← Chapters

ဝိညာဉ်ကျောက်ပြား

Vol. 34 Ch. 333

ဝိညာဉ်ကျောက်ပြား

Vol. 34 Ch. 333

အဆုံးမရှိသော မြူခိုးများ သူတို့ဆီသို့ တိုးဝင်လာသည်နှင့် ပတ်ဝန်းကျင်တခုလုံးသည် ရေခဲတမျှ အေးစက်လာ၏။ ထို့နောက် ထူးဆန်းပြီး နူးညံ့သိမ်မွေ့လှသော ရယ်မောသံများကလည်း အမှောင်ထုထဲတွင် ဟိုမှသည်မှ ပျံ့လွင့်လာတော့သည်။

"ကျုပ်တို့ကို ဒုက္ခပေးလို့မရဘူး ပြောပေမဲ့ ခုကျတော့ ကျုပ်တို့ကို အားသုံးဖို့ ကြံစည်နေပြီပေါ့လေ"

စုချန်းက ပတ်ဝန်းကျင်ကို စိုက်ကြည့်ရင်း အေးစက်သော လေသံနှင့် ရယ်မောကာ ပြောလိုက်၏။

"ကောင်လေး မင်း ပြောခဲ့သလိုပဲပေါ့ကွာ ငါဟာ ဝိညာဉ်ဆိုပေမဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တချို့ကိုတော့ သုံးနိုင်သေးတယ်လေ မူလပထမ အာကင်နာပညာရှင်တယောက်အနေနဲ့ ငါ့ရဲ့အင်အားက မင်းတို့ ခန့်မှန်းနိုင်တာထက် အများကြီး ပိုနေတယ် ဒီတော့ မင်းတို့ မသေချင်ဘူးဆိုရင် ဒီထောင်ထဲကနေ ငါ့ကို အေးအေးဆေးဆေး လွှတ်ပေးလိုက်ပေတော့"

ပိတ်လော့က ကောက်ကျစ်သော လေသံနှင့် ပြောလိုက်၏။ ရုတ်ချည်းဆိုသလို ရက်စက်ကြမ်းကြုတ်လာဟန်ရှိသော ပိတ်လော့၏ အပြုအမူကြောင့် လူတိုင်း အံ့သြသင့်ကုန်ကြ၏။ ထို့နောက် သူတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားလိုက်ကြလေသည်။

သို့တိုင်အောင် စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"အာကင်နာပညာရှင် ဟုတ်လား ခင်ဗျားသာ အသက်ရှိနေသေးရင် ဟုတ်တာပေါ့ ဒါပေမဲ့ ခုလိုအခြေအနေမှာတော့ ခင်ဗျားမှာ အင်အားကော ကျန်သေးရဲ့လား တော်လောက်ပြီ ပိတ်လော့ ခုချိန်မှာ ခင်ဗျား စွမ်းဆောင်နိုင်တာဆိုလို့ စိတ်ဝိညာဉ်နည်းစနစ်တွေပဲ ကျန်တော့တာပါဗျာ"

ပိတ်လော့ ကြက်သေသေသွား၏။

ဟင်....စိတ်ဝိညာဉ်နည်းစနစ် ဆိုပါလား....

ဒါတွေအားလုံးဟာ လှည့်စားထားတာပေါ့...

လူတိုင်းလိုလိုသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်နှင့် အကဲခတ်လိုက်ကြ၏။ အမှန်တကယ်လည်း မြူခိုးများသည် ထူထပ်သိပ်သည်းလှသည့်တိုင်အောင် မည်သည့်တိုက်ခိုက်မှုမှ ဖြစ်ပေါ်မလာကြောင်းကို သူတို့ တွေ့လိုက်ရ၏။

