← Chapters

အရိပ်အစေခံများ

Vol. 35 Ch. 344

အရိပ်အစေခံများ

Vol. 35 Ch. 344

အင်း၏ အတွင်းဘက်တွင် ဖြစ်သည်။

အခန်းတခုလုံးတွင် ကြီးမားလှသော အလုပ်စားပွဲကြီးအပြင် စမ်းသပ်ပစ္စည်းကိရိယာများနှင့် ပြည့်နှက်နေ၏။ သလင်းကျောက်မီးအိမ်တလုံးကို ထွန်းညှိထားလေရာ အလင်းရောင်များသည် နံရံပေါ်သို့ ထိုးကျနေပြီး နေ့ခင်းကဲ့သို့ပင် လင်းလင်းချင်းချင်း ဖြစ်နေ၏။

စားပွဲပေါ်တွင်တော့ ဓားပြတယောက်သည် လှုပ်ရှားမှုမရှိပဲ ဝိညာဉ်ကင်းမဲ့နေသကဲ့သို့ လဲလျောင်းနေ၏။ စုချန်းသည် အပ်တချောင်းကိုကိုင်ပြီး ဓားပြ၏ လက်ပေါ်တွင် ဆေးမင်တချို့ကို ရေးထိုးနေသည်။

အနှီ ဆေးမင်ရေးထိုးခြင်းဖြစ်စဉ်သည် ရှေးဟောင်းအာကင်နာနည်းစနစ်များမှ အစတည်လာခဲ့သည့် သတ်ဖြတ်သူဆေးမင်ရေးထိုးနည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ စုချန်း အသုံးပြုနေသော နည်းလမ်းကတော့ သတ်ဖြတ်သူဆေးမင်ထက် ပို၍ ရှုပ်ထွေးပြီး ပို၍ ဆန်းကြယ်၏။

ဤတကြိမ်တွင်တော့ ဆေးမင်အထိုးခံနေရသော ဓားပြသည် အနည်းငယ်မျှပင် နာကြင်ဟန်မတူ။ စုချန်းသည် ထုံဆေးတမျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။

သုံးနာရီခန့်အကြာတွင်တော့ စုချန်း၏ စမ်းသပ်မှုမှာ ပြီးဆုံးသွား၏။

အရွယ်အစားအမျိုးမျိုးရှိသော အပ်ကိုးချောင်းကို သုံးပြီး စုချန်းသည် ဓားပြ၏ တကိုယ်လုံးတွင် ရှုပ်ထွေးလှသော ဆေးမင်ကို ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ဆေးမင်ရောင်ကြောင့် ဓားပြ၏ တကိုယ်လုံးမှာ မဲနက်လာ၏။ အလင်းရောင်ကျလာသည့်အချိန်မှာပင် ဆေးမင်သည် အရောင်ပြန်ခြင်း မရှိလေရာ အမှန်တကယ် သိပ်သည်းမဲနက်နေခြင်းမျိုးပင် ဖြစ်သည်။

စုချန်းသည် ဓားပြ၏ အခြေအနေကို စစ်ဆေးရင်း ခေါင်းတချက်ဆတ်ကာ မှတ်ချက်ချလိုက်သည်။

"ဆေးမင်ရည်တွေကို ရိုးတွင်ချင်ဆီက စုပ်ယူသွားတဲ့အချိန်ထိတော့ ခနစောင့်ရမယ်"

စုချန်း စကားပြောနေစဉ်မှာပင် ဓားပြ၏ တကိုယ်လုံးသည် လျှပ်စစ်နှင့် လျှော့တိုက်ခံရသည့်နှယ် ကြောက်စရာကောင်းလှအောင် တုန်ခါလာ၏။ စုချန်းက ဓားပြ၏ မျက်ခွံကို ဆွဲလှန်လိုက်၏။ ဓားပြသည် မျက်ဖြူလန်လျက်ရှိကြောင်း သူ တွေ့လိုက်ရလေသည်။

စုချန်းက ဓားပြ၏ ကိုယ်တွင်းအခြေအနေကို နောက်တကြိမ် စစ်ဆေးလိုက်ပြန်သည်။ ထို့နောက် သူက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

"ဆေး နည်းနည်းပြင်းသွားပုံရတယ် နောက်တကြိမ်ဆိုရင်တော့ ဆေးကို လျှော့မှရမယ်"

ဓားပြကား ထိန်းချုပ်ရခက်အောင်ပင် တုန်ခါလာပြီး နောက်ဆုံးတွင် လုံးဝ လှုပ်ရှားမှုမရှိတော့ပဲ ငြိမ်သက်သွားလေသည်။

