← Chapters

ရှူရှူးပန်းခံရ

Vol. 27 Ch. 369

ရှူရှူးပန်းခံရ

Vol. 27 Ch. 369

ယွီဟွားဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီး၏ ကျောက်ကမ္ပည်းတိုင်ကို လီဝူကျယ် လက်ဖြင့် ကောက်ယူလိုက်ပြီး အရှေ့သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။ ထို့နောက် ခါးပတ်ကို ဖြေလျက် ဂုဏ်ယူစွာ ကြွေးကြော်လေတော့၏။ “ဟဲဟဲ၊ ဒီ အရှင်လီက မင်းတို့ကို အံ့အားသင့်စရာရှိုးပွဲတစ်ခု ပြသတော့မယ်။ စိတ်မပူပါနဲ့၊ ငါ ဒီရက်ပိုင်း နည်းနည်း ပူနေလို့၊ မင်းတို့ အချိုအရသာတော့ ရလောက်ကြမှာမဟုတ်ပါဘူး"

ဟုတ်တယ်၊ လီဝူကျယ်က ယွီဟွားဂိုဏ်း ဘိုးဘေးကြီးရဲ့ ကမ္ပည်းတိုင်ပေါ်ကို သေးပေါက်ချဖို့ စီစဉ်နေတာ။

ယခင်ကဆိုလျှင် ယွီဟွားဂိုဏ်းကို ထိုမျှ အရိုအသေသွားမဲ့ပါက ရေဆုံးမြေဆုံး လိုက်လံသတ်ဖြတ်ခံရပေမည်။ သို့သော် လက်ရှိတွင်လည်း သစ်ပင်တွေလဲ မျောက်အုပ်ကွဲကာ ကာကွယ်စောင့်ရှောက်ပေးမည့် ကျောက်တိုင်ကြီးများလည်း မရှိတော့ပြီ။ ဘိုးဘေးကြီး၏ ကမ္ပည်းတိုင်ကိုလည်း ဘယ်သူဘာလုပ်လုပ် ဝင်စွက်ဖက်စရာ မရှိတော့လေပြီ။

ယွီဟွားဂိုဏ်း တည်ထောင်သူ ဘိုးဘေးကြီး အကြောင်းပြောရလျှင် ထိုသူသည် ရှေးဦးခေတ်ပိုင်းကတည်းက နာမည်တွင်ကျန်ခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပင်။

ထိုသူသည် ထူးကဲသော ကျင့်ကြံမှုအရည်အချင်းနှင့် အလွန်အားကောင်းသော အသိဉာဏ်အရည်အသွေးကို ပိုင်ဆိုင်ခဲ့သည်။ ယွီဟွား ကျင့်ကြံဆင့်တက်ခြင်း ကျင့်စဥ်ကို ဖန်တီးခဲ့ပြီး ဂိုဏ်းအား စတင်တည်ထောင်ကာ တပည့်ဂိုဏ်းသားများကို အားတက်သရော ကြိုဆိုလက်ခံခဲ့၏။ နောင်တွင် မသေမျိုးနယ်မြေသို့ တက်လှမ်းသွားသည်အထိ ဂုဏ်သတင်းများက မွှေးပျံ့ကျန်ရစ်ခဲ့ဆဲပါပေ။

ယွီဟွားဂိုဏ်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူများ အားလုံးသည် ထိုသူကို နတ်ဘုရားတမျှ ကိုးကွယ်ကြပြီး စိတ်ရင်းမှန်ဖြင့် လေးစားကြည်ညိုကြသည်။

ဘာပဲဖြစ်ဖြစ် အရှေ့ပိုင်းစီရင်စုမှာ အင်အားအကြီးဆုံး မသေမျိုးဂိုဏ်းတော်ကို တစ်ဦးတည်းအားနဲ့ ဖန်တီးနိုင်ခဲ့တဲ့ ပါရမီရှင်ကြီးပဲလေ။

ထိုရှေးဟောင်းကျောင်းတော်ခန်းဆောင်ကြီးထဲ ထည့်သွင်းထားရှိသော ကမ္ပည်းကျောက်စာတိုင်မှာ ယွီဟွားတစ်ဂိုဏ်းလုံး၏ ဝိညာဥ်ရေးရာသင်္ကေတဟုလည်း ဆိုနိုင်ပေသည်။ အတွင်းဂိုဏ်းတပည့်များနှင့် အဓိကအကြီးအကဲများသာ လာရောက်ဂါရဝပြုဖို့ အရည်အချင်းပြည့်မီပေ၏။

