တောင်းဆိုချက်
Vol. 35 Ch. 350
ပြသနာရှာနေသည့် ချီစွမ်းအားပညာရှင်နှစ်ယောက်အား မူလဗျူရိုသို့ ပို့ဆောင်ပြီးသည်နှင့် စုချန်းသည် အိမ်တော်သို့ ပြန်လာခဲ့၏။
ခရီးရောက်မဆိုက်မှာပင် သူ့အား လီရှုက ဆီးကြိုနှုတ်ဆက်လာ၏။
"ကလေးအသေတွေ ဘယ်နေရာမှာ မြှုပ်သလဲဆိုတာ ကျွန်တော်တို့ သိရပြီသခင်လေး"
"အိုး"
စုချန်း၏ စိတ်ဝင်စားမှုမှာ အထူးပင် မြင့်တက်သွား၏။
"ဒါဆိုလည်း ကျုပ်တို့ သွားပြီး ကြည့်ကြတာပေါ့"
သိပ်မကြာမီတွင်တော့ စုချန်းသည် မြေတွင်းကြီးတတွင်း၏ နှုတ်ခမ်းဝတွင် မတ်တပ်ရပ်လျက် ရှိလေပြီ။ ထိုမြေတွင်းသည် ကြည်လင်မြစ်မြို့တော်အပြင်ဘက် ဖုန်ဆိုးမြေ၏ တနေရာတွင် ရှိနေ၏။
တွင်းကြီးထဲတွင်တော့ လူကြီးအလောင်းနှစ်လောင်းနှင့်အတူ ကလေးငယ်အလောင်း အတော်များများ ရှိနေ၏။ လူကြီးအလောင်းမှာ မိခင်များ၏ အလောင်းများ ဖြစ်ပုံရသည်။ သေဆုံးသွားသည်မှာလည်း သိပ်ကြာသေးပုံမရချေ။ အကြောင်းမှာ ထိုအလောင်းနှစ်လောင်းသည် အပြီးတိုင် ဆွေးမြေ့ပျက်စီးသွားသည့် အဆင့်သို့ မရောက်သေးပဲ လောက်များ တဖွားဖွားတက်လျက် ပုပ်သိုးနေလေရာ ကြည့်ရသည်ကပင် အော့အန်ချင်စရာ ကောင်းလှ၏။
သို့သော် ထိုအထဲတွင် စုချန်းတော့ ပါပုံမရချေ။ သူသည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ပြီး ကလေးအလောင်းမှ အရိုးတချောင်းကို ကောက်ယူကာ ကျကျနနပင် လေ့လာစစ်ဆေးနေ၏။
သာမာန်လူများ၏ အမြင်တွင်တော့ စုချန်းသည် အရိုး၏ အပေါ်ယံ သွင်ပြင်လက္ခဏာကိုသာ ကြည့်ရှုနေသည်ဟု ယူဆရပေလိမ့်မည်။ သို့သော် တကယ်တမ်းတွင်တော့ စုချန်းသည် သူ၏ ထူးခြားသော အမြင်အာရုံကို သုံးကာ အရိုး၏ အတွင်းပိုင်းဖွဲ့စည်းပုံကိုပါ လေ့လာနေခြင်းပင်။
ကလေးအရိုးသည် အပေါ်ယံကြည့်လျင် သာမာန်လူရိုးတချောင်းနှင့် မခြားလှပေ။ သို့သော် အနီးကပ် စစ်ဆေးလိုက်ရာတွင်တော့ ထူးဆန်းနေသည်တချို့ကို စုချန်း တွေ့လိုက်ရ၏။
ကြာကြာ စစ်ဆေးလေလေ စုချန်းကား ပို၍ တုန်လှုပ်လာလေလေပင် ဖြစ်နေတော့သည်။
"သခင်လေး....ဒီအရိုးက...."
