← Chapters

အာကင်နာပညာရှင်

Vol. 34 Ch. 331

အာကင်နာပညာရှင်

Vol. 34 Ch. 331

သခင်ကြီး ပိတ်လော့!!!!

စုချန်း၏ နှုတ်ဖျားမှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် လူတိုင်းလိုလိုသည် ကျောက်ရုပ်ကြီးပမာ ကြက်သေသေကုန်ကြလေသည်။

အယ်လိန်းလာဗန်း၏ မျက်လုံးထဲတွင်ပင် ထိတ်လန့်တုန်လှုပ်သွားဟန် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

"ကောင်လေး မင်း တခုခုများ မှားနေသလား ငါက ဘယ်လိုလုပ်ပြီး သခင်ကြီးပိတ်လော့ ဖြစ်နိုင်ပါ့မလဲ ငါဟာ အယ်လိန်းလာဗန်းလေကွာ အရှင်သခင်ရဲ့ လက်ထောက်တွေထဲက တယောက်ပဲဟာကို"

"လက်ထောက်တယောက်က ရတနာတွေ ဘယ်နားမှာ ဖွက်ထားသလဲဆိုတာ သိနိုင်သတဲ့လား"

စုချန်းက ပြန်လည် မေးခွန်းထုတ်လိုက်၏။

အယ်လိန်းလာဗန်းက ပြန်လည်ရှင်းပြပြန်သည်။

"ဘာကြောင့်လဲဆိုတော့ ငါဟာ အရှင်သခင်ရဲ့ ကိုယ်ရေးလက်ထောက် ဖြစ်နေလို့ပေါ့ကွာ ဒါကြောင့် အရှင်သခင် သိထားသမျှ ငါလည်း သိနေတာပေါ့"

"ဒါပေမဲ့ ဒီကိစ္စမှာတော့ ပိတ်လော့အနေနဲ့ ဒီအခန်းထဲမှာ ဘာကြောင့် ရတနာတွေကို လျှို့ဝှက်သိမ်းဆည်းချင်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ် ဒါ ဓာတ်ခွဲခန်းသက်သက်ပဲလေ ဒီနေရာမှာ လျှို့ဝှက်ရတနာသိုလှောင်ခန်းရှိနေတယ်ဆိုတာက သိပ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိပဲ ဖြစ်နေတယ် အဂ္ဂိရပ်ပညာရှင်တယောက်ဟာ သုတေသနလုပ်ငန်းတွေကို အာရုံစိုက်ပြီး လုပ်ဆောင်နေတဲ့အခါမှာ ရတနာတွေ လျှို့ဝှက်သိမ်းဆည်းဖို့ ကိစ္စကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်ရတာလဲ ဒါကို ငါ နားမလည်ဘူး ဖြစ်နေတယ်"

အယ်လိန်းလာဗန်း ပါးစပ်ပြဲသွား၏။ သူ ဘာပြန်ပြောရမှန်းမသိပဲ ဖြစ်နေလေသည်။

စုချန်းက စကားဆက်ပြန်သည်။

"ဒီထက်ပိုပြီး အရေးကြီးတာ ရှိသေးတယ် တခြားအာကင်နာတွေဟာ ဘေးကင်းလုံခြုံရေးအတွက် ဒီသုတေသနဌာနကြီးတခုလုံးကို ပိတ်ချပစ်လိုက်တယ်ဆိုရင် ဒီရတနာတွေကို ဘာဖြစ်လို့ ထားပစ်ခဲ့တာလဲ အခန်းထဲမှာ ပြန့်ကျဲနေတဲ့ ကုန်ကြမ်းတွေကိုပဲ မင်း ကြည့်လိုက် နဂါးငှက်ခြေသဲ၊ အေးခဲကျောက်တုံး စသဖြင့် အများကြီးပဲ ဒီကုန်ကြမ်းတခုချင်းစီကိုက အင်မတန် တန်ဖိုးကြီးမားနေတယ် ကုန်ကုန်ပြောရရင် အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်ကာလ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ခေတ်မှာတောင် ဒီပစ္စည်းတွေဟာ အင်မတန် တန်ဖိုးရှိတယ် ဒီနေရာကနေ ထွက်ပြေးသွားတဲ့ အာကင်နာတွေက ဒီလို အဖိုးတန်ရတနာတွေကို ဒီအတိုင်း ပေယျာလကံ ထားခဲ့သတဲ့လား ဒါ ဘယ်လိုမှ အဓိပ္ပယ်မရှိဘူး"

