အရည်အချင်းပေါ်မူတည်၍ ဆုချခြင်း
Vol. 34 Ch. 337
ထိုနေ့ညနေခင်းမှာပင် လူသားတပ်ဖွဲ့များသည် စုချန်းနှင့် တခြားလူများ၏နာမည်ကို အော်ဟစ်ရွတ်ဆိုကြကာ အကြီးအကျယ် အောင်ပွဲခံကြ၏။
အရာရှိများနှင့် စစ်သားများသည် အဖျော်ယမကာများအား ကျောင်းသားတို့ကို အလှည့်ကျတိုက်ကျွေးကြ၏။ ပုံမှန်အားဖြင့် သူတို့သည် မူလချီစွမ်းအားပညာရှင်များ ဖြစ်ကြလေရာ အရက်၏ စွမ်းအားကို ပယ်ဖျက်ပေးနိုင်၏။ သို့သော် ဤတကြိမ်တွင်တော့ စစ်သားများသည် အရက်နှင့်အတူ ဝိညာဉ်ဆေးဝါးများကိုပါ ရောစပ်ထားလေရာ စုချန်းပင်လျင် အတော်လေးမူးသွားတော့သည်။
စုချန်းအဖို့ ယခုအကြိမ်သည် ဒုတိယမ္ပိ အရက်ကိုမူးအောင် သောက်မိခြင်း ဖြစ်သည်။ နောက်ဆုံးတကြိမ် သောက်မိတုန်းကတော့ စုချန်းတယောက် ခေါင်းကိုက်ကာ နိုးထလာခဲ့၏။
မိမိ၏ ရွက်ဖျင်တဲဆီသို့ ပြန်လာရာ လမ်းတလျှောက်တွင် စစ်သားများ၏ မာန်သွင်းအော်ဟစ်သံများ၊ ကြွေးကြော်သံများကို စုချန်း ကြားလိုက်ရ၏။
ထိုအခါ စုချန်းက စစ်သားများအား စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်မိ၏။ စစ်သားတိုင်းလိုလိုသည် ရုပ်ပိုင်းဆိုင်ရာအရ အလွန်ပင် သန်မာတောင့်တင်းကြောင်း စုချန်း တွေ့နေရသည်။ ၎င်းတို့အားလုံးသည် သံမဏိကိုယ်ထည်နယ်ပယ်ကို ထိပ်ဆုံးအလွှာထိ ပေါက်ရောက်အောင်မြင်ထားကြသူများပင် ဖြစ်သည်။
စစ်သားများအား အဆင့်ခွဲထားကြောင်းလည်း စုချန်း သတိပြုမိပြန်၏။ သံမဏိကိုယ်ထည် နယ်ပင်တွင် ရှိနေသူများ အားလုံးသည် သာမာန်စစ်သားများသာ ဖြစ်ကြပြီး မူလချီစွမ်းအားပညာရှင်အဆင့်ရှိ စစ်သားများကတော့ အောက်ထစ်အနေနှင့် အရာရှိငယ်များအဖြစ် သတ်မှတ်ပေးထားကြောင်း စုချန်း ထပ်မံ တွေ့ရှိရပြန်သည်။
တပ်ရင်း၏ စစ်သားတဦးချင်းစီတိုင်းသည် သံမဏိကိုယ်ထည် အမြင့်ဆုံးအလွှာတွင် ရှိနေသဖြင့် ဤတပ်ရင်း၏ အင်အားမှာ အတော်ပင် အားကောင်းကြောင်း သိသာနေ၏။ ဤစစ်သားများနှင့်သာ ရင်ဆိုင်တွေ့ပါက စုချန်းအနေနှင့် တကြိမ်လျင် အယောက်၁၀၀ခန့်တော့ မည်သည့်ပြသနာမှမရှိပဲ ရှင်းလင်းနိုင်ဖွယ်ရာ ရှိသည်။ သို့သော် တကယ်တမ်းကျတော့ ထိုစွမ်းဆောင်ရည်မျိုး ပြုလုပ်နိုင်ရန် စုချန်းကိုယ်တိုင်ပင် ယုံကြည်မှုမရှိပဲ ဖြစ်နေ၏။
"အိုး သခင်လေးစုပါလား ကျုပ်ရဲ့ စစ်သားတွေကိုကြည့်ပြီး ဘာတွေများ စဉ်းစားနေတာလဲ"
ရှောက်ဖိန်းနန်က စုချန်းဘက်သို့ လျှောက်လာရင်း ပြောလိုက်သည်။
စုချန်းက ခေတ္တစဉ်းစားဟန်ပြုရင်း ဖြေလိုက်သည်။
"ဖွဲ့စည်းထားပုံကလည်း အင်မတန် စနစ်ကျပါပေတယ် သတ္တိအရာမှာလည်း ပြောစရာမရှိဘူး ကြည့်ရတာ ဒီစစ်သားတွေဟာ အောင်ပွဲအလီလီရထားတဲ့ ထိပ်တန်းစစ်သားတွေပဲ ဖြစ်ရမယ်"