လီရှုကလည်း စိတ်ဝင်စားဟန်ဖြင့် ရှေ့တိုးကာ မေးလိုက်သည်။
စုချန်းက ဘာမှပြန်မပြောပဲ ခပ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်၏။
"အရိုးတွေအကုန်လုံးကို သန့်ရှင်းရေးလုပ်လိုက် ဘယ်ဟာမှ မကျန်စေနဲ့ ပြီးတာနဲ့ ကလေးနဲ့လူကြီးကို သပ်သပ်စီ ခွဲထားလိုက်"
"ကောင်းပါပြီ သခင်လေး"
"ပြီးတော့ အသက်ရှင်နေတဲ့ မိခင်တချို့ ကျန်နေအုံးမယ် သူတို့ကို ရှာပြီး စုအိမ်တော်ကို ခေါ်ခဲ့ပါ နတ်ဆိုးက ကလေးငယ်များကို ပို့ဆောင်ခြင်း ဖြစ်ရပ် နောက်ဆုံး ဖြစ်ခဲ့တာ နှစ်ဝက်လောက် ကြာခဲ့ပြီမလား ဒီတော့ တချို့ မိခင်တွေဟာ ခုထိ ကိုယ်ဝန်ဆောင်ဘဝမှာပဲ ရှိနေအုံးမယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"
"ဒါ....ဖြစ်တော့ဖြစ်နိုင်ပါတယ် သခင်လေး အတိအကျတော့ ကျွန်တော်လည်း မသိဘူးခင်ဗျ"
"ဒုတိယခေါင်းဆောင်ချန်း ဒီကို လာပါအုံး"
စုချန်းက အသံကို မြှင့်၍ အော်ခေါ်လိုက်သည်။
"ကျွန်တော် ရှိပါတယ် သခင်"
အရိပ်အစေခံတဖြစ်လဲ လိပ်ခွံအဖွဲ့ ဒုတိယခေါင်းဆောင်ချန်းသည် ဖြတ်ခနဲ ပေါ်ပေါက်လာ၏။
ထိုအခါ စုချန်းက အမိန့်ပေးလိုက်၏။
"လီမျိုးနွယ်စုကို သွား ကလေးမွေးခါနီး မိန်းမတွေကို လိုက်ရှာ တယောက်မှ မကျန်စေနဲ့ ဖြစ်နိုင်ရင်တော့သူတို့အားလုံးကို ဒီအရောက်သာ ခေါ်လာခဲ့ကွာ ပြီးတော့ မင်း အဲဒီမှာ ရှိနေတုန်း တခြား သဲလွန်စတွေများ တွေ့နိင်မလား ရှာခဲ့"ဲဒုတိယခေါင်းဆောင်ချန်း အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွား၏။ ပြီးမှ သူက မေးလိုက်သည်။
"ကျွန်တော်က...ဘယ်လို သဲလွန်စမျိုးကို ရှာရမှာလဲ သခင်"
"ကလေးတွေ....အသက်ရှင်နေတဲ့ ကလေးပေါက်စတွေကို မင်း ရှာရမယ်"
"နားလည်ပါပြီသခင်"
တာဝန်ပေးစရာရှိသည်တို့ကို ပေးပြီးသည်နှင့် စုချန်းသည် အိမ်တော်သို့ ပြန်လာခဲ့၏။ သုတေသနအခန်းထဲသို့ ဝင်လိုက်သည်နှင့် စုချန်း၏ မျက်ခုံးအစုံက အပေါ်သို့ မြင့်တက်သွား၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။
"ထွက်လာခဲ့စမ်း"
"ဟဲ ဟဲ ငါ့ကိုရှာတဲ့နေရာမှာတော့ မင်းက တရက်ထက် တရက် ပိုပြီး တော်လာတယ်"
ရယ်မောသံနှင့်အတူ အမှောင်ထဲမှ ထွက်လာသူကား ညတစ္ဆေပင် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင်တော့ ကြောက်လန့်စရာ မျက်နှာဖုံးတခုကို တပ်ဆင်ထား၏။ သူမ၏ ပုံစံမှာ စုချန်းကို ခြောက်လှန့်ရန် ရည်ရွယ်ထားပုံပင်။ သို့သော် စုချန်း၏ အသိမြန်မှုကြောင့် သူမ၏ ရည်ရွယ်ချက် အလဟသ ဖြစ်သွားပုံရသည်။
