← Chapters

အညံ့ခံခြင်း

Vol. 34 Ch. 335

အညံ့ခံခြင်း

Vol. 34 Ch. 335

ယိယွန့်ဟုန်နှင့် လွန်တားတို့ အကြီးအကျယ် တိုက်ခိုက်နေကြစဉ် စုချန်းသည် ခွေးကျောင်းနေ၏။

ဟုတ်သည်။ သူ တကယ် ခွေးကျောင်းနေခြင်း ဖြစ်သည်။

ဝိညာဉ်ကျောက်ပြားသည် လေထဲတွင် အရှေ့မှအနောက်သို့ လူးလားခတ်ပျံသန်းလျက်ရှိလေရာ ပိတ်လော့၏ အော်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအချိန်တွင် ခရမ်းရောင်နတ်ဆိုးသတ္တဝါကြီးမှာ ဝိညာဉ်ကျောက်ပြားကို အသည်းအသန် လိုက်ဖမ်းလျက်ရှိသည်။

နတ်ဆိုးသတ္တဝါကြီးသည် မိုက်မဲလှသည်တော့မဟုတ်။ သို့သော် ၎င်း၏ သွေးဗီဇထဲတွင် ထည့်သွင်းထားသော အမိန့်က ဝိညာဉ်ကျောက်ပြားကို ထိန်းသိမ်းရန်ဖြစ်လေရာ ၎င်းအနေနှင့် တခြားရွေးချယ်ခွင့်မရှိချေ။

သို့သော် ပိတ်လော့ကတော့ ရွေးချယ်ခွင့်ရှိနေ၏။ သူ့အနေနှင့် ဤပုံစံအတိုင်း လေထဲတွင် လူလားပျံသန်းနေရသည်ကို သဘောမကျတော့။ ထိုအခါ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

"မင်းတို့အကုန်လုံး ရပ်ကြစမ်း"

ထိုသို့ အော်ဟစ်လိုက်သည်နှင့် မမြင်နိုင်သော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများက နတ်ဆိုးသတ္တဝါကြီးနှင့် စုချန်းတို့ကို ဖြတ်သန်းတိုက်ခတ်သွား၏။

နတ်ဆိုးသတ္တဝါကြီးသည် နောက်သ်ု့ိ ဆုတ်ရုံမျှသာဆုတ်ပြီး ပိတ်လော့၏ အမိန့်ကို မနာခံလိုဟန်ဖြင့် ဒေါသတကြီးနှင့် အော်ဟစ်နေလေသည်။ လက်စသတ်တော့ ပိတ်လော့သည် သတ္တဝါကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိချေတကား။

သူ့အနေနှင့် ဝိညာဉ်ဘဝသို့ ရောက်ရှိသွားပြီး အရာဝတ္တုများကို ထိတွေ့ခွင့်မရတော့မှသာ စိတ်ဝိညာဉ်နည်းစနစ်များကို လေ့လာခဲ့ရခြင်းဖြစ်လေရာ သူ့နည်းစနစ်မှာ အခြေမခိုင်လှ။ ကျွမ်းကျင်မှုလည်းမရှိလှ။ ပထမတကြိမ် နတ်ဆိုးသတ္တဝါကြီးအား သူ အမိန့်ပေးနိုင်ခဲ့ခြင်းမှာ သတ္တဝါကြီးသည် အငိုက်မိသွားခြင်းကြောင်းပင်။ ယခု ထပ်ခါထပ်ခါ အမိန့်ပေးလိုက်သည့်အခါတွင်တော့ ပိတ်လော့အဖို့ သတ္တဝါကြီးကို ထိန်းချုပ်ရန် ခက်ခဲနေခဲ့လေပြီ။

စုချန်းအတွက်ကျတော့ နတ်ဆိုးသတ္တဝါကြီးကို ထိန်းချုပ်နိင်ခြင်းဟူသည်က နောက်ထပ် စိန်ခေါ်မှုတခုပင် ဖြစ်သည်။လူသားများသည် နတ်ဆိုးသတ္တဝါများထက် ညဏ်ရည်ညဏ်သွေးမြင့်မား၏။ စိတ်စွမ်းအားကြီးမား၏။ ထို့ကြောင့် ပိတ်လော့အနေနှင့် နတ်ဆိုးသတ္တဝါကြီးကို ထိန်းချုပ်၍ မရဟု ဆိုလိုက်တိုင်း စုချန်းအနေနှင့် မစွမ်းဆောင်နိုင်ဟု မဆိုလိုပေ။

