အမြုတေ ငါးခု
Vol. 9 Ch. 825
ကျင့်ကြံသူ တစ်ယောက်သည် အမြုတေ တစ်ခုကိုသာ ဖွဲ့စည်းနိုင်၏။
အမြုတေ တစ်ခုသည် လမ်းကြောင်း တစ်ခုကို ကိုယ်စားပြုသည်။ သို့ဖြစ်ရာ မည်သူက လမ်းကြောင်း နှစ်ခုကို တစ်ပြိုင်နက် လျှောက်လှမ်း နိုင်မည်နည်း။
ချန်းဖန်ပင်လျှင် ထိုသို့ ပြုလုပ်နိုင်ရန် အတွက် မသေချာပေ။ သို့တိုင်အောင် သူသည် ဆက်လက်၍ ကျင့်ကြံနေခဲ့၏။
"ဟူး ... ဟူး ...”
ချန်းဖန် အသက်ရှူ လိုက်တိုင်း သစ်သား ဝိညာဉ်ချီများသည် အရှိန်အဟုန်ဖြင့် သူ၏ ခန္ဓာကိုယ် အတွင်း စီးဝင်နေသည်။ သို့သော်လည်း ထိုအရာက လုံလောက်ခြင်း မရှိရာ ချန်းဖန်က ကမ္ဘာ သစ်ပင်ကိုပါ ဆင့်ခေါ်လိုက်၏။
"ဟူး ... ဟူး ...”
၎င်းက ချန်းဖန်၏ နောက်၌ ပေါ်ထွက်လာကာ အကိုင်းအခက်များကို ဖြန့်ကြက်၍ သီးသန့် နယ်မြေတစ်ခု ဖန်တီးသည်။ ထိုနယ်မြေသို့ စုပ်ယူခံရသော သစ်သား ဝိညာဉ်ချီများမှာ အဇူရာရောင် ရေစက်များ အဖြစ် သန့်စင်ခံရ၏။
"ခရက် ... ခရက် ...”
ချန်းဖန်၏ ခန္ဓာကိုယ်သည် အဇူရာ ရေစက်များကို တွင်းပေါက်ကြီး တစ်ခုအလား စုပ်ယူသည်။ ထိုအခါ အဇူရာရောင် အမြုတေက ပိုမို လျင်မြန်သော နှုန်းဖြင့် ကြီးမားလာ၏။
တစ်ရက် ...
နှစ်ရက် ...
သုံးရက် ...
တစ်လ ကြာပြီးနောက် ၎င်းက ကြက်ဥတစ်လုံး အရွယ်အစားအထိ ရောက်ရှိလာသည်။
"ဘုန်း ...”
ရုတ်တရက် သစ်သား ဝိညာဉ် အမြုတေ၏ အပေါ်ယံမှာ ကွဲအက်၍ ကမ္ဘာသစ်ပင် တစ်ပင် ပေါ်ထွက်လာ၏။ ထိုကမ္ဘာ သစ်ပင်မှာ အလွန် သေးငယ်သည့်တိုင် များစွာသော အကိုင်း အခက်များကို ဖြန့်ကြက်သည်။
တစ်ချိန်တည်း၌ ချန်းဖန်၏ နောက်တွင် အခြား ကမ္ဘာသစ်ပင် တစ်ပင် ဖြစ်ပေါ်လာ၏။ ၎င်းကား သူ၏ ဒုတိယ နတ်ဘုရား အသွင်ပင် ဖြစ်သည်။
"ဟူး ...”
ချန်းဖန်က အသက်ကို ပြင်းပြင်းရှူကာ မျက်လုံးအား ဖွင့်လိုက်သည်။ ဒုတိယ ချောင်အဆင့် အမြုတေ တစ်ခုကား ဖွဲ့စည်းအောင်မြင် သွားခဲ့ပြီ ဖြစ်သည်။
"သွား ...”
ချန်းဖန်က အမိန့်ပေးရာ ကမ္ဘာသစ်ပင်က အကိုင်းအခက်များကို ဖြန့်ကြက်၍ နန်းတော် တစ်ခုလုံးသို့ ရစ်နွယ်၏။ ထိုအကိုင်းအခက်များ၏ ဖြန့်ကြက်မှုတွင် နန်းတော်၏ အစီအရင်များပင် ကွဲအက်ကုန်သည်။ အကယ်၍ ချန်းဖန်သာ ဆန္ဒရှိပါက နန်းတော် တစ်ခုကို ဖျက်ဆီးပစ်၍ ရနေပြီ ဖြစ်သည်။
"အဇူရာ သက်ရှည် အမြုတေကလည်း ရွှမ်ဝူ အမြုတေလို အစွမ်းထက်တာပဲ ...”
