ဖမ်းဆီးခြင်း
Vol. 35 Ch. 349
စုချန်း၏ လက်ထဲတွင် ကြက်ကလေးတကောင်နှယ် ဖမ်းဆီးခံထားရသည့်တိုင် စန်းမော့၏ ရက်စက်ကြမ်းတမ်းသော စိတ်ထားကတော့ ပြောင်းလဲသွားသေးပုံမရချေ။ သူက ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်၏။
"ခွေးမသား ခွေးမသားလေး ငါ့ကိစ္စကို ဝင်နှောင့်ယှက်တယ် ငါ့လက်ကို ပျက်စီးအောင်လုပ်တယ် မင်း သေဖို့သာပြင်ထား မင်း သေကိုသေရမယ် ငါ ပြောတာ ကြားလား ခွေးမသားလေး"
ထိုအချိန်တွင် ယုချန်းရွှေကလည်း မြေကြီးပေါ်တွင် ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့တကိုယ်လုံးတွင်တော့ မီးလောင်ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။ သူက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ် ငါတို့ ဘယ်သူတွေမှန်း မင်း သိရဲ့လား"
"တကယ်တော့ ငါ ဘယ်သူလဲဆိုတာ မင်းတို့ အရင်မေးသင့်တာကွ"
စုချန်းက ပြန်ပြောလိုက်၏။ ထို့နောက် သူက ကျောက်စိမ်းဆွဲပြားလေးကို ၎င်းတို့ရှေ့တွင် ဝေ့ယမ်းပြရင်း စကားဆက်လိုက်သည်။
"ငါ့နာမည် စုချန်း ငါဟာ ကြည်လင်မြစ်မြို့တော်ရဲ့ အသိပညာအတည်ပြုသူ အသစ်ပဲ မင်းတို့ဟာ ဈေးခင်းထဲမှာ ခိုက်ရန်ဖြစ်ပွားပြီး အပြစ်မရှိတဲ့ လူတွေကို ထိခိုက်စေခဲ့တယ် ငါ့အနေနဲ့ မင်းတို့ကို ခုပဲ ထောင်သွင်းအကျဉ်းချရလိမ့်မယ်"
စုချန်းကို အသိပညာနှင့်အတည်ပြုသူမှန်း သိလိုက်ရသောအခါ သူတို့နှစ်ယောက်လုံး ကြက်သေသေသွား၏။ သို့သော် ကြောက်လန့်သွားခြင်းကားမရှိ။ ထိုအစား ရက်စက်ကြမ်းကြုတ်သော အမူအရာများသာလျင် အသီးသီး ပေါ်ပေါက်လာကြလေသည်။
ယုချန်းရွှေက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"မင်းက အသိပညာအတည်ပြုသူ အသစ်ကိုး ဒီတော့ မင်း ဝင်ရှုပ်တာ ဘာမှ အံ့သြစရာ မရှိတော့ဘူးပေါ့လေ ဒါပေမဲ့ ဘယ်နေရာမှာ ဝင်ရှုပ်သင့်တယ် ဘယ်နေရာမှာ ဝင်မရှုပ်သင့်ဘူးဆိုတာ မင်းအနေနဲ့ စုံစမ်းဖို့ အချိန်လုံလုံလောက်လောက်တော့ မရသေးဘူးမလား သခင်လေးစု"
"အိုး မူလဗျူရိုရဲ့ အသိပညာ အတည်ပြုသူတာဝန်ထဲမှာ လူရွေးပြီးမှ စီမံခန့်ခွဲရမယ်မှန်း ငါ မသိပါလားကွ"
"ဟုတ်တယ်ကွ လူရွေးရမယ် တချို့လူတွေကို မင်းအနေနဲ့ လုံးဝ ဝင်မရှုပ်သင့်ဘူး"
ယုချန်းရွှေက အော်ဟစ်လိုက်၏။
"ကြည်လင်မြစ်မြို့တော်ရဲ့ တော်ဝင်မျိုးနွယ်စု ဆယ်စုအကြောင်းကို မင်းကြားဖူးရဲ့လား ငါဟာ အဲဒီ တော်ဝင်မျိုးနွယ်စုတွေထဲက တစုဖြစ်တဲ့ လျန်မျိုးနွယ်စုက လာတာပဲ ဒီတော့ မင်းက ငါတို့ကို လွှတ်ပေးရင် ဒီကိစ္စကို မသိချင်ဟန် ဆောင်ပေးလိုက်မယ်"
"လက်မခံဘူးကွ"
စန်းမော့က သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်သည်။
