ဓားပြတိုက်ခြင်း ၂
Vol. 35 Ch. 342
ရထားလုံးသည် ရှေ့သို့ ဆက်လက်ခရီးနှင်လာ၏။
ဓားပြ၁၂ယောက်မှာ ရထားလုံးနောက်တွင် ကြိုးနှင့် အချည်ခံထားရလေသည်။
ဟေးရှောက်ချန်းမှာကား ဓားပြများကို လှည့်ကြည့်လှည့်ကြည့်နှင့် ရှိလေ၏။ အဖိုးကြီးကတော့ ဘာမှ ဆက်မပြောတော့ချေ။ သို့သော် မျက်မှောက်ကုတ်လျက်ရှိလေသည်။
ထိုအခါ ဟေးရှောက်ချန်းက ပြောလိုက်၏။
"အဖိုး ဘာတွေစိတ်ပူနေသေးတာလဲ ဦးလေးသံမဏိက ဓားပြ၁၂ယောက်ကို အလွယ်တကူပဲ ရှင်းလိုက်နိုင်တာ မတွေ့ဘူးလား သူဟာ သာမာန်တောာမဟုတ်ဘူးလို့ ကျွန်မ ထင်သားပဲ"
"မင်း ဘာသိလို့လဲ"
အဖိုးကြီးဟေးက ပေါင်ကို ဖြန်းခနဲ ပုတ်ရင်း ပြောလိုက်သည်။
တကယ်တော့ စုချန်းက သူ့ကို လမ်းပြအဖြစ် လာငှားစဉ်ကတည်းက၊ ဓားပြများရှိနေသည့်လမ်းကြောင်းကို စုချန်း ရွေးချယ်လိုက်ကတည်းက ၎င်းတို့ဆရာတပည့်နှစ်ယောက်သည် သာမာန်မဟုတ်ပဲ ထိပ်တန်းချီစွမ်းအားပညာရှင်များမှန်း အဖိုးကြီးဟေးက သိထားပြီးသားပင်။
ဤသို့ဆိုလျင် အဘယ်ကြောင့် သူ စိတ်ပူနေရသနည်း။
သို့သော် သူ ပြောခဲ့ဖူးသလိုပင်။ ထူးချွန်သူဟူသည်မှာ နေရာတိုင်းတွင် ရှိနိုင်၏။ ဓားပြများကြားထဲတွင်လည်း ကျွမ်းကျင်သူများ ရှိတတ်သည် မဟုတ်ပါလား။
ဤနှစ်ပိုင်းများတွင် သူသည် နိုင်ငံတနံတလျားသို့ ခရီးပေါင်းမြောက်များစွာ သွားခဲ့ဖူးပြီ။ စဉ်းစားညဏ်မရှိ၊ ဆင်ခြင်တုံတရားမရှိပဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေသော စုချန်းကဲ့သို့ လူငယ်ပေါင်းမြောက်များစွာနှင့် တွေ့ဆုံခဲ့ဖူးပြီးပြီ။
သူတို့အားလုံး နောက်ဆုံးတွင် ဘာတွေ ဖြစ်ကုန်သနည်း။ ကောင်းကောင်းမွန်မွန် သြင်္ဂ ိုလ်ခြင်းမခံရပဲ ဖုန်ဆိုးမြေအတွင်းဝယ် ခွေးလေခွေးလွင့်များပမာ သေဆုံးကုန်ကြသည် မဟုတ်တုံလော။
ဤအနေအထားမျိုးတွင် ပါရမီရှင်လူငယ်လေးများ အသက်ပျောက်သွားရသည်မှာ အရေအတွက်အားဖြင့် မနည်းလှတော့။
ထိုအချိန်တွင် စုချန်းသည် စာအုပ်ကို ဆက်လက်ဖတ်ရှုနေ၏။ ဟေးရှောက်ချန်းကတော့ စုချန်းအနားတွင်ထိုင်ကာ စကားများလျက်ရှိသည်။ သံမဏိကတော့ ရထားလုံးကို အာရုံစိုက်၍ မောင်းနှင်နေ၏။ အဖိုးကြီးဟေးကတော့ ဆက်လက်တွေးတောလျက်ရှိသည်။
နေမွန်းတည့်ခဲ့လေပြီ။ ရထားလုံးသည် တရွေ့ရွေ့ ခရီးဆက်နေ၏။ နေရောင်ကြောင့် ရထားလုံး၏ နောက်ဘက် မြေကြီးပေါ်တွင် အရိပ်မဲကြီး ထိုးကျလျက်ရှိသည်။