ဤသည်မှာ စုချန်းအတွက် နောက်ထပ် အခွင့်အရေးတခု ရလာခြင်းပင် ဖြစ်သည်။

ပထမတော့ နတ်ဆိုးသတ္တဝါကြီးသည် စုချန်း၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနေသေး၏။ သေစေနိုင်သော စုန်းမကို ထုတ်ဖော်လိုက်တော့မှပင် သတ္တဝါကြီးသည် ပုံရိပ်ယောင်နယ်ပယ်အတွင်း ကျရောက်သွားပြီး ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။

စုချန်းသည် သေစေနိုင်သော စုန်းမကို အလွန်အရေးကြီးသော အခြေအနေမျိုးတွင်မှ ထုတ်သုံးလေ့ရှိသည်။ ထုတ်သုံးတိုင်းလည်း အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်ခဲ့ကြောင်း တွေ့ရှိရ၏။

နတ်ဆိုးသတ္တဝါကြီးကား မည်သည့်လှုပ်ရှားမှုမှမရှိပဲ ငြိမ်သက်သွား၏။ လွန်တားကား ယိယွန့်ဟုန်၏ လက်ချက်ကြောင့် နှစ်ခြမ်းကွဲသွားပြီ ဖြစ်သည်။ တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့လေပြီ။

စုချန်းက ဝမ်းဗိုက်ကို လက်ဖြင့်ဖိရင်း မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာမှာကား သွေးဆုတ်ဖြူလျော်လျက်ရှိသည်။

"ယွာယု ကျုပ်တို့ အချိန်ဘယ်လောက်ရအုံးမလဲ"

"ဒီနေရာကြီး မပျက်စီးခင် အမွှေးတိုင် တချောင်းထွန်းစာပဲ ကျန်တော့မယ်"

"ဒါဆိုရင် ကျုပ်တို့ ဘာကိုစောင့်နေတာလဲ ယူစရာရှိတာယူပြီး အမြန်ဆုံး လစ်ကြစို့"

စုချန်းက အမိန့်ပေးလိုက်၏။

"ကောင်းပြီ"

ကျိယွာယုနှင့် ယွဲ့လောင်ရှက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ဓာတ်ခွဲခန်းတခုလုံးကို လေမုန်တိုင်းကျသည့်ပမာ မွှေနှောက်ယူငင်ကြတော့သည်။ ဤအခြေအနေတွင် သူတို့အနေနှင့် တန်ဖိုးနည်းသည်များသည် မစဉ်းစားနိုင်တော့။ တွေ့သမျှပစ္စည်းများကို အောက်ခြေသိမ်းယူငင်နေရခြင်း ဖြစ်သည်။ ထိုအချိန်တွင် တွန့်ကျန့်ချန်းနှင့် ယုမင်းနန်တို့ကလည်း ဒဏ်ရရထားသည်ကို ထည့်မတွက်နိုင်ပဲ ဝင်ရောက်ကူညီကြလေသည်။

စုချန်းကတော့ နေရာတွင် မလှုပ်မရှား မတ်တပ်ရပ်လျက်ရှိပြီး သူ့လက်ထဲရှိ ဝိညာဉ်ကျောက်ပြားကို စိုက်ကြည့်နေ၏။ ထို့နောက် သူက အေးစက်သော လေသံနှင့် ရယ်မောပြီး ပိတ်လော့ကို မေးလိုက်သည်။

"ခင်ဗျားကိုကျုပ် ဘာလုပ်ခဲ့ရမလဲ ပြောစမ်းပါအုံး"

"ငါ့ကို မသတ်ပါနဲ့"

ပိတ်လော့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ မင်းရဲ့ သစ္စာရှိအစေခံလုပ်ပါမယ်ကွာ ငါဟာ အာကင်နာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ရှေးဦးအာကင်နာပညာရှင်တွေထဲက တယောက်ပါ ဒါကြောင့် ငါ့မှာ ဗဟုသုတအများကြီးရှိပါတယ် ရှေးဟောင်းအာကင်နာနည်းစနစ်အများကြီးကို ငါ သင်ပြပေးနိုင်ပါတယ် မင်းဟာ အာကင်နာနည်းစနစ်တွေကို လေ့လာနေတာမလား ဘာတဲ့ လေလှိုင်းရေဘဝဲလက်တံတဲ့ ဟုတ်လား ဘယ်လိုအမှိုက်တွေများလည်းကွာ ဒီထက် ကောင်းတဲ့ နည်းစနစ်တွေ ငါ့မှာ အများကြီးရှိတယ်"

