← Chapters

သားရဲဝိညာဉ်ထိန်းချုပ်သူများ

Vol. 34 Ch. 332

သားရဲဝိညာဉ်ထိန်းချုပ်သူများ

Vol. 34 Ch. 332

ပိတ်လော့၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။

သို့တိုင်အောင် သူက လက်မလျော့သေးပဲ နောက်ဆုံးအနေနှင့် ကြိုးစားလိုက်လေသည်။

"ငါက စိတ်ဝိညာဉ်နည်းစနစ်တချို့ကို အသုံးပြုထားတာပါကွာ မင်းတို့ကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်ပါ့မလဲ"

စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"ခင်ဗျားက စိတ်ဝိညာဉ်အမျိုးအစား နည်းစနစ်ကို သုံးထားတာပါ ဆိုရုံနဲ့ ကျုပ်တို့ကို ဒုက္ခမပေးနိုင်ဘူးလို့ အဓိပ္ပါယ် မသက်ရောက်ဘူးဗျ ခင်ဗျား ပုံစံပြောင်းနိုင်တာရယ် ကျုပ်တို့ရဲ့စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တာရယ်ကို အသာထားအုံး ကျုပ်တို့ကို ရင်ဆိုင်ဖို့ ခင်ဗျားမှာ နည်းလမ်းတမျိုးမက ရှိတယ်ဆိုတာကို ကျုပ် သိနေတယ် ဒီလိုနည်းလမ်းမျိုး ခင်ဗျားမှာ မရှိပါဘူးလု့ိ ခင်ဗျားတကယ်ပြောရဲသလား"

ပိတ်လော့ ဘာပြောရမှန်း မသိပဲ ဖြစ်နေ၏။

တွန့်ကျန့်ချန်းနှင့် ကျိယွာယုတို့က စုချန်းက စိုက်ကြည့်ရင်း မေးလိုက်သည်။

"သူ တခြား ဘာတွေလုပ်နိုင်သေးလို့လဲ"

"ဒီမှာကြည့်"

စုချန်းက ခပ်လှမ်းလှမ်းရှိ နံရံကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"ထာဝရ ရှင်သန်နိုင်ပြီး အမြဲတမ်း ဆာလောင်မွတ်သိပ်နေတဲ့ သတ္တဝါမျိုး မရှိနိုင်ဘူး ဒါဟာ ခင်ဗျားရဲ့ အလိမ်အညာလို့ ခုနက ကျုပ်ပြောခဲ့တယ် ဒီတော့ ပိတ်လော့ရဲ့ အိပ်မက်ဆိုးဟာ ခင်ဗျား ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင်မဟုတ်လို့ ဘာလဲ ဒါကြီးကို ခင်ဗျား ဖန်တီးလိုက်တာ မဟုတ်ပါဘူးလို့ ပြောရဲသလား"

စကားဆုံးသည်နှင့် စုချန်းက ပြင်းထန်အားပါသော လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။ လက်သီးသည် ကြည်လင်နေသော မှန်ကဲ့သို့ နံရံကို အုန်းခနဲ ထိမှန်သွား၏။ တခန်းလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး သတ္တဝါကြီး၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

လက်စသတ်တော့ ထိုနေရာတွင် မည်သည့် အသားပုံကြီးမှ မရှိ။ မည်သည့် သတ္တဝါမှ မရှိ။ ထိုအစား ကြယ်ခြောက်ပွင့်ဖြင့် စီရင်ထားသည့် မူလပုံစံ ဆေးမင်ကွက်များသာ ရှိနေလေသည်။ အခန်း၏ အလယ်ခေါင်တွင်တော့ ကြီးမားသော သားရဲသတ္တဝါကြီးတကောင် မတ်တပ်ရပ်နေ၏။

"ဟာ ခရမ်းရောင်အကြေးခွံ သတ္တဝါကြီးပါလား"

ယွဲ့လောင်ရှ၊ ကျိယွာယုနှင့် ကျန်လူများက ထိတ်လန့်တကြားနှင့် ရေရွတ်လိုက်သည်။

နံရံနောက်ကွယ်ရှိ အခန်းထဲတွင် ခရမ်းရောင်အကြေးခွံ နတ်ဆိုးသတ္တဝါကြီးတကောင် ရှိနေ၏။ ၎င်းသည် စုချန်းတို့ ယခင် ရင်ဆိုင်ခဲ့ရသည့် တကောင်ထက် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး ပို၍ အကောင်ကြီး၏။

အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါပေတည်း။

"ဒါ.....ဒါ......"

