← Chapters

လီမျိုးနွယ်အိမ်တော်မှ ထူးဆန်းသော အဖြစ်အပျက်များ

Vol. 35 Ch. 345

လီမျိုးနွယ်အိမ်တော်မှ ထူးဆန်းသော အဖြစ်အပျက်များ

Vol. 35 Ch. 345

ပထမဆုံး အရိပ်အစေခံကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီဖြစ်၍ ကျန်အပိုင်းများမှာ များစွာ လွယ်ကူသွားပြီ ဖြစ်သည်။

နောက်၂ရက်အတွင်း စုချန်းသည် အရိပ်အစေခံ ၅ယောက်အထိ ထပ်မံဖန်တီးနိုင်ခဲ့၏။ ဤတကြိမ်တွင်တော့ စုချန်းက လိပ်ခွံအဖွဲ့၏ ခေါင်းဆောင်၅ယောက်ကို အရိပ်အစေခံများအဖြစ် ဖန်တီးလိုက်ခြင်းပင်။

သို့သော် အရိပ်မူလပစ္စည်းများသည် တစုံတယောက်၏ အင်အားကို တိုးမြှင့်လာစေနိုင်ခြင်းမရှိသောကြာင့် ၎င်းတို့အနေနှင့် ကိုယ့်စွမ်းရည်ကို ကိုယ့်ဖာသာ တိုးတက်အောင် ပြုလုပ်ရန်တော့ လိုအပ်ပေအုံးမည်။

လိပ်ခွံအဖွဲ့ခေါင်းဆောင်များသည် ခေသူများ မဟုတ်ကြလေရာ အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့၏ စွမ်းရည်မှာ ဆထက်တံပိုး တိုးပွားလာတော့မည်ဖြစ်သည်။ သူတို့သည် ရန်သူ၏ နောက်ကျောသို့ ခိုးကြောင်ခိုးဝှက်နှင့်သွားကာ တချက်လွှတ်တိုက်ခိုက်နိုင်တော့မည်ဖြစ်လေရာ ထိပ်တန်းလူသတ်သမားများအဖြစ် အသုံးတော်ခံနိုင်လာပေလိမ့်မည်။ ဤလူများအား မှန်ကန်စွာ အသုံးချနိုင်ပါက သခင်လုပ်သူအဖို့ ကြောက်စရာစွမ်းအားများကို ပိုင်ဆိုင်ထားသည်နှင့် အတူတူသာ။

ထိုအခါ စုချန်းသည် အရိပ်အစေခံများ၏ အမြင့်ဆုံး ဖျက်ဆီးနိုင်စွမ်းကို ရရှိစေရန် သွေးနီဥပြိုကွဲဆေးမင်ကို သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နှင့် အဝေးရောက်မီးလျံလက်သီးတို့ကိုပင် ထည့်သွင်းပေါင်းစပ်လိုက်၏။

သွေးနီဥပြိုကွဲဆေးမင်အတွင်းသို့ အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်အပါအဝင် မူလစွမ်းရည်သုံးမျိုးသာ ပေါင်းစပ်နိုင်သော ကန့်သတ်ချက် ရှိနေ၏။ ထို့ကြောင့် စုချန်းက သူသဘောအကျဆုံး မူလစွမ်းရည်နှစ်မျိုးကို ထပ်မံပေါင်းစပ်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ချောင်းအာအတွက်တော့ စုချန်း၏ အစီအစဉ်က တမျိုး ဖြစ်သည်။ ချောင်းအာ၏ ပင်ကိုယ်စွမ်းရည်မှာ အတော်ပင် နိမ့်ပါးနေ၏။ ထို့ကြောင့် ၎င်းသည် ထောက်လှမ်းရေးတာဝန်များနှင့်သာ သင့်လျော်မည် ဖြစ်သည်။ ထို့ကြောင့် စုချန်းက ချောင်းအာအတွက် မြူခိုးကြားထဲမှ မြွေခြေလှမ်းနှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်တို့ကို ထည့်သွင်းပေါင်းစပ်ပေးလိုက်၏။ သူ့အနေနှင့် တခြားလူများကို သတ်ဖြတ်နိုင်မည်တော့မဟုတ်။ သို့သော် သူ့ကိုယ်သူတော့ ကာကွယ်နိုင်တော့မည် ဖြစ်သည်။

