← Chapters

ရွေးချယ်မှု

Vol. 34 Ch. 340

ရွေးချယ်မှု

Vol. 34 Ch. 340

ရှီကိုင်းဟွမ်ကား ရေကန်ဘေးတွင် ငြိမ်းချမ်းစွာထိုင်ပြီး ငါးမျှားလျက်ရှိ၏။

သူ၏ ငါးမျှားပုံမှာကား ထူးဆန်းလှသည်။ မူလစွမ်းအင်ဖြင့် ဖန်တီးထားသည့် ငါးမျှားတံကိုသာ အသုံးပြု၍ ငါးမျှားနေခြင်း ဖြစ်သည်။ ဘေးနားတွင်လည်း အမွှေးတိုင်တတိုင်မှာ တငွေငွေ့နှင့် တောက်လောင်လျက်ရှိသည်။ တကယ်တော့ ရှီကိုင်းဟွမ်သည် အပန်းဖြေရင်းနှင့် လေ့ကျင့်နေခြင်းပင်။

စုချန်းက ရှီကိုင်းဟွမ်အနီးသို့ ချည်းကပ်သွားပြီး သူ့ဘေးနားတွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ဆရာ ကျွန်တော့ကို တွေ့ချင်နေတယ်ဆို"

ရှီကိုင်းဟွမ်က ပျင်းရိငြီးငွေ့နေဟန်ရှိသော မျက်လုံးအစုံနှင့် ရေကန်ဆီသို့ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်သည်။

"မင်း မှတ်မိသေးလား ဒီနေရာမှာပဲ မင်း ငါ့ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းပန်ခဲ့တာလေ"

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်းက ရယ်မောလိုက်သည်။

"တပည့် သိပ်မှတ်မိတာပေါ့ ဆရာရယ် ပြန်တွေးကြည့်လိုက်ရင် ကျွန်တော်ဟာ တကယ်ကိုပဲ ကလေးကလား ဆန်ခဲ့တာကလား ပါရမီနည်းနည်းပါးပါး ရှိရုံလောက်နဲ့ ဆရာ့ရဲ့ တပည့် ဖြစ်ခွင့်ရပြီလို့ ထင်ခဲ့မိတယ် ဒါပေမဲ့ ဆရာကတော့ ကျွန်တော့ကို ပြင်းပြင်းထန်ထန် ပြောဆိုပြီး တွေ့ဝေမိန်းမောနေရာကနေ လန့်နိုးလာစေခဲ့တယ်"

"ဆယ်နှစ်"

ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

"အချိန်ကုန်တာ မြန်လွန်းတယ် မျက်စေ့တမှိတ်အတွင်းမှာပဲ ဆယ်နှစ်ဆိုတဲ့ အချိန်ဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့ပြီ ရက်ပိုင်းအတွင်းမှာ မင်းလည်း ကျောင်းပြီးတော့မယ်"

စုချန်း တိတ်ဆိတ်သွား၏။ ယခုကျမှ ရှီကိုင်းဟွမ် သူ့ကို ဘာအတွက်ခေါ်လိုက်မှန်း သူ နားလည်သွားလေသည်။ သို့သော် သူ တတ်နိုင်သည်မှာကား ခေါင်းညိတ်ရုံသာ ဖြစ်သည်။ ထို့နောက် သူက ငြင်သာသော လေသံနှင့် ပြောလိုက်၏။

"ဟုတ်ပါတယ်ဆရာ"

ထိုအခါ ရှီကိုင်းဟွမ်က မေးမြန်းလိုက်၏။

"နဂါးကျောင်းတော်ကနေ ထွက်ခွာသွားရင် ဘာလုပ်မယ်ဆိုပြီး မင်းမှာ ကြိုတွေးထားတာများ ရှိသလား"

စုချန်းက ပြန်ဖြေလိုက်၏။

"ဖြစ်နိုင်မယ်ဆိုရင်တော့ ဆရာရယ် မြေတကွက်လောက်ဝယ် အခြေချပြီး စမ်းသပ်မှုတွေကို အေးအေးဆေးဆေးနဲ့ ဆက်လုပ်ချင်တာပါပဲ"

"ဒါပေမဲ့ ဒီလိုမျိုး မင်းမလုပ်နိုင်ပါဘူးကွာ"