မြှောက်ပင့်ပြောဆိုခြင်းဟူသည် အမြဲတမ်းလိုလို အလုပ်ဖြစ်သော နည်းလမ်းပင်။ စုချန်း၏ စကားကြောင့် ရှောက်ဖိန်းနန်က ခေါင်းမော့ကာ ဝမ်းသာအားရနှင့် ရယ်မောလိုက်သည်။
"စကားပြောကောင်းတယ် တကယ်တော့ ဒီနေရာမှာရှိတဲ့ စစ်သားတိုင်းဟာ ဝါရင့်စစ်သားတွေချည်းပဲကွ ရွှေရောင်မြစ်ခံတပ်ဟာ သတ်ဖြတ်သူတွေကို ခုခံဖို့ ပထမခံစစ်စည်းဆိုတော့ ကျုပ်တို့က ပေါ့ပေါ့တန်တန် သဘောမထားရဲဘူးလေ သူတို့ဟာ မင်းတို့ ပါရမီရှင်တွေလို အစွမ်းမထက်ဘူး ညဏ်မကောင်းကြဘူး ဒါပေမဲ့ သူတို့အားလုံးရဲ့ စုပေါင်းအင်အားကတော့ လျှော့တွက်လို့မရဘူးကွ တခုတော့ရှိတာပေါ့ကွာ....."
ရှောက်ဖိန်းနန်သည် ပြောရင်းဆိုရင်းနှင်ပင် ရုတ်တရက် ခေါင်းစဉ်ကို ပြောင်းလဲလိုက်၏။
"စစ်သားကောင်းတွေအတွက် သူတို့ကို အမိန့်ပေးဖို့ အရာရှိကောင်းတွေ လိုတယ်ကွ ကျုပ်ရဲ့ ရွှေရောင်မြစ်ခံတပ်မှာ စစ်သားကောင်း မရှားဘူး ဒါပေမဲ့ ကာယ ညာဏနဲ့ ပြည့်စုံတဲ့ အရာရှိကောင်းတွေတော့ အတော်ကို ရှားတယ် ဒီတော့ မင်းဘယ်လိုထင်သလဲ ကောင်းကင်ဘုံရဲ့ မြူခိုးတပ်မတော်ကြီးနဲ့ ပူးပေါင်းဖို့ စိတ်မဝင်စားဘူးလား"
နောက်ဆုံးတော့ ရှောက်ဖိန်းနန်တယောက် သူ့ကို စည်းရုံးရေးဆင်းနေမှန်း စုချန်း သဘောပေါက်လိုက်၏။
တကယ်တော့ ရှောက်ဖိန်းနန် သူကို စည်းရုံးနေသည်မှာလည်း သိပ်တော့ ဆန်းသည်ဟုမဆိုသာ။ နဂါးကျောင်းတော်မှ ဆင်းလာသူများသည် သူတို့နှင့် သက်တူရွယ်တူများကြားတွင် အထက်တန်းလွှာများအဖြစ် သတ်မှတ်ခံရမည်မှာ သေချာနေ၏။ ယခု ခရီးစဉ်တွင် ပါဝင်ခဲ့သူများကတော့ အထက်တန်းလွှာများထဲတွင်မှ ပို၍ အထက်တန်းကျသူများအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဘုံ၏ မြူခိုးတပ်မတော်အနေနှင့် ထိုသို့ ပါရမီရှင်လူငယ်များကို စည်းရုံးသိမ်းသွင်းလိုစိတ်ရှိသည်မှာ သာမာန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ရှောက်ဖိန်းနန်အနေနှင့် ကျောင်းသားလူငယ်များကို စည်းရုံးသိမ်းသွင်းရာတွင် အကြပ်ကိုင် သိမ်းသွင်းသည့် သဘောမျိုးတော့မဟုတ်ချေ။ ဝင်လိုစိတ်ရှိလျင် သူ့တပ်မတော်အတွင်း ဝင်ရောက်စစ်မှုထမ်းနိုင်သည် ဟူသော သဘောသက်သက်မျှသာ ဖြစ်သည်။ ထို့ပြင် စုချန်းဟူသည်ကလည်း အပျက်အစီးသိုက်အတွင်း အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည် ဖြစ်လေရာ ရှောက်ဖိန်းနန်က လမ်းကြုံတုန်း စည်းရုံးရေးဆင်းလိုက်ခြင်းပင်။
ရှောက်ဖိန်းနန်၏ ဆိုလိုရင်းကို နားလည်လိုက်၍ စုချန်းက ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။
"ကျုပ်အနေနဲ့ ဗိုလ်ချုပ်ရှောက်ရဲ့ စေတနာကို စော်ကားမိသလိုဖြစ်မှာ စိတ်ပူမိ......"