ချန်းဖန်က တွေးလိုက်သည်။
သူ၏ ခန္ဓာကိုယ် အတွင်းတွင်မူ ချီပင်လယ်တစ်ခု ဖြစ်ပေါ်နေပြီး ထိုချီပင်လယ်အတွင်း၌ ကမ္ဘာသစ်ပင်နှင့် ရွှမ်ဝူ သားရဲတို့မှာ မျောလွင့်နေ၏။
"ရွှမ်ဝူ အမြုတေက ရှေးဟောင်း မြေအောက် ပုလဲထဲမှာ ရှိတဲ့ ရွှမ်မင်ချီတွေနဲ့ ဖွဲ့စည်းထားပြီး ကျဲ့ထျန်း ပန်းချီကားနဲ့ပါ ပေါင်းစပ်ထားတယ် ... အဲဒါက သာမန် ချောင်အဆင့် အမြုတေတွေထက် ပိုပြီး အစွမ်းထက်တယ် ... နောက်ပြီး သစ်သားဝိညာဉ် အမြုတေကလည်း ငါ ဆယ်နှစ်လောက် ကျင့်ကြံထားတဲ့ အဇူရာ သက်ရှည် ခန္ဓာကျင့်စဉ်နဲ့ ပေါင်းစပ်ထားတာကြောင့် ရွှမ်ဝူ အမြုတေနဲ့ တန်းတူ အစွမ်းထက်တယ်"
"ဒါပေမဲ့ မိုးကြိုးကပ်ဘေးကို ဖြတ်သန်းဖို့ ဆိုရင် ငါ့အနေနဲ့ အမြုတေ တစ်ခုကိုပဲ ရွေးချယ် ရမယ် ... ရွှမ်ဝူ အမြုတေနဲ့ အဇူရာ သက်ရှည် နှစ်ခုစလုံးက စကြဝဠာထဲမှာ ရှိတဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့ ယှဉ်နိုင်တဲ့အထိ အစွမ်း ထက်ကြတယ် ... ဒါပေမဲ့ ငါက အဲဒါထက် ပိုတဲ့ အခြေခံကို တည်ဆောက်ချင်တယ်"
ရွှေအမြုတေများကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။ ထိုကိုးခု၏ အထက်၌ ချောင်အဆင့်ဟူ၍ ရှိသည်။ ချောင်အဆင့်ကိုလည်း ကောင်းကင် အဆင့် အထွတ်အထိပ် အဆင့်နှင့် နတ်ဘုရား အဆင့်ဟု သုံးခု ထပ်မံ ခွဲခြားထားသည်။
စကြဝဠာ အတွင်း၌ ကောင်းကင် အဆင့် အမြုတေများပင်လျှင် ရှားပါး၏။ အစွမ်း အထက်ဆုံး ဂိုဏ်းကြီးများ၏ ပါရမီရှင် တပည့်များသာ အကြီးအကဲများ၏ အကူအညီဖြင့် ကောင်းကင်အဆင့် အမြုတေများကို ဖွဲ့စည်း နိုင်ကြသည်။
သို့သော်လည်း ကောင်းကင် အမြုတေကို ဖွဲ့စည်းနိုင်သည်နှင့် သူတို့အတွက် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသူများကို စိန်ခေါ်ရန်မှာ ငှက်ပျောသီး အခွံခွာရသလို လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။
အထွတ်အထိပ် အမြုတေများမှမူ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်။ ထိုအမြုတေကို ဖွဲ့စည်း ပြီးသည်နှင့် ကျင့်ကြံသူသည် အခြေတည် ဝိညာဉ် အဆင့်ကိုပင် ယှဉ်၍ တိုက်ခိုက် လာနိုင်လိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်း၌ အထွတ်အထိပ် အမြုတေ ဖွဲ့စည်းရန်မှာ အလွန်အမင်း ခက်ခဲ၏။ စကြဝဠာ အတွင်းရှိ အင်အား အကြီးဆုံး ဂိုဏ်းများတွင်ပင် တစ်ယောက်စ နှစ်ယောက်စသာ ရှိတတ်သည်။
