အနိုင်ယူခြင်း
Vol. 9 Ch. 821
"ဘုန်း ...”
လေထုသည် ပြင်းထန်သော အဟုန်ဖြင့် ပေါက်ကွဲလာ၏။ နန်းတော်ပတ်လည် ပေတစ်ထောင် ပတ်ဝန်းကျင်မှာ အလင်း ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ကလန့် ...”
ရုတ်တရက် နန်းတော် နံရံများမှ မရေမတွက်နိုင်သော သင်္ကေတများ လင်းလက်လာကာ နန်းတော် အိုကြီးအား ကာကွယ်သည်။
"မင်းက ရွှေအမြုတေ အဆင့်ဖြစ်မယ် ဆိုရင်လည်း ငါတို့ မင်းကို သတ်နိုင်ပါသေးတယ်"
ကျိုးချင်ချန်းက ဝင့်ကြွားစွာဖြင့် ဆိုလိုက်သည်။
ပေ့ဟန်နယ် တော်ဝင်မိသားစု၏ မင်းသား တစ်ပါးအနေဖြင့် သူသည် ယခု အချိန်အထိ တိုက်ပွဲ တစ်ပွဲမှ မရှုံးဖူးသလို သေရေးရှင်ရေး အခက်အခဲ တစ်ခုတလေကိုမျှလည်း မကြုံဖူးချေ။ ထို့ကြောင့်ပင် သူ၏ အမူအရာက ဤမျှအထိ မောက်မာနေခြင်း ဖြစ်သည်။
"သတ် ...”
ကူလင်ကျိကမူ ဘာမှမဆိုဘဲ ချက်ချင်း တိုက်ခိုက် လိုက်၏။
"ဘုန်း ...”
သူ၏ ခန္ဓာကိုယ်သည် အသံ၏ ဆယ်ဆနှုန်းကို ချိုးဖျက်ကာ ချန်းဖန် အနားသို့ ရုတ်တရက် ရောက်ရှိသွားသည်။ တစ်ချိန်တည်း၌ သူ၏ လှံတံက ငွေရောင် အလင်းကို ထုတ်လွှတ်ကာ ချန်းဖန်၏ ရင်ဘတ်အား ထွင်းဖောက်ရန် ကြိုးစား၏။
ကူလင်ကျိကား ထိုတိုက်ခိုက်မှု တစ်ခုနှင့်ပင် ပေ့ဟန်နယ် လူငယ် မျိုးဆက်၏ အစွမ်း အထက်ဆုံး တစ်ယောက် အဖြစ် ယူဆနေနိုင်ပြီ ဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ပင်လျှင် ဂရုမစိုက်မိပါက ထိုတိုက်ခိုက်မှု တစ်ခု အတွင်း သေဆုံး သွားရပေလိမ့်မည်။
"ဟဟ ...”
သို့သော်လည်း ချန်းဖန်က ဂရုမစိုက်စွာပင် ထိုတိုက်ခိုက်မှုကို အင်္ကျီလက်ဖြင့် ခါယမ်း ထုတ်လိုက်သည်။
"ဘုန်း ...”
ကူလင်ကျိမှာ သူ၏ လှံနှင့်အတူ နောက်သို့ လွင့်စဉ်ကာ မြေပြင်ထက်သို့ ကျ၏။ သူကား ကြီးကြီးမားမား ဒဏ်ရာ မရသော်လည်း သူ၏ လှံတံမှာမူ ကျိုးပျက်လုနီးပါး အထိပင် ဖြစ်သွားခဲ့သည်။
ထိုလှံတံမှာ ကူလင်ကျိ မွေးဖွားစဉ်ကပင် အတူ ပါလာသော နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်ပြီး”ငွေရောင် လျှို့ဝှက် လှံတံ" ဟု အမည် ရ၏။
ယခုအချိန်၌ ထိုလှံတံမှာ တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ တစ်ခုအလား အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းကား ချန်းဖန်၏ တိုက်ခိုက်မှုကိုမူ တစ်ချက်ပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။
"ငါ လာပြီ ...”
