← Chapters

မူလဗျူရို

Vol. 35 Ch. 347

မူလဗျူရို

Vol. 35 Ch. 347

မူလဗျူရိုသည် ကြည်လင်မြစ်မြို့တော်၏ တောင်ဘက်လမ်းမပေါ်တွင် တည်ရှိ၏။

ရထားလုံးသည် ဖြေးဖြေးနှင့်မှန်မှန် ခရီးဆက်လာ၏။ မူလဗျူရိုရှေ့သို့ ရောက်သည်နှင့် စုချန်းသည် ရထားလုံးပေါ်မှဆင်းပြီး စာရွက်စာတမ်းများကို ကမ်းပေးလိုက်၏။ တစုံတယောက်က လျင်မြန်စွာ ရောက်ရှိလာပြီး သူ့ကို အထဲသို့ဝင်ရန် ပြောလာ၏။

စုချန်းအား ဆီးကြိုနှုတ်ဆက်လာသူမှာ ဘဏ္ဍာစိုး ကောက်ကျန်းချိန်းဟု ခေါ်လေသည်။ သူသည် ချီစွမ်းအားပညာရှင် မဟုတ်ပေ။ ဘဏ္ဍာစိုးစစ်စစ်ကြီးတဦးသာ ဖြစ်သည်။ သူက ပြောလိုက်၏။

"သခင်လေးစု ခုချိန်ကစပြီး သခင်လေးဟာ ကြည်လင်မြစ်မြို့တော် မူလဗျူရိုရဲ့ အသိပညာနဲ့ အတည်ပြသူ ဖြစ်သွားပါပြီ ပုံမှန်ဆိုရင် သခင်လေးဟာ မြို့တော် ဗျူရိူရဲ့ အကြီးအကဲလျူနဲ့ အရင်ဆုံး တွေ့ဆုံရမယ် ဒါပေမဲ့ ခုချိန်မှာတော့ အကြီးအကဲလျူဟာ အလုပ်ကိစ္စနဲ့ ခရီးလွန်နေတယ် နောက်နှစ်ရက်လောက်မှ ဒီကို ပြန်ရောက်လိမ့်မယ် ဒါကြောင့် သခင်လေးက သူနဲ့ နောက်တကြိမ်မှပဲ တွေ့ဆုံလိုက်ပေါ့"

"ပြသနာမရှိပါဘူး အကြီးအကဲလျူ ပြန်ရောက်မှပဲ နောက်တကြိမ် ကျုပ် ပြန်လာခဲ့ပါမယ်"

"ဒါဆိုရင်လည်း ဗျူရိုမှာရှိတဲ့ တခြားလူတွေနဲ့ မိတ်ဆက်ပေးပါရစေ သခင်လေး"

"ကောင်းပါပြီဗျာ"

ထို့နောက် သူတို့သည် ဗျူရို၏ ပင်မခန်းမဆောင်အတွင်းသို့ လှမ်းဝင်လာခဲ့ကြ၏။ အထဲတွင် ကိုယ်ခံပညာရှင်တချို့ ရှိနေကြလေသည်။ သို့သော် ချီစွမ်းအားပညာရှင်ဟူ၍ တယောက်မျှပင် မတွေ့ရချေ။

မူလဗျူရိုဟူသည် ချီစွမ်းအားပညာရှင်များ၏ အငြင်းပွားမှုများကို ကိုင်တွင်ရ၍ သူတို့အနေနှင့် ချီစွမ်းအားပညာရှင်များ လိုအပ်သည်ကတော့ အမှန်ပင်။ သို့သော် ချီစွမ်းအားပညာရှင်များဟူသည် အဆင့်အတန်း မြင့်မားပြီး ကန့်သတ်ချုပ်ချယ်မှုကို လိုလားသူများ မဟုတ်ကြပေ။ ထို့ကြောင့် အလုပ်ကိစ္စ တစုံတရာရှိမှသာလျင် သူတို့ ပေါ်လာကြပေလိမ့်မည်။

ယုတ်စွအဆုံး စုချန်းသည်ပင် မူလဗျုရိုကို နေ့စဉ် သတင်းပို့နေရမည်ဆိုပါက ငြင်းဆန်လိမ့်မည်သာ။ ထို့ကြောင့် အချိန်အများစုတွင် တာဝန်ကျ ချီစွမ်းအားပညာရှင် တဦးတလေကိုသာလျင် မူလဗျူရိုတွင် တွေ့မြင်နိုင်၏။