လူတိုင်းလိုလိုသည် ဓာတ်ခွဲခန်းအတွင်း နတ်ဆိုးသတ္တဝါတကောင် ရောက်နေရသည့်အဖြစ်ကို မည်သို့မှ နားမလည်နိုင်ပဲ ဖြစ်နေကြ၏။

စုချန်းက မှတ်ချက်ပြုလိုက်သည်။

"ကျုပ် ထင်တာမမှားဘူးဆိုရင် ဒီကောင်ကြီးကမှ ဒီနေရာရဲ့ တကယ့်ထောင်စောင့် ဖြစ်လိမ့်မယ်"

လူတိုင်းသည် အံံ့သြသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ခရမ်းရောင်အကြေးခွံ နတ်ဆိုးသတ္တဝါကြီးက ထောင်စောင့်ဖြစ်နေပြီး ဓာတ်ခွဲခန်း၏ မူလအရှင်သခင် ပိတ်လော့က အကျဉ်းသား ဖြစ်နေသည့် အဖြစ်အပျက်မှာ တကယ်လည်း အံ့သြသင့်စရာ မဟုတ်ပါလား။

ထူးဆန်းလှသည့် အဖြစ်အပျက်များကြောင့် သူတို့၏ ဦးနှောက်များမှာ ချာချာလည်လျက် ရှိကုန်ကြ၏။

နတ်ဆိုးသတ္တဝါကြီးကား မူလစွမ်းအင်လှိုင်းများနှင့် ရိုက်ပုတ်ခံလိုက်ရ၍ သတိထားမိသွားဟန်တူသည်။ မတ်တပ်ရပ်လာ၏။ သို့သော် လှုပ်ရှားခြင်းကားမရှိ။ သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသည့် အရှိန်အဝါများကမူ သူသည် စစ်မှန်သော အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါတကောင်မှန်း သက်သေပြလျက်ရှိလေသည်။

"ကျုပ်တို့ လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ မူလပုံစံထောင်ချောက်တွေဟာ ဒီကောင်ကြီးကြောင့်လို့ မင်းက ပြောနေတာလား"

တွန့်ကျန့်ချန်းက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

"တစုံတယောက်ကများ ဒီမူလပုံစံတွေကို ထိန်းချုပ်နေသလားလို့ ကျုပ်တို့ အစောပိုင်းက သံသယဖြစ်နေခဲ့ကြတယ်လေ ဒါကို မင်း မှတ်မိတယ်မလား သားရဲသတ္တဝါတွေနဲ့ မူလစွမ်းအင် ပေါင်းစပ်ပြီး ကျုပ်တို့ အတိုက်ခံရတုန်းကလေ"

စုချန်းက ပြန်လည်ရှင်းပြလိုက်၏။

"ခုဆိုရင် အဖြေကို မင်းသိသွားပြီ နတ်ဆိုးသတ္တဝါတကောင်အနေနဲ့ တောင်ကြောပေါ်မှာရှိတဲ့ သားရဲတွေကို ထိန်းချုပ်ဖို့ဆိုတာ ဘာမှခက်တဲ့ ကိစ္စမဟုတ်ဘူးလေ"

"မူလပုံစံတွေကိုကျတော့ ဒီကောင်ကြီး ဘယ်လိုထိန်းချုပ်သလဲ"

ကျိယွာယုက ဝင်မေးလိုက်ပြန်သည်။

"ဗဟိုထိန်းချုပ်ရေးစနစ်ကနေ တဆင့်ပေါ့ကွာ ခု ကျုပ်တို့ ရောက်နေတာက ဓာတ်ခွဲခန်းထဲက ထောင်အသေးစားလေးပဲ နတ်ဆိုးသတ္တဝါ ရောက်နေတဲ့အခန်းက ထိန်းချုပ်ခန်းပဲ ဆိုပါတော့"

