ဟင်းလင်းပြင်ကို ထိန်းချုပ်ခြင်း
Vol. 9 Ch. 826
ပေ့ဟန်နယ်၊ ကျူးရန်မြို့ ...
ချန်းဖန်သည် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ကာ အနက်ရောင် ဆံပင်ရှည်များကို ကျောထက်၌ ဖြန့်ချထား၏။ သူသည် သာမန် လူတစ်ယောက်အလား လမ်းမများထက်၌ လျှောက်လှမ်း နေခဲ့၏။
ကျုးရန်မြို့သည် များစွာ ပြောင်းလဲသွားခြင်း မရှိချေ။
ပုံမှန်ကဲ့သို့ သာမန်လူများ၊ ကျင့်ကြံသူများဖြင့် စည်ကားနေဆဲ ဖြစ်သည်။ သို့သော်လည်း ထူးခြားချက်ကား ကျင့်ကြံသူ အားလုံး၏ပုံစံက တစ်ခုခုကို ကြောက်ရွံ့ ထိတ်လန့်နေပုံ ပေါ်နေခြင်းပင်။
ချန်းဖန်သည် မူမိသားစု ခြံဝင်းဆီသို့ လျှောက်လာခဲ့၏။ မူဟုန်တိသည် သူ့အား များစွာ ကူညီခဲ့ရာ သူ့အနေဖြင့် သူမအား အနည်းဆုံး သွားရောက် နှုတ်ဆက် သင့်ပေသည်။
မကြာခင်မှာပင် ချန်းဖန်သည် မူမိသားစု ခြံဝင်းသို့ ရောက်လာခဲ့သည်။ သို့သော်လည်း သူ့အား စောင့်ကြိုနေသည်က မူဟုန်တိ မဟုတ်ဘဲ အပျက်အစီးပုံများသာ ဖြစ်လေသည်။
"ဘာတွေ ဖြစ်သွားတာလဲ ...”
ချန်းဖန်က နားမလည်စွာဖြင့် လမ်းမပေါ်ရှိ တစ်ယောက်ကို မေးလိုက်သည်။
"ခင်ဗျား မသိဘူးလား ... တောင်ဝင်မြို့တော်ရဲ့ အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ လွန်ခဲ့တဲ့ ငါးလမှာ ရောက်လာတယ်လေ ... သူတို့က မူမိသားစု ခေါင်းဆောင်ကို သတ်ပြီး အခြား မိသားစုဝင်တွေကို ဖမ်းဆီး သွားခဲ့တယ် ... ဘယ်သူမှ မလွတ်မြောက်ခဲ့ဘူးတဲ့"
ကျောင်းတော်သား ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က သက်ပြင်းတစ်ချက် ချရင်း ပြန်ဖြေ လိုက်သည်။
"ဘယ်လို ...”
ချန်းဖန်၏ မျက်ခုံးများမှာ တွန့်ကွေးသွားသည်။
ကျူးရန်မြို့သည် မြို့ငယ်လေး ဖြစ်ကာ ပေ့ဟန် အတွင်း၌ ထိုသို့သော မြို့ပေါင်း ထောင်ချီ ရှိသည်။ အဘယ်ကြောင့် တော်ဝင်မြို့မှ အရှင်သခင်များက ဤနေရာသို့ လာရောက်၍ မူမိသားစုကို တိုက်ခိုက်ရ သနည်း။ ချန်းဖန်သည် တစ်ခုခုကို ခံစားလိုက်မိ၏။
"ဟုတ်တယ်ဗျ ... ကျွန်တော် မျက်လုံးနဲ့ ကိုယ်တိုင် မြင်လိုက်ရတာ ... မူ မိသားစုတင် မကဘူး ... ကျုးရန်မြို့ရဲ့ အခြား ကျင့်ကြံခြင်း မိသားစုတွေလည်း အဖမ်းခံရတဲ့သူက အဖမ်းခံရ၊ အသတ်ခံရတဲ့သူက အသတ်ခံရ အဲဒီလို ဖြစ်နေတာ ... ကျူးဟန် တောင်တန်းကို ထွက်ပြေးဖို့ ကြိုးစားတဲ့ မူလ အဆင့် ဘိုးဘေးတွေတောင် မလွတ်မြောက်ခဲ့ဘူး ... အဲဒီနေ့ကဆို ကျူးရန် တစ်မြို့လုံး သွေးလွှမ်းခဲ့တာ ...”