မှန်သည်။ စုချန်းအနေနဲ့ ထိုသို့ လုပ်၍မရ။ လုပ်ခွင့်မရှိချေ။

နဂါးကျောင်းတော်မှ ပညာစုံ၍ ကျောင်းဆင်းလာသော ကျောင်းသားတယောက်သည် ဘဝကို ပျင်းရိဖွယ်ရာ ဖြတ်သန်းခွင့်မရှိ။ ၎င်းမှာ နဂါးကျောင်းတော်၏ စည်းမျဉ်းဖြစ်သလို လောင်စန်းနိုင်ငံ၏ စည်းမျဉ်းဟုလည်း ဆိုနိုင်သည်။

နဂါးကျောင်းတော်မှာ ကျောင်းသားတယောက်အတွက် ဆယ်နှစ်တိုင်တိုင် စိုက်ထုတ်ပေးခဲ့ရသော အရင်းအမြစ်များမှာ နည်းလှသည်မဟုတ်။ ထိုအခါ သူတို့အနေနှင့် ထိုကျောင်းသားများကို အချည်းနှီး ပုံစံနှင့် ဘဝကိုမဖြတ်သန်းစေလိုသည်မှာ သိပ်တော့မဆန်း။

တကယ်တော့ နဂါးကျောင်းတော်သို့ တက်ရောက်ခွင့်ရသည်နှင့် ထိုကျောင်းသားသည် ကျောင်းပြီးချိန်တွင် လောင်စန်းနိုင်ငံတော်အတွက် ဆယ်နှစ်တိတိ အမှုထမ်းပေးရမည်ဖြစ်သည်။ ဆယ်နှစ်ပြည့်သည်နှင့် သင်သည် လွတ်လပ်သွားပြီ၊ လုပ်ချင်ရာ လုပ်၍ရပြီ ဖြစ်သည်။

ဤအချက်ကိုလည်း လူတိုင်း သိထားပြီးသားပင်။

သင့်အနေနှင့် လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အလုပ်လုပ်မည့် နေရာဌာနတခုကိုတော့ မဖြစ်မနေ ရွေးချယ်ပြီး ဆယ်နှစ်တိုင်အောင် လောင်စန်းနိုင်ငံကို အလုပ်အကျွေး ပြုရလိမ့်မည်သာ။

ထို့ကြောင့် အလုပ်ဝင်မည့် နေရာဌာနကို ကြိုတင်တွက်ဆနိုင်စေရန် ရှီကိုင်းဟွမ်က စုချန်း၏ ရွေးချယ်မှုအား ခေါ်မေးနေခြင်းဖြစ်သည်။

ထိုအခါ စုချန်းက ပြန်မေးလိုက်၏။

"ဆရာ့မှာကော ကြိုတွေးထားတာများ ရှိသလား"

ရှီကိုင်းဟွမ်က သူ့စိတ်ကူးကို ပြောလိုက်သည်။

"ကျုပ်အနေနဲ့ ကြိုတွေးထားတာ တခုတော့ရှိသကွ အဲဒါကတော့ မင်းအနေနဲ့ နဂါးကျောင်းတော်မှာပဲ ဆက်နေပြီး နည်းပြတယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ပဲ"

ဤစိတ်ကူးမှာ သိပ်မဆိုးလှ။ နဂါးကျောင်းတော်တွင် ဆက်နေရခြင်းကြောင့် စုချန်းအတွက် အရာအားလုံးသည် ဘာအပြောင်းအလဲမှ မရှိတော့ပဲ ယခင်အတိုင်း ဆက်လက်လည်ပတ်နေလိမ့်မည် ဖြစ်သည်။ စုချန်းအနေနှင့်လည်း ရှီကိုင်းဟွမ်နှင့်အတူ မူလစွမ်းအင်မျှော်စင်တွင် ဆက်လက်နေထိုင်ပြီး စမ်းသပ်မှုများ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ တဖက်တွင်လည်း နဂါးကျောင်းတော်၏ ပရဝုဏ်ထဲတွင် နေထိုင်ရ၍ သူ့အတွက် ဘေးကင်းလုံခြုံမှုရှိနေမည် ဖြစ်သည်။ ိသို့သော် စုချန်းက ခေါင်းခါယမ်းလိုက်၏။