"နတ်ဆိုးသတ္တဝါတကောင်က ဗဟိုထိန်းချုပ်ရေးစနစ်ကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ရတာလဲရှင့်"

ယုမင်းနန်က မယုံသင်္ကာဟန်ဖြင့် မေးလိုက်ပြန်သည်။

"သေသေချာချာ လေ့ကျင့်ပေးထားတာပေါ့ကွာ နတ်ဆိုးသတ္တဝါတွေမှာ အသိညဏ်ရှိတယ်ဆိုတာ မင်းတို့ မမေ့သင့်ဘူးလေ ကျကျနန လေ့ကျင့်ပေးလိုက်ရင် လူတွေနဲ့တောင် ဆက်သွယ်ပြောဆိုနိုင်မှတော့ ဗဟိုထိန်းချုပ်ရေးစနစ်ကို ကိုင်တွယ်တတ်ဖို့ဆိုတာ ဘာမှသိပ်မခက်တော့ဘူးလေ"

"သူ့ကို ဘယ်သူက သင်ကြားပေးတာလဲ အာကင်နာတွေ ထွက်ခွာသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပြီ နှစ်ပေါင်း သုံးသိန်းခြောက်သောင်းကြာအောင် ုဒီတကောင်တည်းကပဲ ဒီတာဝန်ကို ထမ်းဆောင်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးရှင့်"

ယွဲ့လောင်ရှ၏ မေးခွန်း ဖြစ်သည်။

"ဒါပေါ့ ခင်ဗျားပြောတာ မှန်တယ် ဒါပေမဲ့ ဒါကို သွေးဗီဇအရ ဖန်တီးလို့ရတယ် ပထမဆုံး တာဝန်ထမ်းဆောင်မဲ့ နတ်ဆိုးသတ္တဝါကြီးရဲ့ သွေးဗီဇထဲမှာ ဒီတာဝန်ရဲ့ အချက်အလက်အသေးစိတ်တွေ ထည့်သွင်းပေးလိုက်ရင် သူ့ရဲ့ သားစဉ်မြေးဆက်တိုင်းက ထောင်စောင့်တွေ ဖြစ်လာလိမ့်မယ်"

"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး"

တွန့်ကျန့်ချန်းက အော်ဟစ်လိုက်၏။

"တာဝန်နဲ့ အမိန့်တွေကို သားစဉ်မြေးဆက်ရဲ့ မျိုးရိုးဗီဇထဲမှာ ဆက်လက်သယ်ဆောင်သွားနိုင်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး အာကင်နာတွေမှာ ဘယ်တုန်းကမှ ဒီလို နည်းပညာမျိုး မရှိခဲ့ဖူးဘူး"

"တခြားအာကင်နာတွေမှာ မရှိဘူး ဒါပေမဲ့ ပိတ်လော့မှာတော့ ရှိတယ် ဒီဓာတ်ခွဲခန်းကြီး တည်ရှိနေရခြင်းရဲ့ အခြေခံအကျဆုံး ရည်ရွယ်ချက်ကိုက မသေဆေးရှာဖို့မဟုတ်ဘူး သတင်းအချက်အလက်တွေကို ချောမွေ့လွယ်ကူစွာ သယ်ဆောင်သွားနိုင်ဖို့ပဲ ဒီလိုနည်းနဲ့ အာကင်နာတွေဟာ မွေးဖွားလာကတည်းက အသိပညာ ဗဟုသုတတွေနဲ့ ပြည့်စုံနေလိမ့်မယ် ဒါဆိုရင် အချိန်ကုန်ခံပြီး လေ့လာနေစရာ မလိုတော့တဲ့အတွက် အများကြီး အချိန်ကုန်သက်သာသွားလိမ့်မယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား သခင်ကြီး ပိတ်လော့"

ပိတ်လော့ အံ့သြသင့်သွား၏။

"မင်း ဘယ်လိုလုပ်သိတာလဲ"