သို့သော် စုချန်း ပေါင်းစပ်ပေးလိုက်သည့် စွမ်းရည်များသည် လက်ဆင့်ကမ်း၍ မရသလို ထိုစွမ်းရည်များ၏ အင်အားကို တိုးပွားလာအောင်လည်း ပြုလုပ်၍ မရ။ သူတို့အနေနှင့် ထိုစွမ်းရည်များကို အသုံးပြုနိုင်ရုံသာ အသုံးပြုနိုင်ပေလိမ့်မည်။

မည်သို့ဆိုစေ ၎င်းတို့၏ အင်အားမှာ မမျှော်မှန်းနိုင်သည့် အခြေအနေထိ တိုးပွားလာခဲ့သည်ကတော့ အမှန်ပင်။

ကံမကောင်းသည်မှာကား အရိပ်မူလပစ္စည်းသည် မီးခိုးရောင်ကျောက်တုံးများအတွင်း၌သာ တည်ရှိနေသည့် ပစ္စည်းများ ဖြစ်သည်။ စုချန်း တီထွင်နိုင်သည့်အရာမဟုတ်။ စမ်းသပ်မှုကာလအတွင်း စုချန်းသည် ထိုမူလပစ္စည်းအတော်များများကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ယခု အရိပ်အစေခံခြောက်ယောက် ဖန်တီးပြီးသည့် အချိန်တွင်တော့ စုချန်းလက်ထဲတွင် အရိပ်မူလပစ္စည်း လက်ကျန် များများစားစား မရှိတော့။

အရည်အသွေးနိမ့်သည့် ပစ်မှတ်များအတွက် သူ့အနေနှင့် မူလပစ္စည်း ထပ်မံမသုံးလိုတော့ရာ အရိပ်အစေခံများ ဖန်တီးခြင်းကို စုချန်း ရပ်နားလိုက်၏။

ထိုအခါ လူသတ်သမားငါးယောက်နှင့် ထောက်လှမ်းရေးသမားတယောက် ဖန်တီးပြီးသည့်အချိန်တွင် အရိပ်အစေခံများ ဖန်တီးခြင်းလုပ်ငန်းစဉ်မှာ ရပ်တန့်သွားလေသည်။

ခြောက်ယောက်မြောက် အရိပ်အစေခံ ဖန်တီးပြီးချိန်မှာပင် စုချန်းသည် ကျီးကန်းနယ်မြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပင် ရောက်ရှိလာတော့၏။

ကျီးကန်းနယ်မြေသည် လောင်စန်းနိုင်ငံ၏ တောင်ဖျားတွင် တည်ရှိ၏။ သူ၏ အနောက်ဘက်တွင် ဖုန်းဆိုးမြေကြီး ဖြစ်ပြီး အရှေ့ဘက်တွင် ဝိညာဉ်တောအုပ်ရှိနေ၏။ တောင်ဘက်တွင်တော့ စစ်သုံးရေကန် ရှိပြီး ထိုနေရာတခုလုံးတွင် တိုက်ပွဲများ မကြာခန ဖြစ်ပွားလေ့ရှိသည်။ မြောက်ပိုင်းတွင်တော့ အခြေအနေမှာ အနည်းငယ် ပိုကောင်းသယောင်ရှိသော်လည်း လမ်းတလျှောက်လုံးတွင် တောပုန်းဓားပြများနှင့်သာ ပြည့်နှက်နေ၏။ ထို့ကြောင့် လောင်စန်းနိုင်ငံ၏ နယ်စပ်ဒေသကြီး လေးခုအနက် ကျီးကန်းနယ်မြေသည် အကြမ်းတမ်းဆုံး ဖြစ်ပြီး အစိုးရအာဏာစက် သက်ရောက်မှု အနည်းဆုံးဒေသလည်း ဖြစ်သည်။

