နတ်ဆိုးက ကလေးငယ်များအား ပို့ဆောင်ခြင်း
Vol. 35 Ch. 346
"သူတို့လည်း ဒီအိမ်ကို ဝယ်ချင်တယ်လို့ ပြောသလား"
စုချန်းက သူ့လေ့လာရေးအခန်းထဲရှိ ထိုင်ခုံတွင် ထိုင်နေရင်း လီရှုကို မေးလိုက်သည်။
"ကြည့်ရတာ လောင်းမျိုးနွယ်သခင်လေးကသာ လိုချင်ပုံရပါတယ် သခင်လေး သူက ပြောပါတယ် နတ်ဆိုးတွေက ကလေးငယ်တွေကို ပို့ဆောင်ခြင်းဟာ မိန်းမတွေပေါ်မှာပဲ သက်ရောက်မှုရှိတယ် ယောကျာ်းတွေအပေါ် မသက်ရောက်ဘူး ဒါကြောင့် ယောကျာ်းတွေအနေနဲ့ ဒီအိမ်တော်မှာ နေထိုင်လို့ရတယ်တဲ့ တကယ်လို့ နတ်ဆိုး ထွက်ခွာသွားပြီဆိုရင် သူက ဒီအိမ်တော်ကို ပုံစံပြောင်းလဲပြီး အမြတ်များများ ရှာလို့ရတယ်လို့ ဆိုပါတယ်"
"ကြည့်ရတာ သူ့စကားက ကျိုးကြောင်းဆီလျော်မှုတော့ ရှိသားပဲ ဒါပေမဲ့ ဒါတွေအားလုံးကို သူက မကြောက်ဘူးတဲ့လား နတ်ဆိုးတွေဆိုတာ လုပ်ချင်တိုင်းလုပ်လို့ရတာပဲလေ တကယ်လို့ သူတို့ ပုံစံပြောင်းလိုက်ရင်ကော မိန်းမတွေထဲမှာ ကလေးမထည့်တော့ပဲ ယောကျာ်းတွေထဲကို ပြောင်းထည့်လိုက်ရင်ကော"
စုချန်းက ပြန်မေးလိုက်၏။
လီရှုက ရယ်မောလိုက်သည်။
"ကျွန်တော် တွေးမိတာလဲ ဒီအတိုင်းပဲ သခင်လေး ဒီလိုသာမဟုတ်ရင် လီမျိုးနွယ်စုတွေက ဘာဖြစ်လို့ ဒီအိမ်တော်ကို စွန့်ခွာသွားရမှာတဲ့လဲ နောက်ဆုံးတော့ သူတို့လဲ ဒီလိုတွေးမိပြီး ခပ်စောစောလေး ထွက်ခွာသွားပုံရတယ် ဒါပေမဲ့ လောင်းမျိုးနွယ်စု ကိုယ်စားပြုတွေ ပြောတာကတော့ သူတို့ဟာ တော်ဝင်မျိုးနွယ်စုတွေဖြစ်လို့ ဒါမျိုး မကြောက်ဘူးလို့ ဆိုပါတယ် တစ္ဆေဝိညာဉ်တွေ သူတို့နောက် လိုက်လာရင် သူတို့က ပြန်တိုက်ထုတ်လိုက်မှာပဲတဲ့ သခင်လေးသခင်လေးဟာလည်း ချီစွမ်းအားပညာရှင်တယောက် ဖြစ်တာနဲ့အညီ သူတို့ကို မကြောက်ဘူးမလား ဒီတော့ သူတို့ မကြောက်ဘူးဆိုတာလဲ ကျိုးကြောင်းဆီလျော်မှု ရှိနေတာပေါ့"
"အိုး နောက်ဆုံးမှာတော့ မကြောက်တတ်တဲ့ တော်ဝင်မျိုးနွယ်စုတွေကို တွေ့ရပြီပဲ"
"ဘာပြောပြော ဒီကိစ္စဟာ နတ်ဆိုးတွေ တစ္ဆေဝိညာဉ်တွေနဲ့ ပတ်သက်နေတုန်းပဲ ဒီကိစ္စ ဘယ်လောက်ထိ နက်နဲမှန်း ဂဃနဏ မသိပဲ ဒါကို တို့ထိဖို့ သူတို့ ကြိုးစားမှာမဟုတ်ဘူး ဒီကမ္ဘာကြီးဟာ အလွန်ကျယ်ပြန့်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေတယ် တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ တချိန်လုံး စွန့်စားနေရင် သူတို့ ကြာရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး သခင်လေး"
