အပြန်အလှန် အခွင့်အရေးပေးခြင်း
Vol. 34 Ch. 336
ရွှေရောင်မြစ်ဝှမ်းတွင် ဖြစ်သည်။
လူသားများနှင့် သတ်ဖြတ်သူ စစ်တပ်များသည် တဖက်နှင့်တဖက် မျက်နှာချင်းဆိုင်လျက် မတ်တပ်ရပ်နေကြ၏။ သူတို့ကြားထဲတွင်တော့ အလွန်ကြီးမားသော အုတ်ခဲအကျိုးအပဲ့ပုံကြီး ရှိနေသည်။
ရှောက်ဖိန်းနန်သည် အုတ်ပုံကြီးနှင့် မလှမ်းမကမ်းတွင် မတ်တပ်ရပ်လျက်ရှိသည်။ သူ့အမူအရာမှာကား လေးနက်တည်ကြည်လျက်ရှိသည်။
သူ့အနီးတွင်တော့ မူလပုံစံပညာရှင်တယောက်က အသင့်အနေအထားနှင့် မတ်တပ်ရပ်လျက်ရှိပြီး လေဟာနယ်အတွင်းတွင် စွမ်းအင်လှိုင်းများ မတည်မငြိမ်ဖြစ်နေကြောင်း၊ လေဟာနယ်၏ တည်ငြိမ်မှုသည် မြန်မြန်ဆန်ဆန်ပင် လျော့ကျလျက်ရှိကြောင်း အဆက်မပြတ် သတင်းပို့လျက်ရှိသည်။ လေဟာနယ်၏ ပျက်စီးနှုန်းမှာ မြန်ဆန်လှပေရာ အရာအားလုံးသည် ဤယနေ့မှာပင် အဆုံးသတ်သွားဖွယ်ရာရှိနေ၏။ ထို့ကြောင့် ရှောက်ဖိန်းနန်သည် မနက်ကတည်းက နိုးကြားနေခဲ့ခြင်းပင်။
သတ်ဖြတ်သူများအဖို့ကား လူသားများလောက် အပျက်အစီးသိုက်၏ အခြေအနေကို မသိရှိပေ။ သို့သော် သူတို့တွင်လည်း သူတို့နည်းလမ်းရှိနေ၏။ သူတို့သည် လူသားများကို မျက်ခြေမပြတ် အကဲခတ်လျက်ရှိသည်။
ရှောက်ဖိန်းနန် အုတ်ခဲပုံပေါ်ရှိ စင်မြင့်ပေါ်သို့ ရောက်လာသည်နှင့် မိုလီဟန်ကလည်း ချက်ချင်းပင် ပေါ်ပေါက်လာ၏။
ထိုအခိုက်မှာပင် အုတ်ခဲပုံအပေါ်ရှိ လေဟာနယ်မှာ လှိုင်းဂယက်များ ပြင်းထန်စွာ ထလာပြီး စွမ်းအင်အတက်အကျမှာလည်း ပို၍ ပြင်းထန်လာ၏။
"သူတို့ အဲဒီမှာပဲ"
ရှောင်ဖိန်းနန်၏ အရာရှိတယောက်က စိုးရိမ်တကြီးနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
အော်သံကြောင့် သတ်ဖြတ်သူများဘက်မှလည်း တစုံတခုဖြစ်နေမှန်း ချက်ချင်းပင် နားလည်သဘောပေါက်ကုန်ကြ၏။ သို့သော် သူတို့သည် သတ်ဖြတ်သူမျိုးစိတ်များ ဖြစ်ကြသည်။ သူတို့သည် စည်းကမ်းကို ဂရုစိုက်ကြသူများမဟုတ်။ ခွန်အားနှင့် သတ္တိကိုသာ အဓိကအားကိုးကြသူများဖြစ်သည်။ ထို့ကြောင့်် သတ်ဖြတ်သူများသည် အဖွဲ့လိုက်လုပ်ဆောင်ရာတွင် အလွန်အားနည်းကြသော်လည်း စိတ်ဓာတ်နှင့် သူရဲကောင်းဆန်ဆန်လုပ်ရာတွင်တော့ အကောင်းဆုံးပုံစံတွင် ရှိနေကြ၏။
လေဟာနယ်ထဲမှ ပထမဦးဆုံး ထွက်လာသူမှာ သတ်ဖြတ်သူ မျိုးဆက်သစ်တဦး ဖြစ်နေ၏။
အာဝူး!!!!