ကြည်လင်မြစ်မြို့တော်သည် ကျီးကန်းနယ်မြေ၏ မြောက်ဘက်ဧရိယာတွင် တည်ရှိ၏။ ကြည်လင်မြစ်က မြို့ကို ဖြတ်သန်းစီးဆင်းနေသောကြောင့် ကြည်လင်မြစ်မြို့တော်ဟု နာမည်ရထားခြင်း ဖြစ်သည်။

သိပ်မကြာမီ စုချန်းနှင့် နောက်လိုက်နောက်ပါများသည် ကြည်လင်မြစ်မြို့တော်သို့ ရောက်ရှိလာခဲ့၏။

မြို့တော်၏ အပြင်စည်းသို့ ရောက်သည်နှင့် လီရှု၊ မင်ချူးနှင့် ကျူးဟုန်တို့သုံးယောက်သည် လမ်း၏ တဖက်ခြမ်းတွင် ရပ်စောင့်နေကြကြောင်း စုချန်း တွေ့လိုက်ရ၏။ သူတို့မှာ လည်ပင်းရှည်အောင်ပင် စောင့်နေခဲ့ရဟန် ပေါ်သည်။ သူတို့သုံးယောက်၏ နောက်နားတွင်လည်း တခြားလူတချို့ ရှိနေ၏။ ကြည့်လင်မြစ်မြို့တော်မှ အဖွဲ့သားသစ်များပင် ဖြစ်ပေလိမ့်မည်။

စုချန်းတယောက် ကြည်လင်မြစ်မြို့တော်တွင် အသိပညာဖြင့် အတည်ပြုသူအဖြစ် ခန့်အပ်ခြင်းခံရကတည်းက သူတို့သုံးယောက်သည် ရှည်လျားရစ်ခွေမြို့တော်ရှိ လုပ်ငန်းများကို ပိတ်သိမ်းပြီး ကြည်လင်မြစ်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းပင်။

သံမဏိ၏ ကြီးမားလှသော ပုံရိပ်ကြီး မြင်ကွင်းထဲတွင် ပေါ်လာသည်နှင့် သူတို့သုံးယောက်သည် ရှေ့သို့ တဟုန်ထိုး ပြေးလာကြ၏။

လီရှုက ပြုံးပန်းတဝေဝေနှင့် ပထမဦးဆုံး နှုတ်ဆက်လိုက်သည်။

"သခင်လေးရောက်လာပြီ ကျွန်တော်တို့လည်း သတင်းကြားကြားချင်း ပြေးလာခဲ့တာပဲ ဒါပေမဲ့ အံ့သြစရာကောင်းတာက သခင်လေးဟာ နှစ်နာရီတောင် နောက်ကျနေတယ်"

"ဒီအချိန်ရောက်လာတာ ကံကောင်းတယ်ပြောရမယ် လမ်းမှာ ကီလိုမီတာတထောင်အနီရောင်ပန်းတွေ ပွင့်နေတာနဲ့ ၂နာရီအတွင်း မှီအောင် ခူးခဲ့ရသေးတယ် ခင်ဗျားတို့ စောင့်နေရအောင် လုပ်မိလို့ ကျုပ် တောင်းပန်ပါတယ်ဗျာ"

စုချန်းက ရထားလုံးပေါ်မှဆင်းပြီး ပျင်းရိငြီးငွေ့ဟန်ဖြင့် အကြောဆန့်ရင်း ပြောလိုက်သည်။

"ဘယ်လောက်ကြာကြာ ကျွန်တော်တို့ စောင့်သင့်ပါတယ် သခင်လေး"

လီရှုက ပြန်ပြောလိုက်၏။

"ဒါဆိုရင်လည်း ကောင်းပြီလေ ကျုပ် ပြောထားတဲ့အတိုင်း အားလုံးကို ဆောင်ရွက်ထားရဲ့လား"