"နားထောင်လို့တော့ကောင်းသားပဲ ဒါပေမဲ့ ဒီနေရာမှာ ရှာတွေ့တာမှန်သမျှကို အကြီးအကဲတွေဆီ ကျုပ်တို့က ပြန်ပေးရမှာ ခင်ဗျားက ကျုပ်ရဲ့ အစေခံလုပ်မယ်ဆိုတော့ ကျုပ်က သူတို့ကို ဘယ်လိုရှင်းပြပေးရမလဲ"

ပိတ်လော့ ကြက်သေသေသွား၏။

စုချန်းက ပြောလိုက်ပြန်သည်။

"ဒီကျောက်ပြားကို ခွဲပစ်လိုက်တာပဲ ပိုကောင်းမယ်ထင်တယ်"

ပိတ်လော့ အကြီးအကျယ် ကြောက်လန့်သွား၏။

"မင်း ငါ့ကို ဖွက်ပေးထားနိုင်........"

ပိတ်လော့၏ စကားမှာ တဝက်တပျက်နှင့် ရပ်တန့်သွား၏။ စုချန်းက အသံတိုးတိုးနှင့် ကြားဖြတ်ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။

"ခင်ဗျားပါးစပ်ကို ပိတ်ထားစမ်း ကျုပ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြစ်အောင် ခင်ဗျား ဆွဲဆောင်နေတာလား"

ပိတ်လော့၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သူက စုချန်းကို ဖြတ်ခနဲ စိုက်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးများက ခရမ်းရောင်အကြေးခွံသတ္တဝါကြီးကို စိုက်ကြည့်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

ပိတ်လော့သည် နှစ်ပေါင်း သိန်းနှင့်ချီ၍ ကြာမြင့်အောင် အသက်ရှင်နေထိုင်လာခဲ့သူ ဖြစ်သည်။ သူသည် စုချန်းနှင့် နတ်ဆိုးသတ္တဝါကြီးကို ကြည့်ရင်း တစုံတခုကို နားလည်သဘောပေါက်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် နတ်ဆိုးသတ္တဝါကြီးက ပုံရိပ်ယောင်နယ်မြေကို ဖောက်ပြီး ထွက်လာလိမ့်မယ် ဒါဆိုရင် မင်းအနေနဲ့ ကြိုးစားအားထုတ်ထားသမျှ အလဟသ ဖြစ်သွားလိမ့်မယ်"

စုချန်းက ပြန်ပြောလိုက်၏။

"ခင်ဗျားကို ဒီတိုင်း လွှတ်ပေးလိုက်ပြန်ရင်လည်း ဒီကောင်ကြီးက ကျုပ်တို့ကို တိုက်ခိုက်မှာပဲ ဒီတော့ ကျုပ် ဘာလုပ်သင့်သလဲ ခင်ဗျားပဲ ပြောပါအုံး"

"မင်း ဘာလုပ်သင့်သလဲ ဟုတ်လား"

စုချန်း၏ မေးခွန်းကို ပိတ်လော့ ဘာဖြေရမှန်းမသိပဲ ဖြစ်နေ၏။ သူက စုချန်းကို ပြူးကြောင်ကြောင်နှင့် စိုက်ကြည့်နေလေသည်။

စုချန်းက သက်ပြင်းတချက်ချရင်း ပြောလိုက်၏။

"ခင်ဗျားကို ထိန်းချုပ်ဖို့ တခြားနည်းလမ်းသာ မရှိဘူးဆိုရင်တော့....."

ပိတ်လော့ကား ချက်ဆိုလျင် နားခွက်က မီးတောက်သူ ဖြစ်သည်။ သူက အလျင်စလိုပင် ပြောလိုက်၏။

"ရှိတယ်ကွ ရှိတယ်...မင်းရဲ့ သွေး....မင်းရဲ့သွေးကို ဝိညာဉ်ကျောက်ပြားပေါ်မှာ အစက်ချပြီး အဲဒီအပေါ်မှာ ရေးထိုးထားတဲ့ စာသားတွေကို ရွတ်လိုက်တာနဲ့ မင်းဟာ ကျောက်ပြားရဲ့ ပိုင်ရှင်ဖြစ်သွားလိမ့်မယ် ဒါပေမဲ့ အဖိုးအခအနေနဲ့ မင်းနဲ့ ကျောက်ပြားရဲ့ ဆက်နွယ်မှုကိုတော့ ဘယ်တော့မှ ဖြတ်တောက်လို့မရတော့ဘူး"