စုချန်းကလည်း ပြန်ပြောလိုက်သည်။
"ခင်ဗျားရဲ့ လှုပ်ရှားမှုကလည်း ပိုပြီး နူးညံ့သိမ်မွေ့လာသားပဲ ကြည့်ပါအုံး လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်နဲ့တောင် တူလာပြီ"
"မင်း ဒီလို ပြောတာ ငါ့ကို သက်သက်မဲ့ ရွဲ့နေသလိုပဲ တကယ်ဆို ငါဟာ လုပ်ကြံသတ်ဖြတ်ရေးသမားပဲလေ ဒါပေမဲ့ မင်းနဲ့ တွေ့ပြီးကတည်းက ဆတ်သားဘဝကို ရောက်သွားတာ ကြာလှပေါ့ ထိပ်တန်း လူသတ်သမား ဖြစ်ချင်တဲ့ ငါ့အိပ်မက်ကတော့ ဒီအတိုင်းဆိုရင် လွှင့်ပစ်ဖို့ပဲ ရှိတော့တယ်"
ညတစ္ဆေက စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
"ငါထင်တာက မင်းသာ နဂါးကျောင်းတော်က ဆင်းသွားရင် ငါ လွတ်မြောက်ပြီပေါ့ ဒါပေမဲ့ ခုကျတော့ မင်းက ငါ့ကို ကြည်လင်မြစ်မြို့တော်အထိ ခေါ်လာတာကိုး မင်း ဘယ်သွားသွား ခေါ်သွားရအောင် ငါက မင်းရဲ့ ကိုယ်ရေးဆတ်သားများ ထင်နေတာလား"
"လူတွေများ ဒီအလုပ်ကို လိုချင်လွန်းလို့ လုယက်နေကြတယ် ဒါပေမဲ့ ခင်ဗျားကျတော့ လူသတ်သမားပဲ ဖြစ်ချင်နေတယ် ခင်ဗျားကို ခင်ဗျား မသေတတ်ဘူးများ ထင်နေတာလား"
"ဟင့်"
ညတစ္ဆေက စုချန်း၏ စကားကို မနှစ်မြို့ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
"ကောင်းပြီ ဒါနဲ့ ဒီတခေါက် ခင်ဗျားလာတာ ဘာကိစ္စလဲ လုပ်စမ်းပါအုံး"
စုချန်းက ထိုင်ခုံတွင် ကျကျနန ထိုင်ချရင်း ပြောလိုက်ပြန်သည်။
"ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးနဲ့ ပါတ်သက်ပြီး အကြီးအကဲတွေက ငါ့ကို မင်းနဲ့ ဆွေးနွေးစေချင်ကြတယ်"
"ခင်ဗျားက ကျုပ်ကို ဒီဆေးတွေ မြန်မြန် ဖော်စပ်ပေးစေချင်တာလား"
စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ကနဦးသဘောတူညီချက်မှာ တနှစ်လျင် ဆေးပုလင်း ၂၀၀သာ ဖော်စပ်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်ထိ စုချန်းသည် ရှင်သန်ခြင်းကျောင်းတော်အတွက် ဆေးပုလင်း ၂၀၀၀တိတိ ဖော်စပ်ပေးခဲ့ပြီးလေပြီ။
တကယ်တော့ စုချန်း၏ လက်ရှိ ကျွမ်းကျင်မှုအရ ဆေးများ ဖော်စပ်ရာတွင် အလေအလွင့် သိပ်မရှိတော့။ ထို့ကြောင့် သူသာ ဆန္ဒရှိပါက ကျန် ဆေးပုလင်းရှစ်ထောင်ကို အမြန်ဆုံး ဖော်စပ်ပြီး သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား အကြွေးကို ချေပစ်လိုက်၍ ရ၏။