ကောလာဟလများအရ အကယ်၍ တစ်စုံတစ်ဦးသာ အလွန်ကံကောင်းပါက တည်ထောင်သူဘိုးဘေးကြီးထံမှ လမ်းညွှန်သင်ပြမှုကိုပင် ရရှိနိုင်ပြီး ခြေစခေါင်းဆုံး ပြောင်းလဲသန့်စင်မှုတစ်ခုကို ခံယူနိုင်ကာ ကျင့်ကြံဆင့်မှာလည်း တဟုန်ထိုး တိုးတက်နိုင်သည်ဟု ဆိုသည်။

ဟုတ်ပါတယ်၊ အဲ့လောက် အံ့သြစရာကောင်းလှတဲ့ မှော်ကမ္ပည်းတိုင်ဟာ ဒီအချိန်မှာတော့ အရှင်လီကိုယ်တိုင်ပေးအပ်မယ့် အထူးချိုးရေစင်နဲ့ သန့်စင်ခံရတော့မှာပါ။

လီဝူကျယ်က ခါးပတ်ကို ဖြေလျက် မြေပြင်ပေါ်ရှိ ကျောက်တိုင်ပေါ်သို့ စတင်ဆီးသွားလိုက်သည်။

ဓားနတ်ဆိုးဟုခေါ်သည့်အတိုင်း စည်းမရှိဘောင်မကြည့် လွတ်လပ်စွာ ပြုမူတတ်သူ၊ သမိုင်းတစ်လျှောက်လုံးတွင် သူတစ်ဦးတည်းသာ ဤမျှကြက်သီးထဖွယ်ကောင်းသော ပြစ်မှုမျိုးကို လုပ်ဆောင်ရဲပေလိမ့်မည်။

ယွီဟွားဂိုဏ်းကို အသက်ဝိညာဥ်ကအစ ညစ်ထေးစေလိုက်ခြင်းပင်။

ပေါက် ပေါက် ပေါက်...

အဝါရောင် ဆီးရည်စီးကြောင်းသည် ကျောက်တိုင်ပေါ်သို့ ကျရောက်သွားပြီး ဆီးနံ့စူးစူးက လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။

မသေမျိုးနယ်မြေ။

ဇိမ်ခံနန်းဆောင်ကြီးအတွင်း၊ အမြင့် ပေပေါင်း သောင်းချီရှိသော တစ်နေရာတွင်။

ပွပွချောင်ချောင် ငှက်မွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး လက်များကို နောက်သို့ပစ်လျက် ရပ်နေခဲ့သည်။ သူ့အသားအရေမှာ ချောမွေ့ပြီး မျက်လုံးများမှာ နက်ရှိုင်းသည်။ သေချာမကြည့်ပါက ကျောက်စိမ်းဖြင့် ထွင်းထုထားသော ရုပ်တုတစ်ခုအလား ထင်မှတ်မှားမိနိုင်သော်လည်း လှုပ်ရှားလိုက်သောအခါ အသက်ဝင်လာသောမျက်လုံးများမှ လျှံကျလာသော ကြယ်ရောင်လဲ့လဲ့ကို မြင်တွေ့နိုင်၏။

“ချီးတဲ့မှ၊ အဲဒီ မြေခွေးအိုကြီး လျိုဟွမ်ရှုက အဆင့်မြင့်သတ်ဖြတ်ရေး အစီအရင်ဆယ်ခုကို တိတ်တိတ်လေး စီစဥ်ပြီး တခြားကမ္ဘာသား ပြင်ပမျိုးနွယ်တစ်ခုရဲ့ မဟာမိတ်တပ်ဖွဲ့က အရေးကြီးတပ်ခွဲတစ်တပ်ကို ရှင်းပစ်လိုက်တယ်တဲ့၊ မဟာကြယ်တံခွန်တွေအများကြီးကို အကြီးအကျယ်ထိခိုက်စေခဲ့လို့ မသေမျိုးနယ်မြေသိမ်းပိုက်ဖို့အစီအစဥ်ကိုလည်း ရပ်ဆိုင်းထားလိုက်ရပြီ!”

