← Chapters

မူလပစ္စည်း

Vol. 34 Ch. 338

မူလပစ္စည်း

Vol. 34 Ch. 338

"ဘာ...ဘာ....မင်းက ဘာမှသုံးစားမရတဲ့ ကျောက်တုံးတွေကို ရတနာလို့သတ်မှတ်ပြီး ယူလာခဲ့တယ် ဟုတ်လား"

ဝမ်တောက်ရှန်း အံ့သြတကြီးနှင် မျက်လုံးပြူးမျက်ဆန်ပြူးကာ အော်ဟစ်လိုက်သည်။

သူတို့နှစ်ယောက်လုံးမှာ မူလစွမ်းအင်မျှော်စင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တကယ်တော့ စုချန်း၏ ရွေးချယ်မှုကို ဝမ်တောက်ရှန်းအနေနှင့် ဘာမှပြောပိုင်ခွင့်မရှိ။ သို့သော် ဤမျှ ပင်ပင်ပန်းပန်း အလုပ်လုပ်လာပြီးမှ ဆုအဖြစ် ချီးမြှင့်ခံရသည့် ရတနာပစ္စည်းသုံးမျိုးအပေါ် စုချန်း၏ ရွေးချယ်ပုံကို သူ အံ့သြနေသည်ကတော့ အမှန်ပင်။

သို့တိုင်အောင် ဝိညာဉ်ကျောက်ပြားသည်လည်းကောင်း၊ ရွှေရောင်အနုလက်ရာကျမ်းစာသည်လည်းကောင်း စုချန်း၏ အင်အားကို တိုးပွားလာစေမည်ဖြစ်ရာ ထိုပစ္စည်းနှစ်မျိုးကို စုချန်း ရွေးချယ်လိုက်သည်ကို ဝမ်တောက်ရှန်းအနေနှင့် နားလည်ပေးနိုင်သေးသည်။ နောက်ဆုံး ရတနာပစ္စည်းအဖြစ် အသုံးမဝင်သော ကျောက်တုံးများကိုသာ ရွေးချယ်လာသည်ကိုတော့ ဝမ်တောက်ရှန်း အတော်ပင် အံ့သြနေခဲ့၏။

ဝမ်တောက်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ ကြီးကြီးမားမား အောင်ပွဲတခု ရထားသည့်ပမာ စုချန်း၏ မျက်နှာပေါ်တွင် ထူးခြားသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ခင်ဗျား သိလား တခြားလူတွေက အမှိုက်လို့ သဘောထားတဲ့ အရာတွေကိုမှ ကျုပ်က ရတနာအဖြစ် သဘောထားတယ်ဗျ"

ဝိညာဉ်ကျောက်ပြားအတွင်းတွင် ရှိနေသည့် ပိတ်လော့သည် သူ့ခေတ်သူ့အခါက အာကင်နာပညာရှင်ကြီးတဦး ဖြစ်သည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ရှေးဟောင်းအာကင်နာနည်းစနစ်များသည် လူအများ၏ လစ်လျုရှုခြင်း ခံခဲ့ရသော်လည်း အာကင်နာများ၏ အသိပညာနှင့် ကမ္ဘာကြီးအပေါ် နားလည်နိုင်စွမ်းကတော့ အမြဲတမ်းလိုလို ထိပ်တန်းတွင် ရှိနေခဲ့၏။ ထို့ကြောင့် ပိတ်လော့သည် စုချန်းအတွက်တော့ တန်ဖိုးကြီးမားသော ရတနာတပါးပင်။

ရွှေရောင်အနုလက်ရာကျမ်းစာသည်လည်း ထိုအတိုင်းပင်။ သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ရန် မရှိမဖြစ် လိုအပ်သော နည်းစနစ် ဖြစ်နေ၍ တန်ဖိုးကြီး၏။

ပစ္စည်းတိုင်းလိုလိုတွင် ၎င်းတို့၏ အပေါ်ယံတန်ဖိုးနှင့် ဆုံးဖြတ်၍ မရနိုင်သော သီးခြားတန်ဖိုးများကိုယ်စီ ရှိနေကြသည်ဟု ဆိုနိုင်၏။

သို့သော်ငြားလည်း စုချန်း အားရအကျေနပ်ဆုံး ပစ္စည်းကတော့ ဝမ်တောက်ရှန်း ရည်ညွှန်းပြောဆိုနေသည့် ကျောက်တုံးများပင် ဖြစ်သည်။