၎င်းကို မြင်သည်နှင့် သတ်ဖြတ်သူများက အောင်ပွဲခံသော ပုံစံဖြင့် အော်ဟစ်လိုက်လေရာ ရှောက်ဖိန်းနန်အပါအဝင် လူသားများဘက်မှာ အထူးပင် စိုးရိမ်ပူပန်သွားကြ၏။
သို့သော် ဒုတိယမြောက် ပေါ်ပေါက်လာသော ပုံရိပ်ကတော့ လူသားတဦး ဖြစ်နေ၏။ ၎င်းမှာ ဝူရှောင်ပင် ဖြစ်လေသည်။
ဤတကြိမ်တွင် အောင်ပွဲခံသည်ကတော့ လူသားများဘက်မှ ဖြစ်သည်။ သတ်ဖြတ်သူများဘက်မှတော့ အသံတိတ်သွား၏။
ဤသို့နှင့် လူသားများနှင့် သတ်ဖြတ်သူများသည် အထက်ပါနည်းအတိုင်း တဘက်တလှည့် အော်ဟစ်နေကြ၏။ သိပ်မကြာမီ လေဟာနယ်အပြင်ဘက်သို့ ပြန်ရောက်လာသူ အရေအတွက်မှာ လူသားများဘက်မှ ပိုလာကြောင်း အတိုင်းသားတွေ့မြင်နေရ၏။
ဟေးယွန်တုံး၊ ချီဝေယန်၊ စုချန်း စသဖြင့် တယောက်ပြီးတယောက် အပြင်ဘက်သို့ ပြန်ရောက်လာကြသည်ကို ကြည့်နေရင်း ရှောက်ဖိန်းနန်၏ မျက်နှာသည် ပို၍ပို၍ ကြည်လင်ဝင်းပလာ၏။ မိုလီဟန်၏ မျက်နှာကတော့ ကြည့်ရဆိုးလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့လေပြီ။
နောက်ဆုံးတယောက် အပြင်ဘက်သို့ ပြန်ရောက်လာသည်နှင့် အုတ်ပုံကြီးအပေါ်ရှိ လေဟာနယ်တခုလုံးသည် ကြောက်စရာကောင်းလောက်အောင် တုန်ခါသွားပြီး နဂိုရှိနေခဲ့သော ဝင်ပေါက်မှာလည်း ဗြုန်းခနဲ ပျောက်ကွယ်သွား၏။ ထို့နောက်တွင်တော့ အရာအားလုံးသည် နဂိုအတိုင်း ပြန်ဖြစ်သွား၏။ စောင့်မျှော်နေသူတို့အဖို့တော့ ပြန်လာသူများနှင့် တွေ့ဆုံရမည့်အချိန်ပင် ဖြစ်သည်။
"ဒါ အကုန်ပဲပေါ့"
မိုလီဟန်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသော သတ်ဖြတ်သူမျိုးဆက်သစ်များကို ကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်နေ၏။
ခုနှစ်ယောက်.....
သတ်ဖြတ်သူမျိုးဆက်သစ် ခုနှစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်သတဲ့လား....
ဒါဆို လူသားတွေဘက်ကရော....
နှစ်ဆယ့်ကိုးယောက်....
လူသားတွေဘက်က နှစ်ဆယ့်ကိုးယောက်တောင် အသက်ရှင်လျက် ပြန်လာနိုင်သတဲ့လား....
