အလံလေးခုစီရင်စု
Vol. 35 Ch. 343
ရထားလုံးနောက်ကျောရှိ လူတန်းကြီးမှာ ပို၍ ရှည်လျားလာ၏။
ဤတကြိမ်တွင်တော့ သူတို့၏ ပုံစံမှာ ပို၍ ရှုပ်ထွေးလာ၏။ ဓားပြအယောက်တရာလုံးကို ကြိုးတချောင်းတည်းနှင့် ချည်နှောင်ထားပြီး ရထားလုံးနောက်မှာ လိုက်ပါလာစေရန် အတင်းအကျပ် ဖိအားပေးခြင်း ခံထားရလေသည်။ သူတို့၏ ပုံစံမှာ ဈေးသို့ ရောင်းချရန် ခေါ်လာသည့် ငွေဝယ်ကျွန်များနှင့်ပင် တူနေသေးသည်။
ဟေးရှောက်ချန်းက ဓားပြများကိုကြည့်ရင်း စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။
"အဖိုး အဖိုး ဟိုမှာကြည့်စမ်း"
"ငါသိတယ် မရှည်စမ်းနဲ့"
အဖိုးကြီးဟေးက စိတ်မရှည်နိုင်တော့ဟန်ဖြင့် ငေါက်လိုက်သည်။
မည်မျှပင် ငေါက်ငန်းစေကာမူ သူ့မြေးဖြစ်သူ၏ ပါးစပ်ပေါက်ကို ပိတ်စေရန် မတတ်နိုင်ကြောင်း အဖိုးကြီးဟေးက ကောင်းစွာ နားလည်ထား၏။ ပြော၍ပင်မဆုံးသေး ဟေးရှောက်ချန်းတယောက် စကားထပ်ပြောရန် ဟန်ပြင်နေကြောင်း အဖိုးကြီးဟေး သိရှိပြီးသားပင်။
တကယ်လည်း ဟေးရှောက်ချန်းက လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်ပြန်၏။
"မင်းသားလေးစု ရှင်ဟာ သိပ်အံ့သြဖို့ကောင်းတာပဲ"
အဖိုးကြီးဟေး စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲတွင်တော့ အလံလေးခုစီရင်စုသို့ အမြန်ဆုံး ရောက်ပြီး သူ့တာဝန်ကိုသာ အဆုံးသတ်နိုင်ရန် စိတ်စောနေ၏။ သို့မှသာ သူ့မြေးကိုခေါ်၍ အမြန်ဆုံး ထွက်ခွာသွားနိုင်မည် မဟုတ်ပါလား။
ဤသို့ဆန္ဒရှိနေရခြင်းမှာ သူသည် စုချန်းနှင့် အတူ ခရီးသွားနေရသည်ကို မပျော်သောကြောင့် မဟုတ်ပေ။ သို့သော် စုချန်း၏ အင်အားက သူ့အပေါ် ဖိအားကျရောက်စေသည်ကတော့ အမှန်ပင်။ ဓားပြများကို ထိုသို့ စီတန်းလှည့်လည်စေခြင်းက ကြောက်စရာကောင်း၏။ ဤသို့လုပ်လိုက်ခြင်းကြောင့် ယခင်ထက်ပို၍ များပြားသော ဓားပြများက သူတို့ကို ဒုက္ခပေးလာပါက အံ့သြစရာ မရှိတော့။
တဖက်တွင်လည်း စုချန်းမှာ အတော်ပင် စိတ်ပျက်နေ၏။ သူသည် ပိတ်လော့ထံမှ သင်ယူထားသည့် ကြီးမားသော ပုံဖျက်ဖုံးကွယ်ခြင်းနည်းစနစ်ဖြစ်သော တိမ်တိုက်အကာအကွယ်နည်းစနစ်ကို အသုံးပြုထားခြင်း ဖြစ်သည်။ ပိတ်လော့ကား တကယ်ပင် အသိပညာ ဘဏ္ဍာတိုက်ကြီနှင့် တူလှသည်။ ရှေးဟောင်းနည်းစနစ် အတော်များများကို ပညာရှင်အဆင့်ထိ တတ်ကျွမ်းထား၏။ သို့သော် မည်သည့် နည်းစနစ်မဆို အကြိမ်ပေါင်းများစွာ အသုံးပြုပြီးမှသာ အကောင်းဆုံးစွမ်းရည်ကို ရရှိနိုင်မည် ဖြစ်သည်။ တကြိမ်နှစ်ကြိမ်နှင့်တော့ အကောင်းဆုံးစွမ်းရည်ကို မရရှိနိုင်။ ထို့ကြောင့်် စုချန်းကလည်း သူတတ်နိုင်သလောက်သာ အာရုံစိုက်၍ လုပ်ဆောင်နေ၏။
ထိုဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုထား၍ တောအုပ်အတွင်းရှိ မည်သည့်ဓားပြမှ သာမာန်အရပ်သားများကို မြင်တွေ့ရတော့မည်မဟုတ်။ ထိုအခါ ဓားပြတိုင်းလိုလိုသည် စုချန်းတို့ဆီကိုသာ ဦးတည်လာတော့မည် ဖြစ်သည်။
ထိုအခါ နောက်ထပ် ဓားပြ အယောက် ၃၀ဝန်းကျင်အထိ ရထားလုံးနောက်ဘက်ရှိ လူတန်းကြီးထဲတွင် ပေါင်းထည့်နိုင်ခဲ့၏။ ထိုအရေအတွက်မှာ သိပ်မများလှပေ။ ၎င်းမှာ စုချန်း၏ စိတ်အပေါ်တွင်လည်း မူတည်နေ၏။ ငွေကိုသာလိုချင်ပြီး လူမသတ်လိုသော ဓားပြများကိုတော့ စုချန်းက ပြန်လွှတ်ပေးလိုက်၏။
လထွက်ချိန်တွင်တော့ သူတို့၏ ရထားလုံးသည် အလံလေးခု စီရင်စုသို့ ရောက်ရှိလာ၏။
အလံလေးခုစီရင်စုသည် တကယ်တော့ စီရင်စုအသေးစားမျှသာ ဖြစ်သည်။ မြို့ရိုးနံရံဟူ၍ မရှိ။ အစောင့်ဟူ၍ မရှိ။ သာမာန်အုပ်ချုပ်ရေးရုံးတရုံးနှင့် ကျန်းမာရေးဌာနတခုသာ ရှိနေ၏။
အလံလေးခုသို့ ရောက်သည်နှင့် စုချန်းသည် ဖုံးကွယ်ခြင်းနည်းစနစ်ကို ပယ်ဖျက်လိုက်၏။ ထို့နောက် မြို့အတွင်းသို့ ဝင်လာခဲ့လေသည်။
သူ့နောက်တွင် ကြိုးနှင့်အချည်ခံထားရသော ဓားပြအယောက်ပေါင်း ၁၅၀ခန့်ပင် ရှိနေ၏။ ဤမြင်ကွင်းမှာ အလံလေးခုလို ဒေသမျိုးအတွက် ရင်သပ်ရှုမောစရာ ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် သူတို့အနီးသို့ မြို့သူမြို့သားများ ဝိုင်းလာ၏။
ကြိုးတုပ်ခံထားရသော ဓားပြများနှင့် ၎င်းတို့ကိုယ်ပေါ်ရှိ လက်နက်များကို ကြည့်ရင်း မည်သူမည်ဝါမှန်း လူတိုင်းက ချက်ချင်းပင် နားလည်သဘောပေါက်သွားကြ၏။
"ဒါ....ဒါ...တောင်တန်းတွေပေါ်က ဓားပြတွေမလား"
"ဟုတ်တာပေါ့ ဒီဓားပြတွေကို အရင်က ကျုပ် မြင်ဖူးတယ် တခါတလေ သူတို့ ဓားပြတိုက်ထားတာတွေကို ရောင်းချဖို့ မြို့ကို လာတတ်တယ်လေ"
"ဟာ ဟိုလူက ကွေ့တာရှန်းမလား လိပ်ခွံအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ"
"မင်း သေချာလို့လား"
"ဟာ သေချာတာပေါ့ သံမဏိတူကြီးကို ကြည့်လေ ဒါ သူ့ရဲ့ အမှတ်အသားပဲ သူပါ ဘယ်လိုလုပ်ပြီး အဖမ်းခံလာရတာလဲ မသိဘူး သူဟာ သွေးဆူပွက်ခြင်းနယ်ပယ်ထိ ရောက်နေတဲ့ ချီစွမ်းအားပညာရှင်ပဲ"