သနားစရာ ဓားပြကား အသက်ပျောက်သွားရှာလေပြီ။

"ကဲ သံမဏိ သူ့ကို အစမ်း ခွဲစိတ်ကြည့်စမ်း ဒါမှ မင်း အလေ့အကျင့်ရလာမယ်"

စုချန်းအနေနှင့် မည်သည့်အလောင်းကိုမှ အချည်းနှီး မဖြစ်စေလိုပေ။ အနှီအလောင်းကောင်များသည် သံမဏိအတွက် ကောင်းမွန်သော အလေ့ကျင့်ခံပစ္စည်းများပင် မဟုတ်ပါလား။

"ကောင်းပါပြီသခင်"

သံမဏိသည် ခွဲစိတ်ဓားကိုကိုင်ပြီး စုချန်း၏ လမ်းညွှန်ချက်အတိုင်း ဓားပြအလောင်းကို ခွဲစိတ်ကာ ကိုယ်တွင်းအင်္ဂါများကို တခုပြီးတခု ဆွဲထုတ်လေ့လာနေ၏။

တောင်ရိုးကမ်းပါးမျိုးစိတ်များသည် ညဏ်မကောင်းကြပေ။ သို့သော် မိုက်မဲသူများတော့မဟုတ်။ အတိတ်ကာလများတွင် သူတို့၏ နိမ့်ကျသော ဘဝကြောင့် ဤသို့ လေ့လာရန် အခွင့်အရေး မရခဲ့ကြ။ ထို့ကြောင့် စုချန်းက သူ့အပေါ် အလွန်ကြီးမားသော အခွင့်အရေးမျိုး ပေးနေကြောင်း သံမဏိ ကောင်းစွာ သဘောပေါက်၏။ ထိုအခါ သူသည် ဂရုတစိုက်နှင့် လေ့လာမှတ်သားနေလေသည်။

အာရုဏ်တက်သည်နှင့် စုချန်းသည် ရထားလုံးနှင့်အတူ ခရီးဆက်ပြန်၏။ အကျဉ်းသားများမှာလည်း သူနှင့်အတူ ပါလာလေသည်။

ဤတကြိမ်တွင်တော့ သူတို့သည် ကြည်လင်မြစ်ကမ်းပါး တနေရာတွင် ခရီးတထောက် နားလိုက်ကြ၏။ ထိုနေ့တနေ့လုံး စုချန်းသည် ဆေးအမျိုးမျိုးကို ပေါင်းစပ်ကြည့်ကာ သုတေသန ပြုလုပ်နေ၏။ ညရောက်သည်နှင့် သူသည် ရှေးနည်းအတိုင်း စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်ပြန်သည်။

ပထမတကြိမ် စမ်းသပ်ရာတွင်တော့ စုချန်းသည် ထပ်မံ ရှုံးနိမ့်သွားပြန်၏။ ဤတကြိမ်တွင်တော့ ဆေးပြင်းအားကြောင့်မဟုတ်ပဲ စုချန်း အသုံးပြုလိုက်သည့် ကုန်ကြမ်းတမျိုး မှားယွင်းသွားခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် အစမ်းသပ်ခံ၏ ကိုယ်ခန္ဓာကို ပျက်စီးသွားစေပုံရသည်။ သို့မဟုတ် စွမ်းအင်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်ခန္ဓာက ပြန်လည်တိုက်ထုတ်လိုက်ပုံရ၏။ ထိုသို့မဟုတ်ပဲ တခြားအကြောင်းတရား တခုခုကြောင့်လည်း ဖြစ်နိုင်ချေရှိနေ၏။

စမ်းသပ်မှုကို ရှုံးနိမ့်စေသော အကြောင်းတရားကတော့ များစွာရှိနေ၏။ ထို့ကြောင့် စုချန်းသည် နေ့စဉ်လိုလို အကြောင်းတရားသစ်များနှင့် ရင်ဆိုင်နေရလေသည်။ မည်သို့ဆိုစေ စုချန်းသည် ဖြေးဖြေးနှင့် မှန်မှန် ခရီးဆက်နေ၏။ ထို အကြောင်းတရားများအားလုံးကို ပြင်ဆင်ဖာထေးနိုင်မည့်နေ့တွင် သူ အောင်မြင်မှုရပေလိမ့်မည်။

ဤနည်းအားဖြင့် စုချန်းသည် စမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်နေ၏။