ဤတကြိမ်တွင်တော့ မိုလီဟန်တို့ဘက်မှ အပြတ်အသတ် ရှုံးနိမ့်သွားကြောင်း သိသာနေခဲ့လေပြီ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မိုလီဟန် ပေါက်ကွဲသွားလေပြီ။ သူက အနီးအနားရှိ သတ်ဖြတ်သူမျိုးဆက်သစ်တယောက်၏ လည်မြိုကို ဖမ်းညှစ်ကာ ဒေါသတကြီးနှင့် မေးလိုက်သည်။
"မင်းရဲ့ အစ်ကိုတွေရော တခြား ကောင်တွေရော ဘယ်မှာလဲ"
"သူတို့ ပြန်မလာနိုင်ခဲ့ကြပါဘူး ခေါင်းဆောင်"
ဒန်ဘာက ဖြေလိုက်သည်။ သူ့မျက်နှာမှာကား ဖွေးဆုတ်လျက်ရှိ၏။
"ဒါ...ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး"
မိုလီဟန် ပက်လက်လန်သွားချေပြီ။
သူတို့ဘက်မှာ အပျက်အစီးသိုက်အတွင်းသို့ နန်းဆောင်သူရဲကောင်း ငါးယောက် ပို့လိုက်၏။ ယခုတော့ တယောက်သာ ပြန်လာနိုင်ခဲ့သည် ဆိုပါကလား။
တဖက်တွင်လည်း ဟေးယွန်တုံးနှင့် ချီဝေယန်တို့က အပျက်အစီးသိုက်ထဲသို့ နန်းဆောင်သူရဲကောင်းငါးယောက်အထိ ပါလာခဲ့ကြောင်း ရှောက်ဖိန်းနန်အား တိုင်တောလိုက်ကြ၏။
ရှောက်ဖိန်းနန်၏ မျက်နှာ ဖွေးခနဲ ဖြစ်သွားသည်။
"ငါးယောက်ဟုတ်လား...မင်းတို့ သေချာရဲ့လား"
ဟေးယွန်တုံးနှင့် ချီဝေယန်က သေချာကြောင်း ပြန်ဖြေရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် စုချန်းက ဖြတ်ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင် ဘယ်နှစ်ယောက်မှန်း ကျုပ်တို့လည်း သိပ်ပြီးမသေချာဘူး"
"ဘာ"
လူတိုင်းလိုလိုသည် အံ့သြတကြီးနှင့် စုချန်းကို စိုက်ကြည့်လိုက်ကြသည်။
စုချန်းက ရှင်းပြလိုက်၏။
"နန်းဆောင်သူရဲကောင်းရယ်လို့ ကျုပ်တို့ တိတိကျကျ ပြောနိုင်တဲ့ အကြောင်းရင်းက ကျုပ်တို့ရဲ့ ရန်သူတွေဟာ အလွန်တရာ အင်အားကြီးမားနေတဲ့အတွက်ကြောင့်ပဲ ဒါပေမဲ့ အင်အားကို အထူးမပြုတဲ့ နန်းဆောင်သူရဲကောင်းတွေလည်း ရှိနိုင်သေးတာပဲ ဥပမာအနေနဲ့ ပြောရရင် တော်ဝင်မျိုးနွယ်စုဝင် မျိုးကေ်တွေဟာ အလွန်တရာ အင်အားကြီးမားကြတယ် ဒါပေမဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် သွေးဗီဇမပါလာသူ တယောက်တလေလည်း ရှိကောင်းရှိနိုင်တာပဲ ဒီအတိုင်းပဲပေါ့ အင်အားမကောင်းတဲ့ နန်းဆောင်သူရဲကောင်း တချို့တလေလည်း ရှိကောင်းရှိနိုင်တယ် ထူးထူးခြားခြား အင်အားကြီးမားနေတဲ့ သာမာန် သတ်ဖြတ်သူတွေလည်း ရှိနေနိုင်တာပဲ ဒါကို ကျုပ်တို့ သေချာ မပြောနိုင်ဘူးလေ ဒါပေမဲ့ ကျုပ်တယောက်တည်းရဲ့ အမြင်အရတော့ ဒီလိုကောင်စားမျိုးတွေကို စစ်မှန်တဲ့ နန်းဆောင်သူရဲကောင်းတွေရယ်လို့တော့ ကျုပ်က မသတ်မှတ်ချင်ဘူး"
