← Chapters

ပေ့ဟန်နယ်တွင် ကျော်ကြားလာခြင်း

Vol. 9 Ch. 822

ပေ့ဟန်နယ်တွင် ကျော်ကြားလာခြင်း

Vol. 9 Ch. 822

ထိုအချိန်၌ နန်းတော်အရှေ့ လက်ဝါးရာကြီး အတွင်း၌ ပေ့ဟန်နယ်၏ ထိပ်တန်း ပါရမီရှင် လူငယ် ခုနစ်ယောက်မှာ သွေးအလိမ်းလိမ်းဖြင့် ကြောင်တောင်တောင် ထိုင်နေကြသည်။ ကောင်းကင်၌ ချန်းဖန် တစ်ယောက်သာလျှင် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ် နေခဲ့၏။

"ဒါ ... ဒါက ...”

ကျိုးချင်ချန်း၏ မျက်နှာမှာ ရုတ်တရက် သွေးဆုတ် ဖြူရော်သွားသည်။

"သင်က တကယ်ပဲ အစွမ်းထက် လှပါတယ် ... တိုက်ခိုက်မိတဲ့ အတွက် အရှက် ရမိပါတယ်လို့ ကျွန်တော် ပြောလိုက်တာပါ ...”

ကျိုးချင်ချန်းမှာ တော်ဝင် မိသားစု၏ မင်းသား တစ်ယောက်ဖြစ်ရာ အလွန် မောက်မာသူ ဖြစ်သည်။ သို့သော်လည်း ယခု အချိန်တွင်မူ သူသည် ခေါင်းကိုပင် မဖော်ရဲတော့ချေ။

"ဟမ့် ...”

ချန်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။ သူသည် ငအ မဟုတ်ချေ။ ထိုခွေးကောင်မှာ မကြာသေးခင်ကပင် သူ့အား ဆဲရေးနေခဲ့ခြင်း ဖြစ်ကြောင်း သူ ကောင်းစွာသိသည်။

"အဲဒါက နားလည်မှု လွဲသွားတာပါ ခင်ဗျာ ... ရတနာတွေကိုလည်း ကျွန်တော် မလိုချင်တော့ပါဘူး ... သင် အလိုရှိတာ ယူနိုင်ပါတယ်"

ချန်းဖန်၏ အေးစက်သော အကြည့်များကို ခံစားမိသည်နှင့် ကျိုးချင်ချန်းမှာ ယောင်ယမ်း၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

"နောက်ပြီး ကျွန်တော်က တော်ဝင် မိသားစုက မင်းသား တစ်ယောက်ပါ ... ကျွန်တော့် ဘိုးဘေးက အရှင် ပေ့ဟန်ပါ ... ဘိုးဘေးရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော်တို့ကို အသက် ချမ်းသာပေးပါ"

"ကောင်းပြီလေ ... မင်းတို့ရဲ့ ဝိညာဉ် ရတနာတွေ ထားခဲ့ပြီး ထွက်သွား ... အဲဒါဆို ငါ မင်းတို့ အသက်တွေကို ချမ်းသာပေးမယ်"

ချန်းဖန်က အနည်းငယ် စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"ထွီ ... သတ္တိရှိရင် မင်းကိုယ်တိုင် လာယူပါလား ...”

ကူလင်ကျိက ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်ရင်း ပြောလိုက်၏။

ဝိညာဉ် ရတနာတိုင်းမှာ မည်သည့် ဂိုဏ်း အဖွဲ့အတွက်မဆို အရေးကြီးသည်။ ပေ့ဟန်နယ်ရှိ ရွှေအမြုတေ အဆင့်များပင် တစ်ခုထက် ပို၍ မကိုင်နိုင်ကြချေ။ သူတို့အား ဂိုဏ်းများက ဝိညာဉ် ရတနာများ ပေးထားခြင်းမှာ သူတို့၏ အနာဂတ်ကို တန်ဖိုးထား၍သာ ဖြစ်သည်။

"ဒါဆိုလည်း သေလိုက် ...”

ချန်းဖန်က ရွှေရောင် အလင်း တစ်ခုကို ပစ်လွှတ်၍ ကူလင်ကျိအား တိုက်ခိုက်လိုက်သည်။ ကူလင်ကျိမှာ ဒဏ်ရာရနေရာ အနည်းငယ်ပင် ခုခံနိုင်စွမ်း မရှိဘဲ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲ သေဆုံး သွား၏။

ထိုမြင်ကွင်းကို ကြည့်ကာ အခြား လူငယ်များမှာ ကြောက်လန့် သွားကြသည်။ နောက်ဆုံး၌ သူတို့သည် ဝိညာဉ် ရတနာများကို ချန်းဖန်ထံ လွှဲပြောင်းပေးရန် ဆုံးဖြတ် လိုက်ကြ၏။ မည်သို့ပင် ဆိုစေ သူတို့၏ အသက်များက ဝိညာဉ် ရတနာထက် ပို၍ အဖိုးတန်သည် မဟုတ်ပါလား။

"ထျန်းမိန်ဓား ...”