"ဒီတော့ လောင်းမျိုးနွယ်စုတွေရော ကျုပ်ရော တစ္ဆေမကြောက်လို့ ဒီနေရာမှာ လာနေကြတာပေါ့ ဟုတ်လား"
လီရှု ထပ်မံရယ်မောလိုက်၏။
"သခင်လေးကတော့ သူတို့နဲ့ မတူပါဘူး ခင်ဗျာ"
သူက စုချန်းအား မျက်နှာချိုသွေးလိုက်ခြင်း ဖြစ်သည်။ သို့သော် စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ဟုတ်တယ် ကျုပ်ဟာ သူတို့နဲ့ မတူဘူး ဒီနေရာကို လာဖို့အတွက် ကျုပ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ဒါပေမဲ့ သူတို့ကရော ဘာကြောင့်လဲ"
လီရှု ကြက်သေသေသွား၏။
ထိုအခိုက်မှာပင် စုချန်းက အော်ခေါ်လိုက်သည်။
"ချောင်းအာ"
အနက်ရောင်ဝတ်ဆင်ထားသူတယောက် အခန်းထဲသို့ ဝင်လာပြီး စုချန်း၏ ရှေ့တွင် ဒူးထောက်လိုက်၏။
"အမိန့်ရှိပါ သခင်လေး"
ဓားပြများဟူသည် အမိန့်နာခံတတ်သူများ မဟုတ်။ သို့သော် စုချန်း၏ လေ့ကျင်မှုအောက်ဝယ် ချောင်းအာသည် အမိန့်နာခံတတ်သူ၊ စည်းကမ်းသေဝပ်သူတယောက် ဖြစ်လာခဲ့လေပြီ။
"လောင်းမျိုးနွယ်စုကို မျက်စေ့ဒေါက်ထောက်ပြီးဟစောင့်ကြည့်ထား အပ်ကျတာကအစ ကျုပ် သိချင်တယ်"
"ကောင်းပါပြီသခင်"
လီရှု ကြည့်နေစဉ်မှာပင် အနက်ရောင်ဝတ်ဆင်ထားသူသည် သူ့မျက်လုံးအောက်မှ အစပင် ရှာမရတော့အောင် ပျောက်ကွယ်သွား၏။
မြင်ကွင်းကိုကြည့်ရင်း လီရှု အတော်ပင် ထိတ်လန့်တုန်လှုပ်သွား၏။
သူသည် မူလချီစွမ်းအားပညာရှင်တယောက် မဟုတ်သော်လည်း ကိုယ်ပျောက်နည်းစနစ်ဟူသည် ချီစွမ်းအားပညာရှင်တိုင်း တတ်ကျွမ်းသော နည်းစနစ်မဟုတ်မှန်းကိုတော့ ကောင်းကောင်းသိထားလေသည်။ အကယ်၍ စုချန်းကသာ ထိုနည်းစနစ်မျိုးကို တတ်ကျွမ်းနေလျင် သူ နားလည်ပေးနိုင်သေး၏။ ယခုတော့ အစေခံတယောက်က ကိုယ်ပျောက်သွားသောကြောင့် သူ အတော်ပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။
ပို၍ အရေးကြီးသည်မှာ ထိုကဲ့သို့ အနက်ရောင်ဝတ်ဆင်ထားသော လူမှာ စုစုပေါင်း ၆ယောက်အထိ ရှိနေကြောင်း သူ သတိရလာခြင်း ဖြစ်သည်။
ချောင်းအာအား တာဝန်ပေးပြီးသည်နှင့်် စုချန်းသည် လီရှုနှင့်အတူ အခြေအနေကို ဆက်လက်ဆွေးနွေးနေလေသည်။
