လူသတ်ပွဲ စတင်ပြီ
Vol. 27 Ch. 365
ထိုစဉ် ကြယ်တံခါး အတွင်းဘက်တွင် တုန်ခါလှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး သံချပ်ကာဝတ် စစ်သည်အများအပြားသည် နတ်ဆိုးတပ်ကြီး ငရဲမှ ထိုးတက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးရောင်ဝါဖြင့် ထွက်ပေါ်လာခဲ့ကြ၏။
တစ်သိန်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်း၊ ငါးသိန်း၊ ခြောက်သိန်း!
စစ်မှန်သော မသေမျိုးအဆင့် မရဏစစ်သည်တော် ခြောက်သိန်းသည် လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ တားမြစ်နယ်မြေအထက် ကောင်းကင်ယံတစ်ခုလုံးအား ပိန်းပိတ်မည်းမှောင်သွားစေသည်အထိ နေရာယူလိုက်ကြတော့သည်။
ရေတွက်လို့မရနိုင်သော မျက်လုံးများတွင် သားရဲတို့၏ သွေးဆာနေဟန် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားကြည့်နိုင်ပေသည်။
“ကောင်းလိုက်လေ!”
ထိုမြင်ကွင်းကို မြင်သောအခါ ဘိုးဘေးကြီး ထျန်းဟုန်၏ မျက်နှာသည် စိုးရိမ်ထိတ်လန့်မှုမှ ဝမ်းမြောက်မှုသို့ ပြောင်းလဲသွားတော့၏။
ဘိုးဘိုးရဲ့ ကမ္ပည်းပြားကို စားစရာမလိုတော့ဘူး ထင်တာပဲ။
“ဟဲဟဲဟဲ၊ ကြယ်တံခါးက နောက်ဆုံးတော့ တရားဝင်ဖွင့်လှစ်ခဲ့ပြီ! ဒီကလူသားတွေကို နင်းချေပစ်ဖို့ မစောင့်နိုင်တော့ဘူး!”
“နောက်ပြီး ဒီကမ္ဘာက စွမ်းအင်ပြန်လည်နာလန်ထူတဲ့ အဆင့်ကို ရောက်နေပြီ။ ငါတို့ မရဏမျိုးနွယ် က ဒီဘဏ္ဍာမြေကို အရင်သိမ်းပိုက်နိုင်ရင် မျိုးနွယ်တစ်ခုလုံး အကျိုးအမြတ်ရမှာ၊ ကြယ်တာရာစကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံး ဖြစ်လာလိမ့်မယ်!”
“မင်းတို့ ဘာတွေ ဒီလောက်ပျော်နေကြတာလဲ? ဒီခွေးချီးလို လောကဥပဒေရဲ့ ဖိနှိပ်မှုကြောင့် ငါ ကောင်းကင် မသေမျိုးအဆင့် ကျင့်ကြံမှုလောက်ပဲ ထုတ်နိုင်တော့တယ်ကွ!”
“သည်းခံပါ။ ခံစားချက်ကတော့ သိပ်မကောင်းပေမဲ့ ငါတို့ရောက်နေတာ ခွင်းလွင်ဆိုတာကို သတိရလိုက်ပါဦး!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ ရောက်နေတာ ခွင်းလွင်ပဲ!”