"ရွှေရောင် လှံတံ ...”

"မြေဆီ ဒိုင်းကာ ...”

“...”

လင်းဝူဟွာနှင့် အခြားလူများက ချန်းဖန်အား နှမြောတသစွာဖြင့် သူတို့၏ ဝိညာဉ် ရတနာများကို လာရောက် ပေးလိုက် ကြသည်။

"အစ်ကို ... နင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ ... ငါ နင့်ကို သဘောကျ နေမိပြီသိလား ...”

ပိုင်ချွင်အာက သူမ၏”ယင်ယန် ပန်းချီကား"ကို လွှဲပြောင်းပေးရင်း ရှက်ရွံ့စွာ ဆိုလိုက်သည်။

သူမ၏ နှုတ်ခမ်းလေးများမှာ နှင်းဆီကဲ့သို့ ရဲရဲနီနေကာ သူမ၏ မျက်လုံးလေးများမှာလည်း တလက်လက် တောက်ပနေ၏။ သူမ၏ အသံမှာမူ ယောက်ျားတစ်ယောက် အရည်ပျော် သွားနိုင်သည် အထိ နူးညံ့ကာ ချိုသာလှသည်။

"နင်သာ ခုထက် အသက် နှစ်နှစ်ဆယ်လောက် ငယ်ရင် ငါနင့်ကို အစေခံ အနေနဲ့ လက်ခံမိလောက်တယ်"

ချန်းဖန်က ထူးမခြားနားစွာပင် ဆိုလိုက်သည်။

ပိုင်ချွင်အာ၏ အမူအရာမှာ အနည်းငယ် အေးခဲသွား၏။ ချန်းဖန်က သူမ၏ အသက်ကို လှောင်ပြောင်နေခြင်း ဖြစ်ကြောင်း သူမ ကောင်းစွာသိသည်။

"ကျွန်မက အခုမှ အသက် သုံးဆယ်ပဲ ရှိသေးတာပါ အစ်ကိုရဲ့ ... ဒီအသက်လောက်က ကျင့်ကြံသူတွေ ကြားမှာ ငယ်ရွယ်တယ်လို့ ဆိုနိုင်ပါတယ်"

သူမက ဆိုရင်း ချန်းဖန်၏ အရှေ့မှ ထွက်ခွာသွားသည်။

ထို့နောက် ကျိုးချင်ချန်း အလှည့်သို့ ရောက်ရှိလာ၏။ သူက ပြုံးရင်း သူ၏ လက်စွပ် အတွင်းမှ အဖြူရောင် ဝတ်စုံကို ထုတ်ယူလိုက်သည်။

"ဒါက နဂါးဖြူလို့ခေါ်တဲ့ အကာအကွယ် ဝိညာဉ် ရတနာ ဝတ်စုံပါ ခင်ဗျ ... ဒီရတနာက ရွှေအမြုတေ အဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် တားဆီးပေးနိုင်ပါတယ်"

ကျိုးချင်ချန်းက ဂုဏ်ယူသော မျက်နှာဖြင့်ပြောရင်း ဝတ်စုံကို ချန်းဖန်အား ကမ်းပေး လိုက်သည်။

"မင်းရဲ့ လက်စွပ်ပါပေး ...”

ချန်းဖန်က နဂါးဖြူ ဝတ်စုံကို ယူပြီးနောက် ထပ်မံ ပြောလိုက်၏။

"အဲဒါက ...”

ကျိုးချင်ချန်းမှာ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ချွတ်ယူကာ ချန်းဖန်အား ပေးလိုက်သည်။

သိုလှောင် လက်စွပ်များမှာ ရှားပါးသည့် ဝိညာဉ် ရတနာများ ဖြစ်သည်။ ယခု ရောက်ရှိ လာသည့် လူငယ်များတွင်ပင် ကျိုးချင်ချန်း တစ်ယောက်သာ သိုလှောင် ရတနာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

"သောက်ခွေးကောင် ... တော်ဝင်မြို့ကို ပြန်ရောက်တာနဲ့ မင်းရော ကျူးဝမ် ခွေးမျိုးနွယ် တစ်ခုလုံးကိုရော မျိုးဖြုတ်ပစ်ဖို့ ဘိုးဘေးကို ပြောမယ် ... အဲဒီအခါကျရင် ငါ့ပစ္စည်းတွေကို မင်းဆက်ပြီး ထိန်းသိမ်း ထားနိုင်မလား ကြည့်ရသေးတာပေါ့"

ကျိုးချင်ချန်းက တွေးရင်း လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ အေးစက်စက် အသံက သူ၏ နားစည်သို့ တိုးဝင်လာ၏။

"မင်းကို ဘယ်သူက ထွက်သွား ခိုင်းသေးလို့လဲ"

"သင်က ဘာလိုချင် သေးလို့လဲ ...”