"နတ်ဆိုးက ကလေးငယ်တွေကို ပို့ဆောင်တယ်ဆိုတာ လွန်ခဲ့တဲ့ တနှစ်က ဖြစ်ခဲ့တာပဲ ဒီတော့ ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတွေ ဘာဖြစ်ကုန်သလဲ"
စုချန်းက မေးလိုက်ပြန်၏။
"သူတို့အများစုကတော့ မွေးပြီးပါပြီသခင် ဒါပေမဲ့ လူတိုင်းလိုလိုက ကလေးအသေတွေပဲ မွေးကြတယ်"
"ကလေးအသေတွေ ဟုတ်လား"
စုချန်းက ရေရွတ်လိုက်၏။
"ဒါဆိုရင် တကယ်ပဲ နတ်ဆိုးများလား"
စုချန်းက ခေတ္တစဉ်းစားပြီး ပြောလိုက်၏။
"ဒီတော့ အဲဒီကလေးအသေတွေနဲ့ ကိုယ်ဝန်သည်တွေက ဘယ်မှာလဲ"
"ကလေးအသေတွေကိုတော့ သူတ်ု့ိ သတ်မှတ်ထားတဲ့ လျှို့ှဝှက်တနေရာရာမှာ စွန့်ပစ်လိုက်ပုံရတယ် အမေတွေ ဘာဖြစ်သွားမှန်း ဘယ်သူမှမသိရဘူးသခင် တချို့က သတ်သေသွားတယ် တချို့က ထွက်ပြေးသွားတယ် တချို့က လီမျိုးနွယ်စုရဲ့ ထောင်သွင်းအကျဉ်းချခြင်း ခံထားရတယ် သေချာတာကတော့ သူတို့အားလုံး ကံကြမ္မာကောင်းနဲ့ မကြုံတွေ့ခဲ့ရဘူး ဆိုတာပဲ အားလုံးထဲမှာ အခြေအနေ နည်းနည်းကောင်းတာကတော့ စတုတ္ထသခင်မပဲ သူကတော့ သူ့မူလအိမ်တော်ဆီ ပြန်လည်ပို့ဆောင်ခြင်း ခံရပြီး နာမည်သစ်နဲ့ ဘဝသစ်ကို စနေပြီ"
စုချန်းသည် နဂါးပုံစံ ထွင်းထုထားသော မဟော်ဂနီသား ထိုင်ခုံလက်တင်ကို တဒေါက်ဒေါက် ခေါက်လျက် စဉ်းစားခန်းဝင်နေ၏။
အတန်ကြာအောင် စဉ်းစားနေပြီးမှ သူက ရုတ်တရက် အော်ခေါ်လိုက်သည်။
"ကွေ့တာရှန်း"
"ကျွန်တော် ရှိပါတယ်သခင်"
ထူသံနှင့်အတူ အခန်းထဲသို့ လှမ်းဝင်လာသူမှာကား အနက်ရောင်ဝတ်ဆင်ထားသည့် ကွေ့တာရှန်းပင် ဖြစ်သည်။ သူသည် တချိန်က လိပ်ခွံအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ယခုတော့ စုချန်းထံတွင် အရိပ်အစေခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိလေပြီ။
"လီမျိုးနွယ်စုရဲ့ ကလေးအသေတွေကို ဘယ်နေရာမှာ စွန့်ပစ်ထားသလဲ သူတို့ရဲ့ အမေတွေကော ဘယ်နေရာမှာ ရှိနေသလဲ ကျုပ် သိချင်တယ် ရအောင် ဖော်ထုတ်စမ်း"
"ကောင်းပါပြီသခင်"
ကွေ့တာရှန်းကား ချောင်းအာကဲ့သို့ပင် ရိပ်ခနဲ ပျောက်ကွယ်သွားပြန်၏။ လီရှု ထိတ်လန့်သွားပြန်သည်။ သူ၏ စုချန်အပေါ် ကြောက်လန့်စိတ်နှင့် လေးစားစိတ်မှာလည်း တရိပ်ရိပ် တိုးပွားလာတော့သည်။