"ဒီကောင် ငါ့လက်ကို ဖျက်ဆီးလိုက်တယ် ဒီတော့ ဒီကောင် သေရမယ် မုချ သေကို သေရမယ်"
ယုချန်းရွှေက စန်းမော့အား မနှစ်မြို့ဟန်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါက မင်းကိစ္စပဲလေ ငါ့မှာ မင်းနဲ့ ငြင်းခုန်နေဖို့ အချိန်မရှိဘူးကွ"
စကားဆုံးသည်နှင့် သူက နောက်လှည့်ကာ ထွက်ခွာသွားလေသည်။
သူ့အနေနှင့် စုချန်းကို လုံးဝဂရုမစိုက်တော့။ သူသည် လျန်မျိုးနွယ်စုမှဟု ပြောလိုက်ပြီး ဖြစ်လေရာ စုချန်းက သူ့ကို မနှောင့်ယှက်တော့ဟု ယုံကြည်ထားသည် မဟုတ်ပါလား။
သို့သော် စုချန်း၏ စကားကြောင့် ယုချန်းရွှေ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"မင်း သွားလို့ရပြီလို့ ငါ ပြောသေးလို့လား"
ယုချန်းရွှေက နောက်ပြန်လှည့်ပြီး စုချန်းကို စူးရှသော မျက်လုံးအစုံနှင့်် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဘာလဲ မင်းက ခုချိန်ထိ လျန်မျိုးနွယ်စုနဲ့ အတိုက်အခံ လုပ်ချင်နေသေးတာလား"
"မင်း စကားများလွန်းတယ်"
ပြောပြောဆိုဆို စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်လေရာ လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး ယုချန်းရွှေကို ချုပ်နှောင်ကာ နောက်သို့ ပြန်လည် ဆွဲယူလာလေ၏။ ထိုအချိန်တွင် စန်းမော့မှာ ကျယ်လောင်စွာ အော်ဟစ်ရင်း ရုန်းကန်နေလေသည်။ သို့သော် စုချန်း၏ လက်သီးချက်ကြောင့် စန်းမော့မှာ သတိလစ်မေ့မြောသွားရှာသည်။
ထို့နောက် စုချန်းသည် ငမိုက်သားနှစ်ကောင်အား ဘယ်တယောက် ညာတယောက်နှင့် တရွတ်တိုက်ဆွဲခေါ်သွားလေ၏။
သူတို့အား မငဲ့ညှာသူ နှစ်ယောက် အလဲအကွဲ ဖြစ်သွားသော မြင်ကွင်းကို မြင်တွေ့နေရသော်လည်း မြို့သူမြို့သားများမှာကား ပျော်ရွှင်ဟန်မရှိချေ။ သူတို့၏ မျက်နှာတွင် စုချန်းအတွက် စိုးရိမ်ပူပန်နေဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။
တစုံတယောက်က မနေနိုင်တော့ဟန်ဖြင့် ဤသို့ပင် ပြောဆိုလိုက်သေး၏။
"နောက်ထပ် ကံဆိုးသူမောင်ရှင်တယောက်တော့ ပေါ်လာပြီ"
ယုချန်းရွှေက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
"မင်းက တော်ဝင်မျိုးနွယ်စုနှစ်စုကို တကြိမ်တည်းနဲ့ အတိုက်အခံ လုပ်ရဲတယ်ဟုတ်လား တွေ့ကြသေးတာပေါ့ကွာ မင်းရာထူး ဘယ်လောက်ထိ ခံမလဲ ကြည့်လိုက်အုံးမယ်"
မူလချီစွမ်းအားပညာရှင်များသည် သာမာန်လူများထက် များစွာ အင်အားကြီးမားကြလေရာ ၎င်းတို့သည် ဥပဒေ၏ အထက်တွင် ရှိနေသူများဟုပင် ဆိုနိုင်၏။ မြို့လယ်ခေါင်တွင် ရန်ဖြစ်ရန် မသက်ဆိုင်သူများကို ထိခိုက်စေခြင်းကို အသာထားအုံး။ လူပုံအလယ်တွင် လူသတ်လိုက်လျင်ပင် ၎င်းတို့အတွက် ပြသနာ မဟုတ်ပေ။