ကျိုးချင်ချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ရိုးရိုးလေးပါပဲ ... ငါ မင်းကိုယ်ထဲမှာ ရှိတဲ့ ကောင်းကင်မျိုမြွေရဲ့ သွေးကို လိုချင်တယ်"

ချန်းဖန်က အသာအယာ ပြုံးရင်း ပြောလိုက်သည်။

"မဖြစ်ဘူး ...”

ကျိုးချင်ချန်းမှာ ဒေါသထွက် သွား၏။

ထျန်းဟောင်ဂြိုဟ်၌ သွေးများမှာ မျိုးနွယ် သင်္ကေတ ဖြစ်သလို ကျင့်ကြံခြင်း အမြုတေလည်း ဖြစ်သည်။ သို့ဖြစ်ရာ သွေးများအား ဆုံးရှုံးရခြင်းက အဓိက ကျင့်ကြံခြင်း ကျင့်စဉ်ကို ဆုံးရှုံးရခြင်းနှင့် အတူတူပင် ဖြစ်သည်။ မျိုးဆက်သွေး မရှိပါက ကျိုးချင်ချန်းမှာ ချက်ချင်း သာမန် လူတစ်ယောက် အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

"ငါ မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး ... ဒီအတိုင်းပဲ အသိပေးတာ"

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

"သွားစမ်း ...”

ကျိုးချင်ချန်း သူ၏ ရင်ဘတ်ရှိ အဆောင် တစ်ခုကို အသက်သွင်း လိုက်သည်။

"ဘုန်း ...”

ရုတ်ခြည်းပင် သူ၏ အရှေ့၌ အဖြူရောင် ဟင်းလင်းပြင် တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ဆွဲခေါ်၏။

"ဟင်းလင်းပြင် အဆောင် ...”

လင်းဝူဟွာက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဟင်းလင်းပြင် အဆောင် ဆိုသည်မှာ နေရာ ကူးပြောင်းရေး အစီအရင်နှင့် သဘောတရားချင်း တူညီသော အဆောင်ဖြစ်သည်။ ဟင်းလင်းပြင် အဆောင်များကို အခြေတည် ဝိညာဉ် အဆင့်များကသာ ပြုလုပ်နိုင်ကြ၏။

"ဒီအဆောင်လေးကို သုံးပြီး ပြေးလို့ လွတ်မယ် ထင်နေတာလား ...”

ချန်းဖန်က ခန္ဓာကိုယ်အား တစ်ချက် လှုပ်ရှားလိုက်၏။ ထို့နောက် မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သူက ကျိုးချင်ချန်း၏ အရှေ့၌ ပြန်ပေါ်လာကာ အဖြူရောင် အလင်းကို ရိုက်ချလိုက်သည်။

"ဘုန်း ...”

တစ်ချက် အတွင်းမှာပင် အဖြူရောင် အလင်းမှာ ပေါက်ကွဲ၍ ကျိုးချင်ချန်း၏ ပုံရိပ် ပြန်ပေါ်လာခဲ့၏။ သူကား လွတ်မြောက်ရန် လက်မတင်လေး အလိုတွင်ပင် ပြန်လည် အဖမ်းခံ လိုက်ရပြီ ဖြစ်လေသည်။

"ဟင်းလင်းပြင်ကို ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့ ဖျက်ဆီး လိုက်တာလား ...”

လူငယ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်၍ သွားကြ၏။ ပိုင်ချွင်အာပင်လျှင် မျက်လုံး အဝိုင်းသား ဖြစ်နေခဲ့သည်။

"သူက ဟင်းလင်းပြင်ကိုတောင် ဖျက်ဆီးနိုင်နေပြီ ဆိုတော့ ရွှေအမြုတေ အဆင့်လား ... ဒါမှမဟုတ် အခြေတည် ဝိညာဉ် အဆင့်လား ...”

လင်းဝူဟွာက တွေးလိုက်မိ၏။ သူမ၏ စိတ်တွင် ချန်းဖန်၏ အသွင်အပြင်၊ နာမည်နှင့် နောက်ခံတို့ကိုပင် အစစ်အမှန် မဟုတ်လောက်ဟု သံသယ ဖြစ်လာခဲ့သည်။

"စီ ... စီနီယာ ... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ ...”

ကျိုးချင်ချန်းမှာ ကြောက်လန့်မှုဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

"ဝါးမျိုခြင်း နတ်ဘုရား စွမ်းအား ...”