"သူတင် မဟုတ်သေးဘူး သူ့ညာဖက်ကလူက ဒုတိယခေါင်းဆောင်ချန်းမလား ပြီးခဲ့တဲ့ နှစ်က ဆိုင်ရှင်ချောင်းကို သတ်ခဲ့တဲ့လူပဲ ဆိုင်ရှင်ချောင်းရဲ့ သေဆုံးမှုကတော့ တကယ်ကို ကြေကွဲစရာ ကောင်းလှပါတယ်လေ"
"ဟိုမှာ တတိယခေါင်းဆောင်ဖန်း စတုတ္ထခေါင်းဆောင်လီ ပဉ္စမခေါင်းဆောင်ကျင်းတို့ပါလား လက်စသတ်တော့ လိပ်ခွံအဖွဲ့ရဲ့ ခေါင်းဆောင်တွေအားလုံး ပါလာတာပဲ"
"ရထားလုံးထဲမှာ ပါလာတာက ဘယ်သူတုန်း ဒီလူက ဘာမို့လို့ ဒီဓားပြတွေအကုန်လုံးကို တခါတည်း ဖမ်းလာနိုင်တာလဲမသိဘူး"
"မေးနေစရာလိုသေးလို့လား ဓားပြတွေထက် ပိုပြီးတော်တဲ့လူ ဖြစ်မှာပေါ့ ဒီအတိုင်းဆိုရင် ကျုပ်တို့နယ်မြေကတော့ ခုကစပြီး အေးချမ်းလာတော့မယ်ထင်တယ်"
သူတို့အားလုံးသည် အထက်ပါအတိုင်း တယောက်တပေါက်နှင့် ပြောဆိုနေကြ၏။ ရထားလုံးမှာကား လူတိုင်း၏ အာရုံစိုက်မှုကို ရနေသည်မှာ သေချာလှသည်။
လူတိုင်းအာရုံစိုကမှုကို ခံရသည်မှာ ဟေးရှောက်ချန်းအတွက် ရှားပါးဖြစ်စဉ် ဖြစ်သည်။ ထိုအခါ သူမမှာ ခေါင်းမော့ရင်ကော့လျက် ဝင့်ကြွားဂုဏ်ယူနေတော့သည်။ အဖိုးကြီးဟေးမှာ မြေးဖြစ်သူကို အဆက်မပြတ် သတိပေးကာ သူတို့အား မည်သူမှ သတိမထားမိစေရန် ဆုတောင်းနေရလေသည်။
အတန်ကြာသော် သူတို့၏ ရထားလုံးသည် အုပ်ချုပ်ရေးရုံးသို့ ရောက်လာ၏။ ရုံးအပြင်တွင်တော့ အစောင့်နှစ်ယာက် ရပ်စောင့်လျက်ရှိသည်။
ရထားလုံးနောက်မှ များပြားလှသော ဓားပြအုပ်ကြီးကို မြင်လိုက်ရသောအခါ အစောင့်နှစ်ယောက် တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြသည်။ အစောင့်တယာက်က ပြောလိုက်၏။
"မင်း ဘာလုပ်နေတာလဲ အကြီးအကဲတွေကို မြန်မြန်သွားပြောလေ"
အစောင့်သည် ရုံးအတွင်းသို့ ထိတ်လန့်တကြားနှင့် ပြေးဝင်သွား၏။ အတန်ကြာသော် ရုံးအတွင်းမှာ အစောင့်များ အုပ်စုလိုက် ပြန်ထွက်လာကြသည်။ ထိပ်ဆုံးမှ လျှောက်လာသူ အစောင့်ခေါင်းဆောင်၏ နောက်တွင်တော့ အစောင့် ဆယ်ယောက်ခန့် ဝန်းရံထား၏။ ရုံးရှေ့သို့ အရောက်တွင်တော့ အစောင့်များအားလုံး မျက်လုံးပြူးသွားတော့သည်။
ဤမျှ များပြားလှသော ဓားပြများကို သူတို့ မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။ ဓားပြများအားလုံးကို အချုပ်ခန်းအတွင်း ထည့်လိုက်လျင် တံခါးကိုပင် ပိတ်၍ရတော့မည်မဟုတ်။