ထိုစကားကို ကြားလိုက်မှ ရှောက်ဖိန်းနန်က စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် တန်းမင်က စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။
"ဘာဖြစ်လို့ မသတ်မှတ်ရမှာလဲ ဖန်းယီကုဟာ အားတိုးဆေးတွေ သောက်ထားတယ် ဒါပေမဲ့ ဒဏ်ရာရထားတဲ့ သတ်ဖြတ်သူကိုတောင် သူ မနိုင်ဘူး နောက်ဆုံးမှာတော့ နှစ်ယောက်လုံး သေသွားရတယ် ပြီးတော့ ကျုပ်တို့နဲ့ တိုက်ခဲ့တဲ့ သတ်ဖြတ်သူကျတော့ရော သာမာန်သတ်ဖြတ်သူမျိုးဆက်သစ်တယောက်ကို အနိုင်ရဖို့ ကျုပ်နဲ့ ခေါင်းဆောင်ဟေးတို့ နှစ်ယောက်လုံး လိုမယ်လို့ ခင်ဗျားတို့ တကယ်ပဲ ထင်နေတာလား"
"တန်းမင် မင်းပါးစပ်ကို ပိတ်ထားစမ်း"
ဟေးယွန်တုံးက ငေါက်လိုက်သည်။
"ကျုပ်ကတော့ စုချန်းအဆိုအရ ပြောရရင် ဒီကောင်တွေကို နန်းဆောင်သူရဲကောင်းတွေလို့ မထင်ဘူး"
"ကျွန်မကလည်း ဒုတိယအဆိုကို ထောက်ခံချင်တယ်"
ချီဝေယန်ကလည်း ထောက်ခံလိုက်၏။
"ဘာ"
တန်းမင် အံ့သြသွားသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်လေရာ သူ့ပတ်ဝန်းကျင်ရှိ လူများအားလုံး ခေါင်းတညိတ်ညိတ်နှင့် ရှိနေကြကြောင်း တွေ့လိုက်ရ၏။
တန်းမင်သည် ပင်ကိုယ်ဗီဇအရ မာနကြီးသော်လည်း လူမိုက်တော့မဟုတ်။ သူက အခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
လက်ရှိတွင် နန်းဆောင်သူရဲကောင်းငါးယောက်ပါလာသည်ဟူသော အဆိုကို သူ့အနေနှင့် ဆက်လက်ထိန်းသိမ်းထားလျင်ပင် တဖက်မှ သတ်ဖြတ်သူများအတွက် ဘာအကျိုးသက်ရောက်မှုမှ ရှိတော့မည်မဟုတ်။ ၎င်းတို့အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်လေရာ သူ့အနေနှင့် အမှန်တရားကို သက်သေပြခွင့်မရှိတော့။ သို့သော် ရှောက်ဖိန်းနန်ကတော့ နေရင်းထိုင်ရင်း ဒုက္ခရောက်သွားနိင်ဖွယ်ရာ ရှိနေသည်။ အကြောင်းမှာ ရှောက်ဖိန်းနန်သည် ဤနေရာတခုလုံး၏ ခေါင်းဆောင်၊ တာဝန်ရှိသူ ဖြစ်နေသည်မဟုတ်ပါလား။