ရတနာသိုလှောင်ခန်းထဲတွင် ရှိနေစဉ်က စုချန်းသည် ထိုကျောက်တုံးများကို သူ၏ ထူးခြားသော အမြင်အာရုံနှင့် စစ်ဆေးကြည့်ခဲ့၏။ ထို့ကြောင့် ထိုကျောက်တုံးများထဲတွင် တမူထူးခြားသော မူလပစ္စည်း ဆယ်မျိုးထက်မက ပါဝင်နေကြောင်း စုချန်းက တွေ့ရှိထားပြီး ဖြစ်သည်။

သဘာဝအတိုင်း တည်ရှိနေသည့် ကျောက်တုံးများထဲတွင် ဤမျှများပြားသော မူလပစ္စည်းများ ရှိနေသည်မှာ အလွန်ထူးခြားနေ၏။ အဘယ်ကြောင့် ထိုသို့ ဖြစ်နေရမှန်း စုချန်း နားမလည်နိုင်။ သို့သော် မူလပစ္စည်းများကို တွေ့လိုက်သည်နှင့် ထိုကျောက်တုံးများကို ရတနာအဖြစ် ရွေးချယ်ရန် စုချန်းက ဆုံးဖြတ်ထားပြီး ဖြစ်သည်။

စုချန်းအနေနှင့် သွေးဗီဇအများအပြားကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုချိန်ထိ မူလပစ္စည်းနှစ်မျိုးကိုသာ ရှာတွေ့နိုင်ခဲ့သေး၏။ ပျံသန်းနေသောမြွေသွေးဗီဇနှင့် မိုးကြိုးဝိညာဉ်သွေးဗီဇမှ မူလပစ္စည်းများကို ရှာတွေ့နိုင်ခဲ့၍ စုချန်း၏ မြူခိုးကြားထဲမှ မြွေခြေလှမ်း၊ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနှင့် မိုးကြိုးဓားနည်းစနစ်တို့မှာ သွေးဗီဇမပါသူ တယောက် လေ့ကျင့်အောင်မြင်နိုင်သည့် အခြေအနေမှ ကျော်လွန်သွားသည်အထိ တိုးတက်လာခဲ့၏။ ကုန်ကုန်ပြောရလျင် ပေါက်ကွဲနေသော မီးလျံငှက်၏ နောက်ပိုင်း ပုံစံများသည်ပင်လျင် ထိုအုတ်မြစ်အပေါ် အခြေခံ၍ တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုကျောက်တုံးများကို တွေ့ရှိလိုက်ရသည့်အတွက် စုချန်း အလွန်ဝမ်းသာနေခြင်းပင်။ ဤကျောက်တုံးများသည် တခြားလူများအတွက် အမှိုက်ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ စုချန်းအတွက်ကတော့ နတ်ဘုရားအဆင့်မူလကိရိယာနှင့်ပင် မလှဲနိုင်သော ရတနာဖြစ်သည်။

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"အေးပေါ့လေ ဘာပဲပြောပြော ဒါ မင်းရဲ့ အခွင့်အရေးပဲဟာကို ဘယ်ရတနာကို ရွေးတယ်ဆိုတာ မင်းရဲ့ ကိစ္စပဲ ကျုပ်နဲ့ မဆိုင်ဘူး"

ထို့နောက် သူတို့နှစ်ယောက်သည် အတန်ကြာအောင် စကားစမြီ ပြောဆိုနေကြသေး၏။ နောက်ဆုံးတော့ ဝမ်တောက်ရှန်းတယောက် ထွက်ခွာသွားလေသည်။ စုချန်းလည်း ဓာတ်ခွဲခန်းအတွင်းသို့ ဝင်လာခဲ့ပြီး ဝိညာဉ်ကျောက်ပြားကို ဆွဲထုတ်ကာ အမိန့်ပေးလိုက်၏။

"ထွက်လာစမ်း"

စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ပိတ်လော့၏ ဝိညာဉ် ပေါ်ထွက်လာပြီး စုချန်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်၏။

"အမိန့်ရှိပါ သခင်"