ယနေ့ မူလဗျူရိုတွင် တာဝန်ကျနေသည့် ချီစွမ်းအားပညာရှင်ကတော့ ဟေးယု ဖြစ်သည်။ စုချန်းသည် နဂါးကျောင်းတော်မှ ကျောင်းဆင်းလာသူမှန်း ဟေးယု သိထား၏။ ထို့ကြောင့် သူက စုချန်းအပေါ် တလေးတစားပင် ဆက်ဆံလေသည်။

ဟေးယုနှင့် အတန်ကြာအောင် စကားပြောဆိုပြီးနောက် ဤနေရာ၏ အခြေအနေကို စုချန်း ကျယ်ကျယ်ပြန့်ပြန့် နားလည်လာ၏။

စုချန်းမှအပ မူလဗျူရိုတွင် ချီစွမ်းအားပညာရှင် ၂၈ယောက်နှင့် သံမဏိကိုယ်ထည်အဆင့် ကိုယ်ခံပညာရှင် အယောက် ၃၀၀ ရှိ၏။ မြို့တော်၏ အကြီးအကဲဖြစ်သူ လျူဝုယာမှာ ယန့်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့် ပညာရှင်ဖြစ်ပြီး သူ့လက်အောက်တွင် နောက်ထပ် ယန်ဖွင့်လှစ်ခြင်းပညာရှင် တယောက်နှင့် သွေးဆူပွက်ခြင်းပညာရှင် ၈ယောက် ရှိသေး၏။ ကျန်လူများအားလုံးမှာ ချီစုဆောင်းခြင်းနယ်ပယ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။

ကြည်လင်မြစ်မြို့တော်မှာ ကြီးမားလှသည်မဟုတ်။ ထို့ကြောင့် ဤအင်အားမှာ မည်သည့်ပြသနာကိုမဆို ရင်ဆိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ ကြီးကြီးမားမား ရန်သူနှင့် ရင်ဆိုင်ရလျင်ပင် သူတို့အနေနှင့် ကြည်လင်မြစ်မြို့တော်အစိုးရအဖွဲ့သို့ အကူအညီတောင်းခံနိုင်ပြီး အနီးအနားရှိ မြို့စောင့်တပ်များထံတွင်လည်း အကူအညီ ယူနိုင်၏။

မူလဗျူရိုသည် ချီစွမ်းအားပညာရှင် အယောက်တိုင်းကို အချက်ပေးအဆောင်လက်ဖွဲ့များ ပေးအပ်ထား၏။ သာမာန်အခြေအနေတွင် သူတို့အားလုံးသည် မိမိစိတ်ကြိုက် သက်တောင့်သက်သာ နေနိုင်၏။ အချက်ပေး အဆောင်လက်ဖွဲ့မှ အချက်ပေးမှု ပေါ်ပေါက်လာမှသာလျင် တာဝန်ကို အပြည့်အဝ ပြန်လည်ထမ်းဆောင်ရပေလိမ့်မည်။

အရာအားလုံးသည် စုချန်း လိုချင်သည့် အတိုင်းပင်။

သို့သော် မူလဗျူရိုမှ စုချန်း မထွက်ခွာမီပင် ပြသနာတခု ကြုံတွေ့ရလေသည်။

အရပ်ရှည်ရှည် အသားညိုညို လူတယောက်သည် အပြင်မှ ဝင်လာ၏။ သူက စုချန်းကို မြင်သောအခါ ရုတ်တရက် မေးလိုက်သည်။

"ကောက်ကျန်းချိန်း သူက ဘယ်သူတုန်း"

ကောင်ကျန်းချိန်းကလည်း မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလိုက်သည်။

"ကျုပ်တို့ရဲ့ အသိပညာအတည်ပြုသူ အသစ်လေ"

"အသိပညာ အတည်ပြုသူ အသစ် ဟုတ်လား မင်းက စုချန်းပေါ့"

ထိုလူသည် ခက်ထန်သော အမူအရာနှင့် စုချန်းကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးအစုံမှာလည်း အေးစက်တင်းမာလျက်ရှိသည်။ ထိုသို့ စိုက်ကြည့်ပြီးသူနှင့် သူသည် တစုံတရာကို မသဲမကွဲ ရေရွတ်လိုက်၏။ ထို့နောက် အကျီ ၤ လက်မောင်းအိုးများကို ဝေ့ယမ်းကာ ထွက်ခွာသွားလေသည်။

ထိုသူ၏ အမူအရာကိုကြည့်ပြီး စုချန်း စိတ်ရှုပ်ထွေးသွား၏။ သူက ကောက်ကျန်းချိန်းကို လှည့်မေးလိုက်သည်။

"ဒီလူက.........."

