ ဖြည်းညင်းစွာ လှည့်ရင်း ပြောလိုက်၏။

"မင်းတို့ကို အချိန် တစ်မိနစ် ပေးမယ် ... ထွက်သွားမလား သေမလား ကိုယ့်ဘာသာကို ရွေး"

လူတိုင်းမှာ ပထမ၌ အနည်းငယ် ကြောင်အသွားသော်လည်း ချက်ချင်းပင် အော်ဟစ် ရယ်မော လိုက်ကြသည်။

"ခွေးကောင်လေး ... မင်းက မင်းကိုယ်မင်း ဘာထင် နေတာလဲ ... မင်းလို ကျူးဝမ် မျိုးနွယ် အမြုတေ ဖွဲ့စည်းခြင်း အဆင့် မပြောနဲ့ ဝမ်ရှင်း တန်ခိုးရှင်တောင် ငါတို့ကို လေးစားရတယ် ... မင်းသာ သခင်ကြီးပေ့ဟန် ဒါမှမဟုတ် ကောင်းကင်နယ်မြေ ခြောက်ခုရဲ့ ခေါင်းဆောင် တစ်ယောက်ယောက် ဖြစ်မယ် ဆိုရင်တော့ မင်းပြောတဲ့ အတိုင်း ငါတို့ လုပ်ရမှာပေါ့ ... ဒါပေမဲ့ မင်းက ဘာကောင်မှ မဟုတ်တာ"

ချူထျန်းယုက ရယ်မောရင်း လှောင်ပြောင်လိုက်သည်။

"အစ်ကို ... ကိုယ့်နေရာကို ကိုယ်သိဖို့က အရေးကြီးတယ်နော်"

ပိုင်ချွင်အာကလည်း ခေါင်းခါရင်း ပြောလိုက်၏။

"ဟမ့် ...”

ထိုလူငယ်များ လွယ်လွယ်ကူကူ ထွက်သွားလိမ့်မည် မဟုတ်ကြောင်း သဘောပေါက်သည်နှင့် ချန်းဖန်က စတင်ကာ တိုက်ခိုက်လိုက်သည်။

"သေစမ်း ...”

သူက ဆယ်ပေခန့် ကြီးမားသော အဇူရာ လက်ဝါးကြီးကို ဖန်တီး၍ အနီးဆုံးရှိ ကျိကျန်းဟောင်ကို ရိုက်ချလိုက်သည်။

"ဘုန်း ...”

အဇူရာ လက်ဝါး၏ တိုက်ခိုက်မှု၌ မူလ ထိပ်ဆုံးအဆင့် ကျိကျန်းဟောင်မှာ ခုခံချိန်ပင် မရလိုက်ပဲ တစ်ခါတည်း ညက်ညက်ကြေ သွား၏။

“မင်းက သေချင်နေတာပဲ"

ကျိုးချင်ချန်းနှင့် အခြားလူများမှာ ဒေါသထွက် သွားကြသည်။ သူတို့သည် ချန်းဖန် ထိုမျှ မောက်မာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"အစစ်အမှန် နဂါး လာစမ်း ...”

ချူထျန်းယုက အော်ဟစ်ရင်း လေထုတွင် အလင်း နဂါး တစ်ကောင်အား ရေးဆွဲလိုက်သည်။ ထိုအလင်း နဂါးသည် ပေတစ်ရာခန့် ရှည်လျားကာ အစစ် တစ်ကောင်နှင့် ခြားနားခြင်း မရှိချေ။

"ရား ...”