စုချန်းက သူ့ရှေ့တွင် ထိုင်နေရင်း ပြောလိုက်သည်။

"ပြီးခဲ့တဲ့ နှစ်ရက်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား မြင်တွေ့ခဲ့ပြီးပြီ ကျုပ်ဟာ ကျုပ်ရထားတဲ့ အခွင့်အရေးကို ခင်ဗျားအတွက် အသုံးပြုခဲ့ရတယ် ဒီဆုံးဖြတ်ချက်ကို နောင်တရအောင် ခင်ဗျား မလုပ်ဘူးလို့ ကျုပ် မျှော်လင့်တယ်"

ပိတ်လော့က ကပျာကသီ ပြန်ပြောလိုက်၏။

"နောင်တမရစေရဘူး သခင် ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးနဲ့ ထိုက်တန်ကြောင်း ကျုပ် သက်သေပြမှာပါ"

"သိပ်ကောင်းတယ် ခုချိန်ကစပြီး ခင်ဗျားဟာ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သွားပြီး ဒီတော့ မျက်နှာပြင်တခုကို ဖြတ်ပြီး အရာဝတ္တုတခုရဲ့ ပြောင်းပြန်ပျံ့နှံ့ခြင်းကို ခင်ဗျား ဘယ်လိုသဘောရသလဲ ပြောစမ်းပါအုံး"

စုချန်း၏ မေးခွန်းမှာ ပိတ်လော့အတွက် စမ်းသပ်မှုတခုပင် ဖြစ်သည်။ ဤမေးခွန်းကိုလည်း ပိတ်လော့က မြန်မြန်ဆန်ဆန်ပင် အဖြေပြန်ပေးလိုက်၏။

"ပြောင်းပြန်ပျံ့နှံ့ခြင်းမှာ အရေးကြီးတဲ့ အခြေခံအကြောင်းတရား သုံးချက်ရှိတယ် အဲဒါတွေကတော့ စိမ့်ဝင်မှု၊ စေးကပ်မှုနှင့် ပေါင်းစည်းမှုတို့ပဲ ဖြစ်တယ် ကျုပ်တို့အနေနဲ့ စိမ့်ဝင်မှုကို ပထမဦးဆုံး စောင့်ကြည့်ဖို့ လိုအပ်တယ်"

စုချန်းသည် ပိတ်လော့၏ စကားကို တလေးတနက်နှင့် နားထောင်နေ၏။

ဤသို့နှင့် အဝါရောင် ဖရောင်းတိုင်မီးရောင်ဖျော့တော့တော့အောက်ဝယ် ဝိညာဉ်တကောင်နှင့် လူငယ်တယောက်သည် သူတို့ သိရှိထားသမျှ ဗဟုသုတ အသိပညာများအား အပြန်အလှန် ဆွေးနွေးနေကြလေသည်။

စုချန်းအတွက်တော့ ပိတ်လော့သည် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတ ဘဏ္ဍာတိုက်ကြီးပေတည်း။

အာကင်နာများသည် အမြဲတမ်းလိုလိုပင် အသိပညာရေသောက်မြစ်ကြီး ဖွံ့ဖြိုးစည်ပင်လာစေရန် အလေးထားတတ်သူများ ဖြစ်ကြကုန်၏။ သူတို့သည် မူလကမ္ဘာကြီးအပေါ် ထူးထူးခြားခြား နားလည်နိုင်သူများလည်း ဖြစ်နေ၏။ ဥပမာအားဖြင့် စုချန်း ရှာဖွေတွေ့ရှိခဲ့သည့် မူလပစ္စည်းများကို ပထမဆုံး ရှာတွေ့ခဲ့သူများမှာလည်း အာကင်နာများပင် ဖြစ်သည်။ သူတို့ကတော့ ၎င်းတို့ကို မူလပစ္စည်းဟု မခေါ်ပဲ ဒြပ်မှုန်များဟု ခေါ်ဆိုကြ၏။ ထိုအမှုန်များသည် မူလစွမ်းအင်၏ အခြေခံအစိတ်အပိုင်းဖြစ်ပြီး အမှုန်းအမျိုးမျိုးရှိသလို မူလစွမ်းရည်သည်လည်း များစွာ ကွဲပြားခြားနားသွားနိုင်ကြောင်း အာကင်နာများ နားလည်ခဲ့ကြ၏။