သို့သော် စုချန်းကတော့ ထိုသို့ အကြွေးတင်နေခြင်းကိုပင် ပို၍ သဘောကျနေသေးသည်။ အကြွေးရှိနေသ၍ ရှင်သန်ုခြင်းကျောင်းတော်အနေနှင့် သူ့ကို ဖိအားပေး ဆက်ဆံနိုင်မည် မဟုတ်ပေ။
ညတစ္ဆေက ပြန်ပြောလိုက်၏။
"အဲဒီလိုလည်း မဟုတ်ပြန်ဘူး မင်းသိပါတယ် ဒီခြောက်နှစ်အတွင်းမှာ မင်းဟာ ကျောင်းတော်အတွက် ဆေးပုလင်း ထောင့်နှစ်ရာတိတိ ဖော်စပ်ပေးခဲ့တယ် ရှားပါးအဆင့် ဆေးတွေနော် ဒီလောက် ဆေးအများကြီးကို ကျတော့ ကျောင်းတော်အနေနဲ့ ဘယ်လို အသုံးချရမှန်း ဝေခွဲမရ ဖြစ်နေတယ်"
"ဘယ်လို သုံးရမှန်း မသိရင်လည်း ရောင်းစားလိုက်ပေါ့ဗျ"
"မင်းကတော့ အဲဒီလို ပြောနိုင်တာပေါ့ ဒါပေမဲ့ ဒဏ္ဍာရီအဆင့် ကုန်ကြမ်းကို သုံးပြီး ရှားပါးအဆင့် ဆေးဝါးတွေ ဖန်တီးတာဟာ သက်သက်မဲ့ ဖြုန်းတီးရာရောက်နေတယ်လို့ကော မင်း မထင်ဘူးလား ဒီအတိုင်းသာဆိုရင် မင်းအနေနဲ့ ဆေးအရေအတွက် များများဖော်စပ်နိုင်ပေမဲ့ အကျိုးအမြတ်ကတော့ တိုးလာမယ်မထင်ဘူး"
ညတစ္ဆေ၏ ဆိုလိုရင်းကို စုချန်း ချက်ချင်းလိုလိုပင် နားလည်သဘောပေါက်သွား၏။ ထိုအခါ သူက ရယ်မောရင်း ပြောလိုက်သည်။
"ဒီတော့ ခင်ဗျားရဲ့ အကြီးအကဲတွေမှာ ကျုပ်ကို တောင်းဆိုဖို့ စိတ်ကူးသစ်တွေ ရှိနေပြီပေါ့ ဝိညာဉ်တည်ငြိမ်ခြင်းဆေးတွေ သိပ်ပြီး များနေတော့ မသုံးတတ်ဘူး ဖြစ်နေတယ်ပေါ့ ဟုတ်လား"
"ဒါ ဖြစ်တတ်တဲ့ သဘောပဲလေ"
ညတစ္ဆေက ပြန်ပြောလိုက်၏။
"တနှစ်ကို ဆေးပုလင်း ၂၀၀ဆိုတဲ့ နှုန်းထားအတိုင်းသာ သွားနေရင် ကျောင်းတော်ရဲ့ အဖွဲ့သားတိုင်းအတွက် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတွေ အလုံအလောက် ရရှိလာလိမ့်မယ် ဒါပေမဲ့ မင်း တခု သတိထားမိမလားမသိဘူး ဒီနှစ်ပိုင်းအတွင်းမှာ ရှင်သန်ခြင်းကျောင်းတော်ဟာ လူတွေကို သိပ်ပြီး ဒုက္ခမပေးတော့ဘူး ဆိုတာလေ လူဆိုတာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာ သဘာဝပါပဲလေ"
"အင်း"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ့အမူအရာမှာကား ညတစ္ဆေ၏ စကားကို သဘောတူသည်လည်းမဟုတ်။ သဘောမတူဟန်လည်း မပြ။ ပကတိအတိုင်း တည်ငြိမ်နေ၏။