သူတို့အားလုံးသည် ရှောက်ဖိန်းနန်ကို ရင်းနှီးခင်မင်ကြ၏။ အကယ်၍ ရှောက်ဖိန်းနန်သာ မာနကြီးပြီး အကျင့်မကောင်းသော ဗိုလ်ချုပ်ဖြစ်နေလျင် သူတို့ ဘာမှ ဝင်ပြောနေရန်မရှိ။ ယခုကျတော့ ရှောက်ဖိန်းန်က လူကောင်းတယောက် ဖြစ်နေ၏။ သူ ဒုက္ခရောက်သည်ကို မည်သူမှ မမြင်တွေ့လို။ ထို့ကြောင့် သတ်ဖြတ်သူများဘက်မှ သဘောတူညီချက်ကို ချိုးဖောက်ကာ လျှို့ဝှက်ကြံစည်ခဲ့ကြောင်းကို လျှို့ဝှက်ထားရန် သူတို့အားလုံး ဆုံးဖြတ်လိုက်ကြ၏။
ထိုအတွက်ကြောင့် စုချန်းက နောက်ထပ် နန်းဆောင်သူရဲကောင်းနှစ်ယောက် အပိုပါလာသည်မှာ မသေချာကြောင်း စကားကို လှီးလွှဲပြောဆိုလိုက်ခြင်းဖြစ်သည်။ မည်သို့ဆိုစေ ထိုအတွက် ရှောင်ဖိန်းနန် စိတ်သက်သာရသွားသည်ကတော့ အမှန်ပင်။
ပို၍ အရေးကြီးသည်မှာကား ထိုအချက်ကို အသုံးပြု၍ ရှောက်ဖိန်းနန်၏ မျက်နှာသာပေးမှုကို သူတို့အားလုံး ရရှိလိုက်ခြင်းပင်။ အထူးသဖြင့် စုချန်းအတွက် ပို၍ အခြေအနေကောင်းသွား၏။ နန်းဆောင်သူရဲကောင်းများသည် နန်းဆောင်သူရဲကောင်း ဟုတ်ချင်မှဟုတ်မည်မှန်း ပထမဦးဆုံး ထုတ်ပြောလိုက်သူမှာ စုချန်း ဖြစ်နေသည်မဟုတ်ပါလား။ ထို့ကြောင့် စုချန်းအပေါ် ကနဦးကထက် ရှောက်ဖိန်းနန်အနေနှင့် ပို၍ အထင်ကြီးသွားခဲ့ပြီ ဖြစ်သည်။
ထိုအကြောင်းကို သဘောပေါက်လိုက်၍ တန်းမင်အနေနှင့် ဘာမှဆက်မပြောတော့ပဲ ရေငုံနှုတ်ပိတ်ထားလိုက်၏။
ရှောက်ဖိန်းနန်ကိုယ်တိုင်ကလည်း လူအမဟုတ်လေရာ ကျောင်းသားများ၏ သဘောထားကို ကောင်းစွာ နားလည်လိုက်၏။ ထိုအခါ သူက လက်ခုပ်လက်ဝါးတီးရင်း ပြောလိုက်သည်။
"ဒီခရီးစဉ်မှာ မင်းတို့အားလုံး အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြတယ် မင်းတို့ ကျခဲ့ရတယ် သွေးတွေ ချွေးတွေ မျက်ရည်တွေအတွက် ကျုပ် ရှောက်ဖိန်းနန် သိပ်ပြီး ဂုဏ်ယူပါတယ်ကွာ လောင်စန်းနိုင်ငံတော်က မင်းတို့အားလုံးရဲ့ စွမ်းဆောင်မှုအတွက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်"
ဤစကားက ရှောက်ဖိန်းနန်အနေနှင့် ကျောင်းသားများအား အမှန်တကယ် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။
သို့သော် ကျေးဇူးတရားဟူသည် ကျေးဇူးတရားမျှသာ ဖြစ်သည်။ တာဝန်ဝတ္တရားအရ စစ်ဆေးခြင်းကိုတော့ မဖြစ်မနေ လုပ်ဆောင်ရပေအုံးမည်။
ထိုအခါ ကျောင်းသားတိုင်းသည် ၎င်းတို့၏ လက်စွပ်အသီးသီးအတွင်းရှိ အရင်းအမြစ်အားလုံးကို ထုတ်ကာ ရှောက်ဖိန်းနန်အား ပြသကြရ၏။ မည်သည့်အရာကိုမှ ထိန်ချန်ထား၍ မရပေ။ နောက်ဆုံးတွင်တော့ ကျောင်းသားတိုင်းသည် အပျက်အစီးသိုက်အတွင်း သူတို့၏ လုပ်ဆောင်ချက်အသီးသီးကို ရှောက်ဖိန်းနန်၏ လက်အောက်ရှိ အရာရှိများအား ခရေစေ့တွင်းကျ ပြောပြကြရ၏။
