အငြင်းပွားမှု
Vol. 35 Ch. 348
မူလဗျူရိုမှ ထွက်ခွာလာခဲ့သော်လည်း စုချန်းသည် အိမ်ပြန်ရန် အလျင်မလိုသေးချေ။ ထိုအခါ သူက လမ်းမပေါ်တွင် စိတ်အေးလက်အေးနှင့် လမ်းလျှောက်နေလေသည်။
ကြည်လင်မြစ်မြို့တော်မှာ ကြီးမားလှသည်မဟုတ်။ သို့သော် မြေဆီသြဇာမှာကား ကောင်းမွန်လှ၏။ ထို့ကြောင့် မြို့သူမြို့သားများသည် ငြိမ်းချမ်းသာယာသောဘဝကို အသီးသီး ရရှိကြလေသည်။ ကြည်လင်မြစ်ရေသည် မြို့ကိုဖြတ်ကာ တသွင်သွင် စီးဆင်းနေသောကြောင့် မြို့သည် ကုန်သွယ်ရေးကောင်းမွန်၏။ ဒေသဈေးမှာလည်း တနေကုန်အောင်ပင် အလုပ်ရှုပ်နေတတ်လေသည်။
ပျံကျဈေးသည်များသည် သူတို့၏ ကုန်စည်များကို အော်ဟစ်ရောင်းချနေကြကြောင်း စုချန်း ကြားနေရ၏။ အံ့သြစရာကောင်းသည်မှာကား ထိုကုန်စည်များထဲတွင် မူလချီစွမ်းအားပညာရှင်အဆင့် ကုန်စည်များပင် ပါဝင်နေခြင်း ဖြစ်သည်။
သူတို့ ရောင်းချနေကြသည်မှာ အတွေ့များသော ရွှေရောင်ဦးချိုသစ်အယ်သားနှင့် အရွက်ရှစ်ရွက်ပုန်းညက်ပန်းတို့ကဲ့သို့ ဆေးဘက်ဝင်ကုန်ကြမ်းများသာ ဖြစ်ကြသော်လည်း ၎င်းတို့သည် သာမန်လူများ၏ လက်ထဲတွင် အတွေ့ရခက်လှ၏။ ကျီးကန်းနယ်မြေသည် သဘာဝအရင်းအမြစ် ကြွယ်ဝလှသည်ဟူသော စကားမှာ ယုံတမ်းမဟုတ်တော့။ အမျိုးမျိုးအဖုံဖုံသော ဆေးပင်များသည် ဤနယ်မြေတွင် သဘာဝအလျောက် ရှင်သန်ကြီးထွားလျက် ရှိကြကုန်၏။
ဒေသတလျှောက် ဆေးပင်များ ပေါကြွယ်ဝလှသည့်အပြင် ရောင်းချနေသူများမှာလည်း သာမာန်လူများသာ ဖြစ်နေသောကြောင့် ဈေးနှုန်းမှာ ချိုသာလှ၏။ တချို့ကုန်စည်များဆိုလျင် ပေါက်ဈေး၏ ဆယ်ပုံတပုံခန့်သာ ရှိနေကြောင်း တွေ့ရသည်။ ထိုအခါ စုချန်းကလည်း ခရီးသွားဟန်လွဲဆိုသလို ကုန်စည်အနည်းအကျဉ်းကို ဝယ်ယူထားလိုက်လေသည်။
တနေရာအရောက်တွင်တော့ စုချန်းသည် ဖြတ်ခနဲ ရပ်တန့်ပြီး သူ့ဘေးနားတွင် ရှိနေသော အဖွားအိုကို လှမ်းကြည့်လိုက်သည်။
ထိုအဖွားအို၏ ခြင်းတောင်းထဲတွင် အဂ္ဂိရပ်ပညာရှင်များ အသုံးများသည့် မီးခိုးရောင်နန်းကြိုးမြက်ပင်များ ရှိနေ၏။ စုချန်းက အဖွားအိုဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။
"အဖွား ဒီမြက်ပင်တွေကို ဘယ်လောက်နဲ့ ရောင်းမှာလဲ"
အဖွားအိုက တုန်ယင်သော အသံနှင့် ဖြေလိုက်သည်။
"တပင်ကို ငွေတပြားပဲ အကုန်လုံး ယူမယ်ဆိုရင်တော့ ရွှေစင်တစနဲ့ ယူသွားပါ"
အဖွားအို၏ တောင်းထဲတွင် မြက်ပင် များများစားစား ရှိနေသည်မဟုတ်။ ဆယ်ပင်ကျော်ကျော်သာ ရှိလေသည်။