မာရန်းချီနှင့် ရင်ဆိုင်ပြီးနောက်ပိုင်းတွင် သူသည် ရှင်သန်ခြင်းကျောင်းတော်နှင့် ပတ်သက်၍ အတော်လေး နားလည်သဘောပေါက်သွား၏။ ရှင်သန်ခြင်းကျောင်းတော်သည် မြေအောက်အဖွဲ့အစည်းသာ ဖြစ်သော်လည်း အဖွဲ့ဝင်တိုင်းကတော့ ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပေ။ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုသူများလည်း ရှိနေကြသည်ကတော့ အမှန်ပင်။
ညတစ္ဆေက စကားဆက်ပြန်သည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါ့ရဲ့ အကြီးအကဲတွေအနေနဲ့ မင်းကို ဝိညာဉ်တည်ငြိမ်ခြင်းဆေးတင်မကပဲ တခြား ကွဲပြားခြားနားတဲ့ ဆေးတွေကိုပါ ဖော်ပေးစေချင်နေကြတယ် ဒါပေမဲ့ အလဟသ ပျက်စီးသွားနိုင်ခြေများတဲ့ ဆေးမျိုးတွေကိုတော့ ငါတို့ တောင်းဆိုမှာ မဟုတ်ဘူး ဒါပေမဲ့ အလောင်းကောင်ဝိညာဉ်ပန်းလို ကုန်ကြမ်းမျိုးနဲ့ ကိုက်ညီတဲ့ တခြားဆေးဝါးတွေကိုတော့ ဖော်စပ်ပေးစေချင်နေကြတာ အမှန်ပဲ"
"ဒါမျိုးက ထိပ်သီးအဂ္ဂိရပ်ပညာရှင်တွေပဲ စွမ်းဆောင်နိုင်တာဗျ"
"ပါရမီရှင် ခွဲခြမ်းစိတ်ဖြာအဆင့် အဂ္ဂိရပ်ပညာရှင်တွေလည်း ဒါမျိုး လုပ်နိုင်ပါတယ်လေ ငါတို့ သိထားသလောက် မင်းဟာ ဒီအဆင့်ကိုတော့ ရောက်နေပြီမလား တရားဝင် စစ်ဆေးမှုပဲ မလုပ်ရသေးတာပါလေ"
ညတစ္ဆေက ခပ်ထေ့ထေ့ ပြောလိုက်၏။
"ဘာလဲ ကျုပ် ထိပ်တန်း သွေးကြွဆေးနှစ်ပုလင်း ရောင်းလိုက်တာကို ခင်ဗျားတို့ သိသွားပြန်တာလား"
ညတစ္ဆေက တခစ်ခစ်နှင့် ရယ်မောလိုက်၏။
"မင်းကို ကြည့်ရတာ လျှို့ဝှက်ချက်ကို ထိမ်းသိမ်းထားဖို့ စိတ်ကူးရှိပုံမရဘူး ယုတ်စွအဆုံး ငါ ရောက်လာမှာကိုပါ ကြိုသိထားပုံပဲ"
"အိုး ခင်ဗျားဟာ ညဏ်ကောင်းလာပုံပဲ"
စုချန်းက အံ့သြသင့်ဟန်ဖြင့် ပြောလိုက်သည်။
"တိတ်စမ်း မင်းနဲ့ငါဟာ သူငယ်ချင်းတွေပဲ ဒီတော့လုပ်မယ် မလုပ်ဘူးသာ တခါတည်းပြော စကားတွေ ကွေ့ဝိုက်မနေနဲ့"
"ခင်ဗျားတို့က ဘယ်လို ဆေးဝါးတွေ လိုချင်တာလဲ"
"အဆင့်မြင့် သွေးကန်ု့သတ်ခြင်းဆေးရည်၊ ဝိညာဉ်ကစဉ့်ကလျားဆေးရည်နဲ့ ဝိညာဉ်ကြည်လင်ခြင်းဆေးရည်"
"အဆင့်မြင့် သွေးကန့်သတ်ခြင်းဆေးရည် ဟုတ်လား"
စုချန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဟုတ်တယ် ဒါပေမဲ့ ကုန်ကြမ်းတွေ အလဟသ ဖြုန်းတီးတာမျိုး တခြားလူတွေကို ကြီးကြီးမားမား ထိခိုက်တာမျိုး မဖြစ်စေရဘူး"
ညတစ္ဆေက ထိုအတွက် ကြိုတင်ပြင်ဆင်ထားဟန်ဖြင့် တခါတည်း ပြောချလိုက်သည်။