"အဲဒီလိုလား"

စုချန်းက နောက်တကြိမ် သက်ပြင်းချလိုက်ပြန်သည်။

"ဒါဆိုရင် ကျုပ်အဖို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူးပေါ့ ဒါ သေရေးရှင်ရေးကိစ္စပဲဗျ"

သူတို့နှစ်ယောက် ပြောနေသော စကားများကို ကြားပြီး ယွဲ့လောင်ရှ၏ မျက်လုံးများမှာ ဝိုင်းဝိုင်းလည်နေ၏။ သူမသည်လည်း ညဏ်ထက်သူတယောက်ပင် ဖြစ်သည်။ သို့သော် စုချန်း ဘာလုပ်ချင်နေမှန်း သူမ နားမလည်နိုင်ပဲ ဖြစ်နေ၏။

ဝိညာဉ်ကျောက်ပြားကို ကိုယ်ကျိုးအတွက် အသုံးပြုချင်၍များ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တခုကို စုချန်း ရှာနေသည်လား မပြောတတ်။ သို့သော် ဤနေရာရှိ လူတိုင်းလိုလိုသည် စုချန်း၏ သူငယ်ချင်းများသာ ဖြစ်သည်။ စုချန်းအနေနှင့် ဤကျောက်ပြားကို လိုချင်သည်ဆိုလျင် လူတိုင်းက သူ့ကို ကူညီကြလိမ့်မည်သာ။

သို့သော် စုချန်း၏ အတွေးကတော့ တမျိုး ဖြစ်သည်။ ထိုအကူအညီကြောင့် သူ့အပေါ် လူတိုင်းက သြဇာသက်ရောက်သွားပေလိမ့်မည်။ သူတို့သည် ယနေ့တွင်သာ သူငယ်ချင်းများ ဖြစ်သည်။ အနာဂတ်တွင် ရန်သူများ ဖြစ်မလာဟု မပြောနိုင်။ ထို့ကြောင့် လူအများ လက်သင့်ခံနိုင်ဖွယ်ရာရှိသည့် ခြွင်းချက်တခုကို သူ ရှာဖွေနေခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ထိုခြွင်းချက်မျိုးက ဤနေရာတွင် အသင့်ရှိနေ၏။ ၎င်းမှာကား ခရမ်းရောင်နတ်ဆိုးသတ္တဝါကြီးပင် ဖြစ်လေသည်။ မည်သို့ဆိုစေ ထိုခြွင်းချက်ကြောင့်ပင် စုချန်းအနေနှင့် ဝိညာဉ်ကျောက်ပြားကို ထိမ်းသိမ်းရန် အကြောင်းပြချက်ရသွားခဲ့၏။

တကယ်တော့ စုချန်း၏ ရည်ရွယ်ချက်အမှန်ကို ယွဲ့လောင်ရှထက်စာလျင် တခြားလူများက ပို၍ မြင်နိုင်ခဲ့သည်ဟု ဆိုနိုင်၏။

တကယ်တော့ ဝိညာဉ်ကျောက်ပြားတခုသက်သက်ဟု ဆိုနိုင်သော်လည်း ပိတ်လော့၏ ဗဟုသုတများကတော့ စုချန်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးပင် ဖြစ်သည်။ ၎င်းသည် တခြားလူများအတွက် ဘာတန်ဖိုးမှ မရှိသော်လည်း စုချန်းအတွက်ကတော့ အလွန်တန်ဖိုးကြီး၏။ ယိယွန့်ဟုန်လို လူစားမျိုးကို စာဖတ်ခိုင်းပါက စာအုပ်တဝက်မကျိုးမီ အိပ်ပျော်သွားမည်ဖြစ်လေရာ ဗဟုသုတဟူသည် ၎င်းတို့အတွက် အလကားသာ ဖြစ်သည်။