"ကောင်းပြီ ခု ကျုပ်အမေ ဘယ်လိုနေသေးလဲ ကျုပ် ပြောထားတဲ့ဆေးတွေ ခင်ဗျား သူ့ဆီကို ယူသွားရဲ့လား"
စုချန်းက စကားလမ်းကြောင်းကို ပြောင်းလဲလိုက်၏။
"သခင်လေးရဲ့ အမိန့်ရတာနဲ့ ကျူးဟုန်ဟာ မြောက်ပိုင်းမြို့တော်ကို ခနပြန်သွားခဲ့ပါတယ် သူနဲ့အတူ ဆေးတွေလည်း ပါသွားပါတယ် သခင်မကြီးကို သခင်လေးရဲ့ ဆန္ဒကိုလည်း ပြောပြခဲ့ပါတယ် ဒါပေမဲ့ သခင်မကြီးကတော့ သူဟာ အိုနေပြီ အရိုးတွေကလည်း မကောင်းတော့ဘူး ခရီးထွက်ဖို့ မသင့်တော်တော့ဘူး ဒါကြောင့် ကြည်လင်မြစ်မြို့တော်ကို မလာချင်ဘူးလို့ ပြောပါတယ်"
"ကျုပ်မိခင်ဟာ ခုချိန်ထိ စုချန်းအန်အပေါ် လက်မလျှော့သေးဘူးနဲ့တူတယ် ဟုတ်ရဲ့လား"
"အဲဒီလိုတော့လည်း ဟုတ်ပုံမရဘူး သခင်လေး ကျောင်းတက်နေတဲ့ ဆယ်နှစ်အတွင်းမှာ သခင်ကြီး....အဲ ကျွန်တော်က စုချန်းအန်ကို ဆိုလိုတာပါ သူဟာ နောက်ထပ် မယားငယ် လေးယောက်အထိ ထပ်ယူခဲ့ပါတယ် ဒါပေမဲ့ သူ့ဘဝက တရက်ထက်တရက် ပိုပြီး ခက်ခဲလာခဲ့ပါတယ် စုမျိုးနွယ်တစုလုံးက သူ့ကို အမှိုက်လို့ သတ်မှတ်ထားပြီး သခင်မကြီးကိုယ်တိုင်လည်း သူ့ကို လက်လွှတ်လိုက်တာ အတော်ကို ကြာခဲ့ပါပြီ ဒါပေမဲ့ သခင်မကြီးက ပြောပါတယ် ဘာပဲဖြစ်ဖြစ် သူဟာ စုမျိုးနွယ်စုဝင်တယောက် ဖြစ်နေတုန်းပဲတဲ့ သခင်ကြီး မသေသရွေ့ သူ့အနေနဲ့ ဒီမိသားစုကို မစွန့်ခွာနိုင်ဘူး စွန့်ခွာလိုက်ရင် မိသားစုစည်းမျဉ်းကို ဖောက်သလို ဖြစ်နေလိမ့်မယ်လို့ ပြောပါတယ် သခင်လေး"
"ဒီတော့ ကျုပ်မိခင်ဟာ ခုချိန်ထိ စည်းမျဉ်းရဲ့ ချုပ်နှောင်မှုတွေကနေ မလွတ်မြောက်နိုင်သေးဘူးပေါ့ ဟုတ်လား"
စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ဒါပေမဲ့ ဒါဟာလည်း သူ့အတွက် အကောင်းဆုံး ဖြစ်ရင် ဖြစ်နေမှာပေါ့လေ ကျုပ်နဲ့လိုက်နေမယ်ဆိုရင် အန္တရာယ်များနေပါမယ်"
"ခုဆိုရင် သခင်လေးလည်း ကျောင်းပြီးသွားပြီဆိုတော့ တခါတလေ အိမ်ကို အလည်အပတ် ပြန်ရင် မကောင်းဘူးလား သခင်လေး"
လီရှုက စုချန်းအား အိမ်ပြန်ရန် ဆွဲဆောင်လိုက်၏။