ဤနည်းအတိုင်း အတန်ကြာအောင် ခရီးဆက်လာကြပြီးနောက် စာအုပ်ကို အာရုံစိုက်၍ ဖတ်နေသော စုချန်းက ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။
"သံမဏိ"
"အမိန့်ရှိပါ သခင်"
"ရထားလုံးကို ရပ်လိုက်စမ်း ဟိုရှေ့မှာ ခြုံခိုက်တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်"
အဖိုးကြီးဟေး၏ နှလုံးသားမှာ ဆတ်ခနဲ တုန်ခါသွား၏။ ဟေးရှောက်ချန်း၏ မျက်နှာတွင်တော့ စိတ်လှုပ်ရှားဟန်များ ပေါ်ပေါက်လာသည်။
ရထားလုံးမှာလည်း တုံ့ခနဲ ရပ်တန့်သွားပြီ ဖြစ်သည်။ စုချန်းက ထပ်ပြောလိုက်၏။
"သူတို့အားလုံး ဟိုဖက်ဒီဖက် ပေါင်းလိုက်ရင် အယောက် ၁၀၀လောက်ရှိတယ်"
ဓားပြ အယောက် ၁၀၀ရှိသည်ဟူသော စကားကြောင့် အဖိုးကြီးဟေးခများ ထခုန်မိမတတ် ကြောက်လန့်သွား၏။ ဟေးရှောက်ချန်းပင်လျင် စတင်ထိတ်လန့်စပြုလာ၏။
အဖိုးကြီးဟေး သွေးရူးသွေးတန်းနှင့် ထအော်လိုက်၏။
"ဒါ လိပ်ခွံအဖွဲ့ပဲ သေချာပေါက် သူတို့ပဲ ဖြစ်ရမယ် သူတို့အဖွဲ့ဟာ ဒီနယ်မြေကို အများဆုံး ထိန်းချုပ်ထားတာ သူတို့ထဲမှာ ချီစွမ်းအားပညာရှင်တွေလည်း များတယ်"
"ငါးယောက်လောက်ပဲ ပါတာပါ"
စုချန်းက ပြန်ပြောလိုက်၏။
"မင်းသားလေးစု ဘယ်လိုလုပ်သိသလဲ"
"ဘာကြောင့်လဲဆိုတော့ သူတို့ ဒီကို ရောက်နေပြီလေဗျာ"
စုချန်း၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ ခြုံပုတ်များ၊ သစ်ပင်များ နောက်ကွယ်မှ ဓားပြများ တယောက်ပြီးတယောက် ထွက်ပေါ်လာကြ၏။ သူတု့ိ၏ လက်ထဲတွင်တော့ လက်နက်မျိုးစုံကို စွဲကိုင်ထားကြပြီး ရက်စက်ကြမ်းကြုတ်ဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။ သိပ်မကြာမီ စုချန်းတို့၏ ရထားလုံးကို သူတို့ ဝန်းရံထားပြီး ဖြစ်သည်။
ရထားလုံးရှေ့တူရူရှိ လမ်းပေါ်တွင်တော့ မြင်းစီးဓားပြငါးယောက် ရှိနေ၏။
"ချီစုဆောင်းခြင်းပညာရှင်သုံးယောက်နဲ့ သွေးဆူပွက်ခြင်းပညာရှင် နှစ်ယောက် သိပ်မဆိုးဘူးပဲ"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အဖိုးကြီးဟေးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"လိပ်ခွံအဖွဲ့က ဘယ်လိုလုပ်ရပ်တွေ လုပ်တတ်သလဲ"
"ဘာတွေ လုပ်တတ်ရမှာလဲ လူသတ်တာ ဓားပြတိုက်တာတွေပေါ့ ဒီကောင်တွေဟာ မလုပ်ရဲတာဆိုလို့ ဘာမှမရှိတဲ့ လူ့မိစ္ဆာတွေပဲ"
အဖိုးကြီးဟေးက ပြန်ဖြေလိုက်၏။ သူ အတော်လေး ကြောက်ရွံ့နေပြီ ဖြစ်သည်။ ပုံမှန်ဆိုလျင် လိပ်ခွံအဖွဲ့သည် ကုန်သည်လှည်းတန်းကြီးများကိုသာ ပစ်မှတ်ထားတတ်၏။ ယခုကျမှ အဘယ်ကြောင့် သူတို့ကို အင်အား ၁၀၀ခန့်နှင့် လာရောက်ပိတ်ဆို့လေသနည်း။