နတ်ဆိုးသတ္တဝါများသည် အလွန် အင်အားကြီးမားကြ၏။ အကြောင်းမှာ ၎င်းတို့ကိုယ်တွင်းတွင် အဆိုပါ ဒြပ်မှုန် အများအပြားကို စုစည်းထားနိုင်သောကြောင့် ဖြစ်သည်။ သွေးဗီဇပိုင်ရှင် လူသားများ အင်အားကြီးမားလာသည်မှာလည်း ၎င်းသွေးဗီဇနှင့် ကိုက်ညီသည့် ဒြပ်မှုန်များကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအခါ စုချန်းက မေးခွန်းထုတ်လိုက်၏။

"သွေးဗီဇတွေဟာ မျိုးရိုးစဉ်ဆက် အမွေဆက်ခံနိုင်တယ်ဆိုတော့ သတ္တဝါတွေ ကိုယ်နှိုက်ကိုယ်က ဒီဒြပ်မှုန်တွေကို ထုတ်လုပ်နိုင်တယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား"

ပိတ်လော့က ခေါင်းခါပြလိုက်၏။

"ဒြပ်မှုန်ဆိုတာ စကြာဝဠာကြီးမှာ အခြေခံအကျဆုံး ပစ္စည်းပဲ ဘယ်သက်ရှိမှ ဒီအမှုန်တွေကို ကိုယ်တိုင် မထုတ်လုပ်နိုင်ဘူး ဒါပေမဲ့ ဒြပ်မှုန်တွေကို ပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်စွမ်းတော့ ရှိနေတယ် သွေးဗီဇမျိုးရိုးလိုက်တယ်ဆိုတာက ဒီလိုပါ သခင် လူတယောက်ဟာ သွေးဗီဇဆက်ခံလိုက်ရတဲ့အခါမှ လေထဲမှာရှိနေတဲ့ သက်ဆိုင်ရာ ဒြပ်မှုန်တွေကို စုပ်ယူနိုင်တဲ့ စနစ်လေးတခု သူ့ကိုယ်တွင်းမှာ ဖွံ့ဖြိုးလာတဲ့ သဘောပဲ"

စုချန်း နားလည်သွားလေပြီ။

"ဒီတော့ ပါရမီရှင်လို့ သတ်မှတ်နိုင်တဲ့ လူမျိုးတွေမှာ ဒီဒြပ်မှုန်တွေကို စုပ်ယူနိုင်တဲ့ စနစ်က အရမ်းကောင်းမွန်နေတဲ့ သဘောပေါ့ ဟုတ်တယ်မလား ဥပမာ ကျုပ်အနေနဲ့ မီးလျံအမျိုးအစား မူလစွမ်းရည်တမျိုးကို ကျင့်ကြံမယ် ဆိုပါစို့ မီးတောင်တွေ ရှိတဲ့ အရပ်ဒေသမျိုးမှာ လေ့ကျင့်တာ ပိုပြီး သင့်လျော်တာပေါ့ အဲဒီလို နေရာဒေသမျိုးမှာမှ မီးလျံအမျိုးအစား ဒြပ်မှုန်တွေကို ပိုပြီး ပေါကြွယ်ဝနေမယ် ပိုပြီး သိပ်သည်းနေမယ်လေ ကျုပ်အနေနဲ့ မှန်ကန်တဲ့နေရာမှာ မလေ့ကျင့်ခဲ့ဘူးဆိုရင် ဘယ်လောက်ပဲ ပါရမီရှိရှိ အလကားပဲပေါ့ ဒါကြောင့်လည်း တော်ဝင်မျိုးနွယ်စုတွေမှာ သွေးဗီဇနိုးထခြင်းဖြစ်စဉ်ဆိုတာ လိုအပ်နေတာကိုး လက်စသတ်တော့ ဒီဖြစ်စဉ်က သူတို့ရဲ့ ဒြပ်မှုန် စုပ်ယူနိုင်စွမ်းကို နှိုးဆွပေးလိုက်တဲ့ သဘောပေါ့လေ "