စုချန်းက ခြင်းတောင်းထဲသို့ လက်လှမ်းပြီး မြက်ပင်တပင်ကို ယူကာ အဖွားအိုက ပြလိုက်သည်။
"ဒီမှာကြည့် အဖွား မြက်ပင်ရဲ့ ရိုးတံဟာ ငွေရောင်ဖြစ်နေတယ် သိပ်မကြာခင်မှာပဲ ဒီမြက်ပင်ဟာ မီးခိုးရောင်နန်းကြိုးမြက်ပင်ကနေ ငွေရောင်နန်းကြိုးမြက်ပင်အဖြစ် ပြောင်းလဲသွားတော့မယ် ငွေရောင်နန်းကြိုးဟာ မီးခိုးရောင်ထက် အများကြီးပိုပြီး တန်ဖိုးရှိတယ် ယုတ်စွအဆုံး အဆ၁၀၀လောက်တောင် တန်ဖိုးရှိတယ်"
ထို့နောက် သူက ငွေရောင်မြက်ပင်ကို အဖွားအို၏ လက်ထဲသို့ ဂရုတစိုက်နှင့် ထည့်ပေးလိုက်ပြီး ပြောလိုက်၏။
"ဒီမြက်ပင် တပင်တည်းကိုက ရွှေစင်ဆယ်စလောက် တန်နေပြီး ဒီလောက် ဈေးပေါပေါနဲ့ မရောင်းပါနဲ့ အဖွား"
အဖွားအိုသည် မျက်လုံးပြူးကာ စုချန်းကို မယုံနိင်ဟန်ဖြင့် စိုက်ကြည့်နေ၏။ စုချန်းကလည်း ဘာမှ ပြန်မပြောတော့ပဲ ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
အဖွားအိုက ကပျာကယာ ပြောလိုက်၏။
"လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး"
ထို့နောက် အဖွားအိုသည် ခြင်းတောင်းကိုမကာ ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ရွှေစင်ဆယ်စဟူသော တန်ဖိုးမှာ သူမအား မျက်လုံးပြူးသွားစေ၏။ ထို့ကြောင့် မြက်ပင်များအား ရောင်းချနိင်ရန် တခြားနည်းလမ်းတမျိုးမျိုးကိုသာ သူမ ရှာဖွေတော့မည် ဖြစ်သည်။
အားနည်းသူများသည် ရှင်သန်ရန်နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ရှာဖွေနေကြသည် မဟုတ်ပါလား။ စုချန်းသည် အဖွားအိုကို အရေးမလုပ်တော့။
သူက ရှေ့ကိုသာ ဆက်လျှောက်နေ၏။ ထိုအချိန်မှာပင် သူ့နောက်ကျောမှ ကျယ်လောင်သော ပေါက်ကွဲသံကို စုချန်း ကြားလိုက်ရသည်။
စုချန်းက နောက်ကို လှည့်ကြည့်လိုက်ရာ ပြင်းထန်သော အားလှိုင်းများ၏ ရိုက်ခတ်မှုကြောင့်် လူအတော်များများသည် လေဆင်နှာမောင်း တိုက်ခတ်ခံလိုက်ရသည့်ပမာ လေထဲသို့ လွင့်စင်သွားကြောင်း သူ တွေ့လိုက်ရသည်။ ထိုအထဲတွင် အဖွားအိုလည်း ပါဝင်နေ၏။ အဖွားအိုသည် လေထဲသို့ လွင့်စင်သွားရာမှ မြေကြီးပေါ်သို့ ပြန်လည်ပြုတ်ကျချိန်တွင် တခါတည်း အသက်ပါသွားရှာသည်။ ငွေရောင်နန်းကြိုးမြက်ပင်များကိုတော့ သေသည့်တိုင်အောင် လက်ကမလွှတ်ပဲ ဆုပ်ကိုင်သွားရှာ၏။