"နဂါးကျောင်းတော်ဟာ သင်ယူဖို့အတွက် အကောင်းဆုံးနေရာလို့ ဆိုနိုင်ပေမဲ့ သင်ယူထားတဲ့ စွမ်းရည်တွေကို အသုံးချဖို့အတွက်တော့ ကန့်သတ်ချက်တွေ ရှိနေတယ် ကျွန်တော့အနေနဲ့ အောက်ခြေခိုင်ပြီဆိုတာနဲ့ ပြင်ပကမ္ဘာကြီးကို လေ့လာစူးစမ်းရမယ် အတွေ့အကြုံယူရမယ် ဒါမှသာ ကျွန်တော့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နီးစပ်လာနိုင်မယ် ဆရာ"

စုချန်း၏ စကားကြောင့် ရှီကိုင်းဟွမ် အားရပါးရ ရယ်မောလိုက်သည်။

"နဂါးကျောင်းတော်ထဲမှာ မင်းအတွက် အစမ်းသပ်ခံတွေ ရှာရခက်လွန်းတယ်လို့ ဘာဖြစ်လို့ တခါတည်း မပြောလိုက်တာလဲကွ ဟေ"

စုချန်း၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဒါက အကြောင်းပြချက်လေး တခုသက်သက်ပါ ဆရာရယ် ပြီးခဲ့တဲ့ နှစ်က အပျက်အစီးသိုက် ခရီးစဉ်မှာ ကျွန်တော် သိလိုက်ရတာ တခုရှိတယ် အဲဒါကတော့ ခရီးမိုင်ပေါင်း တသိန်း လမ်းလျှောက်တာဟာ စာအုပ်ပေါင်းတသိန်းဖတ်တာထက် ပိုပြီး ထိရောက်တယ်ဆိုတာပဲ ပိတ်လော့သာမရှိခဲ့ရင် ကျွန်တော့ရဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေအပေါ်မှာ နားလည်မှုက ခုချိန်ထိ လုံးခြာလိုက်နေမှာပဲ ဒါကိုကြည့်ရင် ပြင်ပကမ္ဘာကြီးမှာ ကျွန်တော့အတွက် အခွင့်အလမ်းတွေ အများကြီး စောင့်ကြိုနေတယ်ဆိုတာ သေချာသလောက်ရှိတယ်"

"မင်းပြောတာ မှန်ပါတယ်"

ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်၏။

"ဆယ်နှစ်တောင် ကြာသွားပြီပဲ မင်း ပညာစုံနေပါပြီ ခုချိန်က ဒီပညာတွေကို ထုတ်ဖော်အသုံးချရမဲ့ အချိန်ပဲ အဲဒါဆိုရင် မူလဗျူရိုမှာ အသိပညာနှင့် အတည်ပြုသူအဖြစ် ဘာဖြစ်လို့ မလျှောက်ထားတာလဲ"

မူလဗျူရိုဟူသည် ချီစွမ်းအားပညာရှင်များကို စီမံခန့်ခွဲရန် တာဝန်ရှိသည့် လောင်စန်းနိုင်ငံ၏ ပြည်တွင်းအုပ်ချုပ်ရေးဌာန ဖြစ်သည်။ ၎င်းတို့သည် မူလချီစွမ်းအားပညာရှင်များနှင့် သဘာဝလွန်ဌာနများအကြား ဖြစ်ပေါ်တတ်သည့် အငြင်းပွားမှုများကို အများဆုံး ကိုင်တွယ်ဖြေရှင်းရလေ့ရှိသည်။