အစိုးရအနေနှင့် ထိုဖြစ်ရပ်များတွင် တရာခံများကို ဖမ်းဆီးရန် ကြိုးစားသော်လည်း အချိန်အတော်များများတွင်တော့ တော်ဝင်မျိုးနွယ်စုများ၏ အင်အားကို မလှန်နိုင်ပဲ အလျော့ပေးခဲ့ရလေသည်။ နောက်ဆုံးတွေတော့ ပြသနာ သိပ်မကြီးလျင် ၎င်းတို့ကို တခြားနည်းလမ်းနှင့် ထိန်းချုပ်ရန်သာ အစိုးရအဖို့ ကြိုးစားရတော့သည်။
သို့သော် အစိုးရဟူသည်ကား အစိုးရသာ ဖြစ်သည်။ သင့်အနေနှင့် ဖမ်းဆီးမခံရချိန်အထိ သင် လုပ်လိုရာကို လုပ်ပိုင်ခွင့်ရှိနေ၏။ သို့သော် ဖမ်းဆီးခံရပြီဆိုလျင်တော့ သေချာပေါက် အမိန့်နာခံသင့်လေသည်။
မည်သို့ဆိုစေ ယုချန်းရွှေ၏ စကားကြောင့် စုချန်း၏ စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားလေသည်။
"ဘာကွ တော်ဝင်မျိုးနွယ်စုတွေရဲ့ အာဏာက မူလဗျူရိုကိုတောင် သက်ရောက်မှုရှိနေတယ် ဟုတ်လား မင်းတို့ကို လွှတ်ပေးဖို့အထိတောင် အာဏာရှိနေတယ်ပေါ့လေ"
စုချန်းအနေနှင့် တော်ဝင်မျိုးနွယ်စုများက မူလဗျူရိုကို အတိုင်းအတာတခုထိ လွှမ်းမိုးနေသည်ကိုတော့ နားလည်ပေးနိုင်၏။ သို့သော် မည်မျှပင် လွှမ်းမိုးစေကာမူ သူတို့အနေနှင့်် အစိုးရကို လစ်လျူရှု၍တော့ မရပေ။ အစိုးရကို လစ်လျူရှုသည့် အဆင့်ထိ ရောက်လာပါက ကျီးကန်းနယ်မြေသည် လုံးဝပျက်စီးနေပြီဟု စုချန်းက သတ်မှတ်ရပေလိမ့်မည်။
ယုချန်းရွှေက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"ငါတို့ကို လွှတ်ပေးဖို့ မူလဗျူရိုကို ဖိအားပေးနေစရာ မလိုဘူးကွ ဒါပေမဲ့ ခုချိန်ကစပြီး မင်းကတော့ ကိုယ့်နောက်ကျောကို ကိုယ် အာရုံစိုက်ထားပေတော့"
"အဲဒါဆိုရင်တော့ နည်းလမ်းဟောင်းကြီးအတိုင်းပဲပေါ့လေ"
စုချန်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရေရွတ်လိုက်သည်။
မူလဗျူရိုကို ဝင်၍ မထိန်းချုပ်သရွေ့ အရာအားလုံးသည် ပြသနာ မရှိပေ။ လျို့ဝှက်စွာ လှုပ်ရှားခြင်း၊ နောက်ကျောမှ ဓားနှင့်ထိုးခြင်းမှာ သာမာန် လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။ ရှည်လျားရစ်ခွေမြို့တော်ရှိ လျှို့ှဝှက်အဖွဲ့၏ အကြီးအကဲဖြစ်သူ ယွဲ့ဝူချိသည်ပင်လျင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရလေရာ ကျီးကန်းနယ်မြေရှိ လူများမှာ ထိုထက် ပို၍ အခွင့်အရေးနည်းပေမည်။
ယုချန်းရွှေသည် ပါးစပ်မှသာ ကြီးကြီးကျယ်ကျယ် ပြောနေသော်လည်း တကယ်တမ်းတွင်တော့ စုချန်းကို လျှို့ဝှက်စွာ လုပ်ကြံရန်သာ စဉ်းစားထားပုံရ၏။
ဒါဆိုလျင် ပြသနာမရှိပေ။ ရန်သူများက သူ့အပေါ် ပွင့်ပွင့်လင်းလင်း ရင်မဆိုင်ရဲသမျှ စုချန်းက မကြောက်ရေးချမကြောက်။