သို့သော်လည်း ချန်းဖန်က ဂရုမစိုက်ဘဲ လက်ကို ဝှေ့ယမ်းကာ ခွန်ပန်သားရဲ၏ နတ်ဘုရား စွမ်းအားကို ထုတ်ဖော်လိုက်သည်။

"ဟူး ...”

ရုတ်တရက် လေထု၌ အနက်ရောင် စုပ်ဝဲတစ်ခု ဖြစ်လာကာ ကျိုးချင်ချန်း၏ သွေးများကို စုပ်ယူ၏။

နောက်သုံးမိနစ်ခန့် အကြာ၌ ချန်းဖန်၏ လက်သို့ အဖြူရောင် အလုံးတစ်ခု ရောက်ရှိ လာ၏။ ထိုအရာများကား ကျိုချင်ချန်း၏ ခန္ဓာကိုယ် အတွင်းတွင် ရှိသမျှ ကောင်းကင်မျို မြွေ၏ သွေးများ ဖြစ်သည်။ ချန်းဖန်က အလင်းလုံးကို သိုလှောင် လက်စွပ်အတွင်း ထည့်ကာ သိမ်းဆည်းလိုက်၏။

"ဘုန်း ...”

ကျိုးချင်ချန်းမှာ မြေပြင်ထက်သို့ ဒူးထောက်၍ ပြုတ်ကျသွား၏။

သူ၏ မျက်နှာက ဖြူရော်ကာ ချွေးစေးများနှင့် ပြည့်နှက်နေသည်။ သူကား မတ်တတ်ပင် မရပ်နိုင်တော့ချေ။

အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားကြ၏။ မျိုးဆက် သွေးများ ဆုံးရှုံးသွားပြီးနောက် ကျိုးချင်ချန်းမှာ အသုံးမကျသူ တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူကား ကျင့်ကြံခြင်းကို ထပ်မံ၍ ပြုနိုင်တော့မည် မဟုတ်ချေ။

"ချန်းပေ့ရွှမ်း ... မင်း ငါ့သွေးကိုထုတ်ပြီး ငါ့အနာဂတ်ကို ဖျက်ဆီးရဲတယ်ပေါ့ ... ငါ့လူတွေက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

ကျိုချင်ချန်းက နာကြည်းစွာဖြင့် အော်ဟစ်လိုက်သည်။

"တကယ်လား ... သူတို့ လာရဲရင် လာပါစေပေါ့"

ချန်းဖန်က ထိုအရာကို စိတ်ထဲ ထားမနေတော့ချေ။ သူက အခြားလူများကို ပြန်လွှတ်၍ နန်းတော်အား မျက်နှာမူလိုက်သည်။

လင်းဝူဟွာနှင့် အခြား လူငယ်များမှာ ကျိုးချင်ချန်းကို တွဲပိုးကာ ကျူးဟန် ကောင်းကင် နယ်မြေ အတွင်းမှ တဖြည်းဖြည်း ထွက်ခွာ သွားကြသည်။ သူတို့က နောက်သို့ ပြန်လှည့်ကြည့်ကြရာ အစီအရင်များကို ချိုးဖျက်ကာ နန်းတော် အတွင်း ဝင်သွားသော ချန်းဖန်အား တွေ့ကြရ၏။

"အဲဒီတုန်းက ငါတို့တွေ သူ့ကိုစပြီး မတိုက်ခိုက်ခဲ့သင့်ဘူး ...”

လူငယ်များက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သက်ပြင်းချ လိုက်ကြသည်။

"ဘာပဲဖြစ်ဖြစ် ကျိုးချင်ချန်းလို အဖြစ်မျိုး မတွေ့ရတာ ကံကောင်းပါတယ်လေ ...”

သူတို့က ကျိုးချင်ချန်းကို ကြည့်ကာ စိတ်ကိုဖြေကာ တွေးလိုက်ကြ၏။

ကျူးဟန် ကောင်းကင် နယ်မြေ အတွင်းမှ လူငယ်များ ထွက်သွားပြီး မကြာခင်မှာပင် ပေ့ဟန်နယ်၌ သတင်း တစ်ခုက တောမီးအလား ပျံ့နှံ့လာ၏။

ထိုသတင်းကား”ချန်းပေ့ရွှမ်း ဆိုသော ကျင့်ကြံသူ တစ်ယောက်က များစွာသော မူလ အဆင့်များနှင့် ထိပ်တန်း ပါရမီရှင်များကို သတ်ဖြတ် အနိုင်ယူ၍ ကျူးဟန် နန်းတော်အတွင်း ဝင်ရောက်သွားသည်" ဆိုသော သတင်းပင်။

ဤသို့ဖြင့် ...

ချန်းဖန်၏ နာမည်မှာ ပေ့ဟန်နယ် တစ်လွှား၌ စတင်ကာ ကျော်ကြား လာခဲ့တော့သည်။

***

All Chapters