အသိပညာဖြင့် အတည်ပြုသူများသည် ဌာနအတွင်း ဒုတိယအဆင့်ရှိ အုပ်ချုပ်သူများ ဖြစ်ကြ၏။

မူလချီစွမ်းအားပညာရှင်များသည် သာမာန်လူများထက် အရေအတွက် နည်းပါး၏။ ထို့ကြောင့် ပြသနာလည်း နည်းပေသည်။ ထိုအခါ ၎င်းတို့ကို တာဝန်ယူရသည့် ဌာနအနေနှင့်လည်း အလုပ်ပါးလေ့ရှိသည်။ တဖန် နဂါးကျောင်းတော်ဆင်းများသည် အင်အားကြီးမားသလို အလားအလာကောင်းများရှိနေကြသော်လည်း အတွေ့အကြုံကတော့ နည်းပါးကြ၏။ ထို့ကြောင်း ကျောင်းသားတိုင်းလိုလိုသည် လက်ထောက်အုပ်ချုပ်ရေးရာထူးကိုသာ ပမာဏအနေနှင့် ရွေးချယ်ပြီး တာဝန်ထမ်းဆောင်လေ့ရှိကြသည်။

ထို့ကြောင့် ရှီကိုင်းဟွမ်က စုချန်းက အထက်ပါအတိုင်း အကြံပေးနေခြင်းပင်။

စုချန်းကလည်း သူလိုချင်သည့်အရာကို တိတိကျကျ သိနေသူတဦးပင်။

ထိုအခါ သူက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။

"ဒါဆိုရင်တော့ အတော်ကိုကောင်းတာပဲ ဒါပေမဲ့ အကြီးအကဲတွေက ဒီရာထူး ကျွန်တော့ကို ပေးပါ့မလား ဆရာ"

"သူတို့ကို ကျုပ်တာဝန်ထားစမ်းပါကွ မင်း လုပ်ချင်ဖို့ပဲလိုတာ"

"လုပ်ချင်ပါတယ် စဉ်းလည်းစဉ်းစားပြီးသားပါ ဒါပေမဲ့ ကျွန်တော်ကတော့ ကျီးကန်းနယ်မြေမှာပဲ တာဝန်ထမ်းဆောင်ချင်ပါတယ်ဆရာ"

"ကျီးကန်းနယ်မြေ ဟုတ်လား"

ရှီကိုင်းဟွမ် တုန်လှုပ်သွား၏။

"အဲဒီနယ်မြေဟာ မငြိမ်းချမ်းဘူး ဓားပြတွေ လူဆိုးသူခိုးတွေ များတယ် တရားဥပဒေမရှိတဲ့ နေရာဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတယ် မင်းက ဘာကြောင့် အဲဒီလို နေရာမျိုးကို သွားချင်ရတာတုန်း"

စုချန်းက ရှင်းပြလိုက်သည်။

"ပထမတချက်အနေနဲ့ အဲဒီနယ်မြေမှာ ကျွန်တော့အတွက် အစမ်းသပ်ခံတွေ အများအပြား ရရှိနိုင်တယ် ဒုတိယတချက်ကတော့ နယ်မြေကြမ်းတဲ့အတွက် ရှေးဟောင်းအရင်းအမြစ်တွေ တန်ဖိုးကြီးမားတဲ့ ဆေးပင်တွေ အများကြီး ကျန်နေသေးတယ် ကျွန်တော့မှာ ပိတ်လော့ ရှိနေတဲ့အတွက် အဲဒီဒေသမှာ ကျွန်တော် စမ်းသပ်မှုတွေ အများကြီး လုပ်ဆောင်နိုင်မယ် တတိယအချက်ကတော့...ကျီးကန်းနယ်မြေဟာ လောင်ချိနိုင်ငံနဲ့ အလွန်နီးတယ် ဆရာ"

နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် စုချန်း၏ လေသံသည် တိမ်ဝင်သွား၏။

ရှီကိုင်းဟွမ်က ရယ်မောလိုက်သည်။

"ဒီတော့ နောက်ဆုံး အကြောင်းပြချက်က အရေးအကြီးဆုံးပေါ့လေ"

သို့သော် စုချန်းက ခေါင်းမာမာနှင့်ပင် ငြင်းဆန်လိုက်၏။

"ကျွန်တော်သာ ကုချိန်းလွှာအပေါ် အခြေခံပြီး ရွေးချယ်ရင် လောင်ချိနိုင်ငံကိုပဲ သွားသင့်တာပေါ့ဗျ"

"ကုမျိုးနွယ်တွေက မင်းကို နွေးနွေးထွေးထွေး ကြိုဆိုမှာတဲ့လားကွ မင်းအနေနဲ့ ဒီဖက်မှာ အခြေခိုင်အောင် လုပ်ရအုံးမယ်လေ အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်လောက်လောက်ရောက်မှ ကုချိန်းလွှာကို သွားခေါ်ရင် ပိုပြီး အခြေအနေကောင်းတာပေါ့ကွာ"

