အခန်း (၃၇၁)
Vol. 27 Ch. 371
ယွီဟွားရှန့်သည် နှစ်ပေါင်းများစွာ ရှင်သန်ကျင်လည်ခဲ့ပြီး လောကဓံမုန်တိုင်းအမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီးသော်ငြား တစ်ချိန်ချိန်တွင် ဤမျှဆိုးသွမ်းသော၊ သိက္ခာမဲ့သော လုပ်ရပ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ဖူးပေ။
ဒါ နတ်ဆိုးတစ်ကောင်များလား?
မင်းနဲ့ငါ့ကြားမှာ ဘယ်လိုရန်ငြိုးများ ရှိလို့ ဒီလိုပြုမူရတာလဲ?
အထူးသဖြင့် ထိုလုပ်ရပ်အား နီးနီးကပ်ကပ် မြင်လိုက်ရချိန်၌ ယွီဟွားရှန့်သည် သူ၏မျက်လုံးများကို လက်သီးသန်းရာချီဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ အလွန်စပ်ဖျဉ်းယောင်ကိုင်းသွားရသည်ဟု ခံစားလိုက်ရ၏။
“ဘာလို့လဲ? ဘာလို့ ငါ့ကမ္ပည်းတိုင်ပေါ် သေးပေါက်ရတာလဲ? ယွီဟွားဂိုဏ်းက ကျင့်ကြံသူ တစ်ဦးက အထွဋ်အမြတ် ကမ္ပည်းတိုင်အပေါ် ဒီလိုအဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်တာတော့ မဖြစ်နိုင်ဘူး။ ဒီကောင် ပြင်ပကျူးကျော်သူပဲဖြစ်ရမယ်"
“ဒင်းက ယွီဟွားဂိုဏ်းအတွင်းပိုင်းထိ အတင့်ရဲလို့ ဝင်ရောက်ပြီး ဒီလိုရူးသွပ်တဲ့ လုပ်ရပ်မျိုးကို ပေါ်ပေါ်ထင်ထင် လုပ်နေနိုင်တာ၊ ယွီဟွားဂိုဏ်းက တပည့်တွေ ဘယ်သူမှ ဝင်မတားတော့ဘူးလား? သူတို့အားလုံး သေကုန်ပြီလား?!”
ယွီဟွားရှန့်မှာ ဒေါသဖြင့် တဆတ်ဆတ်တုန်ယင်လျက်ရှိ၏။ မသေမျိုးအရှင်သူမြတ်တစ်ပါးအနေဖြင့် ထိုမျှအရှက်ရဖွယ် ဖြစ်ရပ်မျိုးကို ကြုံတွေ့ဖို့ရာ ဖြစ်နိုင်ချေမရှိ။
သို့သော် မျှော်လင့်မထားဆုံးအချိန်တွင် ဤသို့ ပါးဖြတ်ရိုက်ခံလိုက်ရလေသည်။
တစ်ဖက်လူ၏ ဆိုးယုတ်သော အပြုအမူကြောင့် သူကိုယ်ရောစိတ်ပါ နာကျင်ထိခိုက်သွားခဲ့ရ၏။
ရွံစရာ မုန်းစရာ ကောင်းလိုက်တာ!
ဒီလူက ဘယ်သူလဲ?
မဟုတ်သေးဘူး၊ ငါ့ရဲ့ ဝိညာဉ်အမှတ်အသားကို အသက်သွင်းရမယ်၊ ဘယ်လောက်ပဲ ကြီးမားတဲ့ အဖိုးအခ ပေးရပါစေ၊ အမှန်တရားကို ရှာဖွေဖို့ ကိုယ်ထင်ပြရမယ်၊ ဒီအတင့်ရဲတဲ့လူကို တစ်ခါတည်း ကိစ္စတုံးပစ်ရမယ်!
ဆုံးဖြတ်ချက်ချပြီးနောက် ယွီဟွားရှန့်၏ မျက်နှာသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သွားပြီး လက်များဖြင့် သင်္ကေတပေါင်းစုံကို ဖန်တီးကာ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မသေမျိုးအရှင်တစ်ပါး၏ စွမ်းအင်လှိုင်းများဖြင့် ဖြာထွက်လို့နေတော့၏။
အပြင်ဘက်ကောင်းကင်သည် ရုတ်ချည်းမှောင်မိုက်သွားပြီး ပြိုကျတော့မလို တုန်ခါလာသည်။
“ဘာတွေဖြစ်နေတာလဲ?”