စုချန်းက ပြန်မေးလိုက်၏။

လီရှုက ပြန်ဖြေလိုက်သည်။

"သခင်လေးဆီက အမိန့်ရတာနဲ့ ကျွန်တော်တို့ စပြီး ပြင်ဆင်ခဲ့ပါတယ် သခင်လေး လူတရာထက်မကတဲ့ အရေအတွက်ကိုတောင် ထားဖို့ နေရာလုံလောက်ပါတယ် သခင်လေး အမျှော်အမြင် ကြီးပေလို့ပေါ့ မြို့ထဲမှာဆိုရင် ကျွန်တော်တို့ အတော်ကို ဒုက္ခရောက်သွားနိုင်တယ်"

"ကျုပ်ကိုယ်တိုင်လည်း ဒီကိုရောက်ဖို့အတွက် အတေ်ကို ကြိုးစားခဲ့ရတာပဲ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

လူအယောက်၁၀၀ကို ဖမ်းဆီးကာ ခရီးနှင်လာခြင်းမှာ လွယ်သောကိစ္စတော့ မဟုတ်ပေ။ သို့သော် စုချန်း၏ ရာထူးနှင့် သူ ဖမ်းဆီးလာသောလူများမှာ ဓားပြများ ဖြစ်နေသောကြောင့်သာ ဒုက္ခများများစားစား မကြုံခဲ့ရခြင်း ဖြစ်သည်။

လီရှု ရွေးချယ်ထားသော နေရာမှာ မြို့တော်နှင့် သိပ်မဝေးလှချေ။ အိမ်တော်၏ ရှေ့တွင် မြစ်ကြောင်းရှိနေပြီး နောက်တွင်တော့ တောင်တန်းများ ကာဆီးထား၏။ အိမ်တော်နှင့် သိပ်မဝေးလှသော နေရာတွင်တော့ တရုတ်ဆီးသီးပင်များ ရှိနေပြီး ကြည်လင်မြစ်သည် အနောက်ဘက်သို့ စီးဆင်းနေ၏။

အဓိကဝင်ပေါက်၏ ဘေးတဖက်တချက်တွင် ကြီးမားသော ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ရှိနေပြီး တံတိုင်းပေါ်တွင်တော့ စုအိမ်တော်ဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထား၏။

အိမ်တော်အတွင်းတွင် ဝင်ပေါက်ခြောက်ပေါက် ရှိနေပြီး တရားစီရင်ခန်း၊ အဝင်ခန်းမကျယ်နှင့် ပင်မခန်းမကျယ်၊ ပန်းဥယျာဉ်တို့ အပါအဝင် ခန်းမ ၁၂ခန်းထိ ရှိ၏။ ခြံဝင်းမှာ ၄ဧကထိ ကျယ်ဝန်းပြီး အခန်းပေါင်း၂၀၀ကျော်ထိ ရှိသည့် အိမ်တော်မဟာကြီး ဖြစ်သည်။ ပန်းဥယျဉ်အတွင်း၌ကား တောင်အတုတလုံး ရှိနေပြီး ထိပ်တွင် လသာဆောင်တဆောင်ကိုလည်း ထည့်သွင်းတည်ဆောက်ထားသေးသည်။ လသာဆောင်မှ လှမ်းမျှော်ကြည့်လိုက်လျင် မြစ်ထဲထိ လှမ်းမြင်ရလေသည်။

စုချန်းသည် အိမ်တော်တခုလုံးကို ဟိုမှသည်မှ လျှောက်ကြည့်ပြီး မေးလိုက်သည်။

"ဒီအိမ်အတွက် ငွေဘယ်လောက် သုံးထားသလဲ"

လီရှုက ပြန်ဖြေလိုက်သည်။

"ရွှေစင်တသောင်း သုံးခဲ့ပါတယ် သခင်လေး"

ပေါက်ဈေးအရ ဤအိမ်နှင့် ဤခြံသည် ရွှေစင်ငါးသောင်းခန့် ကြေးပေါက်ပေမည်။ လီရှုက ဤအိမ်မျိုးကို ရွှေစင်တသောင်းနှင့် ဝယ်ပြလိုက်သည်မှာ အံ့သြစရာပင် ကောင်းနေသေး၏။