နောက်ဆုံးတွင်တော့ စုချန်းသည် ဝိညာဉ်ကျောက်ပြားပေါ်သို့ သွေးစက်ချပြီး ထိုအပေါ်တွင် ရေးထိုးထားသည့် သံပြိုင်ပိုဒ်ကို ရွတ်ဆိုလိုက်၏။ ဝိညာဉ်ကျောက်ပြား ပိုင်ရှင်အဖြစ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ တနည်းအားဖြင့် စုချန်းနှင့် ဝိညာဉ်ကျောက်ပြားအကြားဝယ် ထာဝရနှောင်ကြိုးများဖြင့် တွယ်ငြိသွားခဲ့ပြီဟု ဆိုနိုင်သည်။ ဘယ်တော့မှ ခွဲခွာ၍ မရတော့။

ပိုင်ရှင်အဖြစ်သတ်မှတ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် နတ်ဆိုးသတ္တဝါကြီးသည် ပုံရိပ်ယောင်နယ်ပယ်မှ ပြန်လည်နိုးထလာ၏။ ဤတကြိမ်တွင်တော့ သူသည် စုချန်းကို ရန်လုပ်ခြင်းမရှိတော့။ ထိုအစား ထူးဆန်းသော မျက်လုံးအစုံနှင့် စိုက်ကြည့်နေလေသည်။

စုချန်းကလည်း နတ်ဆိုးသတ္တဝါကြီးကို ပြန်ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

"မင်း ငါ့ကိုမယုံဘူးဆိုတာ ငါသိတယ် ဒါပေမဲ့ မင်း အိပ်မက်နယ်ပယ်ထဲမှာ မြင်ခဲ့ရတာတွေဟာ အမှန်ပဲ"

နတ်ဆိုးသတ္တဝါအနေနှင့်် လူသားများ၏ ဘာသာစကားကို နားလည်နိုင်စွမ်းမရှိသော်လည်း စုချန်း၏ ဆိုလိုရင်းကိုတော့ အာရုံခံနိုင်စွမ်းရှိလေသည်။

အာဝူး!!!!

၎င်းမှာ ခေါင်းကိုမော့ရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်လေသည်။ ၎င်း၏ ငိုသံနှင့် မရှေးမနှောင်းတွင် အလွန်ဝေးကွာသောနေရာမှ နတ်ဆိုးသတ္တဝါတကောင်၏ ငိုသံ ထပ်မံ ထွက်ပေါ်လာ၏။ ဖခင်၏ အော်ဟစ်ငိုကြွေးသံကို ကြားလိုက်၍ နောက်မှ လိုက်လံငိုကြွေးလိုက်သော နတ်ဆိုးသတ္တဝါငယ်၏ ငိုကြွေးသံပင် ဖြစ်သည်။

ထိုငိုသံကို ကြားလိုက်သည်နှင့် နတ်ဆိုးသတ္တဝါကြီးသည် နောက်တကြိမ် ထပ်မံအော်ဟစ်လိုက်၏။ ထို့နောက် ၎င်းသည် စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်နေလေသည်။

"မင်းရဲ့ အဖော်ကို သတ်လိုက်ရလို့ ငါ စိတ်မကောင်းပါဘူးကွာ ဒါပေမဲ့ မင်းမှာသာ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့ကလေးကို အပြင်လောကရောက်အောင် ငါခေါ်သွားပေးနိုင်တယ် ခရမ်းရောင်နတ်ဆိုးတွေရဲ့တာဝန်ဟာ ဒီမှာတင်ပဲ အဆုံးသတ်ပြီ မင်းရဲ့ကလေးဟာလည်း အပြင်လောကမှာ လွတ်လပ်စွာ နေထိုင်သွားနိုင်လိမ့်မယ်"

စုချန်းအနေနှင့် လူသားတို့ဘာသာစကားနှင့် ခရမ်းရောင်နတ်ဆိုးသတ္တဝါကြီးကို အကုန်အစင်နားလည်အောင် ရှင်းပြနိုင်စွမ်းမရှိချေ။ သို့သော် ယခုတိုင် ကိုယ်ပိုင်လှည့်ကွက်လေးတော့ ရှိနေသေး၏။

ရုတ်ချည်းလိုလိုပင် စုချန်းသည် သေစေနိုင်သောစုန်းမကို အသုံးပြုပြီး လေဟာနယ်တခုလုံး ပျက်စီးသွားပုံကို နတ်ဆိုးသတ္တဝါကြီးအား ပြသလိုက်ပြန်၏။ ထိုသို့ပြုလုပ်ရခြင်းမှာ အန္တရာယ်တော့များ၏။ နတ်ဆိုးသတ္တဝါအဖို့ သူမြင်တွေ့နေရသည့် မြင်ကွင်းများသည် ပုံရိပ်ယောင်များမှန်း သိထားပြီးသား ဖြစ်လေရာ အလွယ်တကူ ချိုးဖောက်ဖျက်ဆီးနိုင်သည်မဟုတ်ပါလား။