လူငယ်သည် လက်သီးများကို တင်းတင်းဆုပ်ထားလိုက်၏။ သူ၏ခန့်ညားသောမျက်နှာမှာ တွန့်လိမ်နေပြီး ကြယ်ရောင်လဲ့သောမျက်လုံးများမှာလည်း အရောင်များ ပိုမိုစူးရှပြောင်လက်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်ကာ ခပ်တိုးတိုး ရေရွတ်မိ၏။ “ဘာလို့လဲ? ဘာလို့ ဒီအချိန်မှလဲ?!”

မကြာသေးခင် နှစ်များအတွင်း တခြားကမ္ဘာများမှ ပြင်ပမျိုးနွယ်စု များစွာသည် မသေမျိုးနယ်မြေ ကို မကြာခဏ တိုက်ခိုက်ခဲ့သည်။ မသေမျိုးနယ်မြေ၏ အခြေခံအုတ်မြစ်မှာ ဘယ်လောက်ပဲတောင့်ခံနိုင်သေးပါစေ နောက်ဆုံးတွင် ကျဆုံးလိမ့်မည်ဟု သူကြိုတွက်ထားခဲ့၏။ အခြေအနေခွဲခြမ်းစိပ်ဖြာရာတွင် ပါးနပ်သူတစ်ဦးဖြစ်သည့်အလျောက် ယုံကြည်ရလောက်သော ကျောထောက်နောက်ခံတစ်ဦးကို တိတ်တဆိတ် ရှာတွေ့ခဲ့ပြီး မဟာမိတ်ဖွဲ့ကာ အတွင်းရေးအချက်အလက်များအား ကိုယ်ကျိုးအတွက် လဲလှယ်ခဲ့ကြသည်။

မသေမျိုးနယ်မြေကို သိမ်းပိုက်နိုင်သည်နှင့် အကျိုးအမြတ်က ပိုမိုကြီးမားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများနှင့် လက်ရှိအခြေအနေထက် ပိုမိုသာယာသော အနာဂတ်သို့ ဦးတည်သွားလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

မသေမျိုးနယ်မြေတွင် တပ်စွဲထားသော အစီအရင်မဟာအကြီးအကဲ လျိုဟွမ်ရှုသည် အရေးကြီးသော မဟာဗျူဟာ ထောက်လှမ်းရေးအချက်အလက်များကို တမင်တကာ ဖုံးကွယ်ထားခဲ့ပြီးနောက် အဆင့်မြင့်သတ်ဖြတ်ရေး အစီအရင်ဆယ်ခုကို တိတ်တဆိတ် အသက်သွင်းကာ နယ်မြေအတွင်း ကျူးကျော်ထိုးဖောက်ဝင်ရောက်လာခဲ့သော နယ်ခြားမဟာမိတ်တပ်ဖွဲ့ကို ပြီးပြည့်စုံသော ချုံခိုတိုက်ခိုက်မှုတစ်ရပ်ဖြင့် တွန်းလှန်သုတ်သင်နိုင်ခဲ့၏။

ရန်သူဘက်မှ မသေမျိုးဧကရာဇ်အဆင့် အင်အားကြီး ပုဂ္ဂိုလ်များစွာ သေဆုံးခဲ့သည်ဟု ဆိုသည်။ မည်မျှပင် ကြီးမားလိုက်သော ဆုံးရှုံးမှုများ ဖြစ်လေသနည်း။ ကျန်ရှိသော နယ်ခြားမဟာမိတ်တပ်ဖွဲ့များသည်လည်း မျှော်လင့်မထားသော တန်ပြန်တိုက်စစ်ကြောင့် အလွန်ကြောက်လန့်သွားသဖြင့် ထပ်မံချီတက်ရန် မဝံ့ရဲတော့ဘဲ ကြယ်တံခါး ကာကွယ်ရေးမျဉ်းပြင်ပတွင်သာ တပ်စွဲကာ မသေမျိုးနယ်မြေကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့ကြတော့၏။

ဒါဟာ အစီအရင်မဟာအကြီးအကဲတစ်ယောက်ရဲ့ရဲ့ စွမ်းအားပါပဲ။

အစီအရင်တည်ဆောက်ရေး မဟာအကြီးအကဲ တစ်ဦးအနေဖြင့် ဗျူဟာပိုင်းဆိုင်ရာတန်ဖိုးသည် မသေမျိုးဧကရာဇ် ဘယ်နှစ်ပါးနှင့်မှ အလိုက်မလဲနိုင်စရာ။ အခြေအနေများသာ ကိုက်ညီသင့်‌လျော်ပါလျှင် ထိုသူသည် သေစေလောက်သော လက်နက်ပုန်းတစ်မျိုးသာဖြစ်၏။