ထိုအခါကျမှ ရထားလုံး၏ နောက်ဘက်တွင် ဓားပြဆယ့်နှစ်ယောက်ကို ကြိုးနှင့် ဆွဲလာကြောင်း အဖိုးကြီးဟေး သတိပြုမိလိုက်၏။ ဤမျှ အုတ်အော်သောင်းနင်းနိုင်သော စိန်ခေါ်မှုကို ဘယ်သူက သတိမထားမိပဲ နေမည်နည်း။
ပုံမှန်အားဖြင့် လိပ်ခွံအဖွဲ့သည် စုချန်းတို့၏ ရထားလုံးကို အာရုံစိုက်လှသည်မဟုတ်။ ထို့ကြောင့် ဓားပြဆယ်ယောက်ကျော်ကိုသာ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် တဖက်မှ သူတို့အဖွဲ့သားများကို ရထားလုံးနောက်တွင် ကြိုးဖြင့်ဆွဲလာသောအခါတွင်တော့ သူတို့အနေနှင့် ဂရုမထား၍ မရတော့။ တဖက်မှ သူတု့ိကို သက်သက်မဲ့ ရန်စခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် သူတို့၏ ဂုဏ်သိက္ခာအတွက် လိပ်ခွံအဖွဲ့အနေနှင့် ဤပြသနာကို မဖြစ်မနေ ဖြေရှင်းရပေတော့မည်။
"သူတို့ဟာ လူ့မိစ္ဆာတွေပဲ သူတို့ မလုပ်ရဲတာ ဘာမှမရှိဘူး"
ဟူသော စကားကို ကြားလိုက်ရသောအခါ စုချန်းက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
"ကျုပ်က ဒါမျိုးမှကြိုက်တာ ဟေ့ သံမဏိ ရထားလုံးကို စောင့်ရှောက်ထားစမ်း"
စကားဆုံးသည်နှင့် စုချန်းသည် ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်၏။
စုချန်းကား စကားပြော၍ အချိန်ဖြုန်းနေခြင်းမျိုး မလုပ်။ လေထဲသို့ ရောက်သည်နှင့် သူ့လက်ထဲမှာ မီးလျသိမ်းငှက်တကောင် ထွက်ပေါ်လာပြီး ဓားပြများထဲမှ တယောက်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။ မီးလျံသိမ်းငှက်သည် သွေးဆူပွက်ခြင်းပညာရှင်နှစ်ယောက်အနက်မှ တယောက်ဆီသို့ ဦးတည်နေ၏။
ဓားပြကလည်း ခေသူတော့ဟုတ်ပုံမရ။ သူ့လက်ထဲရှိ သံမဏိတူကြီးကို ဝေ့ယမ်းလိုက်ရာ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
သံတူနှင့် မီးလျံသိမ်းငှက်သည် လေထဲတွင် ပြင်းထန်စွာ ဆုံတွေ့မိကြပြီး ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာ၏။ မီးတောက်မီးလျံများက အဖြူရောင်အလင်းတန်းများကို ထိုးဖောက်သွားပြီး ဓားပြဆီသို့ ဆက်လက်တိုးဝင်သွားလေသည်။ ဓားပြသည် တချက်တည်းနှင့်ပင် နောက်ဘက်သို့ လွင့်စင်သွား၏။
"ဆရာကြီး"
ဓားပြများ ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ကြသည်။
"သေစမ်း ဒီကောင်ဟာ သွေးဆူပွက်ခြင်းနယ်ပယ်ကပဲ"