အယ်လိန်းလာဗန်း ပါးစပ်ပိတ်သွားလေပြီ။

အဖိုးထိုက်ကုန်ကြမ်းပစ္စည်းများကို လက်ဖျားနှင့်ပင် မထိခဲ့ပဲ ဓာတ်ခွဲခန်းကို စွန့်ခွာခဲ့ခြင်းဟူသော အချက်သည် သူ့ပုံပြင်တွင် ကြီးမားသော ဟာကွက် ဖြစ်နေခဲ့လေပြီ။

သို့တိုင်အောင် သူက ထပ်မံပြောဆိုလိုက်ပြန်၏။

"ကောင်လေး မင်းမှာသာ အချိန်ရမယ်ဆိုရင် ငါ့အနေနဲ့ အေးအေးဆေးဆေး ရှင်းပြနိုင်တယ် ဒီပစ္စည်းတွေကို သူတို့ ဘာလို့ မယူနိုင်ခဲ့ရတာလဲဆိုတော့ သူတို့ အလောတကြီး ထွက်သွားရလို့ပေါ့ကွာ ပိတ်လော့ရဲ့ အိပ်မက်ဆိုးဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ မင်းသဘောပေါက်သင့်တယ် သူတို့ ကြောက်တော့ တံခါးပိတ်ပြီးတာနဲ့ အမြန်ဆုံး ထွက်ခွာသွားကြတော့တာပေါ့ ဒီပစ္စည်းတွေကို ယူဖို့ သူတို့ စဉ်းတောင် မစဉ်းစား....."

ထိုစဉ် စုချန်းက ကြားဖြတ်မေးမြန်းလိုက်၏။

"ဒါဆိုရင် ထောင်စောင့်တယောက်အနေနဲ့ သလင်းစက်လုံးကို အသက်မသွင်းနိုင်တဲ့ ကိစ္စကိုကျတော့ မင်း ဘယ်လိုရှင်းပြမလဲ"

"ဒါကျတော့...."

အယ်လိန်းလာဗန်း နောက်တကြိမ် ပါးစပ်ပိတ်သွားပြန်သည်။ အတန်ကြာမှ သူက ကြိုးစားရှင်းပြလိုက်၏။

"ထောင်စောင့်တာဝန်အတွက် တခြားနည်းလမ်းတွေအရှိသားနဲ့ ဝိညာဉ်တကောင်ကို တာဝန်ပေးခဲ့တာကို မင်း မြင်နေရပြီမလား ဒီတော့ အသေးအမွှားကိစ္စတွေကို ထူးဆန်းတယ်လို့ မင်းမတွေးသင့်တော့ဘူးလေ နှစ်ပေါင်းသုံးသိန်းကျော်ကြာမှ ဖြစ်လာတဲ့ ခုလို ဝိဝါဒကွဲစရာ အနည်းအကျဉ်းကို သူတို့ ဘယ်ထည့်တွက်ခဲ့ပါ့မလဲ"

ထိုစဉ် တွန့်ကျန့်ချန်းက သည်းမခံနိုင်တော့ဟန်ဖြင့် မှတ်ချက်ချလိုက်သည်။

"ကြည့်ရတာ ဒီကောင်တွေ ဒီလောက်ထိ ဝေးဝေးလံလံ တခါမှ မစဉ်းစားဖူးကြဘူးနဲ့ တူတယ် တနေကုန် စာအုပ်ပုံထဲမှာ ခေါင်းမြုပ်နေမယ် ဘာတွေ တီထွင်ရမလဲ စဉ်းစားမယ် ဒါပေမဲ့ ဒီလို တီထွင်မှုတွေရဲ့ အကျိုးဆက်ကိုတော့ ဒီကောင်တွေ တခါမှ စဉ်းစားဖူးကြပုံမပေါ်ဘူး"