သို့သော် စုချန်းက အေးစက်သော လေသံနှင့် ရယ်မောပြီး ပြောလိုက်သည်။

"ရွှေစင်တသောင်းတောင် ကုန်သွားတယ် ဟုတ်လား ဈေးကြီးမနေဘူးလား"

စုချန်း၏ မေးခွန်းကြောင့် လီရှု ထခုန်မိမတတ် ကြောက်လန့်သွား၏။

"သခင်လေး ကျွန်တော် ဒီပိုက်ဆံတွေကို ကိုယ့်အိပ်ကပ်ထဲ ကိုယ်မထည့်ရဲပါဘူးခင်ဗျာ တကယ်ပဲ ရွှေစင်တသောင်း ကုန်ကျသွားတာပါ အစတုန်းက ဒီအိမ်ဟာ ရွှေစင်၅ထောင်နဲ့ ရောင်းဖို့ ဈေးခေါ်ထားတာပါ မထင်မှတ်ပဲ လောင်းမျိုးနွယ်စုတွေက ဈေးပြိုင်ပေးလာလို့ ဒီဈေးအထိ ရောက်သွားတာပါ ကျွန်တော့ရဲ့ စွမ်းဆောင်မှု ညံ့ဖျင်းတဲ့အတွက် သခင်လေးကို တောင်းပန်ပါတယ်"

"လောင်းမျိုးနွယ်တွေ ဟုတ်လား ထိပ်တန်း တော်ဝင်မျိုးနွယ်စု ဆယ်စုထဲက တစုလား"

"မှန်ပါတယ် သခင်လေး"

စုချန်း မျက်မှောင်ကုတ်သွား၏။

"ထူးဆန်းတယ် သူတို့ ဘာဖြစ်လို့ ဒီအိမ်တော်ကို မျက်စေ့ကျနေရတာလဲ"

"ဒါကိုတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး သခင်လေး"

စုချန်း၏ စိတ်ထဲတွင် ကြီးစွာ သံသယဝင်လာ၏။

တကယ်တော့ ဤအိမ်တော်သည် မူလက ကြည်လင်မြို့တော် လီမျိုးနွယ်စု၏ ပိုင်ဆိုင်မှု ဖြစ်သည်။

လီမျိုးနွယ်စုဟူသည် သားမွေး ရောင်းဝယ်ရေးလုပ်ငန်းနှင့် ကြီးပွားချမ်းသာလာသူများ ဖြစ်ပြီး ကြည်လည်မြစ်မြို့တော်၏ ထိပ်တန်းမျိုးနွယ်စု ဖြစ်သည်။လွန်ခဲ့သော တနှစ်က ဤအိမ်တော်တွင် ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပွားလာခဲ့၏။ သို့သော် ထူးဆန်းသော အဖြစ်အပျက်များကို အစပျိုးစေခဲ့သည့် အကြောင်းတရားမှာ ဘာမှ မထူးဆန်းလှချေ။

၎င်းမှာ လီမျိုးနွယ် ဒုတိယအကြီးအကဲ၏ ဇနီးဖြစ်သူ လက်အောက်ရှိ အစေခံအမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာခြင်းပင် ဖြစ်သည်။

တကယ်တော့ လီမျိုးနွယ်စုသည် ကုန်သည်လုပ်ငန်းနှင့် ကြီးပွားလာခြင်းသာ ဖြစ်သော်လည်း အစိုးရအရာရှိနှစ်ယောက်ကိုသာမက ပါရမီရှင်အများအပြားကို မွေးထုတ်နိုင်ခဲ့သဖြင့် သူတို့ကိုယ်သူတို့ ပညာရှင်အသိုင်းအဝိုင်းမှ လာသလို ဟန်ဆောင်ထားကြ၏။

ကိုယ်ဝန်ရလာသော အစေခံမိန်းကလေးသည် သူမအား ကျူးလွန်သူ မည်သူမည်ဝါမှန်း ပြောပြရန် ငြင်းဆန်ခဲ့လေရာ နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကို သတ်သေရန် ဖိအားပေးခံခဲ့ရရှာသည်။ လီမျိုးနွယ်စုကလည်း ပစ်မှုကျူးလွန်သူ မည်သူမည်ဝါမှန်း သိပ်မကြာမီပင် ရှာဖွေတွေ့ရှိသွား၏။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် ပြသနာအား ဖြေရှင်းပြီးသွားပြီဟု မှတ်ယူခဲ့ကြလေသည်။