အားလှိုင်းများသည် အပြင်းအထန် တိုက်ခိုက်နေသော လူနှစ်ယောက်ထံမှ ထွက်ပေါ်လာကြောင်း စုချန်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံးသည် မူလချီစွမ်းအားပညာရှင်များ ဖြစ်ကြလေရာ လှုပ်ရှားမှုတိုင်းတွင် စွမ်းအင်များနှင့် ပြည့်နှက်နေ၏။ ကျောက်တုံးကျောက်ခံများမှာ နေရာတိုင်းတွင် ပလူပျံနေပြီး ပတ်ဝန်းကျင်တခုလုံးတွင် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်နေ၏။ သူတို့၏ တိုက်ပွဲကြောင့် မဆိုင်သောလူ ဘယ်နှစ်ယောက် ထိခိုက်သွားပြီမှန်း မသိနိုင်ချေ။
သို့သော်ငြားလည်း သူတို့နှစ်ယောက်သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ယခင်အတိုင်းသာ ဆက်လက်တိုက်ခိုက်နေကြ၏။ တိုက်ခိုက်နေရင်းမှလည်း တယောက်နှင့်တယောက် ပုတ်ခတ်နေကြလေသည်။
"ဟေ့ ယုချန်းရွှေ မင်းအင်အားတွေအကုန်လုံးကို မိန်းမတယောက်အတွက်ပဲ သုံးထားသလားကွ နည်းနည်းလောက် အားသုံးစမ်းပါကွ"
"မင်းပါးစပ်ကို ပိတ်ထားစမ်း စန်းမော့ မိန်းမဆယ်ယောက်လောက်နဲ့ အိပ်ပြီးရင်တောင် မင်းကိုတော့ အလဲထိုးနိုင်သေးတယ်ကွ"
"ဟုတ်မှလည်းလုပ်ပါကွာ ငါ ဒီမှာရှိနေပြီ မင်း အလဲထိုးနိုင်တယ်ဆိုရင် ထိုးလေ"
လေထဲတွင် လက်သီးလက်ဝါးများ ပလူပျံသွားပြန်၏။ ရှေးနည်းအတိုင်း ပြင်းထန်သော အားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်လာပြန်သည်။ ဤတကြိမ်တွင်တော့ အခြေတကျ တည်ဆောက်ထားသော ဆိုင်တန်းများပါ ထိခိုက်ကုန်၏။ တချို့ဆိုင်များမှာ တဝုန်းဝုန်းနှင့် ပြိုကျကုန်လေရာ ဈေးသည်များ၊ ဆိုင်ရှင်များမှာ အလုအယက် ထွက်ပြေးကြရရှာ၏။
မြင်ကွင်းကိုကြည့်နေရင်း စုချန်း ဒေါသထွက်လာ၏။
အသိပညာအတည်ပြုသူ တယောက်အနေနှင့် ချီစွမ်းအားပညာရှင်များအကြား အငြင်းပွားမှုကို ဖြေရှင်းရန် စုချန်းတွင် တာဝန်ရှိနေ၏။ အကယ်၍ တာဝန်မရှိလျင်လည်း ဤအခြေအနေမျိုးကို သူ လစ်လျူရှုလိမ့်မည်မဟုတ်။
ထိုအခါ စုချန်းက တိုက်ခိုက်နေသူ နှစ်ဦးထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူ၏ လက်ဝါးရိုက်ချက်သည် သာမာန်ဟု ထင်ရသော်လည်း ရုတ်ချည်းပင် ထွက်ပေါ်နေသော အားလှိုင်းများကို ဖယ်ရှားကန့်သတ်လိုက်လေသည်။ ိုထို့နောက် သူက အော်ဟစ်အမိန့်ပေးလိုက်သည်။
"လူကြားထဲမှာ ခိုက်ရန်ဖြစ်ပွားပြီး အပြစ်မဲ့လူတွေကို ထိခိုက်နေတယ် မင်းတို့တိုက်ပွဲကို ခုချက်ချင်း ရပ်လိုက်စမ်း"
ထိုလူနှစ်ယောက်သည် စုချန်းဘက်သို့ လှည့်ကြည့်ပြီး ပြိုင်တူအော်ဟစ်လိုက်ကြ၏။
"ဒီကောင် ဘယ်ကရောက်လာတာလဲ မင်းအပူပါသလား"