"ဒီမယ် ကျန့်ချန်း ကျုပ်ပြောတာကို ယုံစမ်းပါ စစ်မှန်တဲ့ ပညာရှင်တွေဟာ သူတို့ရဲ့ တီထွင်မှုတွေနဲ့ ဘာလုပ်ရမယ်ဆိုတာကို တခြားလူတွေထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိပါတယ်ကွာ ဘယ်လို တီထွင်ရမလဲဆိုတာပဲ သိပြီး တီထွင်မှုရဲ့ အကျိုးဆက်ကို ထည့်သွင်းမစဉ်းစားတတ်တဲ့ ပညာရှိတွေကတော့ ပေါ့ပေါ့တန်တန် လူစားမျိုးတွေလို့ပဲ သတ်မှတ်ရလိမ့်မယ် သုတေသနလုပ်ငန်းကို အလေးအမြတ်ထားတဲ့ လူတွေအတွက်တော့ ဒါကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောထားမှမဟုတ်ဘူး"

စုချန်းက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

ထိုသို့ပြောပြီးသည်နှင့်် စုချန်းက အယ်လိန်းလာဗန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းအစား ငါပဲ ရှင်းပြလိုက်မယ် ဒါကို နားထောင်လိုက်ရင် အစကတည်းက မင်း လိမ်နေတယ်ဆိုတာ ပေါ်လွင်သွားလိမ့်မယ် မင်းဟာ အယ်လိန်းလာဗန်း မဟုတ်သလို ထောင်စောင့်လည်းမဟုတ်ဘူး တကယ်ဆိုရင် ဒီနံရံနောက်က ပိတ်လော့ရဲ့ အိပ်မက်ဆိုးဆိုတဲ့ သတ္တဝါကတောင် အစစ်အမှန် မဟုတ်ဘူး ငါ မင်းကို မယုံဘူးဆိုတာ အဲဒါလည်း ပါတယ် ဘာတဲ့ အဆုံးမရှိ ဆာလောင်နေတယ် အကန့်အသတ်မရှိ ကွဲထွက်နိုင်တယ် ဟုတ်လား ရယ်စရာကောင်းလိုက်တာ ဒီလို သတ္တဝါမျိုးက ရှိကိုမရှိနိုင်ဘူး ရှိနေရင်လည်း ဒီကမ္ဘာမြေကြီးပေါ်က သက်ရှိတွေရဲ့ အခြေခံအကျဆုံးနိယာမကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ် ဒီတော့ ဒီနေရာမှာ ဘယ်ရတနာမှမရှိသလို ဘယ် အိပ်မက်ဆိုးမှလည်း ရှိမနေဘူး တကယ်တမ်းရှိနေတာဆိုလို့ အလိမ်အညာတွေပဲ ရှိတယ်"

အယ်လိန်းလာဗန်းက ခေါင်းကို သွက်သွက်ခါအောင် ခါယမ်းလိုက်သည်။

"ငါသာ ပိတ်လော့ဆိုရင် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားရမှာလဲ ဘာဖြစ်လို့ ဒီလို ညံဖျင်းတဲ့ အလိမ်အညာမျိုးကို ဖန်တီးရမှာလဲ"

စုချန်း ရယ်မောလိုက်၏။ သူ့ရယ်မောသံမှာကား အေးစက်လှသည်။

"မင်းရဲ့ နောက်ဆုံးမေးခွန်းကိုပဲ ငါ အရင်ဖြေလိုက်မယ် မင်း ဘာဖြစ်လို့ ဒီလောက် ညံ့ဖျင်းတဲ့ အလိမ်အညာမျိုးကို ဖန်တီးရသလဲဆိုတော့ မင်းသိပ်ပြီးအလျင်လိုနေလို့ပဲ မင်းဟာ သိပ်ပြီးအလျင်လိုနေတယ် ဒီတော့ စေ့စေ့စပ်စပ် စဉ်းစားနေဖို့ အချိန်မရှိဘူး တကယ်တော့ ဟာကွက်မရှိတဲ့ လိမ်ကွက်ညာကွက်မျိုး ဖန်တီးဖို့ဆိုတာကလည်း သိပ်တော့မလွယ်လှပါဘူးလေ ငါဟာ လိမ်တဲ့ညာတဲ့နေရာမှာ ဆရာတဆူပဲ ဒါ ဘယ်လောက်ထိခက်တယ်ဆိုတာ ငါ ကောင်းကောင်းသိတာပေါ့ကွာ"