ပုံရိပ်ခြောက်ခုသည် အချင်းချင်း စကားပြောဆိုနေကြရင်း ကြယ်တံခါးထဲမှ သက်တောင့်သက်သာ လျှောက်ထွက်လာကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် စိတ်ဓာတ်ပြင်းပြပြီး ရန်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ဤကမ္ဘာကို မိမိတို့ပိုင် ကိုလိုနီနယ်မြေတစ်ခုအဖြစ် အပိုင်သဘောထားပြီးဖြစ်ကြ၏။
သူတို့ခြောက်ဦးမှာ စစ်သည်တော်တစ်သိန်းပါ စစ်တပ်တစ်တပ်စီကို ဦးဆောင်ရသော တပ်မှူးခြောက်ဦးဖြစ်သည်။
မင်ဝမ်ကျွင့်က ကြယ်တံခါးထဲသို့ မဝင်ရောက်မီ ကြယ်တံခါးပွင့်သည့်အကြောင်းကို အခြားတံခါးစောင့်များထံပါ သတင်းပို့ထားခဲ့သဖြင့် လမ်းကြောင်းနှင့် အနီးဆုံးနေရာတွင် ဖြန့်ကျက်ထားသော တပ်စုအားလုံး ပေါင်းစည်းဝင်ရောက်လာခဲ့ခြင်းပင်။
“ဟင်? ဘာတွေဖြစ်နေတာလဲ?”
အဖွဲ့တွင် ရာထူးအကြီးဆုံးဖြစ်သော ပါးရိုးထင်းထင်း ပိန်လှီလှီမျက်နှာဖြင့် မင်ဖုန်းဆိုသူ ဝင်ရောက်လာပြီး အခြေအနေကို တစ်ချက်အကဲခတ်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။
စစ်မြေပြင်တစ်ခုလုံးတွင် ဒဏ်ရာအပြင်းအထန်ဖြင့် မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့သော မရဏတပ်သားများ အနှံ့အပြား ပြန့်ကျဲနေခဲ့သည်။ သွေးအလူးလူးဖြင့် ဖရိုဖရဲဖြစ်နေသည့် လူတစ်ယောက်မှာလည်း သူ့မျက်စိထဲ ရင်းနှီးနေသလိုလို။
“မင်ဝမ်ကျွင့်၊ မင်းတို့အားလုံးကို ဒီလောက်ထိဆိုးရွားအောင် ဘယ်သူက ရိုက်နှက်ခဲ့တာလဲ?” မင်ဖုန်း က မယုံကြည်နိုင်ဟန်ဖြင့် တအံ့တသြမေးလိုက်သည်။
ကျန်အဖော်များလည်း လက်ရှိမြင်ကွင်းကို သတိပြုမိသောအခါ မျက်နှာအမူအရာများမှာ မယုံနိုင်လောက်အောင် အအံ့သြကြီး အံ့သြသွားကြဟန်ရှိ၏။
ဒီလို ခေတ်နောက်ကျနေတဲ့ ကမ္ဘာငယ်လေးမှာ မရဏတပ်ကို ဒီလိုအခြေအနေထိရောက်အောင် ရိုက်နှက်နိုင်တဲ့ စွမ်းအားရှင်တွေ ရှိနေသေးတာလား?
မဖြစ်နိုင်တာ!
သူတို့အမြင်တွင်တော့ ခွင်းလွင်နယ်မြေထဲကို စစ်မှန်သောမသေမျိုးအရှင် တစ်ပါးခန့်ဝင်ရောက်လာသည်နှင့် အတော်လေးအုတ်အော်သောင်းနင်း ဖြစ်လောက်လေပြီ။ မရဏစစ်သား ထောင်သောင်းချီဆိုရင် သိုးခြံထဲ ဝံပုလွေအုပ်ဝင်သွားသလို ဖြစ်နေမှာမဟုတ်ဘူးလား?
သို့ပေမဲ့ လက်ရှိမျက်စိရှေ့မှမြင်ကွင်းမှာ သူတို့၏နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့။
ကြယ်တံခါးမှ တပ်ဖွဲ့အများအပြား ထွက်ပေါ်လာသည်ကို မြင်သောအခါ မင်ဝမ်ကျွင့်၏ မူလက စိတ်ပျက်အားလျော့နေသော အမူအရာသည် ချက်ချင်းဆိုသလို အလွန်ဝမ်းမြောက်သွားဟန် အသွင်ပြောင်းသွားရ၏။
တိုက်ပွဲက အရေးပါတဲ့ အချိုးအကွေ့တစ်ခုကို ရောက်လာပြီပဲ!