နဂါးက အော်ဟစ် မြည်တမ်းရာ တောင်တန်း တစ်ခုလုံး တုန်ရီသွား၏။

တော်ဝင်မြို့ ချူမိသားစုသည် အစစ်အမှန် နဂါးသွေးကို ပိုင်ဆိုင်ထားသည်ဟု ပေ့ဟန်နယ်တွင် ကျော်ကြားသည်။

သို့သော်လည်း အစစ်အမှန် နဂါးများမှာ ကောင်းကင် သားရဲများ ဖြစ်သည်။ ထျန်းဟောင် ကဲ့သို့ ကျင့်ကြံခြင်း ဂြိုဟ်ငယ်လေး တစ်ခု၏ လူများမှာ မည်ကဲ့သို့ အစစ်အမှန် နဂါးများ၏ သွေးကို ပိုင်ဆိုင်မည်နည်း။

မည်သို့ပင်ဆိုစေ ချူမိသားစု၏ နဂါးဆင့်ခေါ်ခြင်း နည်းစနစ်များမှာမူ အမှန်ပင် အစွမ်းထက် ပေသည်။

"သွား ...”

ချူထျန်းယု အမိန့်ပေးသည်နှင့် အလင်း နဂါးမှာ ချန်းဖန်ထံသို့ တိုးဝင်၍ ဝါးမျိုရန် ကြိုးစားသည်။

ချန်းဖန်က လက်တစ်ဖက်ကို နောက်ပစ် ထားရင်းမှ အခြား တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ချောင်းများကို ဆုပ်လိုက်၏။

"ဘုန်း ...”

ရုတ်တရက် နဂါးမှာ တူနှင့် ထုရိုက်ခြင်း ခံရသည့်အလား ပေါက်ကွဲသည်။ ပေါက်ကွဲမှု အလင်းများက နောက်သို့ ပြန်လည် လွင့်စဉ်ရာ ချူထျန်းယုမှာ မီတာ တစ်ရာခန့်အထိ ဆုတ်လိုက်ရ၏။

"မကောင်းတော့ဘူး ... သူက အရမ်း အစွမ်းထက်တယ် ... နောက်ပြီး သူ့ရဲ့ အစစ်အမှန် အမတေက ရွှေအမြုတေ အဆင့်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်"

ချူထျန်းယုမှာ အလွန်တရာ ထိတ်လန့်သွားသည်။

ချန်းဖန်၏ သာမန် တိုက်ခိုက်မှုက တောင်ကြီး တစ်လုံးအလား ပြင်းထန်လှသည်။ ထိုသို့သော စွမ်းအားမျိုးကို ချူမိသားစု ဘိုးဘေးထံတွင်သာ သူတွေ့ဖူးသည်။

"အတူတူ တိုက်ကြမယ် ...”

ကျူးချင်ချန်းက ရှေ့သို့ တစ်လှမ်းတိုးရင်း အော်ဟစ်လိုက်၏။

"ဘုန်း ...”

ရုတ်တရက် သူ၏ နောက်တွင် အဖြူရောင် အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရိပ်က တစ်ခဏ အတွင်းမှာပင် ပေသုံးရာခန့် ရှည်လျားလာကာ ထူးဆန်းသော မြွေတစ်ကောင်၏ အသွင်သို့ ပြောင်းလဲသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

တစ်ချိန်တည်း၌ အခြားသော မူလ အဆင့်များကလည်း တစ်ပြိုင်နက်တည်း စတင် လှုပ်ရှား လိုက်ကြသည်။

လင်းဝူဟွာသည် မရဏပြည်၏ သခင်မအလား အနက်ရောင် လှိုင်းများကို ထိန်းချုပ်နေ၏။

ကူလင်ကျိမှာ လှံကို ဆွဲကိုင်ရင်း ငွေရောင် အတောင်ပံများကို ဖြန့်ကြက်ကာ လေထုသို့ ပျံတက်သည်။

မန်ကူးမှာလည်း တစ်ဆယ်မီတာ ရှည်လျားသော ဘီလူးကြီး တစ်ကောင်အသွင် ပြောင်းလဲသည်။

***

တစ်ခဏ အတွင်းမှာပင် များစွာသော ပေ့ဟန်နယ်၏ ထိပ်တန်း ပါရမီရှင်များကား ချန်းဖန်ကို ဝန်းရံ လိုက်ကြပြီ ဖြစ်လေသည်။

***

All Chapters