"ဒီလောက်လည်း အလျင်စလို မငြင်းပါနဲ့အုံးကွ"
ရှောက်ဖိန်းနန်က စကားဖြတ်ပြောလိုက်၏။
"မင်းသာ ကျုပ်တို့ဆီ လာပူးပေါင်းမယ်ဆိုရင် မင်းကို ကျုပ်က စစ်သား ၃၀၀ကို အုပ်ချုပ်ရတဲ့ နေရာမှာ ခန့်ထားလိုက်မယ်"
ရှောက်ဖိန်းနန် ဆိုလိုသည်မှာ စုချန်းအား အလယ်အလတ်အဆင့် အရာရှိအဖြစ် ခန့်အပ်မည်ဟု ဆိုလိုလိုက်ခြင်းပင်။ စုချန်းသည် သွေးဆူပွက်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးပြီး အုပ်ချုပ်ရေးအတွေ့အကြုံ လုံးဝမရှိပေ။ ဤအနေအထားတွင် သူ့အား စစ်သား၃၀၀ကို အုပ်ချုပ်ခိုင်းခြင်းမှာ စည်းမျဉ်းနှင့် ဆန့်ကျင်နေ၏။ ရှောက်ဖိန်းနန်အနေနှင့် စုချန်းကို မည်မျှ တန်ဖိုးထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
သို့တိုင်အောင် စုချန်းက ခေါင်းကိုသာ တွင်တွင်ခါနေ၏။
"တောင်းပန်ပါတယ်ဗျာ ကျုပ်ရဲ့ ရည်မှန်းချက်က ဒီနေရာမှာ မရှိပါဘူး"
ထိုအခါ ရှောက်ဖိန်းနန်က သက်ပြင်းချရင်း ပြောလိုက်သည်။
"စိတ်မပါဘူးဆိုရင်လည်း ကျုပ်ပြောတာ မေ့လိုက်ပေတော့ မင်းဟာ ပါရမီရှိတယ် ဒီတော့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်လာမှာလည်း သေချာနေတယ် ခုပဲ အကြီးအကဲတွေက ဆုံးဖြတ်ပေးလိုက်တယ် မင်းအနေနဲ့ ဝိညာဉ်ကျောက်ပြားကို ဆုလဘ်အဖြစ် ပိုင်ဆိုင်ခွင့်ရှိသွားပြီ ဒါကို မင်းရဲ့ စွမ်းဆောင်ရည်ရမှတ်တွေထဲက ပြန်ပြီး ဖြတ်တောက်လိုက်လိမ့်မယ်"
ရှောက်ဖိန်းနန်၏ စကားကြောင့် စုချန်း၏နှလုံးသားမှာ ဆတ်ခနဲ တုန်ခါသွား၏။ သူက အထိတ်တလန့်နှင့် ပြန်မေးလိုက်သည်။
"ဒါဆိုရင် ကျုပ်အနေနဲ့ တခြား ဘာဆုလာဘ်မှ မရတော့ဘူးပေါ့ ဟုတ်လား"
ရှောက်ဖိန်းနန် ရယ်မောလိုက်၏။
"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲကွ မင်းအနေနဲ့ လောင်စန်းနိုင်ငံတော်အတွက် ဒီလောက်တောင် စွမ်းဆောင်ပေးခဲ့တာပဲ ဒီလိုသာ မတော်မတရား ဆက်ဆံလိုက်ရင် လူတိုင်းက ကျုပ်တို့ကို မုန်းတီးကုန်ကြမှာပေါ့ စိတ်မပူပါနဲ့ ရမှတ်နည်းနည်းပါးပါးလောက်ပဲ ဖြတ်တောက်မဲ့ သဘောပါ"