“သတိထားကြ၊ အဲဒါ ယွင်ရှန်းမသေမျိုးကျွန်းရဲ့ ကျွန်းသခင်အသစ် ယဲ့ကျွင်းလင်ဆိုတဲ့ ကောင် လုပ်တာ။ သူ့မှာ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်လည်း ရှိတယ်!”
မင်ဝမ်ကျွင့်က ဘာကိုမှ ဖုံးကွယ်မထားဝံ့ဘဲ ရန်သူ၏ အသေးစိတ်အချက်အလက်များကို အမြန်ထုတ်ဖော်လိုက်သည်။
“ဘာ?!?”
ခေါင်းဆောင်ခြောက်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး ထိုဆံပင်ဖြူနှင့် လူငယ်ကို စူးစူးစိုက်စိုက် အကဲခတ်လိုက်ကြ၏။ အားကောင်းသောရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရလေပြီ။
ယွင်ရှန်းမသေမျိုးကျွန်း၏ ကျွန်းသခင်ဟူသော ဂုဏ်ပုဒ်နှင့် မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် ပိုင်ဆိုင်ထားခြင်းတို့အား ပေါင်းစပ်လိုက်သောအခါ ကြယ်တာရာစကြဝဠာရှိ မျိုးနွယ်စုအားလုံးမှ အထူးတလည် အာရုံစိုက်စေရန် လုံလောက်သော ခြိမ်းခြောက်မှုတစ်ခုဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် မိမိတို့၏ရောင်းရင်း ဤနေရာတွင် ဤမျှလောက်အဖြစ်ဆိုးနေရသည်မှာ နားမလည်နိုင်စရာတော့မဟုတ်ဟု ခံစားလိုက်ကြရ၏။
“ဒီလောက်များတဲ့ မသေမျိုးအရှင်တွေလား? အကြီးအကဲယဲ့ သူတို့ကို တောင့်ခံနိုင်သေးရဲ့လား?” ရွှယ်ဝူဟန်မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ရင်ထဲတွင် ကျောက်တုံးကြီးဆွဲထားသလို လေးလံလာသည်။
ဆူပွက်နေသော အားပေးသံများ ရုတ်တရက် ရပ်တန့်သွားကြရ၏။
မဟာမိတ်တပ်မှ ကျင့်ကြံသူအားလုံး ကြောက်လန့်တကြားဖြစ်နေပြီး ကောင်းကင်ထက် မည်းမည်းလှုပ်နေသော ခြောက်သိန်းသောတပ်စုကြီးကိုကြည့်ရင်း သူတို့မျက်နှာထက် ထိတ်လန့်မှုများ ဖုံးလွှမ်းလာတော့သည်။
ဒီလောက်များပြားတဲ့ မသေမျိုးအရှင်တွေရောက်လာရင် အရှေ့တိုင်းစီရင်စုတစ်ခုလုံး အမှုန့်ကြေကုန်ကြမှာ မဟုတ်ဘူးလား?
ဒီ မရဏမျိုးနွယ်လို့ခေါ်တဲ့ အဖွဲ့က တကယ်တမ်း ဒီလောက်ထိ အင်အားကြီးတာကိုး!
ခွင်းလွင်နယ်မြေက ကျင့်ကြံသူတွေဆိုတာ သူတို့နဲ့ယှဥ်ရင် ကလေးသာသာပဲ ရှိသေးတာပါလား...