ထိုအခါ ပိတ်လော့က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"ငါ့မှာ ဝိညာဉ်နည်းစနစ်တွေပဲ ကျန်တော့တယ်ဆိုပေမဲ့ မင်းတို့ကို ထိန်းချုပ်ဖို့ နည်းလမ်းတွေကတော့ အများကြီးရှိတယ်ကွ ငါ့ကို ဒီထက် ဒေါသထွက်အောင်လုပ်ရင် မင်းရဲ့ ဝိညာဉ်ကို ရိုက်ချိုးပြီး မင်းကို လူမိုက်တယောက်ဖြစ်အောင် လုပ်ပစ်မယ်"

"ကောင်းပြီလေ"

စုချန်းက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"စိတ်ဝိညာဉ်နည်းစနစ်တွေက တယောက်ယောက်ကို ဒါမျိုး လုပ်လို့ရတယ်ဆိုရင် ခင်ဗျား ဒီနည်းစနစ်တွေအကြောင်းကို ကောင်းကောင်းမသိသေးဘူးလို့ အဓိပ္ပါယ်သက်ရောက်နေတယ် ခင်ဗျားသာ ဒါမျိုး တကယ်လုပ်နိုင်ရင် ဟိုနံရံနောက်က ခရမ်းရောင်အကြေးခွံသတ္တဝါကြီးဟာ ဒါမျိုး အေးအေးဆေးဆေး ထိုင်နေမယ် မထင်ဘူး ဒီကောင်ဟာ တဟုန်ထိုး ပြေးထွက်လာပြီး ခင်ဗျားကို ထောင်ထဲက လွှတ်ပေးမယ် ကျုပ်တု့ိအားလုံးကိုလည်း သတ်ပစ်လိုက်မယ် နောက်ဆုံးတော့ ခင်ဗျားဟာ စိတ်ဝိညာဉ်နည်းစနစ်ပညာရှင်အဆင့် မဟုတ်မှန်း သိပ်ကို သိသာနေတာပေါ့ဗျာ"

ပိတ်လော့က ပြန်အော်လိုက်ပြန်သည်။

"မင်းတကယ်ပဲ အဲဒီလို ထင်နေတာလား ဟုတ်တယ် ငါဟာ ဝိညာဉ်ဘဝရောက်နေတဲ့ အတွက် စွမ်းအားမပြည့်တော့ဘူး ဒါပေမဲ့ နှစ်ပေါင်းသုံးသိန်းကျော်လုံးလုံး ငါ အိပ်ပျော်နေတယ်လို့များ မင်း ထင်နေသလား လွန်ခဲ့တဲ့ နှစ်ပေါင်း တသိန်းလောက်တုန်းက ငါ ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုတာ ဟုတ်တယ် ဒါပေမဲ့ ခုချိန်မှာတော့ အရာအားလုံးဟာ ကွဲပြားခြားနားသွားပြီ အဲဒီတုန်းက ငါ ဘာလို့ မလုပ်ခဲ့သလဲဆိုတော့ နတ်ဆိုးသတ္တဝါကို ထိန်းချုပ်တဲ့နေရာမှာ တန်ဖိုးကြီးကြီးမားမား မပေးဆပ်ချင်လို့ပဲ ခုကတော့ အဲဒီလို မဟုတ်တော့ဘူး ဒါပေမဲ့ ခုချိန်မှာ ကျောက်ပြားထဲက ငါထွက်လိုက်ရင် အသင့်ဝင်ရောက်နိုင်ဖို့ သင့်တော်တဲ့ ကိုယ်ခန္ဓာမရှိ......"