တနေ့တွင်တော့ သူသည် အစမ်းသပ်ခံဓားပြ၏ တကိုယ်လုံးကို ဆေးမင်ထိုးပေးလျက်ရှိသည်။ နောက်ဆုံးအပ်ကို ဆွဲနှုတ်လိုက်သည့်အချိန်မှာပင် ဓားပြ၏ ကိုယ်ပေါ်မှ မဲနက်သော အရှိန်အဝါတမျိုး ထွက်ပေါ်လာကြောင်း စုချန်း တွေ့လိုက်ရသည်။

အကောင်အထည်မရှိသော စွမ်းအင်များသည် ဓားပြ၏ တကိုယ်လုံးသို့ ပျံ့နှံ့နေပုံရပြီး သိပ်မကြာမီပင် ထိတ်လန့်စရာ အားအင်များအဖြစ် စုဝေးလာ၏။

ချက်ချင်းလိုလိုပင် အံ့သြသင့်စရာ မြင်ကွင်းတခုက သူတို့၏ မျက်စေ့ရှေ့မှောက်တွင် ပေါ်ပေါက်လာတော့သည်။ ကြည့်နေရင်းနှင့်ပင် ဓားပြ၏ ပုံရိပ်သည် သူတို့၏ မြင်ကွင်းထဲတွင် မှေးမှိန်ဖျော့တော့လာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း စုချန်း၏ မျက်နှာပေါ်တွင် ကြည်လင်သော အပြုံးတမျိုး ပေါ်ပေါက်လာ၏။

"နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပြီပဲကိုး"

"ကျုပ် ကျုပ် ဘာဖြစ်သွားတာလဲ"

သူ၏ ကိုယ်ပျောက်ခန္ဓာကိုယ်ကိုကြည့်ရင်း ဓားပြ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။ ယခုအချိန်တွင် စမ်းသပ်မှုပြီးဆုံးသွားပြီ ဖြစ်လေရာ ဓားပြ၏ ကိုယ်ပေါ်တွင် မည်သည့် အချုပ်အနှောင်မှ မရှိတော့ပေ။

"ဘာမှ စိတ်မပူနဲ့ စိတ်ကိုစုစည်းပြီး မင်းကိုယ်ထဲက စွမ်းအင်ကို အာရုံစိုက်ပါ ပြီးတာနဲ့ အဲဒီစွမ်းအင်ကို ထိန်းချုပ်ပြီး မင်းရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်ပါ မင်းရဲ့ ကိုယ်ခန္ဓာ ပြန်ပေါ်လာလိမ့်မယ်"

စုချန်း၏ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်လိုက်ရာ ဓားပြ၏ ကိုယ်ခန္ဓာမှာ ပြန်ပေါ်လာ၏။

ဓားပြသည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"ကျုပ်...ကျုပ်....ကိုယ်ပျောက်အောင် ပြန်လုပ်လို့ ရသလား"

"ဒါကို အရိပ်ပုံဖျက်ခြင်းနည်းစနစ်လို့ ခေါ်တာ ပိုပြီး သင့်တော်မယ်ကွ မင်း ကိုယ်ဖျောက်နိုင်ဖို့ အရိပ်စွမ်းအင်အရင်းအမြစ်တခု လိုအပ်တယ်"

စုချန်းက ပြန်ပြောလိုက်၏။

အရိပ်စွမ်းအင်ဟူသည်မှာ စုချန်းက အရိပ်ဟု ခေါ်ဆိုသတ်မှတ်ထားသည့် မူလပစ္စည်းပင် ဖြစ်သည်။ ရတနာသိုလှောင်ခန်းအတွင်းမှ ရလာခဲ့သည့် ကျောက်တုံးများထဲမှာ အဆိုပါ အရိပ်မူလပစ္စည်းကို စုချန်းက ထုတ်ယူထားခြင်းပင်။

ထိုကျောက်တုံးများကို တနှစ်တိုင်အောင် လေ့လာပြီးသည့်နောက်တွင်တော့ ထိုအထဲမှ မူလပစ္စည်းတမျိုးကို စုချန်း ထိန်းချုပ်နိုင်စွမ်းရှိလာ၏။ ထိုမူလပစ္စည်းသည် တစုံတယောက်ကို အရိပ်ကဲ့သို့ စွမ်းရည်များ ပေးနိုင်ကြောင်း နောက်ပိုင်းတွင် သူ သိရှိလာခဲ့လေသည်။

ကိုယ်ပျောက်ဓားပြအား ထိုအရိပ်စွမ်းအင်ကို အသုံးပြု၍ စုချန်းက ဖန်တီးလိုက်ခြင်း ဖြစ်သည်။ အရိပ်အောက်သို့ ဝင်လိုက်သည်နှင့် ဓားပြ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်းနှင့် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