စုချန်း ဘာပြောရမှန်းမသိ ဖြစ်သွား၏ ။ ရှီကိုင်းဟွမ်၏ စကားမှာ အမှန်ပင်။ ထိုအတွက်ကြောင့်လည်း သူက လောင်ချိနိုင်ငံသို့ မသွားခြင်း ဖြစ်သည်။ သူ့အင်အားသည် အတိုင်းအတာတခုထိ တိုးပွားလာမှသာလျင် ကုချိန်းလွှာနှင့် နီးစပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် လောင်ချိနိုင်ငံသို့ တိုက်ရိုက်သွားမည်အစား နယ်စပ်ဖြစ်နေသော ကျီးကန်းနယ်မြေတွင် အခြေခိုင်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ရှီကိုင်းဟွမ်က စကားဆက်ပြန်သည်။

"အစိုးရရဲ့ အာဏာစက် သိပ်ပြီးမသက်ရောက်ပေမဲ့ အဲဒီနယ်မြေဟာ အတော်ကို ကြီးမားပြီးကျယ်ဝန်းတယ် ဘာပဲပြောပြော အရာရှိအတော်များများက အဲဒီနယ်မြေကို လက်ရှောင်ထားတဲ့အတွက် မင်းအဖို့ အဲဒီနယ်မြေမှာ အသိပညာပြည့်စုံသူ ရာထူးကိုရဖို့ သိပ်ပြီးမခဲယဉ်းဘူးလို့ ကျုပ် ယုံတယ် ဒါပေမဲ့... မကြာသေးခင်ကပဲ ကြည်လင်မြစ်မြို့တော်မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့တယ် မင်း ဘာဖြစ်လို့ကော အဲဒီကို သွားဖို့ မရွေးတာလဲ ဒီလိုအခွင့်အရေးကိုတောင် အရမယူနိုင်ဘူးဆိုရင် မင်းအနေနဲ့ ဘယ်လို အခွင့်အရေးမျိုးကို ရှာတွေ့ဖို့ လိုက်ရှာနေတာလဲလို့ ကျုပ်က မေးခွန်းထုတ်ရလိမ့်မယ်"

"တပည့် နားလည်ပါပြီဆရာ ဆရာ့ရဲ့ အကူအညီအတွက် တပည့် ကျေးဇူးတင်ပါတယ်"

ထိုအခါ ရှီကိုင်းဟွမ်က လက်ကာပြရင်း ပြန်ပြောလိုက်၏။

"မင်းနဲ့ ကျုပ်ဟာ ဆရာတပည့်တွေပဲ ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုဘူး ဘာပဲဖြစ်ဖြစ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်ရမဲ့ ကိစ္စကိုတော့ မင်း မမေ့နဲ့ ဒါဟာ မင်းရဲ့ အဓိကရည်မှန်းချက်ပဲ ဒါကို စိတ်မပျံ့လွင့်စေနဲ့"

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ"

ရက်နှစ်ဆယ်ခန့်အကြာတွင်တော့ ကုချိန်းလွှာတယာက် စုချန်းကို လာရှာ၏။ ထိုအချိန်တွင် စုချန်းသည် သူ၏ ဓာတ်ခွဲခန်းထဲတွင် ရှိမနေပဲ လသာဆောင်မှနေ၍ အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှုနေကြောင်း သူမ တွေ့လိုက်ရသည်။

ကုချိန်းလွှာက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။

"ဒီနေ့ကျမှ ထူးထူးဆန်းဆန်း နေပူစာလှုံလို့ပါလားရှင့်"