ထိုသူ့ကြောင့်ပင် မသေမျိုးနယ်မြေသည် ယနေ့တိုင် ဆက်လက်တည်ရှိနေနိုင်ခြင်းဖြစ်သည်။

မဟုတ်ပါက တစ်ချိန်လုံး သွားရည်တမျှားမျှားဖြင့် လောဘတက်နေခဲ့သော ကမ္ဘာအမျိုးမျိုးထံမှ သိမ်းပိုက်စိုးမိုးခံရသည်မှာ အချိန်အတော်ကြာမြင့်လောက်လေပြီ။

“ဟူး၊ ငါ အရာအားလုံးကို ကြိုတင်တွက်ချက်ခဲ့ပေမဲ့ ဒီလိုကြီးမားတဲ့ အလှည့်အပြောင်းမျိုးထိတော့ မမျှော်လင့်ထားခဲ့ဘူး။ ငါ့ဘဝကလည်း အရည်ပျော်ခါစ ရေခဲပေါ် လမ်းလျှောက်နေရသလိုပဲ၊ တစ်ဖက်ကမ်းကို ရောက်ရောရောက်နိုင်ပါဦးမလား?"

ထိုလူငယ်သည် ဒေါသကို ငြိမ်သက်စေရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး သူ၏မျက်လုံးများတွင် ဘဝတစ်လျှောက်လုံး၏ အကြိမ်ကြိမ်အဖန်ဖန် အတက်အကျ အလှည့်အပြောင်းများကို ပြန်လည်မြင်ယောင်မိလာရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

ထိုသူ၏အမည်မှာ ယွီဟွားရှန့်ဖြစ်ပြီး အခြားဘွဲ့အမည်တစ်ခုမှာတော့ ယွီဟွားဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးဟု ခေါ်ဆိုလေ၏။

ယွီဟွားရှန့်သည် မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ထိုတစ်ချိန်က ခြေလှမ်းအသစ်အား စူးစမ်းလိုစိတ်ဖြင့် ရွှင်လန်းတက်ကြွနေခဲ့သည်။

သို့ပေမဲ့ မသေမျိုးနယ်မြေသို့ တက်လှမ်းလိုက်သည်နှင့် မိုင်းတွင်းသို့အပို့ခံလိုက်ရပြီး တစ်ချိန်လုံး အမောဆို့သေမတတ် သတ္တုတူးဖော်ရကာ ခိုင်းစေခံတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံခဲ့ရ၏။

ယွီဟွားရှန့်မှာ မိမိဘဝကိုပင် သံသယဝင်ခဲ့မိရ၏။ မသေမျိုးနယ်မြေမှာ အလွန်ရက်စက်ကာ အညှာအတာကင်းပြီး မိမိတို့လို စစ်မှန်သောမသေမျိုးအရှင်ပေါက်စလေးများမှာ ဘာကောင်မှဖြစ်ဦးမည်မဟုတ်ဟု ကြိုတင်မျှော်လင့်ထားခဲ့သော်ငြား ဤမျှလောက် ဆိုးရွားသောအခြေအနေကိုတော့ ကြိုမတွေးထားမိခဲ့။

နောက်ပိုင်းတွင် ယွီဟွားသူတော်စင် သည် အနှစ်ငါးရာ ကျွန်ခံခြင်းကို ပြီးစီးပြီးနောက် အပြင်ဘက်သို့ စွန့်စားသွားလာခဲ့ကာ ရုန်းကန်တိုက်ခိုက်ရင်း လမ်းကြောင်းကို ဖြတ်ကျော်ခဲ့သည်။ သူ၏ ထူးခြားသော စွမ်းရည်များနှင့် ကံကြမ္မာ ကြောင့် သူသည် အမှန်တကယ် များစွာရရှိခဲ့ပြီး အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သူ၏ ထူးကဲသော ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြု၍ အလွန်ဆိုးယုတ်သော ကျင့်စဥ်တစ်ခုကိုပင် ဖန်တီးခဲ့သေးသည်။ ထိုကျင့်စဥ်ကိုကို နတ်ဆိုးသန္ဓေတည်ပြောင်းလဲနည်း ဟု ခေါ်ဆို၏။ ထိုကျင့်စဥ်သည် မိမိကိုယ်ကို အားကောင်းစေရန် အရာအားလုံးကို မချန်မလှပ် စားသုံးနိုင်ပြီး ကျင့်ကြံဆင့်ကို လျင်မြန်စွာတိုးတက်စေနိုင်သည့် နတ်ဆိုးကျင့်စဥ်တစ်မျိုးပင်။