ဓားပြခေါင်းဆောင်သည် သေတော့မသေ။ သို့သော် တချက်တည်းနှင့် ပြင်းထန်သော ဒဏ်ရာ ရရှိသွားပြီ ဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ်တွင်ပင် ကိုယ်မရပ်နိုင်တော့။ သူတို့ခေါင်းဆောင် မသေသေးသည်ကို တွေ့လိုက်ရမှ ဓားပြများသည် စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။ ထိုအချိန်တွင် နောက်ထပ် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ဓားပြက အော်ဟစ်လိုက်သည်။
"သေစမ်း ဒီကောင် အခြောက်တိုက် ရန်စနေတယ် မှတ်နေတာ လက်စသတ်တော့ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ဖြစ်နေတာကိုး ကဲ ညီအစ်ကိုတို့ အားလုံး ဝိုင်းတိုက်ကြစို့"
"ဟေး"
ဓားပြများကား သံသေးသံကြောင်နှင့် အော်ဟစ်ကာ စုချန်းဆီသို့ ပြေးဝင်လာကြ၏။
စုချန်းက အေးစက်သောလေသံနှင့် ရယ်မောကာ လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မီးလျံငှက်အုပ်လိုက်ကြီး ထွက်ပေါ်လာ၏။
ယခုအချိန်တွင် စုချန်း၏ အင်အားသည် အတိုင်းအတာတခုထိ မြင့်မားနေခဲ့ပြီ ဖြစ်သည်။ မီးလျံငှက်များ ဖန်တီးရခြင်းမှာ သူ့အတွက် ထမင်းစားရေသောက်သဖွယ် ဖြစ်နေခဲ့လေပြီ။ ဤတကြိမ် သူဖန်တီးလိုက်သည့် မီးငှက်အုပ်ကြီးထဲတွင် မီးလျံငှက်ကောင်ရေ ရာနှင့်ချီ၍ ပါဝင်နေ၏။
မီးလျံငှက်များသည် သူတို့၏ ပစ်မှတ်များထံသို့ အသီးသီး ပျံသန်းသွားကြ၏။ မီးလျံငှက်တကောင်လျင် ဓားပြ တယောက်ကျပင် ဖြစ်သည်။ ထူးဆန်းလှသော မြင်ကွင်းကြောင့် အဖိုးကြီးဟေးတို့ မြေးအဖိုးနှစ်ယောက်မှာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြ၏။
ဓားပြများကား အကြီးအကျယ် ဒုက္ခရောက်ကုန်ကြလေပြီ။ ထိုအထဲတွင် ဓားပြခေါင်းဆောင်လေးယောက်တော့ မပါချေ။ သူတို့ထဲမှ သုံးယောက်သည် ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်ပညာရှင်များ ဖြစ်နေပြီး ကျန်တယောက်မှာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်ဖြစ်လေရာ မီးလျံငှက်တကောင်လောက်ကတော့ပြသနာမရှိပေ။
ထိုအချိန်မှာပင် စုချန်း၏ လက်ထဲမှာ မီးတောက်မီးလျံများ ထွက်ပေါ်လာ၏ ဤတကြိမ်တွင်တော့ သာမာန် မီးလျံငှက်မဟုတ်တော့ပဲ ပေါက်ကွဲအားကောင်းသော မီးလျံသိမ်းငှက်ပင် ဖြစ်သည်။ တကောင်တည်းမဟုတ်။ ဆယ်ကောင် အဆက်မပြတ် ပေါ်ထွက် ာခြင်းပင်။
မီးလျံသိမ်းငှက်ဆယ်ကောင်သည် အုပ်စုခွဲကာ ဓားပြလေးယောက်ဆီသို့ ပျံသန်းသွား၏။ ဓားပြများလည်း ကြောက်လန့်တကြားနှင့် ထွက်ပြေးကာ အကာအကွယ် ယူလိုက်ကြသည်။