အမှန်တကယ်လည်း နဂါးကျောင်းတော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် စုချန်းကို ခရီးစဉ်တလျှောက် စွမ်းဆောင်ရည်အမြင့်ဆုံးဟု အကြီးအကဲများက သတ်မှတ်လိုက်ကြောင်း အကြောင်းကြားလာ၏။ ထိုအတွက် စုချန်းသည် အဆင့်၂ သူရဲကောင်းတံဆိပ် ချီးမြှင့်ခြင်း ခံရလေသည်။ ထိုတံဆိပ်မှာ ကျောင်းသားအားလုံးအနက် စုချန်း တယောက်တည်းသာ ရရှိခြင်း ဖြစ်သည်။ ကျန်ကျောင်းသားများမှာကား အဆင့်၃ သူရဲကောင်းတံဆိပ် ချီးမြှင့်ခြင်း ခံရ၏။ ထို့ပြင် စုချန်းအနေနှင့် ဧကရာဇ်၏ ရတနာသိုလှောင်ခန်းမှ ကြိုက်နှစ်သက်ရာ ရတနာပစ္စည်းသုံးမျိုးကို ယူငင်ခွင့် ရရှိခဲ့၏။ ဝိညာဉ်ကျောက်ပြားကိုကား ထိုပစ္စည်းသုံးမျိုးထဲမှ တမျိုးုဟု သတ်မှတ်လိုက်လေသည်။ ဆိုလိုသည်မှာ စုချန်းသည် ရတနာသိုလှောင်ခန်းထဲမှာ နောက်ထပ် ရတနာပစ္စည်းနှစ်မျိုးကို ယူဆောင်ခွင့်ရှိသေးသည်ဟူသော အဓိပ္ပါယ်ပင်။ ထိုမျှသာမကသေး အပျက်အစီးသိုက်အတွင်းမှ သိမ်းဆည်းလာခဲ့သော စာအုပ်ပေါင်းများစွာ၏ မိတ္တူများကိုလည်း စုချန်းအနေနှင့် ပိုင်ဆိုင်ခွင့်ရရှိခဲ့သေးလေသည်။
အကြီးအကဲများကား ရက်ရောလှပေ၏။
ထိုကနေ့မှာပင် ရတနာသိုလှောင်ခန်းသို့ စုချန်းအား ခေါ်ဆောင်သွားရန် တရားရေးအရာရှိတယောက် ရောက်လာ၏။
ရတနာသိုလှောင်ခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် မရေမတွက်နိုင်သည့် မူလကိရိယာများ၊ အဖိုးထိုက်ဆေးပင်များ စသည်စသည်တို့က စုချန်းအား ဆီးကြိုနှုတ်ဆက်လျက်ရှိသည်။ ပစ္စည်းတိုင်းလိုလိုသည် အလွန်ပင် အရည်အသွေးကောင်းမွန်ကြောင်း စုချန်း တွေ့လိုက်ရ၏။
ထိုအခါ စုချန်းအား ဦးဆောင်ခေါ်ယူလာသည့် အဖိုးကြီးက စကားစလိုက်သည်။
"ဒါဟာ အင်ပါယာနန်းတော်ကြီးရဲ့ ရတနာသိုလှောင်ရေးခန်းမပဲ မင်းသားလေးစု ဒီထဲက ကြိုက်နှစ်သက်ရာ ပစ္စည်းနှစ်မျိုးကို မင်းသားလေးစု ယူခွင့်ရှိတယ် ယူချင်တဲ့ ပစ္စည်းများ တွေ့ပြီဆိုရင် ကျုပ်ကို အသိပေးပါ"
"ကျေးဇူးတင်ပါတယ် ကျုပ်အနေနဲ့ မူလစွမ်းအင်ကို သိပ်သည်းစေတဲ့ နည်းစနစ်ကို ပထမဆုံး ရွေးချယ်ချင်တယ်"
စုချန်းက ပြန်ပြောလိုက်၏။ ထိုအခါ အဖိုးကြီးက စုချန်းအား ကျင့်ကြံခြင်းနည်းစနစ်များ သိုလှောင်ခန်းသို့ လမ်းပြခေါ်ဆောင်သွား၏။ အမှန်တကယ်လည်း စုချန်း လိုချင်သည့် နည်းစနစ်ဖြစ်သော ရွှေရောင်အနုလက်ရာကျမ်းစာ နည်းစနစ်မှာ ထိုအခန်းထဲတွင် ရှိနေ၏။