ကောက်ကျန်းချိန်းက အသံတိုးတိုးနှင့် ဖြေလိုက်သည်။

"သူက ဆရာယွန်...အတိအကျ ပြောရရင် အကြီးအကဲလျူအပြင် နောက်ထပ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက် ဖြစ်တဲ့ ဆရာယွန်လီယန်ပဲ သူဟာ အသိပညာ အတည်ပြုသူ ဖြစ်လာဖို့ အကြီးအကျယ် မျှော်လင့်နေတာပေါ့"

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း နားလည်သွား၏။ သူ့နေရာကို လုယူခံလိုက်ရ၍ ယွန်လီယန် မကျေမနပ် ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။

ထိုပြင် ယွန်လီယန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိနေ၍ စုချန်းထက် မြင့်မားသူဟု ဆိုနိုင်သည် မဟုတ်ပါလား။ ထို့ပြင် သူသည် မူလဗျူရိုတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်လေရာ စုချန်းထက် အင်အားအရာတွင်သာမက အတွေ့အကြုံ ပိုမို များပြားသူလည်း ဖြစ်သည်။ ယခုမှ ကျောင်းဆင်းလာသူ တယောက်က ယွန်လီယန်၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့် အသီးအပွင့်များကို အလွယ်တကူ ဆွတ်ခူးသွားသည့်အပြင် ရာထူးအားဖြင့်လည်း ပို၍ မြင့်သွားသေးသည်။ မည်သူမဆို ထိုအခြေအနေမျိုးကို လက်ခံရန် ခဲယဉ်းမည်ကတော့ ဧကန်ပင်။

မူလဗျူရို၏ လုပ်ငန်းတာဝန်များမှာ ခက်ခဲလှသည်မဟုတ်။ ထို့ပြင် လူတိုင်းသည်လည်း ကိုယ့်တာဝန်နှင့်ကိုယ် ရှိနေကြ၏။ သို့သော် သူတို့သည် ရံဖန်ရံခါတွင် မလွဲသာမရှောင်သာပဲ ပူးပေါင်းဆောင်ရွက်များလည်း ရှိလာနိုင်၏။ ထိုအခြေအနေမျိုးနှင့် ကြုံလာလျင် ယွန်လီယန်သည် စုချန်း၏ အမိန့်ကို နာခံရပေတော့မည်။ ၎င်းမှာ ယွန်လီယန်၏ နှလုံးသားကို ဓားနှင့် မွှမ်းနေသလို အခံရခက်လှ၏။

ဒီတော့ ဘာဖြစ်သလဲ....

စုချန်းက စိတ်ထဲတွင် ကြိတ်၍ ရယ်မောလိုက်သည်။

စုချန်း လိုချင်သည်မှာ သြဇာအာဏာ မဟုတ်ပေ။ ဘွဲ့ရပြီးသည်နှင့် နိုင်ငံအတွက် ၁၀နှစ် တာဝန်ထမ်းဆောင်ရမည်ဟူသော ကန့်သတ်ချက်သာ မရှိလျင် သူ့အနေနှင့် ဤတာဝန်ကိုပင် ယူခဲ့လိမ့်မည်မဟုတ်။ ထို့ကြောင့် ယွန်လီယန် သူ့စကားကို နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ စုချန်းအတွက် အရေးမကြီး။

မူလဗျူရိုတွင် အလုပ်လုပ်ခြင်းသည် စုချန်းအတွက် တာဝန်အရသာ ဖြစ်သည်။ အသိပညာ အတည်ပြုသူဟူသော ရာထူးသည် အိမ်တော်တွင် ကျန်ရစ်ခဲ့သည့် အရိုးစုများလောက်ပင် စုချန်းအတွက် စိတ်ဝင်စားစရာမကောင်းလှ။

ထိုသို့ စဉ်းစားပြီးသည်နှင့် စုချန်းက ရယ်မောလိုက်သည်။

"ဆရာယွန်ကို ကြည့်ရတာ စိတ်အခန့်မသင့် ဖြစ်နေပုံရတယ် ဒီလို ဖြစ်ရတာကလည်း သူရဲ့ ငရဲမီးလျံမျောက်ဝံသွေးဗီဇက သူ့စိတ်ကို လွှမ်းမိုးနေလို့ပဲ ထင်တယ် ဆရာယွန်ရဲ့ သွေးဗီဇက သွေးနှောဖြစ်နေတဲ့အတွက် သူဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ဒေါသကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေသေးတယ်"