စုချန်းက အကြည့်ကို လွှဲပြီး ကုချိန်းလွှာကို လှည့်ကြည့်ကာ ပြောလိုက်၏

"ဆယ်နှစ်ရှိခဲ့ပြီ ကုချိန်းလွှာ ကျုပ် ဒီမျှော်စင်မှာ နေလာတာ ဆယ်နှစ်ရှိသွားပြီ ဒါပေမဲ့ ဒီအပြင်ဘက်က ရှုခင်းတွေကို တခါမှ အာရုံစိုက်ပြီး မကြည့်ခဲ့ဖူးဘူး ဒီလသာဆောင်ကို ရောက်တဲ့ အကြိမ်အရေအတွက်ကိုတောင် ကျုပ် လက်ချိုးရေတွက်လို့ရတယ် ယုတ်စွအဆုံး ခင်ဗျားနဲ့တောင် အေးအေးဆေးဆေး စကားထိုင်မပြောနိုင်ခဲ့ဘူး ဒါဟာ ပြန်တွေးကြည့်ရင် အတော်ကိုပဲ နောင်တရစရာ ကောင်းလှတယ်"

"ရှင်ဟာ အကြောင်းပြချက်မရှိပဲ ဒီလိုစကားမျိုး မပြောတတ်ပါဘူး ဒါဆိုရင်........"

"ဟုတ်တယ် မင်း တယောက်ပဲ ကျုပ်ကို အပြည့်အဝ နားလည်တယ် ကုချိန်းလွှာ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"ကျုပ်ရဲ့ဆရာဟာ ကျုပ်အတွက် အစစအရာရာ ပြင်ဆင်ပြီးသွားပြီ သိပ်မကြာခင်မှာပဲ ကျုပ်ဟာ ကြည်လင်မြစ်မြို့တော်ရဲ့ အသိပညာဖြင့် အတည်ပြုသူအဖြစ် ခန့်အပ်ခံရလိမ့်မယ် စာရွက်စာတမ်းတွေ တံဆိပ်တုံးတွေ အားလုံး အသင့်ဖြစ်နေပြီ နဂါးကျောင်းတော်မှာ ကျုပ်တို့ နေထိုင်ရမဲ့ အချိန် ကုန်သွားပြီ"

__________×××______________×××____________

အချိန်မှာ ရေကဲ့သို့ တရွေ့ရွေ့ စီးဆင်းနေ၏။ ဆယ်နှစ်ဟူသော အချိန်သည် ဤနည်းအတိုင်း ကုန်ဆုံးသွားခဲ့လေပြီ။ ဤအချိန်ရောက်လာတိုင်း ကျောင်းသားများသည် သူတို့၏ အနာဂတ်စီမံကိန်းများနှင့် အလုပ်ရှုပ်နေကျ ဖြစ်သည်။ သူတို့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဆုံးဖြတ်ချက်တခုကိုတော့ မလွဲမသေ ချမှတ်ရပေတော့မည်။

ထပ်ပြောရလျင် စုချန်းကိုယ်တိုင်ပင် ကြည်လင်မြစ်မြို့တော်သို့ အသိပညာဖြင့် အတည်ပြုသူအဖြစ် သွားရောက်ရန် ပြင်ဆင်ထားပြီး ဖြစ်သလို ကျန်ကျောင်းသားတိုင်းသည်လည်း သူတို့၏ လမ်းကြောင်းကို အသီးသီး ရွေးချယ်ထားကြပြီး ဖြစ်သည်။

ဝမ်တောက်ရှန်းသည် ပျံသန်းနေသော တိမ်တိုက်မြို့တော်၏ အသိပညာဖြင့် အတည်ပြုသူ ရာထူးကို သူ့မိသားစု၏ အရှိန်အဝါကြောင့် ရရှိခဲ့၏။

တိမ်တိုက်ကျားသစ်ကတော့ စုချန်းနှင့်အတူ ကြည်လင်မြစ်မြို့တော်သို့ လိုက်ပါမည်ဖြစ်သည်။ သူ၏ ပင်ကိုယ်ဗီဇမှာ ထူးဆန်းပြီး အလွန်ပင် ခေါင်းမာလှ၏။ သူ့အနေနှင့် တစုံတယောက်၏ နောက်သို့ လိုက်တော့မည်ဟု ဆုံးဖြတ်ထားပြီးပါက ထိုသူ ဘယ်သွားသွား လိုက်နေတော့မည်သာ ဖြစ်သည်။ ဘာပြောပြာ တိမ်တိုက်ကျားသစ်က စုချန်းနှင့်အတူ လိုက်ပါမည်ဖြစ်၍ အကူအညီရမည်ကတော့ သေချာနေ၏။ သို့သော်ငြားလည်း တိမ်တိုက်ကျားသစ်၏ တာဝန်ကတော့ စုချန်းကဲ့သို့ အသိပညာဖြင့် အတည်ပြုသူ မဟုတ်ပေ။ ထိုအစား သူ့ကို လျှို့ဝှက်တပ်ဖွဲ့တွင် အဖွဲ့ဝင်တယောက်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရစေရန် ရှီကိုင်းဟွမ်က ကူညီပေးလိုက်၏။