ထို့နောက် ထိုလူနှစ်ယောက်သည် စုချန်းကို ပြိုင်တူ တိုက်ခိုက်လိုက်ကြလေသည်။
တစုံတယောက်သည် စွမ်းအားရှိလာသောအခါ မာနကြီးရန်နှင့် သာမာန်လူများ၏ အသက်ကို ပုရွက်ဆိတ်တကောင်သဖွယ် သဘောထားရန်မှာ မခံယဉ်းချေ။ အရာရာကို အင်အားနှင့် မပြဌာန်းနိုင်ရသည့် တခုတည်းသော အကြောင်းပြချက်မှာ အင်အားကြီးသူများတွင်လည်း ၎င်းတို့ထက် အင်အားကောင်းသော ရန်သူကိုယ်စီ ရှိနေကြသောကြောင့်သာ ဖြစ်သည်။
ထိုအထဲတွင် ဤလူနှစ်ယောက်မှာလည်း ခြွင်းချက်မရှိ ပါဝင်နေလေသည်။ သူတို့သည် သူတို့ကြောင့် ပတ်ဝန်းကျင် ထိခိုက်သွားမည်ကို အနည်းငယ်မှ ဂရုမစိုက်ပဲ ငြိုးသူရန်ဘက်ကြီးများပမာ လူပုံအလယ်တွင် တိုက်ခိုက်နေကြ၏။ သူတို့၏ စိတ်နေစိတထားမှာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်း၏။ ယခုလည်း သူတို့နှစ်ယောက်သည် စုချန်း ဟန့်တားလိုက်သည်နှင့် ချက်ချင်းလိုလိုပင် ပြန်လည်တိုက်ခိုက်လာကြ၏။
စုချန်း၏ မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"မင်းတို့ သေချင်နေပြီထင်တယ်"
ထိုအချိန်တွင် သူ့နောက်ဘက်တွင် တခြားလူများ ရှိနေရာ စုချန်းက တဖက်လူများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်းမပြုပဲ အက်ဒမန်တင်းကိုယ်ခန္ဓာနှင့် ခုခံပေးလိုက်၏။ တချိန်တည်းမှာပင် သူက မီးလျံသိမ်းငှက်ကို ဖော်ထုတ်ကာ ယုချန်းရွှေအား တိုက်ခိုက်လိုက်သည်။
ဤတကြိမ်တွင် စုချန်းက အင်အားကို ဂရုတစိုက် ထိန်းချုပ်ထားလေရာ စွမ်းအင်ရိုက်ခတ်မှုများ ထွက်ပေါ်လာခြင်း မရှိပေ။ အားလုံးသော စွမ်းအင်များသည် သိမ်းငှက်၏ ကိုယ်ထဲတွင်သာ ရှိနေ၏။
ယုချန်းရွှေကလည်း လက်ဝါးနှင့် ပြန်လည်ရိုက်ချလိုက်လေရာ အေးစက်သော အလင်းရောင်တန်းများ ထွက်ပေါ်လာ၏။ သို့သော် လက်ဝါးနှင့် မီးလျံသိမ်းငှက် ဆုံတွေ့မိချိန်ဝယ် အလင်းရောင်များ ပျောက်ကွယ်သွားပြီး သိမ်းငှက်သည် ယုချန်းရွှေထံသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။
"သေစမ်း"
ယုချန်းရွှေက ကြိမ်ဆဲပြီး လေထဲသို့ ခုန်တက်ကာ မီးလျံသိမ်းငှက်ကို ရှောင်တိမ်းပေးလိုက်သည်။