“ဆရာသခင်၊ ဆရာသခင် ဆက်ပြီး တောင့်ခံနိုင်ပါဦးမလား?” လီဝူကျယ်၏ကျောမှာ ချွေးအေးများဖြင့် စိုရွှဲနေပြီး မျက်လုံးများလည်း ပြူးကျယ်နေသည်။
"တောင့်မခံနိုင်လည်း ဆက်တိုက်ရမှာပဲ။ ငါတို့ရဲ့ မျှော်လင့်ချက်အားလုံးက သူ့ပေါ်မှာပဲ ရှိနေပြီ။” ဟုန်ချန်ယဲ့က သွားများကို တင်းတင်းကြိတ်ကာ သူ၏ ဖြူဆုတ်နေသောလက်ကို အင်္ကျီလက်ထဲတွင် တင်းတင်းဆုပ်ထားပြီး အားမတန်မာန်လျှော့ရသည့်ခံစားချက်ဖြင့် စိတ်မတည်မငြိမ်ဖြစ်လျက်ရှိ၏။
သူတစ်ချိန်က ဂုဏ်ယူခဲ့သော စစ်မှန်သော မသေမျိုးအဆင့်သည်ပင် ပြင်ပနယ်ပယ်ရှိ မျိုးနွယ်စုကြီးများအတွင်း ဤမျှသာမန်ဆန်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရေတွင်းထဲကဖားဟုသာ ဆိုရပေမည်။ သူအခါခါ တမ်းတအောက်မေ့လေ့ရှိသော အတိတ်က ဂုဏ်ကျက်သရေသည် ဘာမျှမဟုတ်ခဲ့ပေ။
“ငါ ပိုသန်မာချင်တယ်၊ ပိုပိုပြီး သန်မာချင်တယ်! တိရစ္ဆာန်တွေလို သတ်တိုင်းငြိမ်ခံမနေချင်ဘူး!”
“ဒီဘေးဆိုးကနေ လွတ်မြောက်နိုင်ရင်၊ ငါ ပိုမြင့်တဲ့ အဆင့်ကို တက်ဖို့ အခွင့်အရေးရမှာပဲ။”
“ယဲ့ကျွင်းလင်၊ မင်း ကျဆုံးသွားလို့မရဘူး!”
ဟုန်ချန်ယဲ့သည် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ယဲ့ကျွင်းလင်နိုင်ဖို့ကို တိတ်တဆိတ် ဆုတောင်းပေးနေခဲ့သည်။
ဤမရဏတပ် ပေါ်ပေါက်လာမှုသည် သူ၏ အားကိုးအားထားရာ မာနတရားကို တိုက်ရိုက်ချိုးဖျက်ခဲ့လေသည်။ အလယ်ပိုင်းစီရင်စုတွင် သန်းရာချီအောင် များပြားသော သက်ရှိများထံမှ ကိုးကွယ်ခံရပြီး ဘိုးဘေးသခင်ကြီးတစ်ပါးကဲ့သို့ ဂုဏ်သရေကြီးမားခဲ့သည့် စစ်မှန်သော မသေမျိုးအရှင်တစ်ပါးသည် ဤနေရာတွင် သာမန်စစ်သားတစ်ဦးသာ ဖြစ်နေသည်မဟုတ်လော။ သူမည်မျှအထိ စိတ်ပျက်အားငယ်နေရမှန်း မှန်းဆကြည့်နိုင်ပါသည်။
ထိုအချိန်တွင်။
အရှေ့ပိုင်းစီရင်စု ကျင့်ကြံသူများ အားလုံးမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံးကို ကျောခိုင်းပြီး တစ်ကိုယ်တည်း ဓားကိုဆုပ်ကိုင်ကာ မရဏတပ်အား ကြံ့ကြံ့ခံ ရင်ဆိုင်နေရသော ပါးလျလျကျောပြင်ကိုငေးကြည့်ရင်း လှိုက်လှဲနက်နဲသောခံစားချက်ဖြင့် မျက်ရည်များ စတင်ကျဆင်းလာကြတော့၏။
ဒီလို အရေးကြီးတဲ့ အခြေအနေမှာ မသေမျိုးအရှင်ယဲ့ ဘယ်လောက်တောင် ဖိအားများနေရမလဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ တကယ်တမ်း သူ့စိတ်ထဲမှာလည်း အားတင်းပြီး ဟန်ဆောင်နေရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်...