"ဒီအထဲကို ကျုပ်တို့ ဖြတ်လျှောက်လာတော့ ဓာတ်ခွဲနမူနာတွေရဲ့ တဝက်လောက်က ကိုယ်ဝန်ရှိနေတယ် ဒါက ထာဝရရှင်သန်ခြင်းတရားကို ရှာဖွေနေတာနဲ့မှ မတူပဲကိုးဗျ ဒါပေမဲ့ အဲဒီအထိ ကျုပ်က ခင်ဗျားတို့ ဘာလုပ်နေသလဲ ရေရေရာရာ မသ်ိသေးဘူး ပထမတုန်းက ကျုပ်ထင်တာ ခင်ဗျားတို့ဟာ သက်ရှိပုံစံတွေကို ပေါင်းစပ်ပြီး မျိုးစိတ်အသစ်တခု ဖန်တီးနေတယ်ပေါ့ ဒါပေမဲ့ သေချာပြန်တွေးကြည့်တော့ ဒီစီမံကိန်းက အလွန်ကြီးမားပြီး ရည်ရွယ်ချက်ကျပြန်တော့ ထင်သလောက် မကြီးမြတ်ဘူး ဖြစ်နေတယ် ဒါပေမဲ့ ခင်ဗျားဟာ မျိုးစိတ်အသစ်တခု ဖန်တီးနေတာတော့ အမှန်ပဲ ရုပ်ပိုင်းဆိုင်ရာအရ မထူးခြားပေမဲ့ မှတ်ညဏ်ကတော့ အလွန်ထူးခြားနေမဲ့ မျိုးစိတ်ပေါ့"

စုချန်းက ရယ်မောရင်း စကားဆက်ပြန်သည်။

"ခင်ဗျား ဖန်တီးလိုက်တဲ့ မျိုးစိတ်ဟာ ရုပ်ပိုင်းဆိုင်ရာအရတော့ ဘာမှမထူးခြားဘူး လူသားဆိုရင် သာမာတ်လူတယောက်နဲ့ တူနေလိမ့်မယ် သတ်ဖြတ်သူဆိုရင်လည်း သာမာန်သတ်ဖြတ်သူအတိုင်းပဲ ဖြစ်နေလိမ့်မယ် ဒါပေမဲ့ သူတို့ရဲ့ မှတ်ညဏ်ထဲမှာတော့ ခင်ဗျား ထည့်သွင်းပေးလိုက်တဲ့ သီးခြားမှတ်ညဏ်ဆိုတာမျိူးပဲ ရှိနေတော့မယ် အဲဒီကနေမှ နောက်တဆင့်တက်ပြီး ခင်ဗျားဟာ ဖန်တီးထားတဲ့ မျိုးစိတ်တွေနဲ့ အာကင်နာတွေရဲ့ ကနဦးကျေးကျွန်တွေ ဖြစ်ခဲ့ကြတဲ့ လူသားတွေ သတ်ဖြတ်သူတွေ လူပျံတော်တွေနေရာမှာ အစားထိုးမယ်...ဒါဆိုရင်တော့ ရည်ရွယ်ချက်က သိပ်ကို ကြီးမြတ်လွန်းအားကြီးသွားပြီပေါ့ နောက်ဆုံးမှာတော့ ခင်ဗျားဟာ ဒီနည်းလမ်းကို အာကင်နာတဦးချင်းစီမှာပါ အသုံးပြုဖို့ စီစဉ်ထားတယ် ဒီနည်းအားဖြင့် အနာဂတ်မှာ မွေးဖွားလာမဲ့ အာကင်နာကလေးငယ်တွေမှာ သီးခြားထည့်သွင်းထားတဲ့ မှတ်ညဏ်တွေ ပါလာမယ် ဒါကို ကိုယ်ကျိုးအတွက်သာ အသုံးပြုခဲ့ရင် အာကင်နာမျိုးစိတ်တခုလုံးကို လက်တဖက်တည်းနဲ့ ထိန်းချုပ်နိုင်မယ်လို့ ခင်ဗျား ထင်နေခဲ့တာမလား"

စုချန်း၏ စကားကိုနားထောင်ရင်း လူတိုင်း မှင်သက်မိကုန်ကြလေသည်။ စုချန်းက စကားဆက်ပြန်၏။