သို့သော် သိပ်မကြာမီပင် နောက်ထပ် အစေခံမိန်းကလေးတယောက် ကိုယ်ဝန်ရှိလာပြန်၏။

ဤတကြိမ်တွင်တော့ လီမျိုးနွယ်စုများသည် အကြီးအကျယ် ဒေါသူပုန်ထကုန်ကြ၏။ သူတို့သည် အစေခံမိန်းကလေးအား ပြင်းပြင်းထန်ထန်ပင် စစ်ကြောမေးမြန်းခဲ့လေသည်။ သို့သော် မိန်းကလေးကတော့ သူမသည် မည်သည့်အပြစ်မှ မကျူးလွန်ကြောင်း၊ ယခုတိုင် အပျိုစင်ဘဝတွင်သာ ရှိသေးကြောင်း ခေါင်းမာမာနှင့် ပြောဆိုနေ၏။

ထိုအချိန်တွင် သူမ၏ ဝမ်းဗိုက်မှာ ဖောင်းကားနေခဲ့လေပြီ။ သို့တိုင်အောင် မိန်းကလေးသည် သူမအနေနှင့် ယခုထိ အပျိုစင်ဟုသာ ငြင်းဆန်နေသေး၏။ လီမျိုးနွယ်စုများကတော့ သူမကို မယုံခဲ့ချေ။

သိပ်မကြာမီ နောက်ထပ် ကိုယ်ဝန်ဆောင်တယောက် ထပ်တိုးလာပြန်၏။

ဤတကြိမ် အလှည့်ကျလာသည့် မိန်းကလေးကတော့ လီအိမ်တော်၏ စတုတ္ထသခင်မလေးပင် ဖြစ်သည်။ သူမသည် လက်မထပ်ရသေးသူဖြစ်ပြီး ကိုယ်ကျင့်တရားအရာတွင် စံပြဟု နာမည်ကြီးသူ ဖြစ်သည်။ ယုတ်စွအဆုံး သူမသည် အပြင်ကိုပင် ထွက်လေ့ရှိသူမဟုတ်။ သူမလို လူစားမျိုးက ဤအဖြစ်မျိုး ကြုံတွေ့ရသည်မှာ ယုံနိုင်စရာပင်မရှိ။

စတုတ္ထသခင်မလေးကလည်း သူမကို မည်သည့် ယောကျာ်းပျိုမှပင် လက်ဖျားနှင့် မထိဖူးသေးကြောင်း အခိုင်အမာပင် ပြောကြားလိုက်၏။

ထိုအခါကျမှ တခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း လီမျိုးနွယ်စုများ နားလည်လာကြ၏။

လိင်စိတ်ဖောက်ပြန်နေသူ တစုံတယောက်သည် လီအိမ်တော်တွင် နေထိုင်ပြီးမကောင်းမှုများ လျှို့ဝှက်ကျူးလွန်နေသည်ဟု သူတို့အားလုံး တွေးတောစပြူလာ၏။ ထိုသူအား ဖော်ထုတ်ရန်နှင့် ဖမ်းဆီးနိုင်ရန် လီမျိုးနွယ်စုသည် သူရဲကောင်းများအား ဖိတ်ခေါ်ရန် စတင်ဆောင်ရွက်လာလေသည်။

လီမျိုးနွယ်စုများသည် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် နှစ်ဝက်မျှ ကြိုးပမ်းခဲ့ပြီး ချီစွမ်းအားပညာရှင်များစွာကို အကူအညီတောင်းခဲ့သော်လည်း နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ မည်သည့် အောင်မြင်မှုမှ မရခဲ့ပဲ ကိုယ်ဝန်ဆောင်အရေအတွက်သာ ပိုမို များပြားလာခဲ့၏။ ဤအတောအတွင်းဝယ် လက်မထပ်ရသေးသော မိန်းကလေး၃၀ခန့်မှာ အသီးသီး ကိုယ်ဝန်ရရှိလာပြီး သူတို့အားလုံးက မည်သူနှင့်မှ ဖောက်ပြန်ခြင်းမရှိခဲ့ကြောင်း အခိုင်အမာပင် ပြောကြားခဲ့ကြ၏။