ပိတ်လော့၏ စကားသည် တုံးတိကြီး ရပ်တန့်သွား၏။

စုချန်းက အေးစက်သော လေသံနှင့် ပြန်ပြောလိုက်သည်။

"နောက်ဆုံးတော့ ခင်ဗျား ပါးစပ်က အမှန်တရား ထွက်လာပြီပေါ့ မဆုံးသေးတဲ့ ခင်ဗျားရဲ့စကားကို ကျုပ် ခန့်မှန်းကြည့်မယ်...ခင်ဗျား ဆက်ပြောမှာက ကျောက်ပြားထဲက ထွက်လိုက်မယ်ဆိုရင်တောင် သင့်လျော်တဲ့ ကိုယ်ခန္ဓာမရသေးရင် ခင်ဗျား သေသွားနိုင်တယ် ဟုတ်ရဲ့လား ကျုပ်ပြောတာ"

"မဟုတ်ဘူးကွ မဟုတ်ဘူး"

ပိတ်လော့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒါကြောင့်လဲ ခင်ဗျား ဒီအထဲက ထွက်ဖို့ ကျုပ်တို့ကို လိုနေတာပဲ"

စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။

"ကျောက်ပြားဟာ ခင်ဗျားရဲ့ ထောင် တင်မဟုတ်ဟုတ်ဘူး နောက်ဆုံးအသက်ဓာတ်ပေးတဲ့ အရာလည်း ဖြစ်နေတယ် ဝိညာဉ်ကျောက်ပြားသာမရှိရင် ခင်ဗျားရဲ့ ဝိညာဉ်ဟာ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ် ဒါကြောင့် ခင်ဗျားဟာ ဝိညာဉ်ကျောက်ပြားထဲက မထွက်ပဲ သင့်တော်မဲ့ ကိုယ်ခန္ဓာကို ရှာနေတာပဲ နတ်ဆိုးသတ္တဝါကို ခင်ဗျား ထိန်းချုပ်နိုင်သလားဆိုတာ ကျုပ်မသိဘူး ဒါပေမဲ့ ခင်ဗျားအနေနဲ့ နတ်ဆိုးသတ္တဝါတော့ ဖြစ်ချင်မှာမဟုတ်ဘူးလေ ဒါကြောင့် ခင်ဗျားက အိပ်နေမဲ့နည်းလမ်းကို ရွေးချယ်လိုက်တာပဲ"

"မဟုတ်ဘူး မဟုတ်ဘူး"

ပိတ်လော့ အော်ဟစ်လိုက်၏။

"ငါ လွတ်ရုံပဲ လွတ်ချင်တာ မင်း ပြောနေတာ အမှန်တရားတော့ မဟုတ်ဘူး"

"ခင်ဗျား ကိုယ်ခန္ဓာအသစ် လိုချင်နေတာ"

စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"နုပျိုပြီး ကျန်းမာတဲ့ ကိုယ်ခန္ဓာမျိုးပေါ့"

စုချန်း၏ စကားကြောင့် သူ့ အယုံလွယ်မိခြင်းကိုဟကျိယွာယု ဒေါသထွက်လာ၏။ အကယ်၍ ပိတ်လော့သာ သူ့ကိုယ်ခန္ဓာကို အဓမ္မသိမ်းပိုက်သွားလျင်....အတွေးနှင့် သူ့တကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"နတ်ဆိုးကြီး"

"ခွေးမသားလေး ငါ့ကို အတိုက်အခံလုပ်တဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်ကွ"

ပိတ်လော့က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ အော်သံသည် အခန်းတခုလုံး ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး လူတိုင်း၏ ဦးနှောက်ထဲတွင် ဆူညံစွာ ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် သူ၏ ဦးခေါင်းများမှာလည်း ပြင်းထန်စွာ နာကျင်ကုန်ကြ၏။

ပိတ်လော့၏ စကား မမှားချေ။ သူသည် စိတ်ဝိညာဉ်နည်းစနစ်များကိုသာ အသုံးပြုနိုင်သော်လည်း ယခုတိုင် သူတို့ကို သတ်ဖြတ်နိုင်သော စွမ်းရည်ရှိနေဆဲပင်။

ထိုအချိန်မှာပင် စုချန်းက ရှေ့သို့တဟုန်ထိုး ခုန်ထွက်ပြီး ဝိညာဉ်ကျောက်ပြားကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ခင်ဗျား ပါးစပ်ကို ပိတ်ထားစမ်း မပိတ်ရင် ဒါကို ကျုပ် ဖျက်ဆီးပစ်လိုက်မယ်"