ထိုနည်းစနစ်၏ တန်ဖိုးမှာ အလွန်ပင် မြင့်မားလှ၍ ရတနာတန်းဝင်သည်ဟု သတ်မှတ်ကာ ရတနာသိုလှောင်ခန်းထဲတွင် နေရာချထားကြောင်း စုချန်း နဂိုကတည်းက ကြိုသိထားပြီး ဖြစ်သည်။ ယခု ဤနည်းစနစ်ကို စုချန်း ယူငင်လိုက်၍ ဧကရာဇ်မိသားစုဝင်များအနေနှင့် နောင်အခါတွင် ရွှေရောင်အနုလက် ာကျမ်းစာကို ကျင့်ကြံနိုင်တော့မည်မဟုတ်။
နောက်ဆုံးတော့ ရှီကိုင်းဟွမ် သူ့အပေါ် ပေးအပ်ထားသော တာဝန်ကို စုချန်း ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့လေပြီ။ ထိုအခါ စုချန်း၏ စိတ်မှာ အလွန်ပင် လွတ်လပ်ပေါ့ပါးသွား၏။ သူသည် သူနှင့် ကိုက်ညီမည့် ရတနာပစ္စည်းကို စိတ်အေးလက်အေးနှင့် ရှာဖွေနေလိုက်လေသည်။
အချိန်မှာ နာရီဝက်ခန့် ရှိလေပြီ။ ရတနာသိုလှောင်ခန်းတခုလုံး နှံ့သွားပြီဖြစ်သော်လည်း ယခုတိုင် သူနှင့် သင့်တော်မည့်ပစ္စည်းကို စုချန်း ရှာမတွေ့သေး။
ထိုအခါ အဖိုးကြီးက မေးလိုက်သည်။
"ဒီအထဲမှာ ရတနာတွေ အများကြီးပဲ ဒါပေမဲ့ မင်းသားလေးစုရဲ့ အမြင်မှာ ဒါတွေက တန်ဖိုးမရှိဘူးနဲ့ တူတယ်"
စုချန်း ရယ်မောလိုက်၏။
"ဆရာကြီးအနေနဲ့ ကျုပ်ကို နားလည်မှုလွဲနေပြီနဲ့ တူတယ် ကျုပ်မှာ ထူးခြားတဲ့ အမြင်တမျိုးရှိတယ် အဲဒါကတော့ ငွေနဲ့ ဝယ်လို့ရတဲ့ ပစ္စည်းမှန်သမျှ ကျုပ်အတွက် အချိန်ဖြုန်းရလောက်အောင် မထိုက်တန်ဘူးဆိုတဲ့ အမြင်ပဲ ငွေနဲ့ပေးဝယ်လို့မရတဲ့ ပစ္စည်းကမှ တကယ့် ရတနာလို့ ကျုပ်ကထင်တာ ဒီထဲမှာ ရတနာတွေ အများကြီးရှိနေတာတော့ ဟုတ်ပါရဲ့ အားလုံးက တန်ကြေးသတ်မှတ်ချက်တွေနဲ့ဆိုတော့ ကျုပ်အဖို့ သိပ်ပြီး စိတ်လှုပ်ရှားစရာတောင် မရှိဘူး ဖြစ်နေတယ်"
ထိုစကားကို ကြားလိုက်သည်နှင့် အဖိုးကြီးက ရယ်မောလိုက်၏။
"မင်းသားလေးစုက လိမ္မာပါးနပ်ပါပေတယ် ကြည့်ရတာ မင်းသားလေးဟာ ဘယ်အရာနဲ့မှ မတူတဲ့ ရတနာမျိုးကို ရှာနေတာထင်တယ် ဒီအခန်းထဲမှာ ဒီလိုရတနာတွေ ရှိပါတယ် တခုရှိတာက ဒါကို မင်းသားလေးစုအနေနဲ့ အသုံးပြုနိုင်ပါ့မလားဆိုတာပဲ"
"အိုး"
စုချန်း စိတ်ဝင်စားသွားဟန်ဖြင့် အာမေဋိတ်သံ ပြုလိုက်၏။
"ကြည့်ပြီးမှပဲ ဆုံးဖြတ်ပါရစေလားဗျာ"
"ကောင်းပါပြီ မင်းသားလေးစု ကျုပ်နောက်က လိုက်ခဲ့ပါ"
ပြောပြောဆိုဆိုပင် အဖိုးကြီးသည် စုချန်းအား အခန်း၏ ထောင့်တထောင့်သို့ ဦးဆောင်ခေါ်ယူသွား၏။ ထိုနေရာတွင်ကား ဘာမှ ထူးခြားဟန်မရှိသော မီးခိုးရောင် ကျောက်တုံးပုံကြီး ရှိနေလေသည်။
အဖိုးအိုက ကျောက်တုံးတတုံးကို ကောက်ယူရင်း ပြောလိုက်သည်။