"အာကင်နာနိုင်ငံတော်အကြောင်း ရေးသားထားတဲ့ စာအုပ်တချို့ ကျုပ် ဖတ်ဖူးတယ် အဲဒီထဲမှာ ရေးထားတာက အာကင်နာပညာရှင်တချို့ဟာ သားရဲသတ္တဝါအုပ်စုတွေကို အသုံးပြုပြီး မူလကမ္ဘာကြီးကို အချိန်အတော်ကြာအောင် လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာမျိုး ကျုပ် ဖတ်ဖူးတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ပိတ်လော့သည် ပြင်းစွာ ဒေါသထွက်လာ၏။

"ခွေးမသားတွေ ငါ့ရဲ့ ကြီးမြတ်တဲ့ တီထွင်မှုကို ခိုးယူသွားကြတယ်"

ဤတကြိမ်တွင်တော့ ပိတ်လော့၏ ဟန်ဆောင်မှုများအားလုံး ကွာကျသွားပြီ ဖြစ်သည်။ နဂိုမူလအတိုင်း သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာမှာ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ပြင်းစွာ ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်ဆဲဆိုနေတော့သည်။

"ခွေးမသားတွေ သစ္စာဖောက်တွေ အသားထဲက လောက်ထွက်တဲ့ကောင်တွေ ငါ့ကို သစ္စာဖောက်ကြတယ် ငါ့နောက်ကျောကို ဓားနဲ့ ထိုးကြတယ် မင်းတို့အားလုံးကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်ကွ"

"ဒီအတွက်တော့ ကိုယ့်ကိုယ်ကို ဒုက္ခရှာမနေပါနဲ့ သူတို့တွေ အကုန်လုံး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းကျော်ကတည်းက သေဆုံးကုန်ကြပြီဗျ"

စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်မှ ပိတ်လော့၏ အမူအရာသည် အနည်းငယ် တည်ငြိမ်သွား၏။

ယွဲ့လောင်ရှသည်လည်း အာကင်နာမှတ်တမ်းတချို့ကို ဖတ်ရှုထားသူ ဖြစ်သည်။ စုချန်း၏ စကားကို နားထောင်ရင်း သူမ၏ စိတ်ထဲတွင် တစုံတခုကို သတိရလာ၏။ ထို့နောက် သူမက လွှတ်ခနဲ မေးမြန်းလိုက်သည်။

"သားရဲဝိညာဉ်ထိန်းချုပ်သူများ...ရှင်ဆိုလိုတာ သားရဲဝိညာဉ်ထိန်းချုပ်သူများပေါ့ ဟုတ်လား သားရဲဝိညာဉ်ထိန်းချုပ်သူများဟာ ဒီဓာတ်ခွဲခန်းကနေ ပေါ်ပေါက်လာတာပေါ့ ဟုတ်လား"

ရှေးဟောင်းအာကင်နာသမိုင်းတွင် သားရဲဝိညာဉ်ထိန်းချုပ်သူများ ဟူ၍ ရှိခဲ့ဖူး၏။ ၎င်းတို့သည် မည်သည့်လှည့်ကွက်၊ မည်သည့်ပရိယာယ်မှ မသုံးပဲ သားရဲအုပ်စုများကို ထိန်းချုပ်နိုင်စွမ်း ရှိကြလေသည်။

မူလကမ္ဘာကြီးတွင် ဥပဒေသများမှာ ဘက်မျှပြီးသားပင် ဖြစ်သည်။ ဥပမာအားဖြင့် တခြားသက်ရှိပုံစံတမျိုးကို ထိန်းချုပ်နိုင်သောသူသည် ထိန်းချုပ်မည့် ပစ်မှတ်အရေအတွက် များလာလေလေ စွမ်းကုန်ပိုမို ထုတ်သုံးရလေလေပင်။