ပိတ်လော့သည် အော်သံသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ သူက စုချန်းက မယုံနိုင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"မင်း....မင်း....ဘယ်လိုလုပ်သိသွားတာလဲ"

ပိတ်လော့သည် ဝိညာဉ်ကျောက်ပြားမှ လွတ်မြောက်လိုသည်ကတော့ အမှန်ပင်။ သို့သော် သူ့ဝိညာဉ်သည် ကျောက်ပြားနှင့် ချည်နှောင်လျက်ရှိသဖြင့် ကျောက်ပြားကို ခွဲပစ်ရုံနှင့် မလုံလောက်ပေ။ ကျောက်ပြား ကျိုးပဲ့သွားသည်နှင့် သူ့ဝိညာဉ်မှာလည်း ကျိုးပဲ့သွားမည် ဖြစ်သည်။ တခုတည်းသော နည်းလမ်းကို ကျောက်ပြားကို ကျောက်စားပွဲပေါ်ရှိ ပုံစံခွက်ထဲတွင် အံကျအောင်ထည့်ပြီး လှည့်ရန်သာ ဖြစ်သည်။ သို့မှသာ သူ့ဝိညာဉ်သည် ကျောက်ပြားနှင့် ခွဲခြားထားပြီးသား ဖြစ်သွားပေလိမ့်မည်။

လူအတော်များများ၏ စိတ်ထဲတွင် ကျောက်ပြားကို ခွဲပစ်လိုက်သည်နှင့် ပိတ်လော့ လွတ်မြောက်သွားပြီဟုသာ ယူဆထားကြသည်။ ယခုလို ဝိညာဉ်ကျောက်ပြားနှင့် ပိတ်လော့ကို ခြိမ်းခြောက်၍ ရလိမ့်မည်ဟု လုံးဝမျှော်လင့်ထားကြသည်မဟုတ်။

စုချန်းက ပိတ်လော့၏ အကြီးမားဆုံး အားနည်းချက်ကို ဖော်ထုတ်ပြလိုက်ခြင်းပင်။

စုချန်း ရယ်မောလိုက်သည်။

"လွယ်ပါတယ် အပြင်ကို ထွက်မဲ့နည်းလမ်းသာ လွယ်နေမယ်ဆိုရင် ခင်ဗျား အစောကြီးကတည်းက ထွက်သွားရောပါ့"

ပိတ်လော့ တကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်သွား၏။

စုချန်း၏ စကားမှာ မှန်ကန်လှ၏။ ကျောက်ပြားကို ခွဲလိုက်ရုံနှင့် လွတ်မြောက်နိုင်လျင် ပိတ်လော့အနေနှင့် ဤအထဲတွင် ဆက်နေစရာ အကြောင်းမရှိ။ ထိုသို့သာဆိုလျင် သူ့အနေနှင့် ကျိယွာယုကိုလည်း မလိမ့်တပတ် လုပ်နေစရာ အကြောင်းမရှိချေ။

စုချန်းက နောက်တကြိမ် ထပ်မံ ရယ်မောလိုက်ပြန်သည်။

"ခင်ဗျားဟာ လေပဲရှိတယ် အင်အားတော့မရှိဘူး လှည့်ကွက်တွေ ဘယ်လောက်ပဲသုံးသုံး ခင်ဗျားရဲ့ အလိမ်အညာက ရှေ့ကဖုံးရင် နောက်ကပေါ် ဆိုသလိုကို ဖြစ်နေတာပဲ ဒီတော့ ရှေ့လျှောက် ခင်ဗျားအနေနဲ့ ကျုပ်အမိန့်ကို နာခံဖို့သာ ပြင်ထားပေတော့"

စကားဆုံးသည်နှင့် သူက ဝိညာဉ်ကျောက်ပြားကို မယူလိုက်၏။

"မလုပ်နဲ့"