ကျောင်းတော်သား လူငယ်က ခေါင်းအား ခါယမ်းလိုက်သည်။
"ဘာလို့ အဲဒီလို ဖြစ်ကုန်တာလဲ ...”
ချန်းဖန်က ခြောက်ကပ်သော အသံဖြင့် မေးလိုက်သည်။
"သေချာတော့ မသိဘူးဗျ ... ကြားရသလောက် ဆိုရင် တော်ဝင် မိသားစုက ကျူးဝမ် မျိုးနွယ် တစ်ယောက်ကို ရှာနေတာ ... ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ မြို့ငယ်လေးမှာ ကျူးဝမ် မျိုးနွယ်က ရှိမှာလဲ ... သူတို့နေတဲ့ နေရာနဲ့ ဒီနဲ့က မိုင်တစ်သိန်းလောက် ဝေးတာကို"
လူငယ်၏ စကားဆုံးသည်နှင့် ချန်းဖန်၏ မျက်နှာက အေးခဲသွား၏။
"ကျူး ... ကျူးဝမ် မျိုးနွယ်ကြောင့် ...”
ချန်းဖန်က ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်၍ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို သုံးကာ ကျောင်းတော်သား လူငယ်၏ မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်သည်။ လူငယ်မှာ သာမန် လူတစ်ယောက်သာ ဖြစ်ရာ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။
သူ ပြန်လည် နိုးလာချိန်၌ ချန်းဖန်မှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ငါ ဘာလို့ ဒီကို ရောက်နေတာလဲ ...”
လူငယ်က နားမလည်စွာဖြင့် ခေါင်းကိုခါရင်း မူမိသားစုအား ကျောခိုင်းကာ ကျောင်းတော် ရှိရာသို့ ဦးတည် လိုက်တော့၏။
***
ထိုအချိန်၌ ချန်းဖန်သည် လူအုပ် အကြား၌ လျင်မြန်စွာ သွားလာနေသည်။ သူ၏ မျက်နှာက အေးစက်နေခဲ့၏။
"ဒါတွေ အားလုံးက ငါ ကျိုးချင်ချန်းကို လုပ်ခဲ့တာတွေကြောင့် နေမယ် ... ကြည့်ရတာ ငါ တော်ဝင် မိသားစုကို လျှော့တွက်ခဲ့ မိတာပဲ ...”
ချန်းဖန်သည် အခြားလူများကို ဂရုမစိုက်သော်လည်း မူဟုန်တိ အတွက်ကိုမူ စိုးရိမ် နေမိသည်။
ထိုမိန်းကလေးကား သူ့အားကူညီကာ ချင်းယန်ဂိုဏ်း၏ အချက်အလက်များကို ပေးခဲ့သည်။ ထိုအရာက သူ့အတွက် အသုံးမဝင်လှသည့်တိုင် ချန်းဖန်သည် သူမ၏ စေတနာကို တန်ဖိုးထားသည်။
"တော်ဝင်မိသားစု ... မင်းတို့ မူဟုန်တိကို သတ်ရင် ငါ မင်းတို့ တစ်မိသားစုလုံးကို ပြန်သတ်မယ် ...”
ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်၏။
မကြာခင်မှာပင် သူသည် ရွှေရောင်ကျီးကန်းသို့ ရောက်လာခဲ့သည်။
"ရပ်စမ်း ...”
ရွှေရောင်ကျီးကန်း အဝတွင် ဉာဏ်အလင်း စုဆောင်းခြင်း ကျင့်ကြံသူ အစောင့်များ ရှိ၏။ သို့သော်လည်း ချန်းဖန် ရွှေရောင်ကျီးကန်း ဆိုင်အတွင်း ဝင်ရောက်သွားချိန်၌ အစောင့် အားလုံးကား လဲကျနေခဲ့ပြီ ဖြစ်သည်။
"ဝမ်ရှင်း တန်ခိုးရှင် ချန်း ...”