၎င်း၏ ကိုယ်ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာအဆင့်ထိ ပျောက်ကွယ်သွားခြင်းမျိုး ဖြစ်လေရာ တစုံတယောက်အနေနှင့် လက်ဖြင့်ထိတွေ့စမ်းသပ်ရန်မှာ မဖြစ်နိုင်ပေ။ မူလစွမ်းအင်နှင့်သာ စမ်းသပ်၍ ရနိုင်၏။

တကယ်တော့ သွေးနီဥပြိုကွဲခြင်းစွမ်းအင်သည် အသုံးပြုသူအား ထိုစွမ်းရည်မျိုးကို ပေးနိုင်သည်မဟုတ်ပေ။ ၎င်းမှာ စွမ်းအင်ပြောင်းလဲပေးနိုင်သည့် ယာဉ်တမျိုးအဖြစ် အသုံးတော်ခံနိုင်သည့် သဘောမျှသာ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ကွက်လပ်တခုနှင့် တူပေသည်။ တစုံတယောက်အနေနှင့် စွမ်းအင်ရရှိလိုလျင် ထိုကွက်လပ်အတွင်းသို့ သက်ဆိုင်ရာ ဖြည့်စွက်မှုများ ပြုလုပ်ပေးရပေလိမ့်မည်။ သို့မှသာ မူလစွမ်းအင်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

တိတိကျကျ ပြောနိုင်သည်မှာကား သွေးနီဥပြိုကွဲဆေးမင်သည် သတ်ဖြတ်သူများ၏ ဆေးမင်မှ လမ်းခွဲတခုဟု ဆိုနိုင်သည်။ သို့သော် ၎င်းသည် သတ်ဖြတ်သူဆေးမင်ထက် ပို၍ အခွင့်အလန်း များ၏။ အလားအလာ ပို၍ ကောင်းမွန်၏။

ယခုတော့ ကိုယ်ပျောက်ဓားပြသည် သွေးနီဥပြိုကွဲဆေးမင်နှင့် အရိပ်မူလပစ္စည်းပေါင်းစပ်ရာမှ ပေါ်ထွက်လာသည့် ပထမဦးဆုံး ရလဒ် ဖြစ်လာခဲ့လေပြီ။

လက်ရှိ အရိပ်မူလပစ္စည်းသည် အရိပ်ဖုံးကွယ်ခြင်းစွမ်းရည်မျှကိုသာ ပေးစွမ်းနိုင်သော်လည်း နောက်ထပ် တိုးတက်မှုအနေနှင့် အရိပ်ကဲ့သို့ လှုပ်ရှားမှုများကိုပင် ပေးစွမ်းလာနိုင်မည်ဟု ယူဆရ၏။ ၎င်းမှာ စုချန်း၏ အာရုံစူးစိုက်မှုနှင့် အရိပ်ဓားပြ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုအပေါ်တွင် မူတည်နေပေသည်။

ယုတ္တိဗေဒအရတွေးလျင် ၎င်းသည် သွေးနှောများ၏ သွေးဗီဇနှင့် အလားသဏ္ဍာန်တူ၏။ သွေးနှောများအနေနှင့် သွေးဗီဇကို မျိုးရိုးစဉ်ဆက် ဆက်ခံပိုင်ခွင့်မရှိသော်လည်း တဦးချင်းစီ၏ တိုးတက်မှုကတော့ အကန့်အသတ်မရှိသည့် အနေအထားထိ ရောက်သွားနိုင်လေသည်။

မည်သို့ဆိုစေ ယခုအချိန်တွင် ပြီးပြည့်စုံသော အရိပ်အစေခံတယောက်ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်၍ စုချန်းနှင့် သံမဏိတို့မှာ အကြီးအကျယ် စိတ်လှုပ်ရှားနေကြ၏။

ဓားပြကိုယ်တိုင်လည်း အကြီးအကျယ် စိတ်ဓာတ်တက်ကြွလျက် ရှိသည်။ သူသည် မူလစွမ်းအင်ကို ထိန်းချုပ်ပြီး သူ့ကိုယ်ခန္ဓာကိုယ်ကို ပေါ်လိုက်ပျောက်လိုက်လုပ်ကာ ဆော့ကစားလျက်ရှိလေသည်။

"ကျုပ် သန်မာလာပြီ ကျုပ် ပိုပြီး သန်မာလာပြီကွ"

ဓားပြက ဝမ်းသာအားရနှင့် ပြောလိုက်သည်။

ထိုအခိုက်မှာပင် သူက စုချန်းကို ဖြတ်ခနဲ လှမ်းကြည့်ပြီး ခေါင်းထဲတွင် အတွေးတချက် လှစ်ခနဲ ဝင်လာ၏။

ငါသာ ကိုယ်ပျောက်ပြီး ဒီကောင့်ကို နောက်ကနေ ဝင်တိုက်လိုက်ရင်ကော.....