မန်ကူးက အော်ဟစ်လိုက်၏။
သူသည် သူ၏”ထျန်းမန် ခန္ဓာ" ကို အပြည့်အဝ ယုံကြည်မှု ရှိသည်။ ထိုခန္ဓာ၏ အကူအညီဖြင့် သူသည် ပေ့ဟန်နယ် ကျင့်ကြံခြင်း လောက၌ ထင်ရာစိုင်းနိုင်ခဲ့သည်။
"သေစမ်း ...”
ကြီးမားသော ဘီလူးကြီး အဖြစ် ပြောင်းလဲထားသည့် မန်ကူးက ချန်းဖန်ထံသို့ ပြေးဝင်ကာ လက်သီးဖြင့် ထိုးလိုက်၏။
"ဘုန်း ...”
ရုတ်ခြည်းပင် ချန်းဖန် တည်ရှိရာ နေရာသို့ ကောင်းကင်ပြိုခြင်းနှင့် အလားတူသည့် ဖိအား တစ်ခု ပြုတ်ကျလာသည်။ သို့သော်လည်း ချန်းဖန်က ဂရုမစိုက်ဘဲ သူ၏ လက်သီးကို မြှောက်၍ ဘီလူး လက်သီးအား တိုက်ရိုက် ပြန်လည် ထိုးနှက်လိုက်၏။
"အား ...”
ရုတ်တရက် မန်ကူး၏ အသံနက်ကြီး ပေါ်ထွက်လာသည်။
"ဘုန်း ...”
ထို့နောက် ပေါက်ကွဲသံနှင့် အတူ ဘီလူးကြီးမှာ နောက်သို့ လွင့်စဉ်သွား၏။ ထိုအချိန်၌ သူ၏ လက်သီးတစ်ဖက်မှာ ကျိုးကြေနေပြီ ဖြစ်သလို သူ၏ ရင်ဘတ်မှာလည်း အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ကြီးမားသော ခန္ဓာ တစ်ခုလုံးမှာ ရွှေရောင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။
သို့တိုင်အောင် ချန်းဖန်မှာ သူ၏ခန္ဓာကိုယ် စွမ်းအားဆယ်ပုံ တစ်ပုံခန့်ကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။ အကယ်၍ သူသာ ခွန်အား အပြည့်ကို သုံး၍ တိုက်ခိုက်ပါက မန်ကူးမှာ သေပင် နေလောက်ပြီ ဖြစ်သည်။
"အဲဒါက ...”
လင်းဝူဟွာ အပါအဝင် မူလ အဆင့် များစွာမှာ ထိတ်လန့် သွားကြ၏။
မန်ကူးကား ထျန်းမန် ကောင်းကင် နယ်မြေ၏ ကိုယ်စားလှယ်ဖြစ်ကာ ခန္ဓာကိုယ် ကျင့်ကြံခြင်းတွင် ရွှေအမြုတေ အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသူ ဖြစ်သည်။ သို့တိုင်အောင် သူသည်လည်း ချန်းဖန်၏ လက်သီး တစ်ချက်ကိုပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
ထို့အပြင် ချန်းဖန်၏ အလေးမထားသော ပုံစံကို ကြည့်၍ ထိုတိုက်ခိုက်မှုက အင်အား အပြည့် မဟုတ်သေးကြောင်း လူတိုင်း သဘောပေါက် မိကြသည်။
"သူ ... သူက အရမ်း အစွမ်းထက်တယ် ... သူက ဘာလို့ အဲဒီလောက်တောင် အစွမ်းထက် နေရတာလဲ"
ကျန်းတုန်းရှု၏ ခန္ဓာကိုယ်မှာ ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်ရီသွား၏။
တစ်ချိန်တည်း၌ ပိုင်ချွင်အာမှာလည်း ပါးစပ် အဟောင်းသားများ ဖြစ်နေခဲ့သည်။ သူမသည် ထိုအရာကို ယခုအထိ လက်ခံနိုင်စွမ်း မရှိသေးချေ။
"ဘုန်း ...”
ထိုအချိန်မှာပင် ချန်းဖန်က ဆက်လက်၍ လှုပ်ရှား၏။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ကျိုးချင်ချန်း၏ အရှေ့၌ ပြန်ပေါ်ကာ တိုက်ခိုက် လိုက်သည်။
"ဝါးမျိုစမ်း ...”