တံခါးကို ပိတ်၍ မရစေကာမူ ဤတာဝန်ကိုတော့ သူတို့ မဖြစ်မနေ ယူရတော့မည်သာ။ တောင်ပေါ်မှ ဓားပြတဖွဲ့လုံးကို ဖမ်းဆီးနိုင်ခြင်းဟူသည် ကြီးမားလှသော အောင်မြင်မှုပင် မဟုတ်ပါလား။
မည်သို့ဆိုစေ ဓားပြများကို ဖမ်းဆီးလာသူကိုလည်း ထိုက်တန်သော ဆုလာဘ်တော့ ချီးမြှင့်ရပေအုံးမည်။ မည်ရွေ့မည်မျှ ပေးရမည်မှန်းကိုတော့ အစောင့်ခေါင်းဆောင် မတွေးတတ်။ သို့သော် လိပ်ခွံတဖွဲ့လုံးကို ရှင်းလင်းလာသူသည် နှယ်နှယ်ရရတော့ မဟုတ်နိုင်။ ထို့ကြောင့် အကြွေးတင်ခံမည့်လူစားမျိုးတော့ ဟုတ်ပုံမရချေ။
သူ ထိုသို့ စဉ်းစားနေခိုက်မှာပင် ရထားလုံးသည် တရွေ့ရွေ့ နီးကပ်လာ၏။
အုပ်ချုပ်ရေးရုံး၏ အရှေ့ဘက်တွင် အစောင့်များလုံးသည် စီတန်းကာ မတ်တပ်ရပ်နေကြ၏။ အစောင့်ခေါင်းဆောင်က ရှေ့သို့တက်ကာ အပြုံးနှင့် ဆီးကြိုလိုက်သည်။ သို့သော် ရထားလုံးသည် သူ့ရှေ့တွင် မရပ်ပဲ သူ့ဘေးမှ မူလလမ်းကြောင်းအတိုင်း ဆက်လက်မောင်းနှင်သွားလေသည်။
ဟမ်....
ဘာလဲဟ....ဘာအဓိပ္ပါယ်လဲ.....
ရထားလုံးသည် အစောင့်များအား အမှန်တကယ်ပင် ဖြတ်ကျော်မောင်းနှင်သွား၏။
အစောင့်များ မျက်လုံးပြူးကုန်ကြလေသည်။ ရထားလုံးသည် အစောင့်များအား ဖြတ်ကျော်သွားပြီ ဖြစ်လေရာ ရထားလုံးနောက်တွင် ကြိုးနှင့်အချည်ခံထားရသော ဓားပြများမှာလည်း ဝရုန်းသုန်းကားနှင့် လိုက်ပါသွားရပြန်သည်။
ရထားလုံးသည် အုပ်ချုပ်ရေးရုံးကို ဖြတ်ကျော်သွားပြီ ဖြစ်သည်။
သူတို့များ မမြင်လို့လား...
အတွေးနှင့်အတူ အစောင့်ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ရထားလုံးပေါ်က ဆရာသမား အုပ်ချုပ်ရေးရုံးက ဒီမှာဗျိူ့"
ရထားလုံးကို မောင်းနှင်နေသော သံမဏိသည် ဖြတ်ခနဲသာ လှည့်ကြည့်ပြီး ရှေးနည်းအတိုင်း ဆက်လက်မောင်းနှင်သွားပြန်၏။ အစောင့်ခေါင်းဆောင် မျက်လုံးပြူးသွားပြန်ရသည်။ သို့သော် ရထားလုံးကား သူ့မြင်ကွင်းထဲမှပင် ပျောက်ကွယ်စပြုနေခဲ့လေပြီ။
အတန်ကြာမှ အစောင့်ခေါင်းဆောင်သည် အခြေအနေကို နားလည်စပြုလာ၏။ လက်စသတ်တော့ ရထားလုံးပေါ်မှ ပုဂ္ဂလ်သည် ဓားပြများအား သူ့လက်ထဲသို့ အပ်နှံရန် ရည်ရွယ်ထားဟန် မတူပေတကား။
ရထားလုံးသည် နယ်မြခံအုပ်ချုပ်ရေးရုံးကို ဖြတ်ကျော်ပြီးသည်နှင့် အနီးအနားရှိ အင်းတအင်းရှေ့တွင် ရပ်တန့်လိုက်၏။
ထိုအခါ အဖိုးကြီးဟေးက ပြောလိုက်သည်။
"မင်းသားလေးစု ဒါ အလံလေးခု နယ်မြေတခုလုံးမှာ အကောင်းဆုံး အင်းပဲ ခု ဒီကိုရောက်လာပြီဆိုတော့ ကျုပ်တာဝန် ပြီးပြီ"