သို့သော် စုချန်း၏ တည်ငြိမ်လှသော အမူအရာကို ကြည့်ရင်း ဓားပြ ကိုယ့်ကိုယ်ကို ပြန်၍ ကျိန်ဆဲလိုက်သည်။

မင်းသားလေးစုဟာ ငါ့ကို ဖန်တီးခဲ့တာဆိုတော့ ငါ့ကို အလွယ်တကူ ပြန်ပြီး ဖျက်ဆီးနိုင်မှာပဲ....

ဒီနည်းစနစ်ဟာ သူ့ရဲ့ မျက်လုံးထဲမှာ ဘာမှဟုတ်ဟန်မတူဘူး သူ့ကိုသွားပြီး စိမ်ခေါ်ရင် ငါဟာ ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်နေမှာပဲ...

ငါ့ကို ထိန်းချုပ်ဖို့နည်းလမ်းတွေ သူ့မှာ ရှိနေမှာပဲ...

ထိုအတွေးဝင်လာသည်နှင့် ဓားပြသည် စုချန်း၏ ရှေ့တွင် ဒူးထောက်ထိုင်ချရင်း ပြောလိုက်သည်။

"တပည့်ချောင်းအာ မင်းသားလေးစုကို ကျေးဇူးတင်ပါတယ်ဗျာ"

ဓားပြ၏ အမူအရာကို ကြည့်ရင်း စုချန်း သဘောကျသွား၏။

ဒီကောင် မဆိုးဘူး....အခြေအနေကိုတော့ သဘောပေါက်သားပဲ....

ထိုအခါ စုချန်းက ပြန်ပြောလိုက်၏။

"မင်းတို့အားလုံးဟာ တကယ်တော့ ရာဇဝတ်သားတွေပဲ ခုငါ့လက်ထဲ ရောက်လာတော့ မင်းတို့ရဲ့ ရှင်ခြင်းသေခြင်းကို ငါကြိုက်သလိုစီမံခွင့်ရှိတယ် ဒါပေမဲ့ မင်း အတော်ကံကောင်းသွားတယ် မင်းဟာ အရိပ်အစေခံအဖြစ် ပထမဆုံး အောင်မြင်သွားတဲ့သူပဲ ခုဆိုရင် မင်းဟာ မသေရုံတင်မကဘူး ကိုယ်ဖျောက်နိုင်တဲ့ စွမ်းရည်ကိုပါ ရသွားပြီ ခုကစပြီး မင်းဟာ ငါ့ရဲ့ အရိပ်အစေခံတွေထဲက တယောက် ဖြစ်လာလိမ့်မယ် မင်းသာ ငါ့အမိန့်ကို နာခံရင် ငါဟာ သိပ်ပြီး ကြောက်စရာမကောင်းတဲ့ သခင်တယောက်ဆိုတာ မင်း သိလာလိမ့်မယ် ဒါပေမဲ့ ငါ့ရဲ့ အမိန့်ကို မင်း မနာခံရင်တော့......"

စုချန်းက စကားကို ခေတ္တရပ်ပြီး ပြောလိုက်သည်။

"မင်း သတ်တော့မသတ်ဘူး နောက်ထပ် ငါ့ရဲ့ အစမ်းသပ်ခံ လုပ်ပစ်မှာပဲ"

ချောင်းအာ ထိတ်လန့်တုန်လှုပ်သွား၏။ သူက ကမန်းကတန်း ပြောလိုက်သည်။

"တပည့် သခင်အပေါ်မှာ သေတဲ့အထိ သစ္စာစောင့်သိသွားပါမယ်ခင်ဗျာ"

"သိပ်ကောင်းတာပေါ့ကွာ"

စုချန်း၏ လေသံမှာ ဘာမှထူးခြားသွားဟန်မရှိပေ။

အမှန်တကယ်လည်း သူသည် ဓားပြတယောက်၏ သစ္စာတရားကို မယုံကြည်ပေ။ ိသို့သော် ဤကိစ္စမှာ ပြသနာမဟုတ်။

သူသည် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိ၏။

ဓားပြတယောက် မည်မျှ ကောက်ကျစ်ပါစေ သူ့အနေနှင့် သက်တောင့်သက်သာ ကိုင်တွယ်နိုင်၏။

All Chapters