သို့သော် သားရဲဝိညာဉ်ထိန်းချုပ်သူများကတော့ ထိုကန့်သတ်ချက်ကို ချိုးဖျက်လိုက်သည်ဟု သတ်မှတ်နိုင်၏။ မည်မျှ များပြားသည့် သားရဲသတ္တဝါများကို ထိန်းချုပ်ရစေကာမူ ၎င်းတို့၏ ပုံစံမှာ စွမ်းအင်ကုန်ခန်းဟန်မတူ။ တနည်းအားဖြင့် ၎င်းတု့ိသည် သားရဲသတ္တဝါ စစ်တပ်ကြီးကို အမိန့်ပေးနေသည့် ဗိုလ်ချုပ်တယောက်နှင့််သာ ပို၍ ဆင်တူလေသည်။ သူတို့၏ ထူးခြားလှသော စွမ်းဆောင်ရည်ကြောင့်လည်း သမိုင်းစာအုပ်များတွင် သူတို့အကြောင်းကို တခုတ်တရ မှတ်တမ်းတင်ထားကြခြင်းဖြစ်သည်။

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် အဲဒီအတိုင်းပဲ ဒါပေမဲ့ ပြသနာတခုတော့ ရှိနေသေးတယ် အဲဒါက ဘာလဲဆိုတော့ သားရဲဝိညာဉ်ထိန်းချုပ်သူတွေဟာ အာကင်နာနိုင်ငံတော် ကောင်းစားစဉ်ကာလတုန်းမှာ အချိန်အကြာကြီး တည်ရှိနေခဲ့တာ မဟုတ်ဘူး သူတို့ဟာ ဝုန်းဆို ပေါ်လာတယ် ဒါပေမဲ့ အထွတ်အထိပ် မရောက်ပဲ ဝုန်းဆို ပြန်ပျောက်သွားတယ် ဒါကိုကြည့်ရင် ပြသနာတခုခု ရှိနေတယ်ဆိုတာ သိသာနေပြီ....ဖြစ်နိုင်ချေအရှိဆုံး အကြောင်းပြချက်ကတော့ သူတို့ အသုံးပြုနေတဲ့ နည်းစနစ်ဟာ မပြည့်စုံသေးပဲ အားနည်းချက်တွေ ရှိနေသေးလို့ပဲ"

ပိတ်လော့၏ မျက်နှာပေါ်တွင် အံ့သြသင့်ဟန် ပေါ်လာပြန်သည်။ ပြီးမှ သူကခေါင်းညိတ်လိုက်၏။

"ဟုတ်တယ် ဒီတခါလည်း မင်းမှန်သွားပြန်ပြီ ငါတို့ဟာ ပြုပြင်ထားတဲ့ မှတ်ညဏ်တွေကို သားစဉ်မြေးဆက် ဆက်ခံအောင်တော့ ဖန်တီးနိုင်ခဲ့ပါရဲ့ ဒါပေမဲ့ ဒီနည်းပညာ အသုံးပြုထားတဲ့ သားရဲတွေကတော့ အင်အားအရာမှာ ကန့်သတ်ချက်တွေ ဖြစ်ကုန်တယ် ဆက်ပြီး မကြီးထွား မသန်မာကြတော့ဘူး ဒါ့အပြင် ဒီနည်းပညာကို အသုံးချသူ ကိုယ်တိုင်ဟာလည်း ပြင်းထန်တဲ့ အားလှိုင်းသင့်မှုကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကုန်တယ်"

"လက်စသတ်တော့ အဲဒီလိုကိုး"

စုချန်း နားလည်သဘောပေါက်သွားလေပြီ။

"ကဲ အပိုင်းအစလေးတွေကို ဆက်စပ်ပြီး တွေးကြည့်မယ်ဗျာ သုတေသနကာလတလျှောက် ခင်ဗျားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နောက်ဆုံးမှာတော့ ခင်ဗျားရဲ့ လက်ထောက်တွေက ခင်ဗျားကို တော်လှန်ကြမယ် တိုက်ပွဲကြောင့် သူတို့အတော်များများလည်း သေကုန်ကြတယ် ခင်ဗျား သေသွားပြီးနောက်မှာတော့ ခင်ဗျားရဲ့ ဝိညာဉ်ဟာ ဒီနေရာမှာ ထောင်သွင်းအကျဉ်းချခံရတယ် ဒီနေရာကနေလွတ်မြောက်သွားကြတဲ့ အာကင်နာတချို့ကတော့ ခင်ဗျားရဲ့ နည်းပညာကို သုံးပြီး သားရဲသတ္တဝါအုပ်စုတွေကို စတင်ထိန်းချုပ်ဖို့ ကြိုးစားကြတယ် အဲဒီလိုနဲ့ သားရဲဝိညာဉ်ထိန်းချုပ်သူတွေဆိုတာ ပေါ်ပေါက်လာတာပဲ ဒါပေမဲ့ သားရဲတပ်တော်ကြီးဟာ ထိန်းချုပ်သူတွေရဲ့ အမိန့်ကိုပဲ နာခံတယ် ထိန်းချုပ်သူတွေ သေဆုံးပြီးနောက်မှာတော့ သားရဲတပ်တော်ကြီးလည်း ပြိုကွဲသွားခဲ့တာပဲ"