ပိတ်လော့ ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

"ဒါမျိုးလုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့ကွ"

ပိတ်လော့၏ အော်သံ ထွက်ပေါ်လာသည်နှင့် ဓာတ်ခွဲခန်း တဘက်ခြမ်းရှိ နံရံသည် ရုတ်တရက် ပြိုကွဲသွားပြီး ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါကြီးသည် စုချန်းကို ခုန်ဝင်တိုက်ခိုက်လာတော့သည်။ ပိတ်လော့သည် ခရမ်းရောင်အကြေးခွံသတ္တဝါကြီးအပေါ်တွင် ထိန်းချုပ်ထားသည့် စိတ်လှည့်စားမှုနည်းစနစ်ကို ဖယ်ထုတ်လိုက်ခြင်းပင်။

ထိုအချိန်တွင် စုချန်းသည် ဝိညာဉ်ကျောက်ပြားကို သူ့ရှေ့တွင် ဒိုင်းသဖွယ် ကာရံထားလိုက်ရာ ခရမ်းရောင်ကြေးခွံသတ္တဝါကြီးသည် တုံ့ခနဲ ရပ်တန့်သွားတော့သည်။

"ကဲ ခုကျတော့ ဘယ်လိုလဲကွ"

စုချန်းက ဟက်ခနဲ ရယ်မောလိုက်ပြန်သည်။

"မင်းတာဝန်က ဖျက်ဆီးဖို့မဟုတ်ပဲ စောင့်ရှောက်ဖို့ပေါ့ ဟုတ်လား"

ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါကြီးသည် သတိပေးဟန်ဖြင့် ဟိန်းဟောက်ရင်း စုချန်းကို စိုက်ကြည့်နေလေသည်။

နတ်ဆိုးသတ္တဝါများသည် လူသားများ၏ ဘာသာစကားကို နားလည်နိုင်သည်မှာ မှန်၏။ သို့သော် ထိုအတွက် လူသားတယောက်က ပထမဦးဆုံး သင်ကြားပြသပေးရန် လိုအပ်လေသည်။ ထိုသို့သာမဟုတ်လျင် သဟဇာတဖြစ်ရန် မလွယ်လှပေ။

ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်နေပြီး ရန်ပြုခြင်းမရှိသည့် နတ်ဆိုးသတ္တဝါကြီးအား စိုက်ကြည့်ရင်း စုချန်းက ပြောလိုက်သည်။

"ဒါကို ဖျက်ဆီးလိုက်မှာ မင်း ကြောက်နေတာမလား ငါ ဒါကို ဒီအတိုင်းထားခဲ့လို့ရတယ် မင်းကလည်း ငါတို့ကို ဒုက္ခမပေးနဲ့ ဟုတ်ပြီလား"

နတ်ဆိုးသတ္တဝါကြီးသည် အတော်လေးပင် အသိညဏ်ရှိဟန်ပေါ်သည်။ စုချန်း၏ စကားကို နားလည်ဟန်ဖြင့် သုံးလေးကြိမ်ခန့် ဟိန်းဟောက်ပြီး နောက်သို့ တရွေ့ရွေ့ ဆုတ်သွား၏။

"သိပ်ကောင်းတယ်"

စုချန်းက ရယ်မောရင်း ကျောက်ပြားကို သူ့နေရာတွင် ပြန်ထားလိုက်၏။ ထိုအချိန်မှာပင် ကျိယွာယု၏ အော်သံ ထွက်ပေါ်လာသည်။

"အစ်ကိုကြီးစု သတိထား"

လူရိပ်တရိပ်က ဝုန်းခနဲ ပေါ်ပေါက်လာပြီး အလွန်လျင်မြန်လှသော အရှိန်အဟုန်ဖြင့် စုချန်း၏ ကျောပြင်ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်တော့သည်။

ဒန်ဘာပေတည်း။

All Chapters