သို့သော် နတ်ဆိုးသတ္တဝါကြီးကား ထိုသို့ မဟုတ်ခဲ့ချေ။ ငြိမ်ငြိမ်သက်သက်ပင် စုချန်း ပြသနေသည့် ပုံရိပ်ယောင်မြင်ကွင်းများအား စိုက်ကြည့်နေ၏။

အကြောင်းမှာ ထိုပုံရိပ်များသည် စုချန်းက သူ့အပေါ် ပေးနေသည့် ကတိပင်ဖြစ်ကြောင်း နတ်ဆိုးသတ္တဝါကြီးက သိထားသည်မဟုတ်ပါလား။

အိပ်မက်နယ်ပယ်ထဲတွင်တော့ နတ်ဆိုးသတ္တဝါကြီးသည် စုချန်းနှင့် တခြားလူများ ထွက်ခွာသွားသည်ကို ငေးလျက် ကျန်ရစ်ခဲ့၏။ မိန်းကလေးတယောက်က သူမနှင့်အတူ နတ်ဆိုးသတ္တဝါအကောင်ပေါက်ငယ်ကိုပါ တပါတည်းခေါ်ဆောင်သွားပြီး လွတ်လပ်ခွင့်ပေးလိုက်ကြောင်း သူ မြင်တွေ့နေရ၏။

အိပ်မက်နယ်ပယ် အဆုံးသတ်သွားပြီဖြစ်သည်။ နတ်ဆိုးသတ္တဝါကြီး ပြန်လည်နိုးထလာပြန်၏။ ထိုအခါ မလှမ်းမကမ်းတွင် နတ်ဆိုးသတ္တဝါ အကောင်ပေါက်ငယ် ရောက်ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

သိပ်မကြာမီ နတ်ဆိုးသတ္တဝါ သားအဖနှစ်ကောင်သည် တကောင်နှင့်တကောင် ပွတ်သပ်ကျီစယ်လျက်ရှိကြောင်း စုချန်းတို့အားလုံး မြင်တွေ့လိုက်ရ၏။

မလှမ်းမကမ်းတွင်တော့ ကျူကျွန့်ကျာ့နှင့် ခန်ဟွားလီတို့ပါ ရောက်ရှိနေ၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။

"မင်းတို့ အချိန်မီရောက်လာတာပဲ"

"ကြည့်ရတာ သိပ်လည်းအသုံးဝင်ပုံမပေါ်ဘူးနော် ကျွန်မက ဒီကောင်လေး ဒီထက်အများကြီး အသုံးဝင်မယ်လို့ ထင်ထားတာ"

ကျုကျွန့်ကျာ့က ရယ်မောရင်း ပြောလိုက်သည်။

"ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ တခါတလေကျရင် ကြီးကြီးမားမား အသုံးဝင်ကောင်းမှ ဝင်တာပါကွာ"

စုချန်းက ပွတ်သပ်ကျီစယ်နေသော နတ်ဆိုးသတ္တဝါနှစ်ကောင်ကို ကြည့်ရင်း ပြန်ပြောလိုက်၏။

"ဒီလိုအဆုံးသတ်က လှတယ်လို့ မင်း မထင်ဘူးလား"

"လှပါ့ရှင်"

ကျူကျွန့်ကျာ့က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ကံဆိုးတာက ဒီလိုအေးချမ်းတဲ့မြင်ကွင်းကို မြင်ခွင့်ရတဲ့အချိန်ဟာ အလွန်တိုတောင်းတာပဲကွ"

တဆက်တည်းမှာပင် စုချန်းက ကျိယွာယုကို လှည့်မေးလိုက်၏။

"ယွာယု ကျုပ်တို့ အချိန်ဘယ်လောက်ကျန်သေးလဲ"

"ခုကိုပဲ အစပျိုးနေပြီ"

ကျိယွာယုက ပြန်ဖြေလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် ရေကန်ထဲသို့ ခဲတလုံး ပစ်ချလိုက်သည့်ပမာ ထူးဆန်းသည့် အသံပေါင်းစုံ ထွက်ပေါ်လာ၏။

လေဟာနယ်ကား စတင်ပြိုကွဲနေခဲ့ပြီ ဖြစ်သည်။

All Chapters