ကျိုးချင်ချန်းက ချန်းဖန်၏ တိုက်ခိုက်မှုကို တည်ငြိမ်မှု အပြည့်ဖြင့် ဆီးကြိုသည်။
"ရှူး ...”
သူ၏ နောက်ရှိ မြွေကြီးက ပါးစပ်ကို ဟကာ ချန်းဖန်အား ဝါးမျိုရန် ကြိုးစား၏။ ထိုမြွေကား ကျိုးချင်ချန်း၏ နတ်ဘုရား စွမ်းအား တစ်ခုဖြစ်ပြီး ကောင်းကင်မျိုမြွေဟု အမည်ရသည်။
"ဘုန်း ...”
သို့သော်လည်း ချန်းဖန်၏ အဇူရာလက်က ကောင်းကင်မျိုမြွေ၏ ဦးခေါင်းကို တစ်ချက်တည်း ခုတ်ဖြတ်လိုက်သည်။ ထို့နောက် ၎င်းက ကျိုးချင်ချန်း အပေါ်သို့ ဆက်လက် ကျဆင်း၏။
"ဘုန်း ...”
ကျိုးချင်ချန်း၏ ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာဖြင့် အောက်သို့ကျ၍ မြေပြင်နှင့် မိတ်ဆက် သွားသည်။ သူ၏ ကျဆင်းမှုတွင် မြေပြင်မှာ ပေတစ်ရာခန့် အထိပင် ချိုင့်ဝင်သွား၏။
အကယ်၍ ရွှေအမြုတေ အဆောင်ကြောင့်သာ မဟုတ်လျှင် သူကားသေဆုံး နေလောက်ပြီ ဖြစ်သည်။
"ဒီလူက အရမ်း အစွမ်းထက်တယ် ... ငါတို့တွေ အစွမ်းကုန် မတိုက်ရင် ဒီနေရာမှာပဲ သေကုန်လိမ့်မယ်"
လင်းဝူဟွာက လေးနက်စွာဖြင့် အော်ဟစ်လိုက်၏။
"ကလန့် ...”
တစ်ချိန်တည်း၌ သူမ၏ ဦးခေါင်းထက်တွင် ပေတစ်ရာခန့် ရှည်လျားသော အနက်ရောင် အလင်းတစ်ခု ဖြစ်ပေါ်လာကာ ကြီးမားသော ဓားကြီးအဖြစ် ပြောင်းလဲသည်။ ထိုဓားကြီး၏ အားဖြည့်မှုတွင် လင်းဝူဟွာ၏ စွမ်းအားမှာ ရွှေအမြုတေ အဆင့် တစ်ယောက် နီးပါးအထိ မြင့်တက် လာ၏။
ထိုအရာကား သူမအား ဝမ်ရှင်း တန်ခိုးရှင် ဟယ်မိန် ပေးထားသည့် ဝိညာဉ်ရတနာ ထျန်းမိန်ဓားပင် ဖြစ်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
တစ်ချိန်တည်း၌ အခြား မူလအဆင့် ခုနစ်ယောက်ကလည်း သူတို့၏ ဝိညာဉ်ရတနာ များကို အသက်သွင်း လိုက်ကြသည်။
ကူလင်ကျိသည် ရွှေရောင် အလင်းများ တောက်ပနေသော လှံကို ကိုင်ဆောင်ထား၏။ ပိုင်ချွင်အာမှာ ထိုက်ကျိ ပန်းချီကား တစ်ချပ်ကို စီးနင်းထားသည်။ ချူထျန်းယုမှာလည်း အစစ်အမှန် နဂါးတူကို ကိုင်ဆောင်ကာ ခရမ်းရောင် နဂါး တစ်ကောင်ကို ဆင့်ခေါ်သည်။
"ယီသစ်သား မဟာ ချင်နလက်ဝါး ...”
ချန်းဖန်က ဂရုစိုက်ခြင်း မရှိဘဲ ထိုလူများထံသို့ တိုးဝင် ပျံသန်းကာ လက်အား ဆန့်ထုတ် လိုက်သည်။
"ဘုန်း ...”