ယွီဟွားတာအိုနန်းတော်မှ တပည့်မျာ နှင့် အကြီးအကဲများ အားလုံး ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာများဖြင့် ကပျာကယာ အပြင်ထွက်ကြည့်ကြရင်း ဂိုဏ်းချုပ် ဘာကြောင့် ဒီလောက်ဒေါသထွက်နေရသည်ကို အံ့ဩလို့ မဆုံးနိုင်ကြ။
ဂိုဏ်းချုပ်အကြောင်းကို အကျဥ်းချုပ် ပြောရလျှင်တော့ နာမည်ကြီး ယွီဟွားမသေမျိုးအရှင်တစ်ပါး ဖြစ်ပြီး မသေမျိုးတရားခုံရုံတွင် ပင်းအဆင့် အရာရှိတစ်ဦးလည်း ဖြစ်၏။ အာဏာကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်သောကြောင့် မသေမျိုးနယ်မြေတစ်လွှားတွင် အတော်လေးလွှမ်းမိုးမှုရှိကာ သြဇာကြီးမားသူတစ်ဦးဟု ဆိုနိုင်ပေသည်။
သို့သော် ယခုတော့ စိတ်မထိန်းနိုင်လောက်အောင် ဒေါသထွက်နေပုံပင်။
ခွင်းလွင်နယ်မြေ။ အရှေ့ပိုင်းစီရင်စု။
ယွီဟွားဂိုဏ်း ဂိုဏ်းတော်အတွင်းပိုင်း။
လီဝူကျယ်သည် ရေစီးကြောင်းတစ်ခုကို အားရပါးရ ထုတ်လွှတ်ကာ မြေပြင်ပေါ်ရှိ ကမ္ပည်းတိုင်ကို စိုရွှဲသည်အထိ ပက်ဖျန်းပေးနေခဲ့လေသည်။
“ဟားဟား၊ အဘိုးကြီး၊ အရှင်လီကို ပြောပါဦး၊ အရသာ ဘယ်လိုလဲ၊ ဟမ်?”
“မင်း ဆွံ့အနေတာလား? ဘာလို့ ဘာမှပြန်မပြောတာလဲ?”
“ကျွတ် ကျွတ်၊ ယွီဟွားဂိုဏ်းကကောင်တွေ မင်းကို ရတနာတစ်ပါးလို သဘောထားကိုးကွယ်နေကြပေမဲ့ အရှင်လီရဲ့ မျက်လုံးထဲမှာတော့ မင်းက ဆွေးမြေ့ခြစားနေတဲ့ သစ်သားတစ်ပိုင်းပါပဲ!”
ကျိန်ဆဲပြီးနောက် လီဝူကျယ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံး ပွင့်ထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို လန်းဆန်းတက်ကြွလာကာ လေထဲသို့ ပျံတက်တော့မလိုပင်။
သူ အမုန်းဆုံးက သစ္စာဖောက်များပင်၊ ယွီဟွားဂိုဏ်း၏ နောက်ကျောဓားနှင့်ထိုးသော လုပ်ရပ်ကို သူလုံးဝ ခွင့်မလွှတ်နိုင်။ ယွီဟွားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကြီးမှာလည်း သူ့အတွက်တော့ သစ္စာဖောက်ခေါင်းဆောင်တစ်ဦးသာ ဖြစ်၏။
ထိုစဉ် ကမ္ပည်းတိုင်သည် ရုတ်တရက် တုန်ခါသွားပြီး တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ဖျတ်ခနဲဆိုသလိုပင် ဖောက်ထွင်းမြင်နိုင်သော ဝိညာဉ်ခန္ဓာတစ်ခု ပေါ်လာသည်။ ထိုဝိညာဉ်ခန္ဓာသည် ငှက်မွေးဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်ပြီး သူ၏ ခန့်ညားသောမျက်နှာသည် ဒေါသဖြင့် ပြည့်နှက်နေကာ လီဝူကျယ်ကို အော်ဟစ်ဆဲဆိုလာသည်။
“မင်းမေငိုး! မင်း ငါ့ကမ္ပည်းတိုင်ကို ဘာလုပ်တာလဲ?!!!”