"မင်းအနေနဲ့ ရှင်သန်ခြင်းကျောင်းတော်ကို အမြဲတမ်း လူကောင်းလို့ပဲ မယူဆစေချင်ဘူး တခါတလေ ငါတို့လည်း ဒီလို ဆေးဝါးမျိုးကို လိုအပ်တယ် ပြီးတော့ အဆင့်မြင့်သွေးကန့်သတ်ခြင်းဆေး ဆိုတာ တစုံတယောက်ရဲ့ သွေးဗီဇစွမ်းအင်ကိုပဲ ကန့်သတ်ပေးနိင်တာမျိုး လူကိုတော့ ထိခိုက်စေတာ မဟုတ်ဘူးလေ ဒီဆေးကို ဖော်စပ်ဖို့ အလောင်းကောင်ဝိညာဉ်ပန်းဆိုတာကလည်း ပမာဏနည်းနည်းလောက်ပဲ လိုတော့ ဒီတော့ ကုန်ကြမ်းတွေ အလဟသဖြစ်မှာ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့"
"ဒါပေမဲ့ ခင်ဗျားတို့က တစုံတယောက်ရဲ့ သွေးဗီဇစွမ်းအင်ကို ကန့်သတ်လိုက်တာနဲ့ အဲဒီလူဟာ သေလူနဲ့ အတူတူပဲလေဗျာ"
"ဘာထူးသလဲ ဝိညာဉ်တည်ငြိမ်ခြင်းဆေးကိုသုံးပြီး ကိုယ့်စွမ်းအင်ကို တိုးပွားအောင်လုပ်တာလည်း ရန်သူကို သတ်နိုင်သလိုပဲလေ"
ညတစ္ဆေက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်၏။
"ဒီတခါတော့ ခင်ဗျားဟာ အတော်လေး ကြိုတင်ပြင်ဆင်လာပုံပဲ ကျုပ် တခွန်း ထောက်လိုက်တိုင်း အဖြေက အသင့်ရှိနေတာပဲကိုး"
ညတစ္ဆေက တခစ်ခစ်ရယ်မောလိုက်ပြန်သည်။
"ဒီတခါ ငါတို့ရထားတဲ့ ခေါင်းဆောင်က အရင်လူတွေထက် အများကြီး ပိုပြီး ညဏ်ကောင်းတယ်လေ"
ဤစကားကပင် ညတစ္ဆေ၏ ပင်ကိုယ်ဗီဇကို အပြည့်အဝ ဖော်ကျူးနေလေသည်။
ထိုအခါ စုချန်းက မေးလိုက်ပြန်သည်။
"ဒါဆိုရင် ဝိညာဉ်ကစဉ့်ကလျားဆေးရည်ကို ကျတော့ ခင်ဗျားတို့ ဘာကြောင့် လိုချင်နေရသလဲ ဒီဆေးက တစုံတယောက်ရဲ့ အသိစိတ်ကို ထိန်းချုပ်နိုင်တယ် ဘာလဲ ခင်ဗျားတို့အနေနဲ့ ထိပ်တန်း အရာရှိ တယောက်ယောက်ကိုများ ပစ်မှတ်ထားနေတာလား"
"ငါတို့မှာလည်း ရန်သူတွေ သီးသန့်ပစ်မှတ်တွေ ရှိတာပေါ့ သေချာတာကတော့ လူသားမျိုးနွယ်စုကြီးတခုလုံးကို ဒုက္ခပေးလောက်တဲ့အထိတော့ မရောက်ဘူးဆိုတာပဲ ဒီပစ်မှတ်ကို ထိန်းချုပ်နိုင်ရင် အရင်တုန်းကလိုပဲ ငါတို့အတွက် အကျိုးနည်းနည်းပါးပါးရှိမယ် ဒီတော့ မင်းက ငါတို့ိကို မယုံဘူးဆိုရင် ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်လို့ရတယ်"
ညတစ္ဆေက ပြန်ပြောလိုက်၏။
သူမ၏ စကားကြောင့် စုချန်း အံ့သြသွား၏။
ဤတကြိမ်တွင်တော့ ရှင်သန်ခြင်းကျောင်းတော်သည် တပ်ဖွဲ့များအား ခေါင်းဆောင်နေသည့် ထိပ်တန်း အရာရှိတဦးဦးကို ပစ်မှတ်ထားနေပုံရပါကလား။