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စုချန်းသည် တခြားလူများအပေါ် အကြိမ်ပေါင်းများစွာ လိမ်ညာလှည့်စားခဲ့၏။ ထိုအကြံအစည်များသည် အပေါ်ယံကြည့်လျင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း စုချန်း ကိုယ်တိုင်ကတော့ ဟာကွက်မရှိသော အကြံအစည်တမျိုး ရရှိလာစေရန် အားကုန်စိုက်ထုတ်ခဲ့ရ၏။ အချိန်ကုန်ခံခဲ့ရ၏။

ထို့ကြောင့် ဟာကွက်မရှိသော အလိမ်အညာတမျိုး ပေါ်ထွက်လာစေရန် မည်မျှ တွေးတောရမှန်း စုချန်း ကောင်းကောင်းသိထားလေသည်။ သူတပါးကို လိမ်ညာမည့်သူသည် အချိန်ကုန်ခံ၍ ကြံစည်ရ၏။ တွေးတောရ၏။ အချိန်တိုတိုနှင့် ပြီးပြည့်စုံသော အလိမ်အညာမျိုး မရရှိနိုင်။ စုချန်းပင်လျင် အချိန်တိုတိုနှင့် ဟာကွက်မရှိအောင် မလိမ်တတ်လျင် တခြားမည်သူမှ တတ်နိုင်လိမ့်မည်မဟုတ်။

ယုတ္တိရှိပုံရသည့် လိမ်ညာမှုများ၏ နောက်ကွယ်၌ပင် ဟာကွက်များစွာ ရှိနေတတ်လေသည်။

သို့တိုင်အောင် အာလိန်းလာဗန်း၏ အလိမ်အညာသည် ကျိယွာယုတို့လူစုကိုတော့ ကောင်းစွာ လှည့်စားနိုင်ခဲ့၏။

သို့သော် အာလိန်းလာဗန်းကား ယခုတိုင်အောင် လက်မလျှော့သေးချေ။ သူက ထပ်ကွန့်လိုက်ပြန်သည်။

"ဒါဆိုရင်လည်း ငါ့အနေနဲ့ ဘာဖြစ်လို့ ငါ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ထားရတာတုန်းကွာ"

"ဘာကြောင့်လဲဆိုတော့ အပြင်မှာရှိနေတဲ့ စမ်းသပ်ချက်နမူနာတွေကြောင့်ပဲပေါ့ကွာ"

စုချန်းက ပြန့်ကျဲနေသော နမူနာများကို လက်ညိုးထိုးပြီး ပြောလိုက်၏။

"ဒီလောက်တောင် လူမဆန်ပဲ ရက်စက်ကြမ်းကြုတ်လှတဲ့ စမ်းသပ်မှုတွေကို မြင်တွေ့ပြီးမှတော့ မင်းဟာ ပိတ်လော့မှန်း ငါတို့သိသွားရင် မင်းကို ငါတို့ ဘယ်လိုလုပ်ယုံနိုင်တော့မလဲ မင်းစကားကိုလည်း ငါတို့ ဘယ်နားထောင်တော့မလဲ ဒါကြောင့် မင်းက ငါတို့ကို ကူညီချင်သလို ဟန်ပြင်တယ် ခင်မင်ရင်းနှီးချင်ဟန်ဆောင်တယ် ဒါပေမဲ့ မင်း မေ့သွားတာ တခုရှိတယ် အဲဒါကတော့ ပိတ်လော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းဟာ အာကင်နာတယောက် ဖြစ်နေဆဲပဲ ဆိုတာပဲ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားခဲ့စဉ်က လူသားတွေဟာ အာကင်နာတွေရဲ့ ကျွန်ဖြစ်ခဲ့ဖူးတယ် အာကင်နာအရှင်သခင်ရဲ့ ထိပ်တန်းလက်ထောက်တယောက်က လူသားကျေးကျွန်တွေနဲ့ ဘယ်စကားပြောပါ့မလဲ ဒီတော့ ဒါဟာ မင်းရဲ့ အလိမ်အညာမှာ ကြီးမားတဲ့ ဟာကွက်ကြီး ဖြစ်နေတာပေါ့"

စုချန်း၏ စကားဆုံးသည်နှင့် တခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