တကယ်... ငိုချင်လာပြီ!
ယဲ့ကျွင်းလင်သည် သူ့နောက်ကလူများ၏ စိတ်ထဲတွင် ဘာတွေဖြစ်ပျက်နေသည်မှန်း လုံးဝမသိခဲ့ပေ။ သိခဲ့ပါလျှင် အကျင့်အတိုင်း လည်ချောင်းတစ်ချက်နှစ်ချက်ရှင်းပြီး အားမာန်အပြည့်ဖြင့် “မလိုပါဘူး!” ဟု ပြောမည်သေချာသည်။
ယဲ့ကျွင်းလင်က ထပ်ရောက်လာကြသော မသေမျိုးစစ်သားခြောက်သိန်းကိုကြည့်ရင်း ခေါင်းတစ်ချက်ဆတ်ကာ ပြုံးလိုက်သည်။
“ဟော အတူတူလာသေကြတာပေါ့လေ"
“ကောင်းပြီ၊ ဒီတစ်ကြိမ်တော့ အမှန်တကယ်လူသတ်ပွဲ ကျင်းပလိုက်ကြတာပေါ့!!”
ခဏတာ ထိတ်လန့်ပြီးနောက် မင်ဖုန်းသည် ပြန်လည်အေးဆေးတည်ငြိမ်သွားခဲ့၏။ သူ လက်တစ်ဖက်ကို မြှောက်ကာ သတ္တုရောင်တောက်ပနေသော နက်မှောင်သည့် ပတ်လည်လှံရှည်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ဉာဏ်အလင်းအဆင့် ထိပ်တန်း မသေမျိုးမှော်လက်နက် တစ်ခုဖြစ်သည်။
“အားလုံး သတိမလျော့နဲ့။ အစီအရင်တည်ဆောက်ပြီး သူနဲ့ အင်အားပြိုင် တိုက်ပွဲဝင်ကြစို့! သူ့ရဲ့ မသေမျိုးချီ ကုန်ခန်းသွားတာနဲ့ ငါတို့နိုင်ဖို့ အခွင့်အရေးရပြီ!”
“ဟုတ်တယ်၊ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်က အစွမ်းထက်ပေမဲ့ ကောင်းကင် မသေမျိုးအရှင်အဆင့်လောက်နဲ့ ကြိုက်သလို ကိုင်တွယ်လို့မရနိုင်ဘူး။ ခဏလောက်ထိန်းထားပြီးရင် သူ ပင်ပန်းသွားလိမ့်မယ်!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း အဲ့လိုပဲ တွေးနေတာ!”
“ငါရောပဲ!”
...
မင်ဖုန်းအပါအဝင် တပ်မှူးခြောက်ဦးတို့က အတွေးတူစွာဖြင့် တွေဝေခြင်းမရှိဘဲ အစီအရင်အား စတင်ဖွဲ့စည်းခဲ့လိုက်သည်။
မရဏစစ်သား ခြောက်သိန်းသည် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အစီအရင်တွင် ချောမွေ့စွာ စနစ်တကျ နေရာယူခဲ့ကြ၏။
တပ်စုတစ်စုချင်းစီမှ စုပေါင်းထားသော ကြောက်မက်ဖွယ် စွမ်းအင်တွေဟာ အစီအရင်ရုပ်တုကြီးခြောက်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။ ကောင်းကင်ကို လှုပ်ခါပစ်မည့် သွေးနီရောင်နွားသိုးတစ်ကောင်၊ အဆုံးမဲ့ခွန်အားရှင် နတ်ဆိုးမျောက်တစ်ကောင်၊ နံရိုးဘေးမှာ အတောင်ပံများပါရှိသော ကျားပျံတစ်ကောင်၊ ကိုယ်ခန္ဓာတစ်ခုလုံး မီးလျှံငြီးငြီး လောင်ကျွမ်းနေသော ခြင်္သေ့တစ်ကောင်...