"ဒီကျောက်တုံးတွေဟာ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာတွေပဲ သူတို့မှာ ထူးခြားတဲ့ စွမ်းအင်တမျိုး ရှိနေတယ် အဲဒါက ဘာလဲဆိုတော့ တစုံတယောက်ရဲ့ မူလစွမ်းအင်ကို ဆူပွက်လာစေနိုင်တာပဲ"
"တစုံတယောက်ရဲ့ မူလစွမ်းအင်ကို ဆူပွက်လာစေနိုင်တယ် ဟုတ်လား"
စုချန်း အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
အဖိုးအို၏ စကားအရ အနှီကျောက်တုံးများသည် မူလစွမ်းအင်ကို ဆူပွက်လာစေနိုင်သည် ဆိုပါက မူလစွမ်းအင် အတက်အကျများ ဆက်တိုက်ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် မူလစွမ်းအင်ကို သိပ်သည်းလာစေနိုင်သည် မဟုတ်ပါလား။
သို့သော် ဤနည်းလမ်းသည် မူလစွမ်းရည်ကို အထူးတလည် မြင့်မားလာစေနိုင်သော်လည်း တိုးပွားလာသော မူလစွမ်းအင်ကိုတော့ ထိန်းချုပ်ရန် ခက်ခဲစေနိုင်သော ပြသနာ ရှိနေ၏။
တကယ်တော့ သိုလှောင်ခန်းအတွင်းရှိ ကျောက်တုံးများသည် လောင်စန်းနိင်ငံ၏ လက်ရှိ ဧကရာဇ် လင်မင်းချီ နန်းမတက်မီ တခြားနယ်ပယ်များသို့ ခရီးထွက်ရာတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်တုံးများသည် မူလစွမ်းအင်ကို ဆူပွက်စေနိုင်သဖြင့် မူလစွမ်းရည်ကို ပို၍ အကျိူးရှိအောင် အသုံးချနိုင်ကြောင်း လင်မင်းချီက တွေးမိသဖြင့် ထိုကျောက်တုံးများကို ယူဆောင်လာခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ကျောက်တုံးများကြောင့် ဖြစ်ပေါ်လာသော မူလစွမ်းအင်တိုးပွားမှုသည် ကစဉ့်ကလျားနိုင်လှပြီး ထိန်းချုပ်ရန်ခက်ခဲကြောင်း နောက်ဆုံးတော့ လင်မင်းချီ သဘောပေါက်လာခဲ့၏။ ဤကျောက်တုံးများကို အသုံးပြုနိုင်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း မည်သို့မျှ ထူးခြားမလာ၍ အနှီ ကျောက်တုံးများသည် သိုလှောင်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။
လင်မင်းချီသည် ဤကျောက်တုံးများကို တခြားနယ်ပယ်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်လေရာ မူလကမ္ဘာတွင် ဤကျောက်တုံးများနှင့် တူညီသောအရာဟူ၍ မရှိ။ ထို့ကြောင့် ဈေးနှုန်းဟူ၍လည်း မသတ်မှတ်နိုင်ခဲ့ချေ။ တနည်းအားဖြင့် ဤကျောက်တုံးများနှင့် အစားထိုးနိုင်သော အရာဟူ၍ မရှိချေ။ အနှိုင်းမဲ့ ကျောက်တုံးများပေတည်း။