ရန်သူကို လက်သီးပုန်းထိုးရခြင်း၏ အဓိက အားနည်းချက်မှာ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်မတိုက်ခိုက်နိုင်ခြင်းပင်။ ထိုသို့ မရင်ဆိုင်နိုင်သည့်အတွက် အသုံးပြုနိုင်သည့် အရင်းအမြစ်များမှာ လျော့နည်းသွား၏။ ထိုအခါ အင်အားမှာလည်း ဆတူ နည်းပါးသွားတော့သည်။
ထို့ကြောင့် စုချန်းအနေနှင့် ရန်သူက လျှို့ဝှက်စွာ တိုက်ခိုက်လာမည်ကို မကြောက်။ သူ ကြောက်သည်မှာ ရန်သူက အားသုံး၍ သူ့အပေါ် ပြင်းထန်စွာ ဖိနှိပ်လာမည်ကိုသာ ဖြစ်သည်။
အကယ်၍ ဇုမျိုးနွယ်၊ မျိုးနွယ်စုခြောက်စု သို့မဟုတ် ရှင်သန်ခြင်းကျောင်းတော်ကသာ သူ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်တိုက်ခိုက်ခဲ့ပါက စုချန်းအနေနှင့် သေဆုံးသွားခဲ့သည်မှာ ကြာလှပေပြီ။ သို့သော် သူတို့သည် စုချန်းအား ထိုသို့ ရင်ဆိုင်ခြင်းမရှိခဲ့ကြပေ။ ထိုအစား လျှို့ဝှက်ရင်ဆိုင်ရန်သာ ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ပျက်သုဉ်းခြင်းနှင့်သာ ရင်ဆိုင်ခဲ့ရတော့သည်။
စုချန်းအနေနှင့် ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများ မည်မျှ အင်အားကြီးကြောင်း မသိချေ။ သို့သော် မူလဗျူရိုကို အတိအလင်း ချုပ်ကိုင်ရန် မကြိုးစား၍ အတိုင်းအတာတခုထိ ညဏ်ရှိပုံတော့ ပေါ်နေလေသည်။
သူ့စကားက စုချန်းကို ထိတ်လန့်စေအောင် မလုပ်နိုင်သည်ကို တွေ့ရသောအခါ ယုချန်းရွှေက ခပ်မြန်မြန်ပင် ပြောလိုက်၏။
"ငါ့ကို ယုံစမ်းပါ သူတို့ကို မင်း ရန်မစရဲပါဘူး ယုတ်စွအဆုံး မြို့တော်သခင် အန်းစီယွမ်တောင် သူတို့ကို ရန်မစရဲဘူး မင်းကကော ဘာမို့လို့လဲ"
စုချန်းက ပြန်ပြောလိုက်၏။
"ပထမအနေနဲ့ ပြောရရင် ငါဟာ တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးကို အတိုက်အခံလုပ်တာမဟုတ်ဘူး မင်းတို့နှစ်ယောက်ကိုပဲ အပြစ်အရ အရေးယူတာဖြစ်တယ် ဒုတိယအနေနှင့် မင်းတို့မှာ သိပ်ပြီး အစွမ်းရှိတယ်ဆိုရင် ဘာများ ကြောက်နေစရာရှိသလဲ ခုကျတော့ မင်းတို့ကို ကြည့်ရတာ သိပ်ပြီး ကြောက်နေသလိုပဲ နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ မင်းတို့ တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးနဲ့ အတိုက်အခံ လုပ်ရရင်တောင် ငါက ဂရုမစိုက်သေးဘူးကွ"
ယုချန်းရွှေ၏ စကားလုံးများမှာ လည်ချောင်းထဲမှာပင် တစ်ဆို့ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် စန်းမော့မှာလည်း သတိပြန်ရလာလေသည်။
စုချန်း၏ စကားကို ကြားလိုက်သည်နှင့် စန်းမော့က ဒေါသတကြီးနှင့် ပြောလိုက်၏။
"စုချန်း ဟုတ်လား မင်းနာမည်ကို ငါ မှတ်ထားတယ် မင်းကို သေချာပေါက် သတ်ပစ်မယ်လို့ ငါ ကျိန်တယ် လောင်းမျိုးနွယ်စုက မင်းကို လွှတ်ပေးမယ်လို့ မထင်နေတာလား"