ယွဲ့လောင်ရှ၊ တွန့်ကျန့်ချန်းနှင့်် ကျန်လူများသည် စုချန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေကြ၏။

ကျိယွာယုကတော့ မနေနိုင်တော့ဟန်ဖြင့် ထအော်လိုက်လေသည်။

"တော်လိုက်တာ အစ်ကိုကြီးစု တော်လိုက်တာ ခင်ဗျားဟာ တကယ့် ပါရမီရှင်ပဲ"

ထိုအခိုက်မှာပင် အယ်လိန်းလာဗန်းက ခေါင်းကိုငုံ့ကာ အားရပါးရ ရယ်မောလိုက်၏။

"ဟား ဟား ဟား တကယ့်ကောင်ပဲ မင်းလို ကောင်လေးမျိုးနဲ့ ဆုံရလိမ့်မယ်လို့ ငါ လုံးဝမျှော်လင့်မထားဘူး ဟုတ်တယ်ကွ ငါဟာ ပိတ်လော့ပဲ"

စကားဆုံးသည်နှင့် သူ့ပုံစံသည် အဖြူရောင်ဆံပင်ရှည်များနှင့် အာကင်နာအဖိုးအိုတဦးအဖြစ် ပြောင်းလဲသွားလေသည်။

၎င်းကိုကြည့်ရင်း တွန့်ကျန့်ချန်းက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

"မြတ်စွာဘုရား ဝိညာဉ်တွေလည်း ပုံစံပြောင်းနိုင်တာပဲလားဟ"

ပိတ်လော့က စကားဆက်ပြန်သည်။

"ခုနက အလိမ်အညာတွေအတွက် ငါ တောင်းပန်ပါတယ်ကွာ ငါဟာ ဒီထောင်ထဲမှာ အကျဉ်းကျနေတာ နှစ်ပေါင်းများစွာ ကြာသွားပြီကွ ဒီတော့ မဆုံးနိုင်တဲ့ အထီးကျန်မှုကို မေ့ပျောက်နိုင်ဖို့ ငါ့ကိုယ်ငါ အမြဲတစေ အိပ်မောကျနေစေခဲ့ရတယ် ဘယ်လောက်ထိတောင် အိပ်မောကျစေခဲ့သလဲဆိုရင် ငါဟာ နှစ်ပေါင်းတထောင်ကြာမှ တကြိမ်စီပဲ ပြန်နိုးလာခဲ့တယ် ဒါကြောင့် ဒီအတောအတွင်းမှာ ငါဟာ ၃၆ကြိမ်ပဲ ပြန်နိုးလာသေးတယ် မင်းတို့ကို မတွေ့ခင်အထိ ငါဟာ ဒီထောင်ထဲက ဘယ်တော့မှမလွတ်တော့ဘူးလို့ ယူဆထားခဲ့တယ်....လူသားကောင်လေးတွေ မင်းတို့ကို လိမ်ညာမိလို့ ငါ တကယ် နောင်တရပါတယ်ကွာ ငါ စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ် ငါဟာ ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့တဲ့ လူအိုတယောက် ဖြစ်ပေမဲ့ ဒီပြစ်ဒဏ်အတွက် နှစ်ပေါင်းသုံးသိန်းခြောက်သောင်းတိုင်တိုင် ပြစ်ဒဏ်ကျခံပြီးပါပြီ ငါ နောင်တလည်းရနေပါပြီ ခုချိန်မှာ ငါ အလိုချင်ဆုံးဆန္ဒက ခါးသီးလှတဲ့ အထီးကျန်မှုကနေ လွတ်မြောက်ဖို့ပါပဲ"

"ဒီတော့ ခင်ဗျားကြီးကို လွှတ်ပေးဖို့ ကျုပ်တို့ကို ပြောနေတာလား"