"ဒါ ဖြစ်နိုင်တယ်"

လူတိုင်းလိုလို စုချန်း၏ စကားကို လက်ခံသဘောတူလိုက်ကြသည်။

"ဒါပေမဲ့ ကျုပ်မှာ နောက်ထပ်မေးခွန်းတခု ရှိနေသေးတယ် သူတို့ ဘာဖြစ်လို့ ခင်ဗျားကို တခါတည်း မသတ်ပစ်ခဲ့တာလဲ"

"ဘယ်သတ်မတုန်း ဒီနည်းပညာမှ မပြည့်စုံသေးတာကိုး ဒီကောင်တွေက ဆက်ပြီး စမ်းသပ်ချင်နေကြတာလေ"

ပိတ်လော့က ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်သည်။

"ဒီခွေးမသားတွေကို ဒီလိုလုပ်ခွင့် ငါ ဘယ်ပေးနိုင်ပါ့မလဲ ဒါ ငါ့ ဓာတ်ခွဲခန်း ဒီနေရာကို ထိန်းချုပ်မဲ့လူဟာ ငါပဲ ဖြစ်ရမယ် ကံကောင်းချင်တော့ ငါ့မှာလည်း ဝှက်ဖဲတချို့ ရှိနေတယ် နောက်ဆုံးမှာတော့ ငါဟာ ဓာတ်ခွဲခန်းကို သူ့ မူလနေရာကနေပြီး ဒီလေဟာနယ်ထဲ ရွှေ့ပစ်လိုက်တယ် ငါ့ကိုယ်ငါလည်း နှစ်ခြိုက်စွာ အိပ်မောကျနေစေလိုက်တယ်"

ပိတ်လော့၏ စကားကြောင့် ပဟေဠိများအားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

"ဒီတော့ ခင်ဗျားရဲ့ လက်ထောက်တွေကိုတောင် ထုတ်မပြောခဲ့တဲ့ ဝှက်ဖဲတချို့ ရှိနေခဲ့တာကိုတော့ ခင်ဗျား ဝန်ခံပြီပေါ့ ဟုတ်လား"

စုချန်းက မေးလိုက်၏။

ပိတ်လော့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဟုတ်တယ် ခုမှတော့ ငြင်းနေလို့ ဘာထူးတော့မလဲ ခွေးမသားလေး အတော်ကို ဒေါသထွက်စရာကောင်းလောက်အောင် ညဏ်ကောင်းလွန်းတယ် တကယ်တော့ မင်းတို့ လူသားတွေဆိုတာ ဘာတတ်ဖိုးမှမရှိတဲ့ သက်ရှိပုံစံတွေပဲ မင်းတို့ကို သနားလို့ ငါက အခွင့်အရေးပေးတယ် ဒါကို မင်းတို့က ငြင်းပယ်တယ် ခုတခါထပ်ပြီး အခွင့်အရေး ပေးလိုက်မယ် ဒါ နောက်ဆုံး အခွင့်အရေးပဲ ငါ့ကို ဒီထောင်ထဲက လွှတ်ပေးရင် လွှတ်ပေး မလွှတ်ပေးရင်တော့ မင်းတို့အကုန်လုံးကို ငါ သတ်ပစ်လိုက်မယ်"

ပိတ်လော့၏ စကားဆုံးသည်နှင့် ဓာတ်ခွဲကြီးတခုလုံး အနက်ရောင်မြူခိုးများနှင့် စတင်ဖုံးလွှမ်းလာ၏။

All Chapters