ကောင်းကင်၌ ကြီးမားသော အဇူရာ ချင်န လက်ဝါးကြီး ဖြစ်ပေါ်လာ၏။ ထိုလက်ဝါးက အရာရာကို ဖျက်ဆီးကာ ရန်သူများထံသို့ ကျဆင်း၏။
"ကလန့် ...”
လင်းဝူဟွာမှာ ပုံမှန်အားဖြင့် မိမိကိုယ်ကို ယုံကြည်ချက်ရှိသူ ဖြစ်သည်။ သို့သော်လည်း ကြီးမားသော လက်ဝါးကြီးကို မြင်တွေ့သည်နှင့် သူမမှာ ထျန်းမိန်ဓားကိုပင် လွတ်ကျမတတ် ဖြစ်သွားခဲ့သည်။ သူမ ကဲ့သို့ပင် ကူလင်ကျိနှင့် မန်ကူးတို့မှာလည်း ကြောက်လန့် သွားကြ၏။
"ရွှေအမြုတေ အဆင့် ... သူက တကယ့်ကြီး ရွှေအမြုတေ အဆင့်လား ... သူက ငါတို့ကို အရူးလုပ်ဖို့လာတဲ့ ဝမ်ရှင်း တန်ခိုးရှင် တစ်ဦးများလား ...”
များစွာသော မူလ အဆင့်များမှာ သွေးပျက် လာကြ၏။
"တိုက်ခိုက်ကြဟေ့ ...”
မန်ကူးက အားတင်းကာ အော်ဟစ် နှိုးဆော်လိုက်သည်။
အခြေအနေများကား ညှိနှိုင်း၍ မရအောင် တင်းမာနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပင်ကိုအားဖြင့် မာနကြီးသူများ ဖြစ်ရာ အသနားခံမည် မဟုတ်ချေ။ သို့ဖြစ်ရာ အစွမ်းကုန် တိုက်ခိုက်ရန်သည့် နည်းလမ်းသာ သူတို့တွင် ကျန်ရှိတော့သည်။
"ဘုန်း ...”
မန်ကူးက ဆယ်ပေခန့် ကြီးမားသော အဝါရောင် အလင်းဒိုင်းကို ထုတ်ယူလိုက်၏။ ထိုအရာကား ထျန်းမန် ကောင်းကင် နယ်မြေ၏ အကာအကွယ် ဝိညာဉ် ရတနာတစ်ခု ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် ထိုအရာသည် ရွှေအမြုတေ အဆင့်ထိပ်ဆုံး တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သည် ဟူ၏။
"ဘုန်း ...”
တစ်ချိန်တည်းမှာပင် အဇူရာ လက်ဝါးကြီးမှာ သူတို့ အပေါ်သို့ ကျဆင်းတော့မည် ဖြစ်သည်။ လက်ဝါးကြီး၏ အရှိန်တွင်ပင် သူတို့ ရပ်တည်နေသည့် လေထုမှာ အက်ကွဲမှုများဖြင့် ပြည့်နှက်သွား၏။
"သွား ...”
လူငယ် မူလ အဆင့်များမှာ နှောင့်နှေး မနေတော့ချေ။ သူတို့က ဝိညာဉ် ရတနာများကို အသက်သွင်းကာ မန်ကူး၏ အလင်းဒိုင်းကို အားဖြည့် လိုက်ကြသည်။
သို့သော်လည်း ထိုအရာက အသုံးဝင်ခြင်း မရှိချေ။ ချင်န လက်ဝါးကား အလွန်ပင် အစွမ်းထက် လှ၏။ ထိုကဲ့သို့ မူလ အဆင့်များ မဆိုထားနှင့် ရွှေအမြုတေ အဆင့်ကိုပင်လျှင် လွယ်ကူစွာ အနိုင်ယူနိုင်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
အဇူရာ လက်ဝါးကြီး ကျဆင်းသည်နှင့် ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုများ ဖြစ်ပေါ် သွားသည်။
နန်းတော်အား ကာကွယ်ထားသော အစီအရင်များပင် ကျိုးပျက်ကုန်၏။ လက်ဝါး ကျရောက်ရာ မြေပြင်၌ ပေတစ်ထောင်ခန့် ကြီးမားကာ မီတာများစွာ နက်သော လက်ဝါးရာကြီး တစ်ခု ဖြစ်ပေါ်လာသည်။
"ဟူး ... ဟူး ...”