ကောက်ကျန်းချိန်း မျက်လုံးပြူးသွား၏။ ဆရာယွန်၏ သွေးဗီဇသည် ငရဲမီးလျံမျောက်ဝံသွေးဗီဇမှန်း စုချန်း ဘယ်လိုလုပ် သိသွားသနည်။ သွေးနှောမှန်းကိုကော ဘယ်လိုလုပ် ရိပ်စားမိသွားသနည်း။

အမှန်တကယ်လည်း ဆရာယွန်၏ သွေးဗီဇမှာ သန့်စင်သော သွေးဗီဇမဟုတ်ပဲ ချီစုဆောင်းခြင်းနယ်ပယ်မှ သွေးဆူပွက်ခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ရန် ပြင်ဆင်သောက်သုံးခဲ့သည့် သွေးနှောသွေးဗီဇ ဖြစ်သည်။ ထို့ကြောင့် သူ ရောက်ရှိနိုင်သည့် အမြင့်ဆုံးနယ်ပယ်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သာ ဖြစ်သည်။ သူသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဘယ်တော့မှ တက်လှမ်းနိုင်လိမ့်မည်မဟုတ်။

ထို့ကြောင့်ပင် ယွန်လီယန်သည် ပညာရပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို လက်လျှော့လိုက်ပြီး ရာထူးဘက်ကို အာရုံစိုက်လာခြင်းပင်။

နောက်ဆုံးမှာတော့ ယွန်လီယန်သည် ရှီကိုင်းဟွမ်၏ စကားတခွန်းကိုပင် မယှဉ်နိုင်ခဲ့ချေတကား။ ဤသည်မှာ အပျက်အစီးသိုက်အတွင်း ပြသခဲ့သည့် စုချန်း၏ စွမ်းရည်ကြောင့်လည်း ပါနေ၏။

စုချန်းသည် ပြောစရာရှိသည် ပြောပြီးသည်နှင့် မူလဗျူရိုမှ ထွက်ခွာရန် အခန်းပြင်သို့ ထွက်လာသည်။ သူ့အနေနှင့် ကိစ္စဝိစ္စ ပြီးပြီဖြစ်လေရာ ဤနေရာတွင် ဆက်နေရန် စိတ်မဝင်စားတော့။

သို့သော် စုချန်း၏ မှတ်ချက်ကို ကောင်းစွာ ကြားလိုက်ရသော ယွန်လီယန်က ဒေါသကို မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်သည်။

"မင်းက ခုမှရောက်တယ် ကျုပ်ကိုတောင် ဝေဖန်ရဲနေပြီပေါ့ ဟုတ်လား"

စကားဆုံးသည်နှင့် ယွန်လီယန်သည် စုချန်းဆီသို့ ခုန်ဝင်လာပြီး စုချန်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်၏။

ယွန်လီယန်၏ ဖမ်းဆွဲချက်သည် စုချန်းကို ဟန့်တားရန်သာ ရည်ရွယ်သည်ဟု ထင်ရ၏။ သို့သော် မူလစွမ်းအင်များ ပါဝင်လာလေရာ ကျကျနနသာ ထိမှန်သွားပါက စုချန်းအနေနှင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်၏။

သို့သော် ယွန်လီယန်၏ ကုပ်ဆွဲချက် ဝင်လာသည်နှင့် စုချန်း၏ ကိုယ်ခန္ဓာက ရိပ်ခနဲ လှုပ်ရှားလိုက်၏။ သူသည် နောက်ကို လှည့်ကာ ရှောင်တိမ်းခြင်းမရှိပဲ ရှေ့ကိုသာ ဆက်၍ လျှောက်လိုက်ခြင်း ဖြစ်သည်။ မည်သို့ဆိုစေ ယွန်လီယန်၏ လက်သည်းများကို လေကိုသာ ကုပ်ဆွဲမိ၏။

အမှတ်တမဲ့ ဖမ်းဆွဲလိုက်ခြင်းဖြစ်သော်လည်း ယွန်လီယန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက် ဖြစ်သည်။ သူ့လက်သည်းကုပ်ချက်က လေကိုသာ ကုပ်မိလေရာ ယွန်လီယန် များစွာ အရှက်ရသွား၏။ သူ ပို၍ ဒေါသထွက်လာပြီး ဒုတိယ လက်သည်းကုပ်ချက်ကို ထပ်မံ ဖော်ထုတ်လိုက်ပြန်၏။ ဤတကြိမ်တွင်တော့ ယွန်လီယန်၏ လက်ချောင်းများထဲမှ မီးတောက်မီးလျံများပင် ပေါ်ထွက်လာလေသည်။ ယွန်လီယန်အဖို့ မျက်နှာဖုံးကို ခွာချပြီး သူ့ဒေါသကို အတိအလင်း ဖော်ပြလိုက်ပြီမှန်း သိသာနေ၏။