နတ်ဘုရား အဆင့် အမြုတေများမှာမူ ယုံတမ်း ဒဏ္ဍာရီများသာ ဖြစ်သည်။ နှစ်သိန်းချီ ကာလ အတွင်း၌ တစ်ယောက်ပင်လျှင် မပေါ်ထွက်ဖူးချေ။ သို့ဖြစ်ရာ ချန်းဖန်မှာ ထိုအကြောင်း စိတ်ကူးယဉ်ခြင်းနှင့် အချိန်ဖြုန်း မနေတော့ချေ။
"ငါ အထွတ်အထိပ် အမြုတေကို ဖွဲ့စည်းနိုင်တာနဲ့ စကြဝဠာ အတွင်းမှာရှိတဲ့ အစွမ်း အထက်ဆုံး သူတော်စင်တွေ နတ်ဘုရားတွေနဲ့ ယှဉ်နိုင်ပြီ"
ချန်းဖန်က သူ၏ ခန္ဓာကိုယ် အတွင်းရှိ အမြုတေ နှစ်ခုကို ကြည့်လိုက်သည်။
ရွှမ်မင် အမြုတေမှာ ရေဒြပ်စင် ဖြစ်ပြီး အဇူရာ သက်ရှည် အမြုတေမှာ သစ်သား ဒြပ်စင် ဖြစ်သည်။
"ငါ့မှာက အဇူရာသက်ရှည် ခန္ဓာရှိပြီးပြီ ... ငါသာ အခြား နတ်ဘုရားကျင့်စဉ် လေးခုကို ထိပ်ပြီး ပေါင်းထည့်ရင် ဒြပ်စင်ငါးမျိုး အထွတ်အထိပ် ခန္ဓာကို ဖွဲ့စည်းနိုင်မှာ သေချာတယ် ... အဲဒီအခါ ငါ့ရဲ့ ကောင်းကင်အဆင့် အမြုတေ ငါးခုကလည်း ပေါင်းစည်းပြီး အထွတ်အထိပ် အမြုတေ ဖြစ်လာလိမ့်မယ်"
ဒြပ်စင် ငါးမျိုးဂိုဏ်း၏ မူလ ကျင့်စဉ် အတိုင်းဆိုလျှင် ဒြပ်စပ် ငါးခုမှာ သတ္တု၊ ရေ၊ သစ်သား၊ မီးနှင့် မြေကြီးတို့ ဖြစ်သည်။
သို့သော်လည်း စကြဝဠာမှာ အဆုံးမဲ့ ကျယ်ဝန်းရာ ဒြပ်စင်များမှာလည်း ဘီလျံချီ၍ များပြားသည်။ သို့ဖြစ်ရာ မည်သည့် ဒြပ်စင်ငါးမျိုး အမြုတေများကို ဖွဲ့စည်းနိုင်ပါစေ၊ ထိုအရာများကို ပေါင်းစပ်၍ အထွတ်အထိပ် အဆင့် အမြုတေကို ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့ စဉ်းစားပြီးနောက် ချန်းဖန်က နေရာတွင်ပင် တိတ်ဆိတ်စွာ ထိုင်ရင်း ဆက်လက် ကျင့်ကြံလိုက်သည်။
နှစ်ပတ် ကြာပြီးနောက် ...
ချန်းဖန်သည် တတိယ အမြုတေကို အောင်မြင် သွားခဲ့သည်။
တတိယ အမြုတေသည် အနက်ရောင် တွင်းပေါက်ကြီး (ဘလက်ဟိုး) နှင့် အလား သဏ္ဌာန် တူပြီး ထိုအတွင်း၌ ခွန်ပန် သားရဲတစ်ကောင် ပျံသန်းနေ၏။ ထိုအမြုတေကား ဟင်းလင်းပြင် သားရဲ ခွန်ပန်ကို အခြေခံ၍ ဖြစ်တည်လာခဲ့သော ဟင်းလင်းပြင် အမြုတေပင် ဖြစ်သည်။ သို့သော်လည်း ထိုတစ်ခုမှာ ပထမ အမြုတေ နှစ်ခုနှင့် ယှဉ်နိုင်ခြင်း မရှိဘဲ အနည်းငယ် အားနည်း၏။
"ငါ့မှာ ရင်းမြစ် လုံလုံလောက်လောက် မရှိတာ ဆိုးတာပဲ ... ဟင်းလင်းပြင် ကျောက်တုံးတွေသာ ရှိရင် အစစ်အမှန် ခွန်ပန်အမြုတေ ငါ ဖွဲ့စည်းနိုင်မှာ"
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်၏။
တစ်လ ကြာပြီးနောက် ...