ချန်းဖန်အား တွေ့သည်နှင့် အဘိုးကြီးတင်းက စိတ်လှုပ်ရှားစွာ ဆီးကြို၏။
သူ၏ ခန္ဓာကိုယ်ကို သံကြိုးများစွာက အထပ်ထပ် တုပ်နှောင်ထားပြီး သူ၏ နံဘေး၌ မျက်နှာစမ်း ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူ ငါးယောက် ရှိနေသည်။
"မင်းက ဘယ်သူလဲ ... ဘာလို့ ရွှေရောင် ကျီးကန်းကို ဝင်လာရတာလဲ ... ဒီနေရာက တားမြစ် နေရာဆိုတာ မသိဘူးလား ...”
အစောင့် တစ်ယောက်က တင်းမာစွာ မေးလိုက်၏။
"ပါးစပ် ပိတ်ထားစမ်း ...”
ချန်းဖန်က အော်ဟစ်လိုက်ရာ အစောင့် လေးယောက်၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲ သွား၏။
"အား ...”
နောက်ဆုံး ကျန်ခဲ့သော အစောင့်က သွေးရူးသွေးတန်း အော်ဟစ်ရင်း သူ၏ ဓမ္မ ရတနာကို ထုတ်ယူကာ ထွက်ပြေးရန် ကြိုးစား၏။
"မင်းက လွတ်မယ် ထင်နေတာလား ...”
ချန်းဖန်၏ စကားဆုံးသည်နှင့် ပေတစ်ရာ ပတ်လည်ရှိ လေထုမှာ အေးခဲသွားသည်။ ထွက်ပြေးရန် ကြိုးစားနေသော အစောင့်မှာ အေးခဲနေသော လေထု၏ ဖျစ်ညှစ်ခြင်းကို ခံရပြီး ပေါက်ကွဲသွား၏။
"ဝမ်ရှင်း တန်ခိုးရှင် ...”
အဘိုးအိုတင်းက ဦးညွှတ်ရင်း ချန်းဖန်အား နှုတ်ဆက်လိုက်သည်။
"ငါ မရှိတုန်း ကျူးရန်မြို့မှာ ဘာတွေ ဖြစ်သွားတာလဲ ... မူဟုန်တိရော အဖမ်းခံ လိုက်ရတာလား ...”
ချန်းဖန်က မေးရင်း လက်အား ညွှန်လိုက်ရာ အဘိုးအိုတင်းကို ချည်နှောင်ထားသော သံကြိုး အားလုံး ပျောက်ကွယ်သွားသည်။
"ကျွတ် ...”
အဘိုးအိုတင်းက လက်မောင်း တစ်ဖက်ကို လှုပ်ယမ်းကာ အညောင်းဖြေလိုက်၏။ ထို့နောက် သူက ချန်းဖန်အား သေချာ ရှင်းပြလိုက်သည်။
"မြွေဖြူအဖွဲ့က ဒါတွေ အားလုံးကို လုပ်ခဲ့တာပါ ...”
အဘိုးကြီးတင်း၏ စကားအရဆိုလျှင် မြွေမြူ အဖွဲ့သည် တော်ဝင်မြို့တပ်ဖွဲ့ ကိုးခုအနက်မှ တစ်ခုဖြစ်သည်။
မြွေဖြူ တပ်ဖွဲ့၏ စစ်သည်တိုင်းမှာ ဝိညာဉ်ပင်လယ် အဆင့်များ ဖြစ်ပြီး ဗိုလ်ချုပ်များမှာ မူလ အဆင့်များ ဖြစ်ကြသည်။ တပ်ဖွဲ့၏ ခေါင်းဆောင်မှာမူ ရွှေ အမြုတေအဆင့် ကျင့်ကြံသူ ဖြစ်၏။
"ကျူးဟန် တောင်တန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် တော်ဝင်မိသားစုက အရမ်း ဒေါသထွက် နေပုံ ရပါတယ် ... သူတို့က မြွေဖြူ တပ်ဖွဲ့ကိုလွှတ်ပြီး ဝမ်ရှင်း တန်ခိုးရှင်နောက်ကို လိုက်ခိုင်းတယ် ... မြွေဖြူတပ်ဖွဲ့က ရှာလည်း မတွေ့ရော ကျူဟန်မြို့မှာ စပြီး သတ်ဖြတ်တော့တာပဲ ... ဒါပေမဲ့ မိန်းကလေး မူဟုန်တိနဲ့ မိန်းကလေး ရီအာတို့ကတော့ မြွေဖြူ တပ်ဖွဲ့ရဲ့ အဖမ်း မခံလိုက်ရပါဘူး ... နတ်မိမယ် လင်းဝူဟွာက သူတို့ နှစ်ယောက်ကို ကယ်တင်ပြီး ရွှမ်မိန် ကောင်းကင် နယ်မြေကို ခေါ်သွားခဲ့ပါတယ်"
"ရွှမ်မိန်ကဝေ လင်းဝူဟွာ ...”