ဤကြီးမားသော ရုပ်တုကြီးခြောက်ခုသည် ကောင်းကင်ယံ လေးဘက်လေးတန်ကို နေရာယူထားပြီး အာကာသနယ်မြေတွင် ကြောက်မက်ဖွယ် လှိုင်းလုံးများကို ဖန်တီးကာ အောင်နိုင်သူတို့၏ဖိအားဖြင့် ရန်သူအား ဖိနှိပ်ထားခဲ့တော့၏။
ဤ မရဏတိုက်ပွဲအစီအရင်ကြီး ခြောက်ခုသည် ကောင်းကင်တွင် သားရဲပုံစံ ရုပ်တုကြီးခြောက်ခုအဖြစ် ပုံပေါ်လာစေခဲ့ခြင်းကြောင့် တိုက်ခိုက်ရေးစွမ်းအားကို အဆတစ်ထောင်မှ အဆတစ်သောင်းကျော်လောက်အထိ တိုးမြှင့်ပေးခဲ့သည်။
သာမန် အရေအတွက်ပေါင်းစည်းခြင်းသက်သက်တင် မဟုတ်ပါဘဲ အရည်အသွေးပိုင်းဆိုင်ရာကိုပါ အဆင့်တစ်ခုအထိ တိုးမြှင့်စေခဲ့ခြင်းပင်။
ဘုန်း ဘုန်း ဘုန်း ဘုန်း...
ကျယ်ပြန့်သော နတ်ဆိုးရောင်ဝါသည် ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများအဖြစ် ပြောင်းလဲကာ ယဲ့ကျွင်းလင် တစ်ဦးတည်းကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သက်ရောက်လေတော့၏။
မင်ဝမ်ကျွင့်သည် သူ၏ဒဏ်ရာများကို ခက်ခက်ခဲခဲ ကုစားနေရင်း အဆိပ်ပြင်းသောမျက်လုံးများဖြင့် ထိုသူရှိရာသို့ စူးစိုက်ကြည့်လိုက်သည်။ “ဒီတစ်ခါတော့ မင်း တောင့်ခံနိုင်ဦးမလား ကြည့်ရသေးတာပေါ့!”
ယဲ့ကျွင်းလင် ဆက်လက်တောင့်ခံနိုင်လိမ့်ဦးမည်ဟု သူ မယုံကြည်ပါ။ အင်အားအကြီးဆုံးသော မသေမျိုးအရှင်ပင်လျှင် ကန့်သတ်ချက်ရှိသေးသည်။ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်ကို ကိုင်ဆောင်ထားသော ကောင်းကင် မသေမျိုးအရှင်တစ်ဦး၏ ကန့်သတ်ချက်မှာ မည်မျှကြာရှည်ခံနိုင်ပါဦးမည်နည်း?
“သတ်ကြ!”