၎င်းတို့ကိုကြည့်ပြီး စုချန်း အတော်ပင် စိတ်ပျက်သွား၏။
တဖက်မှ ဓားပြများမှာလည်း အတော်ပင် သွေးပျက်ကုန်ကြ၏။ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်ဓားပြပင်လျင် အတော်လေး ကြောက်ရွံ့သွားသည်။ ရန်သူသည် အဘယ်ကြောင့် ဤမျှလောက်ထိ အင်အားကောင်းနေသနည်း။
ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"အနီးကပ်ဝင်တိုက်ကြဟေ့ ဒီကောင်ဟာ အနီးကပ်တိုက်ခိုက်တာ မကျွမ်းကျင်ဘူးဆိုတာ သေချာတယ်"
အမိန့်ပေးသံဆုံးသွားသည်နှင့် သူ့တကိုယ်လုံးကို အဖြူရောင်အလင်းတန်းများ ဖုံးအုပ်သွား၏။ သူ့လှုပ်ရှားမှုမှာလည်း မြားတစင်းပမာ မြန်ဆန်လာတော့သည်။ ထို့နောက် သူက မီးလျံသိမ်းငှက်ကို သူ့လက်ထဲရှိ ဒိုင်းနှင့် ကာကွယ်လိုက်ပြီး ရှေ့သို့ ခုန်ဝင်လာ၏။ ကျန်သော ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်သုံးယောက်ကလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြ၏။
၎င်းတို့ကိုကြည့်ရင်း စုချန်း ရယ်မောလိုက်၏။
တချိန်တည်းမှာပင် သူက နောက်ထပ် မီးလျံသိမ်းငှက်များကို ဖော်ထုတ်လိုက်သည်။ ဤတကြိမ် ပေါ်ပေါ်က်လာသည့် မီးလျံသိမ်းငှက်များသည် ပကတိသက်ရှိများပမာ ဒိုင်းကာထားသည့် ဓားပြကို ကွေ့ဝိုက်ဖြတ်ကျော်သွားပြီး ချီပညာရှင် ဓားပြသုံးယောက်၏ နောက်နားတွင် ပေါက်ကွဲတော့သည်။
၎င်းမီးလျံသိမ်းငှက်များကို အက်ဒမန်တင်းမျောက်ဝံပင်လျင် ခံနိုင်သည်မဟုတ်။ ချီပညာရှင် ဓားပြသုံးဦးသည် ပေါက်ကွဲမှုကြောင့် လွင့်စင်ထွက်ကုန်ကြပြီး မြေကြီးပေါ်သို့ အတုံးအရုံး ပြုတ်ကျကုန်ကြသည်။ သေသည်ရှင်သည် မသိရသော်လည်း ပြန်ထမလာနိုင်တော့ချေ။
"အားနည်းလွန်းတယ်"
စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်ပြန်သည်။
တကယ်တော့ ချီစွမ်းအားပညာရှင်ဓားပြငါးယောက်သည် အင်အားနည်းလွန်းသည်မဟုတ်။ သွေးဆူပွက်ခြင်းနယ်ပယ် ထိပ်တန်းအလွှာအဆင့် ပညာရှင်နှစ်ယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ထိပ်တန်းအလွှာအဆင့် ပညာရှင် သုံးဦးအထိ ပါဝင်နေလေရာ အထင်သေး၍ မရပေ။
သို့သော် ဤနေရာတွင် စုချန်း၏ အရည်အချင်းကို မဖြစ်မနေ ထည့်သွင်းတွက်ချက်သင့်၏။ စုချန်းသည် နဂါးကျောင်းတော်မှ ထိပ်တန်းကျောင်းသားတဦး ဖြစ်ပြီး ထိပ်တန်းကျောင်းသားများထဲတွင်မှ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် စုချန်း၏ ဘဝတွင် ရင်ဆိုင်ခဲ့ရသူတိုင်းလိုလိုသည် တကယ့် ထိပ်သီးများချည်းသာ ဖြစ်ရာ သာမာန် နိုင်ထက်စီးနင်းသာ လုပ်တတ်သော ဓားပြများနှင့်တော့ အဆင့်အတန်းချင်း များစွာ ကွာခြားနေ၏။