ချန်းဖန်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။ နတ်မိမယ် လင်းဝူဟွာမှာ မူဟုန်တိကို ကာကွယ် ပေးလိမ့်မည်ဟု ချန်းဖန် တစ်ခါမှ မတွေးဖူးချေ။
ကြည့်ရသည်က ရွှမ်မိန် ကောင်းကင် နယ်မြေသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက် လိုနေပုံရသည်။
"နောက်တစ်ခါ ရွှမ်မိန်ဂိုဏ်းက လူတွေနဲ့ တွေ့ရင် ငါ ကောင်းကောင်း ဆက်ဆံရမယ် ...”
ချန်းဖန်က အသိအမှတ် ပြုဟန် ခေါင်းညိတ်လိုက်၏။
မူဟုန်တိ လုံခြုံနေကြောင်း သိရပြီးနောက် ချန်းဖန်၏ စိတ်များမှာ အနည်းငယ် ပေါ့ပါး သွားခဲ့ပြီ ဖြစ်သည်။
ကျန်းမိသားစု၊ ယွင်မိသားစု စသည့် အခြား မိသားစုများ အတွက်မူ ချန်းဖန်သည် စိတ်မဝင်စားချေ။ ထိုလူများကား လွန်ခဲ့သည့် ရာစုနှစ်အတွင်း ကျူးဟန်မြို့၌ ထင်တိုင်းကြဲခဲ့ရာ သူတို့နှင့် ထိုက်တန်သော အရာကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
"မင်းကျတော့ရော ... သူတို့က မင်းကို ဘာလို့ မဖမ်းတာလဲ ... ဘာဖြစ်လို့ ဒီနေရာမှာပဲ အကျဉ်းချ ထားတာလဲ"
ချန်းဖန်က မေးလိုက်၏။
"ကျွန်တော်က သာမန် ဆေးပညာရှင် တစ်ယောက်လေ ... မြွေဖြူ အစောင့်တွေက ဝမ်ရှင်း တန်ခိုးရှင် ရွှေရောင်ကျီးကန်းရဲ့ မျက်နှာကြောင့် ကျွန်တော့်ကို အနည်းငယ် စစ်ဆေးတာလောက်ပဲ လုပ်ခဲ့တယ် ... ဒါပေမဲ့ မကြာသေးခင်က ဆေးကိုယ်စားလှယ် သေဆုံးမှုကို စစ်ဆေးဖို့ ဆိုပြီး ရွှေရောင်ကျီးကန်း ဌာနချုပ်က တစ်ယောက် ရောက်လာခဲ့တယ် ... သူက ကျွန်တော့်ကို သစ္စာဖောက်လို့ သတ်မှတ်ပြီး ဒီနေရာမှာ အကျဉ်းချ ထားခဲ့တာ"
အဘိုးကြီးတင်းက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။
"ရွှေရောင်ကျီးကန်း ဌာနချုပ် ...”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။
ထိုအချိန်မှာပင် အထက် ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူက ရွှေရောင်ကျီးကန်းကို ကျူးကျော် ရဲတာလဲ ...”
"ဘုန်း ...”
အသံဆုံးသည်နှင့် ရွှေရောင် လူရိပ်တစ်ခု ချန်းဖန်တို့ အရှေ့သို့ ရုတ်တရက် ရောက်ရှိ လာ၏။
"အမြုတေ ဖွဲ့စည်းခြင်း အဆင့် ...”
ချန်းဖန်မှာ တစ်ချက် ကြည့်ရုံဖြင့် ထိုလူ၏ အဆင့်ကို ခန့်မှန်းလိုက်နိုင်၏။
ထိုလူကား အမြုတေ ဖွဲ့စည်းခြင်း အဆင့် ထိပ်ဆုံး၌ ရှိနေကာ ရွှေအမြုတေ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာလျှင် လိုတော့သည်။
"ခုနက ကျွန်တော်ပြောတဲ့ တစ်ယောက်က သူပဲ ... သူ့ရဲ့ နာမည်က ရွှမ်တန့်ချင်တဲ့ ... ရွှေရောင်ကျီးကန်း ဌာနချုပ် ကိုယ်စားလှယ် ခြောက်ယောက်ရဲ့ ခေါင်းဆောင် ဆိုပါတော့ ...”