"ထားလိုက်စမ်းပါကွာ ကျုပ် အိမ်မပြန်ချင်ဘူး ခုဆိုရင် ကျုပ်နဲ့ စုမျိုးနွယ်ဟာ ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီပဲ သူတို့နဲ့ကျုပ်ဟာ ဘာကျေးဇူးခံ ကျေးဇူးစားမှ မရှိတော့ဘူး ကျုပ်အမေနဲ့ ပတ်သက်လို့ကတော...ဒီလိုလုပ်မယ် လီရှု မင်း ကုခရိုင်ကို သွားပြီး ကျုပ်မိခင် နေထိုင်ဖို့ နေရာတနေရာ ရှာဝယ်ပါ ပြီးတော့ နွေရာသီရောက်တိုင်း ကျုပ် အဲဒီကို ရက်အနည်းငယ်လောက် လာနေမယ်ဆိုတာ ကျုပ်မိခင်ကို ပြောပြလိုက်ပါ ကျုပ်ကို သူ လွမ်းတယ်ဆိုရင် အဲဒီနေရာမှာ လာစောင့်နေနိုင်တာပေါ့"
ကုခရိုင်သည် ကြည်လင်မြစ်နှင့် မြောက်ပိုင်းမြို့တော် အကြားတွင် တည်ရှိ၏။ ၎င်းသည် နွေရာသီအပန်းဖြေရန် အလွန်သင့်တော်သော နေရာအဖြစ် ကျော်ကြားပြီး တိတ်ဆိတ်ကာ အေးချမ်းသာယာ၏။ ဤနည်းအားဖြင့် စုချန်းတို့သားအမိနှစ်ယောက် ရံဖန်ရံခါ ဆုံတွေ့နိုင်ပေလိမ့်မည်ဖြစ်သည်။
မိသားစုကိစ္စဝိစ္စများ ပြီးသည်နှင့် စုချန်းသည် ကြည်လင်မြစ်မြို့တော်တွင် ပြောင်းလဲဆောက်လုပ်ထားသည့် ပင်လယ်ရေမှော်သစ်သားနန်းဆောင်နှင့် ပတ်သက်၍ အဆင်ပြေမပြေ မေးမြန်းပြန်သည်။ အရာအားလုံးသည် အမိန့်အတိုင်း အစီအစဉ်တကျ ရှိနေသည်ကို သိလိုက်ရမှ စုချန်းက လီရှုကို ပြောလိုက်၏။
"ကောင်းပြီ ဒီကနေ့ကစပြီး ခင်ဗျားဟာ ဒီအိမ်တော်ရဲ့ ဘဏ္ဍာစိုးမှုး ဖြစ်သွားပြီ အိမ်တော်ရဲ့ ကိစ္စဝိစ္စတွေ အကုန်လုံးဟာ ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ အဲဒီအချိန်မှာ မင်ချူးက အိမ်တော်ရဲ့ အတွင်းလုံခြုံရေးကိစ္စတွေကို တာဝန်ယူရလိမ့်မယ် ကျူးဟုန်ကတော့ အိမ်တော်ပြင်ပ လုံခြုံရေးကို ကြီးကြပ်ရမယ်"
မင်ချူးနှင့် ကျူးဟုန်သည် လွန်ခဲ့သော ရှစ်နှစ်ကပင် ချီစွမ်းအားပညာရှင်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ထိုနှစ်များတွင် သူတို့သည် ပင်လယ်ရေမှော်သစ်သားနန်းဆောင်၏ လုံခြုံရေးကိစ္စတို့ကို တာဝန်ယူခဲ့ကြ၏။ ယခုမှ စုချန်းက သူတို့ကို တရားဝင် တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
စီစဉ်စရာရှိသည်တို့ကို စီစဉ်ပြီးသည်နှင့် စုချန်းက သံမဏိကို အမိန့်ပေးလိုက်၏။
"ဟေ့ သံမဏိ ရထားလုံး သွားပြင်ချေ ကျုပ်တို့ မြို့ထဲကို သွားကြမယ်"
လီရှုက ဝင်မေးလိုက်၏။
"သခင်လေးက ဘယ်သွားမလို့လဲ"
"မူလဗျိူရိုကို သွားပြီး တရားဝင်ခန့်အပ်ကြောင်း စာရွက်စာတမ်းတွေ လွှဲပြောင်းပေးရအုံးမယ် ဒီလိုလုပ်ရတာ ပျင်းစရာကောင်းပေမဲ့ လုပ်ထုံးလုပ်နည်းဆိုတော့ ရှောင်လွှဲလို့ မရပေဘူးဗျ"