"ကျေးဇူးတင်ပါတယ်ဗျာ ဒီမှာ ကျုပ်တို့ သဘောတူထားတဲ့ အဖိုးအခ"
စုချန်းက ရှုံ့အိတ်ငယ်တလုံးကို အဖိုးကြီးဟေးအား လှမ်းပေးရင်း ပြောလိုက်၏။
အဖိုးကြီးဟေးက အိတ်၏ အလေးချိန်ကို ဆကြည့်ပြီး အံ့သြသွား၏။
"မင်းသားလေးစု ကျုပ်ကို ပိုပေးမိပြီထင်တယ်"
"မဟုတ်ပါဘူးဗျာ ဒီခရီးတလျှောက်မှာ ခင်ဗျား စိုးရိမ်ပူပန်ခဲ့ရတာတွေအတွက် ရသင့်ရထိုက်သလောက်ကို ကျုပ်က ပေးလိုက်တာပါ အရင်နေရာမှာ နေရတာ စိတ်ချလုံခြုံမှုမရှိဘူးလို့ ခံစားရရင် တခြားတနေရာမှာ ပြောင်းနေလို့ရတာပေါ့"
စုချန်းက အဖိုးကြီးဟေး၏ အကြောက်တရားကို နားလည်ဟန်ဖြင့် ပြောလိုက်၏။
ဓားပြများ သူ့ကို ပြန်လာရှာမည်ကို အဖိုးကြီးဟေး ုကာက်နေသည်မှာ သံသယဖြစ်နေစရာမလို။ ယခုပိုက်ဆံသည် လုံခြုံစိတ်ချရသော နေရာတနေရာတွင် ပြောင်းရွှေ့အခြေချနေထိုင်ရန် လုံလောက်၏။
အဖိုးကြီးဟေးကား ကျေးဇူးတင်လွန်း၍ ဘာပြောရမှန်းပင် မသိတော့။ ဟေးရှောက်ချန်းက ထွက်ခွာလိုဟန်မတူ။ သူမက စုချန်း၏ အကျီ ၤလက်ကို ဆွဲရင်း ပြောလိုက်၏။
"မင်းသားလေးစု အချိန်ရရင် ကျွန်မတို့ဆီ အလည်လာရမယ်နော်"
"လာပါ့မယ်ဗျာ"
စုချန်းက ပြုံးရင် ပြောလိုက်၏။
သို့သော် ၎င်းမှာ မဖြစ်နိုင်မှန်း သူတို့အားလုံး သိထားပြီးသားပင်။
သံမဏိသည် ပစ္စည်းပစ္စယများကို နေရာချပြီးသည်နှင့် ဓားပြများကို အင်း၏ အနောက်ဘက် မြေကွက်လပ်တွင် ချုပ်နှောင်ထားလိုက်၏။ အကျဉ်းသားကို အကျဉ်းသားနှင့်တူအောင် ထားရပေလိမ့်မည်။ အကျဉ်းသားဟူသည် အမိုးရိပ်အောက်တွင် အိပ်ခွင့်မရှိ။ ကွင်းပြင်ထဲတွင်သာ အိပ်ရပေလိမ့်မည်။
အင်း၏ အနောက်ဘက်မြေကွက်လပ်သို့ မောင်းသွင်းခံနေရသော ဓားပြများကို ကြည့်နေရင်း အဖိုးကြီးဟေးက သိလိုစိတ်ကို မထိန်းနိုင်တော့ဟန်ဖြင့် မေးလိုက်၏။
"ဒီလူတွေကို ဘာလုပ်ဖို့ စီစဉ်ထားသလဲ မင်းသားလေးစု ဒီလူတွေကို ထောင်ချပစ်မှာလား ဒါမှမဟုတ် သတ်ပစ်မှာလား"
"သူတို့ကို သတ်ပစ်မယ် ဟုတ်လား"
စုချန်းက ဓားပြများကို လှမ်းကြည့်ကာ ဟက်ခနဲ ရယ်မောရင်း ပြန်ပြောလိုက်၏။
"ဘယ့်နှယ်မေးလိုက်တာတုန်း မသတ်ပါဘူး ဘာကြောင့်သတ်ရမှာလဲ ကျုပ်လက်ထဲမှာ အသတ်ခံရလို့ သေသွားတဲ့ လူမျိူးတွေ ရှိမှာမဟုတ်ဘူး တခုတော့ ရှိတာပေါ့လေ မအောင်မြင်လိုက်တဲ့ စမ်းသပ်မှုရလဒ်တွေတော့ ရှိကောင်းရှိနိုင်တာပေါ့"