အဘိုးကြီးတင်းက ချန်းဖန်၏ အနားသို့ ပိုမို တိုးကပ်လိုက်သည်။ သူကား ရွှမ်တန့်ချင်ကို ကြောက်ရွံ့နေပုံ ရ၏။
"မင်းက ဘယ်သူလဲ ...”
ရွှမ်တန့်ချင်က ချန်းဖန်အား ခြေအစ ခေါင်းအဆုံး အကဲခတ် လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့သည်။
"မင်း ... မင်းက ချန်းပေ့ရွှမ်း မလား ... ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေတာပဲ ... ပေ့ဟန် နယ်ကနေ ထွက်သွားပြီ မဟုတ်ဘူးလား"
"မင်းကို ဘယ်သူပြောလဲ ...”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်၏။
"ပြေး ...”
အရှေ့ရှိ လူမှာ နာမည်ကျော် ချန်းပေ့ရွှမ်း ဖြစ်မှန်း သေချာသည်နှင့် ရွှမ်တန့်ချင်မှာ တုံ့ဆိုင်း မနေတော့ချေ။ သူက ရွှေရောင် အလင်း တစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးတော့၏။
ချန်းပေ့ရွှမ်းကား မရေမတွက်နိုင်သော မူလ အဆင့်များကို သတ်ဖြတ်၍ ကျိုးချင်ချန်းကို ကြီးမားသည့် ဒဏ်ရာ ရစေခဲ့သူ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်အား တိုက်ခိုက်ရန် သူ့တွင် ယုံကြည်ချက် မရှိချေ။
"ရပ်စမ်း ...”
ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အမြုတေ ငါးခုက ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်သည်။
"ဘုန်း ...”
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေတစ်ထောင် အတွင်းရှိ ဟင်းလင်းပြင်သည် အေးခဲသွား၏။ ထိုဧရိယာ အတွင်းရှိ အမတေချီ အားလုံးမှာ စိန်ကျောက်အလား သိပ်သည်း သွားခဲ့သည်။ ထိုဧရိယာ အတွင်း၌ ရှိနေသော ရွှမ်တန့်ချင်မှာ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။
"သူ ... သူက လေဟာနယ်ကို ထိန်းချုပ် နိုင်တာလား ...”
ရွှမ်တန့်ချင်၏ မျက်နှာက ထိတ်လန့်ခြင်း၊ အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ရောယှက် နေ၏။
ပုံမှန်ဆိုလျှင် အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဟင်းလင်းပြင်ကို ထိန်းချုပ် နိုင်ကြသည်။
ချန်းဖန်မှာ အတိတ်ဘဝမှ ဉာဏ်အလင်းများနှင့် ကောင်းကင် အမြုတေငါးခုကို ပိုင်ဆိုင် ထားသောကြောင့်သာ ထိုသို့ ပြုလုပ်နိုင်ခြင်း ဖြစ်လေသည်။ သို့တိုင်အောင် သူသည် သေးငယ်သည့် ဟင်းလင်းပြင် ဧရိယာကိုသာ ထိန်းချုပ် နိုင်သေး၏။
"ပျက်စီး ...”
ချန်းဖန် အမိန့်ပေးသည်နှင့် သူ ထိန်းချုပ်ထားသော ဟင်းလင်းပြင် ဧရိယာမှာ ပြင်းစွာ လှုပ်ခါ၍ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ခရက် ...”
မုန်တိုင်း၏ ဖြတ်သန်းမှုတွင် အမြုတေ ဖွဲ့စည်းခြင်း ထိပ်ဆုံး အဆင့်ရှိ ရွှမ်တန့်ချင်မှာ အပိုင်းပိုင်း အစစအဖြစ် ပျက်စီးလေ၏။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။
"ဒါက ...”
အဘိုးကြီးတင်းမှာ နေရာတွင်ပင် ကြောင်ကာ ဆွံ့အသွားတော့၏။
***