သို့သော် မီးလျံသိမ်းငှက်သည် လေထဲမှာပင် ကွေ့ဝိုက်ပျံသန်းကာ ယုချန်းရွှေ၏ နောက်ကျောသို့ ပြန်လည်တိုးဝင်လာ၏။ ယုချန်းရွှေ၏ စိတ်ထဲတွင် မီးလျံသိမ်းငှက်ကို ရှောင်တိမ်းနိုင်လိုက်ပြီဟု ထင်သော်လည်း နောက်ကျောမှ ပူလောင်လာသောကြောင့် မျက်လုံးပြူးသွား၏။ ထို့နောက် သူက ရှိသမျှ အင်အားကို ကျောပြင်တွင် စုစည်းက ခံဆောင်ပေးလိုက်သည်။ မီးတောက်မီးလျံများသည် ယုချန်းရွှေ၏ တကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ ပြင်းထန်သော နာကျင်မှုကြောင့် ယုချန်းရွှေ အော်ဟစ်လိုက်မိသည်။
ထိုအချိန်တွင် စန်းမော့သည် စုချန်းဆီသို့ ခုန်ဝင်လာပြီး ဓားမြှောင်ငယ်ဖြင့် စုချန်း၏ ကျောပြင်ကို ဘေးဘက်မှ လှမ်းတွက်လိုက်၏။
စုချန်းက လှည့်၍ပင်မကြည့်ပဲ စန်းမော့၏ လက်ကောက်ဝတ်ကို ဖမ်းဆုတ်လိုက်၏။ စန်းမော့ကား အပြင်းအထန် ရုန်းကန်နေသော်လည်း စုချန်း၏ ဆုပ်ကိုင်မှုမှ လွတ်အောင် ရုန်းထွက်နိုင်စွမ်းမရှိရှာ။ ထိုအချိန်မှာပင် စုချန်းက စန်းမော့၏ ဒူးခေါင်းကို ပိတ်ကန်လိုက်၏။ စန်းမော့ နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျသွားလေသည်။
"ဒူးထောက်ပြီး ဘယ်လိုတောင်းပန်ရမှန်းတော့ မင်းအနေနဲ့ ကောင်းကောင်းသိပုံရသားပဲ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူက ကိုယ့်ခြေထောက်ပေါ်တွင် ကောင်းကောင်း ရပ်နိုင်နေပြီဖြစ်သော ယုချွန်းရွှေကို ညာဖက်လက်ဖြင့် မီးလျံငှက်တကောင် ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ပြီး ဘယ်လက်ဖြင့် စန်းမော့၏ လက်ကို လိမ်ချိုးလိုက်၏။
"မင်း"
စန်းမော့ နာကျင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် လွတ်နေသော လက်ချောင်းများဖြင့် စုချန်းကို လှမ်းထိုးလိုက်လေသည်။
ဤတကြိမ် သူ့တိုက်ခိုက်မှုမှာ အင်အားပြင်းထန်လှပြီး အားကုန်ထုတ်ထားခြင်း ဖြစ်သည်။ ပထမအကြိမ် ယုချန်းရွှေနှင့် တိုက်ခိုက်စဉ်က အင်အားမျိုးပင် မဟုတ်။
သို့သော် ကံမကောင်းအကြောင်းမလှစွာပင် စန်းမော့သည် သူ့လက်ကိုသာ သူပြန်ထိုးမိရှာ၏။ အကြောင်းမှာ စုချန်းက သူ လိမ်ဆွဲထားသော စန်းမော့၏ လက်ကိုပင် ဒိုင်းသဖွယ် အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်သည်။
"အား"
စန်းမော့ နောက်တကြိမ် နာကျင်စွာ အော်ဟစ်လိုက်၏။ သူ့ညာဖက်လက်မှာလည်း မွမွကျေသွားလေသည်။
"တယ်လည်းရက်စက်ပါကလား"
စုချန်း မျက်မှောင်ကုတ်သွား၏။ စန်းမော့၏ တိုက်ကွက် အင်အားပြင်းထန်လှသည်မှာ အမှန်ပင်။ စုချန်းကိုယ်တိုင် ဤတိုက်ကွက်မျိုးကို ခံစားလိုက်ရပါက သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည် မဟုတ်ပါလား။