ထိုကျင့်စဥ်အား စတင်ကျင့်သုံးကတည်းက သူ၏ကျင့်ကြံဆင့်မှာ နတ်ဘုရားတို့၏ ကောင်းချီးပေးခံရသကဲ့သို့ ရူးသွပ်စွာ တရှိန်ထိုးမြင့်တက်လာခဲ့သည်။ သူ့လက်များတွင် ရေတွက်မရနိုင်သော အသက်ပေါင်းများစွာ စွန်းထင်းနေခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ သဘာဝရင်းမြစ်များပါမကျန် စားသုံးခဲ့သည်။ မဟာစီရင်စု အများအပြားမှ သက်ရှိများကို တစ်ယောက်မကျန် စုပ်ယူစားသုံးကာ အသက်မဲ့သော အထီးကျန်နယ်မြေများအဖြစ် ကျန်ရစ်စေခဲ့၏။

ယွီဟွားရှန့်သည် ဘာလုပ်လုပ် ခြေရာလက်ရာမကျန်စေရဘဲ အမြဲတမ်း အလွန်အကျွံသတိထားကာ လုပ်ဆောင်တတ်ပြီး ကိုယ်ယောင်ဖျောက်နည်းလမ်းများစွာလည်း ပိုင်ဆိုင်သောကြောင့် အဖွဲ့အစည်းများလည်း မည်သည်နည်းနှင့်မှ စုံစမ်းစစ်ဆေးလို့ မရခဲ့ပေ။

သို့သော် ယွီဟွားရှန့်သည် ရေရှည်ဘေးကင်းရေးကို ထည့်သွင်းစဉ်းစားပြီး မရေမတွက်နိုင်သော ဒုက္ခများကို ဖြတ်သန်းခဲ့ပြီးနောက် မသေမျိုးနယ်မြေ၏ အကြီးဆုံးအဖွဲ့အစည်းဖြစ်သော မသေမျိုးတရားခုံရုံးသို့ ဝင်ရောက်ခဲ့သည်။

မသေမျိုးတရားခုံရုံးသည် မသေမျိုးနယ်မြေ ရှိ ပုဂ္ဂိုလ်အားလုံးက တရားဝင် အသိအမှတ်ပြုထားသော တရားဝင်ခုံရုံးတစ်ခုဖြစ်ပြီး မသေမျိုးနယ်မြေ တစ်လျှောက်လုံးရှိ အရေးကြီးသော ကိစ္စရပ်များအားလုံးကို အုပ်ချုပ်စီမံသည့် အဖွဲ့အစည်းဖြစ်သည်။

မည်သည့် ဂိုဏ်းမဆို တည်ထောင်ခြင်းမပြုမီ မသေမျိုးတရားခုံရုံးသို့ သတင်းပို့ရမည်၊ မဟုတ်ပါက ၎င်းကို တရားမဝင်သော၊ မှတ်ပုံတင်မထားသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား တားမြစ်နှိမ်နင်းလိမ့်မည်!

မသေမျိုးတရားခုံရုံး၏ အရည်အချင်းရွေးချယ်မှုမှာ အလွန်တင်းကြပ်ပြီး ရာထူးတိုးမြှင့်ရာတွင်လည်း တစ်ဦး၏ စွမ်းရည်များကို စေ့စပ်သေချာစွာ စမ်းသပ်တတ်သည်။

လူသားမင်းဆက် တစ်ခုမှာတောင် ရာထူးရာခံအဆင့်ဆင့် ရှိသည်ပင်။ မသေမျိုးနယ်မြေ၏ တရားခုံရုံးမှ ရာထူးရာခံများကား ပိုလို့ပင်များပြားရှုပ်ထွေးလှသေး၏။

All Chapters