ဤတကြိမ်တွင်တော့ ယွန်လီယန်၏ ကုပ်ဆွဲချက်ကို စုချန်း ဖြစ်သလို မရှောင်တိမ်းတော့။ သူက ချက်ချင်းပင် နောက်သို့လှည့်ပြီး လက်သီးနှင့် ထိုးချလိုက်၏။ လက်သီးနှင့်လက်ဝါး တွေ့ဆုံမိချိန်ဝယ် ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာ၏။

သူတို့နှစ်ဦးသည် လူချင်းကွဲကွာသွား၏။ ယွန်လီယန်မှာ နေရာမှပင် မရွေ့သော်လည်း စုချန်းကတော့ နောက်ဘက်သို့ ခြေလှမ်းပေါင်း ၁၀၀ထိတိုင်အောင် လွင့်စင်သွားလေသည်။ ဟန်ချက်ကို ပြန်လည်ထိမ်းသိမ်းပြီးသည်နှင့် စုချန်းက ယွန်လီယန်ကို လက်နှစ်ဖက်အုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

"ကျုပ်ကို ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာယွန် ဒါပေမဲ့ အဲဒီမှာပဲ နေပါ စုချန်းကတော့ အားမနာတော့ဘူး အရင်သွားလိုက်ပါအုံးမယ်"

တချက်တည်းနှင့် စုချန်း လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ယွန်လီယန်က တီးတိုးရေရွတ်လိုက်သည်။

"အင်အား ၃၀ရာခိုင်နှုန်းလောက်ပဲပါဝင်တဲ့ လက်သည်းကုပ်ချက်ကိုတောင် မခံနိုင်သလို ဟန်ဆောင်မနေစမ်းပါနဲ့ကွာ"

ထို့နောက် သူက စုချန်းနောက်သို့ လိုက်ပါရန် ဟန်ကြင်လိုက်သည်။ ထိုအချိန်မှာပင် သူ့ခြေထောက်အစုံမှာ လှုပ်ရှား၍ မရတော့မှန်း သူ သတိထားမိလိုက်သည်။ သူက အောက်ကိုငုံ့ကြည့်လိုက်၏။ ထိုအခါ သူ့ခြေထောက်နှစ်ချောင်းလုံးကို ရေခဲများ ဖုံးလွှမ်းလျက်ရှိကြောင်း ယွန်လီယန် တွေ့ရှိလိုက်သည်။

စုချန်းက ယွန်လီယန်ကို "အဲဒီမှာပဲ နေပါအုံး"ဟု ပြောခဲ့၏။ ယခုတော့ ယွန်လီယန်သည် စုချန်းစကားအတိုင်း နေရာတွင် ခြေစုံရပ်လျက် မတ်တပ်ရပ်နေရပြီ ဖြစ်သည်။

တခနအတွင်းမှာပင် ငရဲမီးလျံမျောက်ဝံသွေးဗီဇသည် နိုးထလာပြီး ရေခဲများ အရည်ပျော်ကုန်၏။ သို့သော် ထိုအချိန်တွင် စုချန်းကတော့ အဝေးသို့ ရောက်သွားခဲ့လေပြီ။

ယွန်လီယန်သည် ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူသည် စုချန်း ထွက်ပြေးသွားရာအရပ်ကို လှမ်းမျှော်ကြည့််နေ၏။ နောက်ဆုံးတွင်တော့ သူက စုချန်းကို လိုက်ဖမ်းရန်အကြံကို လက်လျော့လိုက်လေသည်။

သူတို့နှစ်ယောက်သည် သူသေကိုယ်သေ တိုက်ခိုက်ရမည့် ရန်သူများမဟုတ်။ ထို့ကြောင့် အင်အားကို လက်ကုန်ထုတ်ရန် မလို။ိသို့သော် နောက်တကြိမ်တွင်တော့ စုချန်းကို မှတ်လောက်သားလောက်အောင် ပညာပေးရန် ယွန်လီယန်က တေးထားလိုက်၏။

All Chapters