ချန်းဖန်သည် စတုတ္ထ အမြုတေကို ဖွဲ့စည်း ပြီးသွားခဲ့သည်။ ၎င်းမှာ မိုးကြိုး အမြုတေ ဖြစ်ပြီး လိန်ဟူ ပန်းချီကို အခြေခံ၍ ဖွဲ့စည်းထားခြင်း ဖြစ်၏။ ထိုအမြုတေမှာလည်း ပထမ အမြုတေ နှစ်ခုကို ယှဉ်နိုင်ခြင်း မရှိချေ။
နောက်ဆုံး အမြုတေကို ဖွဲ့စည်းရန် အတွက်မူ ချန်းဖန်သည် အချိန်နှစ်လ ယူခဲ့ရသည်။ ၎င်းသည် ရွှေရောင် အလင်းများ ဝန်းရံနေကာ သန့်စင်သော အမတေ စွမ်းအားကို သယ်ဆောင် ထား၏။
"အစစ်အမှန် နတ်ဘုရား အမြုတေ ...”
ထိုအရာကား အစစ်အမှန် နတ်ဘုရား ကျင့်စဉ်ကို အခြေတည်၍ ဖြစ်တည် လာခဲ့ခြင်း ဖြစ်သည်။ ထိုအမြုတေသည် အရာရာကို ဖျက်ဆီးနိုင်သည့် အစစ်အမှန် နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင်ထား၏။
အစစ်အမှန် နတ်ဘုရား အမြုတေမှာ အနည်းငယ် သေးငယ်သော်လည်း ထိုအထဲတွင် ပါဝင်သည့် စွမ်းအားမှာ ပထမ အမြုတေ နှစ်ခုထက် ပို၍ ထူထပ်၏။
"ရွှမ်ဝူ အမြုတေ ...”
"အဇူရာ သက်ရှည် အမြုတေ ...”
"ဟင်းလင်းပြင် အမြုတေ ...”
"မိုးကြိုး အမြုတေ ...”
"အစစ်အမှန် ကောင်းကင် အမြုတေ ...”
ထိုအမြုတေ ငါးခုမှာ ချန်းဖန် လျှောက်လှမ်းရမည့် လမ်းကြောင်းငါးခုကို ကိုယ်စားပြုသည်။ ထိုတစ်ခုချင်းစီသည် ထျန်းဟောင် ဂြိုဟ်ရှိ မည်သည့် ပါရမီရှင်ကို မဆို လွယ်ကူစွာ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
"ဟူး ...”
ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း အမြုတေ ငါးခုကို ပေါင်းစည်းရန် ပြင်လိုက်သည်။
"ဘုန်း ...”
ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ချန်းဖန်၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာ၏။
လေထုသည် အက်ကွဲကာ ကောင်းကင် နယ်မြေ တစ်ခုလုံးမှာလည်း တုန်ရီလာသည်။ ဝမ်ရှင်း တန်ခိုးရှင် ကျူးဟန်၏ နန်းတော်ပင်လျှင် တစ်စက္ကန့်အတွင်း ပေါက်ကွဲ သွားခဲ့သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
တစ်ချိန်တည်းမှာပင် ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ စတင်စုဝေးလာ၏။ ကြောက်မက်ဖွယ် အဖျက် စွမ်းအားက ကောင်းကင် နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသည်။
ကောင်းကင် စစ်ဆေးခြင်း မိုးကြိုး ကပ်ဘေးကား ဖြစ်ပေါ် လာခဲ့ပြီ ဖြစ်လေသည်။
"မကောင်းတော့ဘူး ...”
ချန်းဖန်၏ မျက်နှာ၌ စိုးရိမ်ခြင်းများ ဖြစ်ပေါ် လာခဲ့၏။
သူသည် မိုးကြိုး ကပ်ဘေးကို မကြောက်သော်လည်း ယခုအချိန်က ရင်ဆိုင်ရန် အချိန်ကောင်း မဟုတ်သေးချေ။ အကယ်၍ သူသာ ယခု မိုးကြိုး ကပ်ဘေးကို ရင်ဆိုင် လိုက်ပါက ကောင်းကင် အမြုတေကိုသာ ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။
"လှည့်ဖြားခြင်း ကျင့်စဉ် ...”
ရုတ်ခြည်းပင် ချန်းဖန်၏ စွမ်းအားများက အားနည်းသွား၏။ သူ၏ အရှိန်အဝါမှာလည်း အမြုတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်မှ သာမန် ပုဂ္ဂိုလ် တစ်ယောက်အဖြစ် ပြောင်းလဲ သွားသည်။
"ဟူး ... ဟူး ...”
မိုးကြိုး ကပ်ဘေးမှာ မည်သည့် စွမ်းအင် အငွေ့အသက်ကိုမျှ မခံစားရသည်နှင့် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့၏။
"ဟူး ...”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက မြောက်အရပ်သို့ လှမ်းမျှော်ကာ ကြည့်လိုက်၏။
"ကျူးဝမ်မြို့ကို သွားကြည့်ဖို့ အချိန်ရောက်ပြီ ...”
***