ထို့ကြောင့် တကယ်တန်း ရင်ဆိုင်တွေ့ရသည့်အခါ သူတို့အကြား ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးပမာ ဖြစ်နေတော့သည်။
ဒုတိယ ဓားပြခေါင်းဆောင်သည် သူ့လူသုံးယောက်၏ အဖြစ်ကိုကြည့်ပြီး ဒေါသထွက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
"မင်းစွမ်းတယ်ဆိုရင် ငါ့ရဲ့ ဒိုင်းကာကို ဖြိုခွဲပြီး တိုက်ကြည့်ပါလား ခိုးကြောင်ခိုးဝှက် မတိုက်စမ်းပါနဲ့ကွာ"
"စမ်းကြည့်တာပေါ့ကွာ"
စုချန်းက ပြန်ပြောလိုက်၏။ ထိုအချိန်မှာပင် ဒဏ်ရာရထားသော ပထမ ဓားပြခေါင်းဆောင်က စုချန်း၏ ညာနံပါးမှ သူ့လက်ထဲရှိ သံမဏိတူကြီးဖြင့် ဝင်ရောက်တိုက်ခိုက်လာ၏။
စုချန်းက သံတူအား ကိုယ်ကို တွန့်လိန်ကာ ရှောင်ပေးလိုက်၏။ သံတူရိုက်ချက်ကြောင့် မြေကြီးတွင် တွင်းပေါက်ကြီးတပေါက် ဖြစ်ပေါ်လာ၏။ ထိုအခိုက်မှာပင် စုချန်းက ဒုတိယဓားပြခေါင်းဆောင်၏ ဒိုင်းအကာအကွယ်အား လက်သီးဖြင့် ထိုးချလိုက်သည်။ ပါးစပ်မှလည်း တပြိုင်နက်တည်း အော်ဟစ်လိုက်၏။
"သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကွ"
အုန်းခနဲ အသံနက်ကြီး ပေါ်ပေါက်လာပြီး ဒုတိယဓားပြခေါင်းဆောင်သည် သူ့လက်ထဲတွင် မီးပွင့်သွားသလို ခံစားလိုက်ရ၏။ မူလကိရိယာဒိုင်းအကာအကွယ်သည်လည်း ရစရာမရှိအောင် ကျိုးပဲ့သွားတော့သည်။
စုချန်း၏ လက်သီးချက်မှာ ထိုမျှနှင့် မရပ်သေးချေ။ သူ့လက်သီးသည် ရှေ့သို့ ဆကိလက်တိုးဝင်လာပြီး ဒုတိယဓားပြခေါင်းဆောင်၏ မျက်နှာကို ကျကျနနပင် ထိမှန်သွားတော့သည်။ ဒုတိယဓားပြခေါင်းဆောင်သည် အမြင်အာရုံတခုလုံး ပြာဝေလာပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွား၏။
ဒုတိယဓားပြခေါင်းဆောင်အား တိုက်ခိုက်ပြီးသည်နှင့် စုချန်းသည် နောက်သို့ ခုန်ဆုတ်ပြီး ပထမဓားပြခေါင်းဆောင်၏ ရင်ဝကို တံတောင်နှင့် ထောင်းချလိုက်၏။ ဓားပြခေါင်းဆောင်၏ ခါးမှာ ခပ်ကိုင်းကိုင်း ဖြစ်သွားလေသည်။ ထိုအချိန်မှာပင် စုချန်း၏ လက်ဝါးက ဓားပြခေါင်းဆောင်၏ မေးစေ့ကို လက်ဝါးနှင့် ပင့်ပြီး ဆောင့်ထိုးပေးလိုက်ပြန်၏။
ဓားပြခေါင်းဆောင်၏ ကိုယ်ခန္ဓာအတ္တဘောကြီးမှာ နောက်ဘက်သို့ လွင့်စင်သွားတော့သည်။