ကျိယွာယုက မေးလိုက်၏။

"ဟုတ်တယ် ကျောက်ပြားပေါ်က ပုံစံခွက်လေးဟာ သော့ချက်ပဲ ဒါကိုလှည့်လိုက်တာနဲ့ ငါဟာ ဝိညာဉ်ကျောက်ပြားထဲက လွတ်မြောက်နိုင်ပြီ ငါ အနူးအညွတ် တောင်းပန်ပါတယ်ကွာ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးကြပါ ငါ့ကိုသာ လွှတ်ပေးရင် ငါဟာ မင်းတို့ရဲ့ သစ္စာရှိ ကျွန်ယုံတော်တယောက်အဖြစ် တာဝန်ထမ်းဆောင်ပေးပါ့မယ် အာကင်နာနိုင်ငံတော်ကြီးရဲ့ ထိပ်တန်း အရာရှိ အာကင်နာပညာရှင်တယောက် ဖြစ်ခဲ့တဲ့ ငါဟာ မင်းတို့အတွက် ကောင်းကောင်းကြီး အသုံးဝင်မှာပါ"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်းလိုလိုသည် မျက်လုံးပြူးသွား၏။ ထို့နောက် သူတို့က စုချန်းကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

ဘာကိစ္စပင် ဖြစ်နေပါစေ စုချန်း၏ အကြံညဏ်ကို သူတို့ လိုအပ်ကြောင်း ဤတချက်နှင့်ပင် သိသာနေ၏။

ထိုစဉ် ကျိယွာယုက ဝင်ရောက်အကြံပေးလိုက်၏။

"အစ်ကိုကြီးစု ခင်ဗျားဟာ အသိပညာ ဗဟုသုတတွေကို အင်မတန် တန်ဖိုးထားတယ်မလား ဒီအဖိုးကြီးသာ ခင်ဗျားနောက် လိုက်မယ်ဆိုရင် သက်ရှိ စွယ်စုံကျမ်းကြီး ဖြစ်လာမှာပဲ ရှေးဟောင်းအာကင်နာနည်းစနစ်မှန်သမျှလည်း ခင်ဗျားလက်ထဲ ရောက်လာလိမ့်မယ်"

"ကျုပ်တို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်က အသက်ရှင်နိုင်ဖို့ပဲကွ"

စုချန်းက ပြန်ပြောလိုက်၏။ ထိုအခါ လူတိုင်း ထပ်မံ အံ့သြသွားပြန်သည်။

ပိတ်လော့က အလောတကြီးနှင့် ထပ်ပြောလိုက်ပြန်သည်။

"ငါဟာ ဝိညာဉ်ပါပဲကွာ အရာဝတ္တုတွေကို ထိလို့မရပါဘူး ဒါကြောင့် မင်းတို့ကို ဒုက္ခပေးနိုင်စွမ်းလည်း မရှိပါဘူး"

ယွဲ့လောင်ရှက ဝင်မေးလိုက်၏။

"ဟုတ်သားပဲ သူက ဝိညာဉ်ပဲဟာ ကျွန်မတို့ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်မလဲရှင့်"

"ဝိညာဉ်ဖြစ်နေလို့ အရာဝတ္တုတွေကို မထိတွေ့နိုင်ဘူးဆိုတာနဲ့ သူ့မှာ တခြားစွမ်းရည်တွေ မရှိဘူးလို့မှ မဆိုလိုတာ"

စုချန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။

"ခုနက သူ ပုံစံပြောင်းလိုက်တာကရော ဘယ်လိုပြောင်းလိုက်တာလဲ ပြောစမ်းပါအုံး"

ယွဲ့လောင်ရှ၏ ကိုယ်ခန္ဓာ ဆတ်ခနဲ တုန်လှုပ်သွား၏။

"ရှင် ဆိုလိုတာ........."

"ခင်ဗျား တွေးနိုင်တာထက် သူ အများကြီး ပိုသိတယ်ဗျ မဟုတ်ရင် ကျုပ်တို့နဲ့ သူ ဘယ်လိုလုပ် ဆက်သွယ်ပြောဆိုနိုင်ပါ့မလဲ ကျုပ်တို့လူသားတွေရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တဲ့ အာကင်နာတယောက်ကို ခင်ဗျားတို့ အထင်မသေးသင့်ဘူးလေ"

ထိုအခါကျမှ တစုံတရာကို မျက်စေ့လျှမ်းသွားကြောင်း လူတိုင်း နားလည်သဘောပေါက်လာ၏။ ပိတ်လော့သည် စကတည်းက လူသားများ အသုံးပြုသည့် ဘာသာစကားနှင့် သူတို့အား ဆက်သွယ်ပြောဆိုနေခဲ့သည် မဟုတ်ပါလား။

All Chapters