အလင်းများ ပျောက်ကွယ် သွားချိန်၌ လက်ဝါးရာကြီး အတွင်းတွင် များစွာသော လူများ လဲလျောင်း နေသည်ကို တွေ့ရ၏။
ကျန်းတုန်းရှု ကဲ့သို့ အားနည်းသော မူလ အဆင့်များမှာမူ တစ်ခါတည်း သေဆုံး သွားကြသည်။
အသက်ကယ် အစီအရင်များ အဆောင်များကို ပိုင်ဆိုင်ထားသော ဂိုဏ်းကြီးများ၊ မိသားစုကြီးများမှ ပါရမီရှင် လူငယ်များသာလျှင် လွတ်မြောက်ခဲ့၏။ သို့တိုင်အောင် သူတို့ အားလုံးမှာလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိနေခဲ့ပြီ ဖြစ်သည်။
"အဟွတ် ... အဟွတ် ...”
လင်းဝူဟွာက သွေးချောင်းဆိုးရင်း မြေပြင်ကို အားယူ၍ ထိုင်လိုက်သည်။ ထို့နောက် သူမက ချန်းဖန်အား ကြောက်လန့် တုန်လှုပ်စွာ ကြည့်လိုက်၏။
လက်ဝါး တစ်ချက် ...
လက်ဝါးတစ်ချက် အတွင်းမှာပင် ထိုကျူးဝမ် လူငယ်မှာ များစွာသော မူလ ထိပ်ဆုံး အဆင့်များကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အားလုံးထဲ၌ သူမနှင့် အခြား ခြောက်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
"မဖြစ်နိုင်ဘူး ... သူက အမြုတေ ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတာမလား ... ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ"
ကူလင်ကျိမှာ ဝိညာဉ် လွင့်မတတ် ကြောက်လန့် နေခဲ့၏။
မန်ကူး၊ ချူထျန်းယုနှင့် ပိုင်ချွင်အာတို့မှာလည်း လက်ဝါးရာ အတွင်းမှာပင် ထိုင်ကာ ချန်းဖန်အား ငေးကြောင် ကြည့်နေမိသည်။ သူတို့ကား မည်သည့် အရာများ ဖြစ်ပျက် သွားကြောင်း ယခုထိ နားမလည် နိုင်သေးချေ။
"ဘုန်း ...”
ထိုအချိန်မှာပင် လက်ဝါးရာနှင့် မနီးမဝေးရှိ မြေပြင်မှာ ပေါက်ကွဲ၍ ကြီးမားသော မြွေကြီး တစ်ကောင် ပေါ်ထွက်လာ၏။ မြွေကြီး၏ ဦးခေါင်းထက်တွင်မူ ကျိုးချင်ချန်း စီးနင်းလိုက်ပါ လာသည်။ သူကား အစောပိုင်း တိုက်ပွဲမှာပင် ချန်းဖန်၏ လက်ချက်ဖြင့် မြေကြီးအတွင်း နစ်ဝင် နေခဲ့ခြင်း ဖြစ်သည်။
"ကျူးဝမ်ခွေးကောင် ... ငါ့ရဲ့ အစစ်အမှန် နတ်ဘုရား စွမ်းအားကို မင်းကိုပြ ...”
ကျိုးချင်းချန်းမှာ မောက်မာစွာ အော်ဟစ် လိုက်၏။ သို့သော်လည်း မြေပြင်ရှိ မြင်ကွင်းကို တွေ့သည်နှင့် သူ၏ အသံမှာ တိမ်ဝင်သွား၏။
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးရင်း သူ့အား ကြည့်လိုက်သည်။
"ခုနက မင်း ဘာပြောလိုက်တာလဲ ကောင်လေး ...”
***