မင်ဖုန်းသည် လှံကို မြှောက်ကိုင်ကာ ရုပ်တုတစ်ခုအား ရှေ့သို့ ခုန်ဝင်စေခဲ့သည်။
ကျန်ငါးဦးလည်း အစွမ်းကုန်ထုတ်၍ ယဲ့ကျွင်းလင်အား ပြင်းထန်စွာ ပြိုင်တူတိုက်ခိုက်ခဲ့ကြသည်။
ကြီးမားသော သားရဲပုံစံ ရုပ်တုခြောက်ခုသည်လည်း တစ်ပြိုင်နက်တည်း ရောက်ရှိလာပြီး ဤသေးငယ်သော ပုရွက်ဆိတ်ကောင်လေးကို ကြိတ်ခြေပစ်ဖို့ မာန်အပြည့်သွင်းထားခဲ့ကြ၏။
ယဲ့ကျွင်းလင် ပြုံးလိုက်သည်။ “ငါ့ရဲ့ ကန့်သတ်ချက်ကို စမ်းသပ်ကြည့်နေတာလား? ဒါဆိုရင်တော့ စိတ်ပျက်စေမိပါပြီလို့ ကြိုပြောထားရတော့မှာပဲ"
စကားအဆုံးတွင် သူ၏အရှိန်အဝါတစ်ခုလုံး ရုတ်တရတ် နက်ရှိုင်းသွားခဲ့သည်။ ထို့နောက် ကိုယ်ခန္ဓာတွင်းမှ ရုပ်ရည်ချင်း ချွတ်စွပ်တူညီသော ငယ်ငယ်ချောချော လူငယ်လေးနှစ်ယောက် ထပ်မံထွက်ပေါ်လာပြီး သူတို့၏ ငွေရောင်ဆံပင်များက လေထဲတွင် တဖျတ်ဖျတ်လွင့်နေကာ အနက်ရောင်ဝတ်ရုံများမှာလည်း တူညီစွာ လွင့်ပျံလျက်ရှိကြသည်။
ထို့နောက် ယဲ့ကျွင်းလင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြံရံလိုက်ကြသည်။
ချီစွမ်းအင်၏ သုံးသွယ်သော သန့်စင်ခြင်းသဏ္ဌာန်သို့ ခွဲထွက်ခြင်း။
ခွဲထွက်လာသော ပုံရိပ်နှစ်ခုကို စိုက်ကြည့်ရင်း မင်ဖုန်းတို့တစ်သိုက် မျက်လုံးတွေပြူးထွက်ကုန်ကြ၏။ "ဒါ..ဒါ ဘာအဆင့် နတ်စွမ်းအင်ကြီးလဲ"
၎င်းတို့သည် တမင်တကာ ပြုပြင်ထားသော ကိုယ်ပွားပုံရိပ်များ သို့မဟုတ် ရုပ်သေးပုံရိပ်များ မဟုတ်ပါဘဲ ကြီးမားသော နတ်စွမ်းအင်မှ သန့်စင်စွာ ဆင့်ကဲပြောင်းလဲလာသည့် ရလဒ်များဖြစ်ကြောင်း သူတို့ ခံစားမိနိုင်သည်။
သုံးဦးလုံး၏ ကျင့်ကြံဆင့်အရှိန်အဝါများသည် အတူတူပင်ဖြစ်ရာ ယဲ့ကျွင်းလင်သုံးယောက်ကို ရင်ဆိုင်ရတော့မည်ဆိုသည့် သဘောပင်။
မင်ဖုန်းတို့ ထိုသို့ ပါးစပ်အဟောင်းသားဖြင့် အံ့သြနေစဥ် ထိုကိုယ်ပွားနှစ်ဦးမှ မသေမျိုးအရှင်သခင်အဆင့် လက်နက်နှစ်ခုကို ထပ်မံဆင့်ခေါ်လိုက်ကြ၏။
တစ်ယောက်က ချန်းရှန်တိပုလွေကို ဆင့်ခေါ်ကာ နှုတ်ခမ်းနားတွင် အသင့်တေ့လျက် ခမ်းနားကျော့ရှင်းစွာ တည်ရှိနေခဲ့သည်။
တစ်ယောက်က ကောင်းကင်မြှုပ်နှံခေါင်းတလားကိုင်ကာ ကြီးမားသော တန်ခိုးရောင်ဝါနှင့် စူးရှသော မျက်လုံးများဖြင့် ရန်သူ့တပ်အား စိုက်ကြည့်နေခဲ့သည်။
ယဲ့ကျွင်းလင်အစစ်သည် အလယ်တည့်တည့်တွင် ရပ်လျက် ရွှေရောင်ဓားပျံကို ခေါင်းပေါ်သို့ မြှောက်ကာ ပြုံးရယ်လိုက်သည်။ “လူသတ်ပွဲ စတင်ပြီ!”