လျှို့ဝှက်တပ်ဖွဲ့မှာ ယခင်က ယွဲ့ဝူချိ တည်ထောင်ထားသော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့၏ တာဝန်ဝတ္တရားများမှာ နိုင်ငံလုံခြုံရေးအတွက် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့ပင် ဖြစ်သည်။ နောက်ဆုံးတွင်တော့ ယွဲ့ဝူချိကိုယ်တိုင် အခြားတယောက်၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရ၏။

တကယ်တော့ တိမ်တိုက်ကျားသစ် ထိုရာထူးကို ရရှိခဲ့ခြင်းမှာ သူကိုယ်တိုင်၏ ထူးချွန်လှသော ထောက်လှမ်းရေးစွမ်းရည်ကြောင့်လည်း ပါပေသည်။ ရှီကိုင်းဟွမ်အနေနှင့် အထူးတလည် ပြောပေးရသည်ဟူ၍ တိမ်တိုက်ကျားသစ်အား ကြည်လင်မြစ်မြို့တော်တွင် တာဝန်ချထားရန်သာ ဖြစ်သည်။ သို့သော် လျှို့ဝှက်အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် တိမ်တိုက်ကျားသစ်အနေနှင့် သီးခြားသင်တန်းတခု ထပ်တက်ရန် ရှိသဖြင့် စုချန်းနှင့် အတူတကွ လိုက်ပါနိုင်မည်တော့မဟုတ်။

ကုချိန်းလွှာမှာလည်း ဝမ်တောက်ရှန်းကဲ့သို့ပင် သူမ၏ မျိုးနွယ်စုရှိရာသို့ ပြန်ရမည် ဖြစ်သည်။ သူမသည် လောင်ချိ၏ အသိပညာဖြင့် အတည်ပြုသူ ဖြစ်လာ၏။ ယွဲ့လောင်ရှကတော့ တိမ်တိုက်ကျားသစ်ကဲ့သို့ပင် လျှို့ဝှက်အဖွဲ့တွင်းသို့ ဝင်လိုက်၏။ ထိုအဖွဲ့သည် သူမဖခင် တည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး လက်ရှိအဖွဲ့ခေါင်းဆောင်မှာ သူမဖခင်၏ တပည့်ဖြစ်လေ၏။ ထို့ကြောင့် သူမသည် လျှို့ဝှက်အဖွဲ့၏ လက်ထောက်အဖွဲ့ခေါင်းဆောင်ရာထူးကို အလွယ်တကူပင် ရရှိနိုင်ခဲ့လေသည်။ တာဝန်ထမ်းဆောင်ရမည့်နေရာကိုတော့ ကျီးကန်းနယ်မြေဟု သူမ ရွေးချယ်လိုက်၏။

ဂျီဟန်းယင်ကတော့ ပါချွန်သို့ လက်ထောက်အုပ်ချုပ်ရေးမှုးရာထူးဖြင့် သွားရောက်ရန် ဆုံးဖြတ်လိုက်၏။ အမျိုးသမီးတယောက်က ထိုရာထူးကို ရွေးချယ်လိုက်၍ လူတိုင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုအခါ ဂျီဟန်းယင်က "ဒီလိုလုပ်မှပဲ ကျွန်မအနေနဲ့ မကြာခန တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမှာပေါ့ရှင့်" ဟု ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေခဲ့လေသည်။