"လောင်းမျိုးနွယ် ဟုတ်လား"
စုချန်းက မေးလိုက်၏။
"မင်းဟာ လောင်းမျိုးနွယ်ကလို့ ပြောနေတာလား"
"မင်း ခုတော့ ကြောက်ရမှန်း သိပြီပေါ့ ဒါပေမဲ့ နောက်ကျသွားပြီကွ"
"ဘယ်ကလဲ တိုက်ဆိုင်မှုကြောင့် အံ့သြသွားတာပါကွာ ဒီအတိုင်းဆိုရင် ငါ့ရဲ့ အစီအစဉ်ကို နည်းနည်းပါးပါး ပြောင်းလဲရတော့မှာပေါ့"
စုချန်းသည် ခေါင်းကိုငုံ့ကာ ခေတ္တစဉ်းစားလိုက်၏။ ထို့နောက် လက်စွပ်အတွင်းမှ ဆေးပုလင်းနှစ်ပုလင်းကို ထုတ်ယူကာ စန်းမော့တို့နှစ်ယောက်အား အတင်းအကျပ် တိုက်ကျွေးလိုက်လေသည်။
ထို့နောက် စုချန်းသည် သူတို့နှစ်ယောက်အား မူလဗျူရိုသို့ ပြန်လည်ခေါ်ဆောင်သွား၏။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကောက်ကျန်းချိန်း၏ မျက်လုံးများသည် ရာဝင်အိုးပမာ ပြူးကျယ်သွား၏။
စုချန်းက လိုရင်းကိုပင် တန်းပြောလိုက်၏
"ဒီနှစ်ယောက်ဟာ လူပုံအလယ်မှာ ခိုက်ရန်ဖြစ်ပွားပြီး တခြားလူတွေကို ထိခိုက်စေခဲ့တယ် တစ်ယောက်သေတယ် သုံးယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ် အယောက်သုံးဆယ်လောက် ထိခိုက်ကုန်တယ် အစောင့်တွေကို အဲဒီနေရာကို လွှတ်လိုက် ပြီးတော့ လူတယောက်လောက် လွှတ်ပြီး ဖြစ်စဉ်ကို သက်သေခံမှတ်တမ်း ယူခိုင်းလိုက်ပါ"
"ဒါတွေက ကျွန်တော် လုပ်ရမှာလား သခင်လေးစု"
ကောက်ကျန်းချိန်းက သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း မေးလိုက်၏။
"ဒါပေါ့ ခင်ဗျား မလုပ်လို့ ဘယ်သူ လုပ်မလဲ ကျုပ်အနေနဲ့ ရာဇဝတ်သားတွေ ဖမ်းမိရင် ခင်ဗျားလက်ထဲပဲ ထည့်ပေးရမှာ မဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့......"
ကောက်ကျန်းချိန်းကား စကားကို ဗလုံးဗထွေးနှင့် ပြောဆိုနေရှာ၏။
ကောက်ကျန်းချိန်း၏ အမူအရာအရ စုချန်း ဖမ်းဆီးလာသော အကျဉ်းသားနှစ်ယောက်သည် တော်ဝင်မျိုးနွယ်စုဝင်များမှန်း ကောင်းစွာ သိရှိထားမှန်း သိသာနေ၏။ ထို့ကြောင့် ဤအကျဉ်းသားများကို ကိုင်တွယ်လိုသော ဆန္ဒမရှိမှန်း သိသာနေလေသည်။
ထိုအခါ စုချန်း၏ အမူအရာသည် ရုတ်ချည်းပင် တင်းမာလာ၏။
"ခင်ဗျား ဘာတွေတုံ့ဆိုင်းနေတာလဲ မူလဗျူရိုဟာ မြို့တော်ရဲ့ ငြိမ်းချမ်းရေးကို ထိမ်းသိမ်းဖို့နဲ့ ချီစွမ်းအားပညာရှင်တွေအကြား ခိုက်ရန်ဖြစ်ပွားမှုကို ဖြေရှင်းဖို့ တာဝန်ရှိနေတာ မဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့...."
"ဘာမှ ဒါပေမဲ့တွေ လုပ်မနေနဲ့ သူတို့ကို ချုပ်ထားပြီး စည်းမျဉ်းစည်းကမ်းအတိုင်းသာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်စမ်းပါ"
စကားဆုံးသည်နှင့် စုချန်းသည် အကျဉ်းသားနှစ်ယောက်ကို ပစ်ချပြီး မူလဗျူရိုမှ ထွက်ခွာသွားလေသည်။