"သိပ်မှန်တာပေါ့ သခင် ဒါကြောင့်လည်း လူသားတွေဟာ သွေးဗီဇဆေးဝါးတွေကို ဖော်စပ်ခဲ့ကြတာပေါ့ တနည်းအားဖြင့် ဒီဆေးဝါးတွေဟာ သက်ဆိုင်ရာသွေးဗီဇအတွက် လိုအပ်နေတဲ့ အမှုန်တွေကို ပမာဏများများနဲ့ သောက်သုံးလို့ရအောင် ဖော်စပ်ထားတဲ့ သဘောပဲ ဒါပေမဲ့ ဒီဆေးဝါးတွေက ကိုယ်ခန္ဓာရဲ့ ဒီအမှုန်တွေကို စုပ်ယူနိုင်မဲ့ စွမ်းအင်အပေါ်မှာတော့ ဘာသက်ရောက်မှုမှ မရှိဘူး ဒါကြောင့်လည်း သွေးနှောတွေဟာ အင်အားအရာမှာ မနိမ့်ကျပေမဲ့ မျိုးရိုးစဉ်ဆက် သွေးဗီဇအမွေဆက်ခံနိုင်စွမ်းတော့ မရှိကြဘူးလေ"

"ဒီအတိုင်းဆိုရင် ကျုပ်တို့အနေနဲ့ သွေးဗီဇဆေးဝါးတွေကို ဒီထက်ပိုပြီး တိုးတက်လာအောင် လုပ်နိုင်သေးတာပေါ့"

စုချန်းက တီးတိုးရေရွတ်လိုက်သည်။ သို့သော် ထိုအတွေးမှာ ချက်ချင်းလိုလိုပင် ပြန်လည်ပျောက်ကွယ်သွား၏။ စုချန်း၏ ရည်မှန်းချက်မှာ အင်အားကြီးမားသော သွေးဗီဇတမျိုး ဖန်တီးရန်မဟုတ်။ သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားရန်သာ ဖြစ်သည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဤသုတေသနမျိုးကို ပြုလုပ်ရန် အချိန်မတန်သေး။

ထို့နောက် သူတို့နှစ်ယောက်သည် ဆက်လက်ဆွေးနွေးနေကြလေသည်။

ပိတ်လော့သည် စွန့်ဦးတီထွင် အာကင်နာပညာရှင်ကြီးတဦး ဖြစ်သည်။ သူသည် ဗဟုသုတ အလွန်များ၏။ ပညာအရာတွင် အောက်ခြေခိုင်၏။ သူနှင့် ဆွေးနွေးလိုက်ရ၍ စုချန်းသည် မူလစွမ်းအင်အကြောင်းကို ပိုမို နားလည်လာခဲ့လေသည်။

တကယ်တော့ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်က တစုံတယောက်သည် ဒြပ်မှုန်များထက် ပို၍ အရေးပါသည့် မူလမျိုးစေ့များဟု သူတို့ခေါ်သော ပစ္စည်းတမျိုးနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူး၏။ မူလမျိုးစေ့များဟူသည်မှာ ကွဲပြားခြားနားသော ဒြပ်မှုန်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မူလမျိုးစေ့များသည် အရာအားလုံး၏ ရင်းမြစ်ဟုပင် သူတို့ ယုံကြည်ခဲ့ကြ၏။

သို့သော် အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲသွား၍ မူလမျိုးစေ့များနှင့် ပတ်သက်သည့် သုတေသနမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်းမရှိခဲ့ပေ။ ယုတ်စွအဆုံး ရှေးဟောင်းအာကင်နာစာအုပ်များတွင် အကြမ်းဖျင်း ဖော်ပြထားခြင်းမျိုးသာ ရှိပြီး တိတိကျကျ ရေးသားမှတ်တမ်းတင်ထားခြင်းမျိုးပင် မရှိ။

ထိုအကြောင်းကို ကြားလိုက်သောအခါ စုချန်း အတော်ပင် နောင်တရသွား၏။

အကယ်၍ သူ့မျက်လုံးသာ ယခုထက် ပိုမိုမြင်နိင်စွမ်းရှိခဲ့လျင် အဏုဇီဝကမ္ဘာလောကကြီး၏ များပြားလှသော လျှို့ဝှက်ချက်များကို ယခုထက်ပို၍ ရှာဖွေတွေ့ရှိလာနိုင်မည် မဟုတ်ပါလား။

တချိန်ကျလျင် သူ့မျက်လုံးများသည်လည်း ထိုအနေအထားထိ မြင်နိုင်စွမ်းရှိလာနိုင်ကောင်းသည်ဟု စုချန်း တွေးတောမိ၏။

ထိုတနေ့တွင်တော့ စကြာဝဠာကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးသည် သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပေလိမ့်မည်တည်း။

All Chapters