ဟေးနီလျူကတော့ ရှည်လျားရစ်ခွေမြို့တော်၌ပင် ဆက်လက်နေထိုင်ပြီ ရတနာရှာဖွေရေးဌာနတွင် အလုပ်ဝင်ရန် ဆုံးဖြတ်လိုက်၏။ တကယ်တော့ ထိုဌာနသည် တလောကလုံးရှိ ရတနာများ၏ လျှို့ဝှက်ချက်ကို လိုက်လံရှာဖွေပြီး စုဆောင်းရသော ဌာနြစ်သည်။ အကယ်၍ ရွှေရောင်မြစ်ကမ်းပါးတွင် သတ်ဖြတ်သူများသာ မပေါ်လာခဲ့လျင် အပျက်အစီးသိုက်အတွင်း ဝင်ရောက်ရမည့်သူမှာ ဤဌာနမှ ဖြစ်ပေလိမ့်မည်။ တွန့်ကျန့်ချန်းကတော့ ရှောက်ဖိန်းနန်၏ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် သဘောတူလိုက်၏။

ကျန်ကျောင်းသားများမှာလည်း ကိုယ့်လမ်းကြောင်းနှင့်ကိုယ် အသီးသီး ရွေးချယ်ထားပြီးကြလေပြီ။ သို့သော် ထူးထူးဆန်းဆန်း ကျန့်စီချွေ့တယောက်သာ ခြွင်းချက်သဖွယ် ဖြစ်နေ၏။ သူသည် မည်သည့်တာဝန်မှ ပေးအပ်ခြင်းမခံခဲ့ရပေ။ နဂါးကျောင်းတော်မှ ကျောင်းဆင်းလာသူတိုင်း နိုင်ငံတော်အတွက် ဆယ်နှစ်တာဝန်ထမ်းဆောင်ပေးရမည်ဟူသော စည်းကမ်းက သူနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေ၏။ ကျန်လူများက မည်မျှပင် မေးမြန်းစေကာမူ သူကတော့ ဘာမှပြန်မဖြေပဲ ပြုံးတုံ့တုံ့သာ လုပ်နေ၏။ ဂျီဟန်းယင်တယောက်သာ သူ၏ လျှို့ဝှက်ချက်ကို အရိပ်အမြွတ် သိရှိသွားပုံရသည်။ တညတွင်တော့ သူတို့အားလုံးသည် အချင်းချင်း နှုတ်ဆက်နေကြ၏။ ထိုအချိန်မှာပင် ဂျီဟန်းယင်က ကျန့်စီချွေ့၏ လျှို့ဝှက်ချက်ကို ကျန်လူများအား တီးတိုးပြောပြခဲ့လေသည်။

နောက်ဆုံးတော့ ကျောင်းဆင်းမည့်နေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။ နဂါးကျောင်းတော်သည် ကျောင်းသားများအတွက် ညစာစားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေး၏။

သူတို့အတွက် မည်သည့်နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှ မရှိတော့။ သိပ်မကြာမီအချိန်အတွင်းတွင် လူတိုင်းသည် ကိုယ့်လမ်းကို လျှောက်ရပေတော့မည်။ သူတို့အနေနှင့် အချင်းချင်း ပြိုင်ဆိုင်နေစရာ အကြောင်းမရှိတော့။

ထို့နေ့ညတွင် ဆရာများနှင့် ကျောင်းသားများသည် အတူတကွ ပျော်ရွှင်စွာ အောင်ပွဲခံကြလေသည်။

လူတိုင်းလိုလိုသည် ဝမ်းသာဝမ်းနည်း ဖြစ်နေကြ၏။

ထိုအချိန်တွင် ဆရာတယောက်က ထပြောလိုက်သည်။ သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျနေ၏။

"နောက်ထပ် နောက်ဆက်ပွဲတပွဲ လာပြန်ပြီ ကျုပ်တို့အားလုံး အေးအတူပူအမျှ နေထိုင်လာတာ ဆယ်နှစ်ရှိသွားပြီ နှုတ်ဆက်ပွဲတခါလုပ်တိုင်း ကျုပ်ရင်ထဲက ဝမ်းနည်းမှုတွေဟာ အသစ်တဖန် ပြန်လည်ပေါ်ပေါက်လာလေ့ရှိတယ်...ဖြစ်နိုင်ရင်တော့ ကျူပ်အနေနဲ့ ဒီကျောင်းမှာတောင် ဆရာမလုပ်ချင်တော့ဘူး"

All Chapters