ထိုအဖြစ်အပျက်ကြောင့် ကြည်လင်မြစ်မြို့တော်တခုလုံး အုတ်အော်သောင်းနင်း ဖြစ်လာ၏။ လူတိုင်း၏ ပါးစပ်ဖျားတွင် လီအိမ်တော်၌ တစ္ဆေသူရဲ သို့မဟုတ် နတ်ဆိုးတကောင်ကောင် ရှိနေကြောင်း ရေပန်းစားလာတော့သည်။

ကောလဟာလဆိုသော်လည်း တခါတရံတွင် အမှန်တရားနှင့် နီးစပ်နေတတ်၏။ လိင်စိတ်ဖောက်ပြန်နေသော လူသား တဦးဦးသာ ဆိုပါက လီမျိုးနွယ်စု တစုတည်းကိုသာ အာရုံစိုက်နေမည်မဟုတ်ပေ။ ထပ်ပြောရလျင် လီအိမ်တော်ရှိ မိန်းကလေးများသည် ထိုအဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ပြီးနောက် အိမ်တော်မှ ထွက်ခွာသွားသင့်၏။

ယခုတော့ ကိုယ်ဝန်ဆောင်မိန်းကလေးတိုင်းသည် လီအိမ်တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသည်မှာလည်း အံ့သြစရာပင်။

တချို့ကလည်း နတ်ဆိုးတကောင်က ဆိုးဝါးသော ရည်ရွယ်ချက်တစုံတရာဖြင့် သူ့ကလေးများကို ပို့ဆောင်နေသည်ဟု ပြောဆိုကြ၏။

ပို၍ ထူးဆန်းနေသည်မှာကား လီအိမ်တော်ကို စွန့်ခွာလာသော မိန်းကလေးများမှာကား မည်သည့် အဖြစ်ဆိုးမျိုးမှ ကျရောက်မလာခြင်းပင်။

ထိုအခါ နတ်ဆိုးတကောင်က သူ့ကလေးများကို ပို့ဆောင်နေသည်ဟူသော ကောလဟာလမှာ ပို၍ ရေပန်းစားလာ၏။ လူအများ၏ နှုတ်ဖျားတွင် ရိုးရာအစဉ်အလာ စကားသဖွယ် ဖြစ်လာ၏။

ကြည်လင်မြစ်မြို့တော်တွင် ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပွားနေသည်ဟု ရှီကိုင်းဟွမ် ရည်ညွှန်းသည်မှာ လီအိမ်တော်၏ အဖြစ်အပျက်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

မည်သို့ဆိုစေ အဆိုပါ ကောလဟာလကြောင့် လီအိမ်တော်သည် နေထိုင်မည့်သူ မရှိတော့ပဲ အိမ်ကိုလည်း အရောင်းစာရင်းတင်လိုက်ရသော အခြေအနေသို့ ဆိုက်ရောက်သွား၏။

ဤနေရာတွင် ဘာတွေ ဖြစ်နေသနည်းဟူသော မေးခွန်းကို အဖြေရှာရန် စုချန်း ကြည်လင်မြစ်မြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ခရီးမစတင်မီကတည်းက လီအိမ်တော် အဆောက်အဦးကို အရဝယ်ယူရန် လီရှုအား မှာကြားထားခဲ့၏။ ထို့ကြောင့် စုချန်းအနေနှင့် လီအိမ်တော်ကို ဝယ်ယူရခြင်းမှာ နေထိုင်ရန်သက်သက်မဟုတ်ဟု ဆိုနိုင်၏။

ယခုတော့ သူရဲခြောက်နေသည့်အိမ်ကိုပင် သူနှင့်အပြိုင် ဝယ်ယူလိုသူ ရှိနေသည်ဆိုပါကလား။

All Chapters