ဤအခြေအနေတွင် ဝိညာဉ်ကျောက်ပြားသည်လည်း ဖုံးကွယ်၍ မရသော ပစ္စည်းတခု ဖြစ်လာ၏။
ကြီးမားလှသော ရွက်ဖျင်တဲကြီးတလုံး၏ အတွင်းတွင်တော့ အရာရှိတယောက်က စုချန်းအား စစ်ဆေးလျက်ရှိသည်။ သူသည် စုချန်း ပြောပြနေသမျှ အကြောင်းအရာများအား ဂရုတစိုက်နှင့် လိုက်လံမှတ်သားလျက်ရှိ၏။
ထိုအရာရှိ၏ ပုံစံမှာ ဖော်ရွေလှပေရာ စုချန်းအဖို့ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်စရာမရှိပေ။
ဝိညာဉ်ကျောက်ပြား ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ကိစ္စများကို တိတိကျကျ မေးမြန်းပြီးနောက် အရာရှိက ခင်မင်ရင်းနှီးဟန်ဖြင့် ပြောလိုက်သည်။
"ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျုပ်အနေနဲ့ တိတိကျကျ ရေးမှတ်ထားပြီးပြီ မင်းရဲ့ သက်သေခံချက်နဲ့ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး ပြောစရာတော့မရှိဘူး ဒါပေမဲ့ ဝိညာဉ်ကျောက်ပြားကတော့ ပိုင်ရှင်သတ်မှတ်ထားပြီးပေမဲ့ အကြီးအကဲတွေ မစစ်ဆေးရသေးခင်အထိ ကျုပ်တို့နဲ့အတူ ရှိနေဖို့လိုလိမ့်မယ်"
စုချန်း တွန့်ဆုတ်ဆုတ်ဖြစ်သွား၏။
သူသည် ဝိညာဉ်ကျောက်ပြားအကြောင်းကို အရာရှိအား ပြောပြစဉ်က ပိတ်လော့၏ တန်ဖိုးကို လျှော့ပေါ့ပြောဆိုခဲ့၏။ အရာရှိအနေနှင့် ဝိညာဉ်ကျောက်ပြားထဲတွင် အာကင်နာပညာရှင်တယောက် ပါမှန်းသိသော်လည်း အာကင်နာတိုင်းပြည်ကြီး တည်ထောင်ခဲ့ပြီး စိတ်လှည့်စားခြင်း နည်းစနစ်များကို ပြုလုပ်နိုင်သည့် ရှေးဦးတီထွင် အာကင်နာပညာရှင်မှန်းတော့ သိသည်မဟုတ်။ ထို့ကြောင့် အရာရှိကိုယ်တိုင်လည်း ဝိညာဉ်ကျောက်ပြား၏
တန်ဖိုးကို လျှော့ပေါ့တွက်ချက်နေခဲ့သည်ကတော့ အမှန်ပင်။
ထိုအခိုက်မှာပင် အသံတသံ ထွက်ပေါ်လာ၏။
"ဝိညာဉ်ကျောက်ပြားက ပိုင်ရှင်လည်း သတ်မှတ်ပြီးပြီ တန်ဖိုးလည်းရှိဟန်မပေါ်ပါဘူး ဒီတော့ သူ့ကိုသာ ပြန်ပေးလိုက်ပါ အကြီးအကဲတွေကို နောက်ပိုင်းကျတော့ ကျုပ် ရှင်းပြလိုက်မယ်"
အသံရှင်မှာ ရှောက်ဖိန်းနန် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှောက်"
စုချန်းက မတ်တပ်ရပ်ကာ ပြောလိုက်သည်။