ရုတ်တရက်ပေါ်လာသော မြင်ကွင်းကို မြင်လိုက်ရသော် လီဝူကျယ် လန့်ဖျပ်သွားပြီး သူ့ဘောင်းဘီကို မြန်မြန်ဆွဲတင်ကာ အနောက်ကို နှစ်လှမ်းသုံးလှမ်းလောက် ဆုတ်သွားရသည်။ မျက်လုံးများပြူးကျယ်ကာ သတိလက်လွတ် ထဆဲမိလိုက်သည်။ "ချီးပဲ"
အဲ့သစ်ဆွေးတိုင်က ဝိညာဥ်ထွက်လာနိုင်သေးတယ်ပေါ့?
ဒီလူက ယွီဟွားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး များ ဖြစ်နေမလား?
အတွေးဖြင့် လီဝူကျယ် ကျောချမ်းသွားပြီး ရင်တဒိတ်ဒိတ်တုန်လာသည်။ အရှေ့ပိုင်းစီရင်စု၏ မည်သည့်ကျင့်ကြံသူမဆို ဒဏ္ဍာရီလာ ပါရမီရှင်တစ်ဦးဖြစ်သော ယွီဟွားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကြီးအကြောင်း နားစွန်နားဖျားတော့ ကြားဖူးကြသည်ပင်။
ယခုတော့ သူ့မျက်စိရှေ့တွင် အကောင်လိုက်ရောက်နေလေပြီ။
ဒါဆို သူ ခုနက လုပ်ခဲ့တဲ့ အရာအားလုံးကို အဲ့လူမြင်သွားတာ မဟုတ်ဘူးလား?
ဟား၊ နည်းနည်းတော့ ရှက်စရာပဲ!
နေစမ်းပါဦး၊ အရှင်လီ ဂုဏ်ယူသင့်တယ်လေ!
ဒီလောက်ဒေါသထွက်ပြီး ရှက်ရွံ့နေပုံထောက်ရင် ဘာမှမလုပ်နိုင်လို့ ရှက်ရမ်းရမ်းနေတာပဲဖြစ်ရမယ်။
အများကြီး စဉ်းစားပြီးနောက် လီဝူကျယ်သည် သူ့နှလုံးသားထဲက ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ ဖြောင့်မတ်စွာ တုံ့ပြန်လိုက်သည်။
“အဘိုးကြီး၊ ကျွန်တော့်ကို မဆဲနဲ့!”
“ကျွန်တော် ခင်ဗျားကမ္ပည်းတိုင်ပေါ် ဆီးသွာတော့ ဘာဖြစ်လဲ? မကြိုက်လည်း မတတ်နိုင်ဘူး!”
အတော် မာန်တက်နေတဲ့ကောင်ပဲ။
အပြစ်ရှိတဲ့အမူအရာ မပြဘူး၊ နောင်တရတယ်ဆိုတာမျိုးလည်း မရှိဘူး။
ယွီဟွားရှန့်သည် ဒေါသထွက်လွန်း၍ နှာခေါင်းကြီး ပွစိပွစိဖြစ်လာသည်။
ဒီခေတ်ကလေးတွေ အားလုံးက ဒီလောက်တောင် အကျင့်စာရိတ္တ မကောင်းကြတာလား? အရှေ့ပိုင်းစီရင်စု ကျင့်ကြံခြင်းလောက အနေအထားက စိုးရိမ်စရာပဲ!
“ပြောစမ်း၊ မင်း ဘယ်သူလဲ? ယွီဟွားဂိုဏ်းကျင့်ကြံသူတွေရော ဘယ်မှာလဲ?" ယွီဟွားရှန့် ပြတ်သားစွာမေးခွန်းထုတ်လိုက်သည်။
“ဟားဟား၊ ခင်ဗျားတို့ ယွီဟွားဂိုဏ်းရဲ့ အစီအစဉ် ပေါ်ပေါက်သွားပြီး အရှေ့ပိုင်းစီရင်စု တစ်ခုလုံးဆီက ပူးပေါင်းပိတ်ဆို့ခံလိုက်ရတယ်လေ။ အခုတော့ အဓိက အင်အားကြီး ပုဂ္ဂိုလ်အားလုံးကို ကွပ်မျက်လိုက်ပြီ၊ ခင်ဗျား ချန်ထားခဲ့တဲ့ တာအိုမျိုးဆက်လည်း မကျန်တော့ဘူး!”
လီဝူကျယ်က အပေါ်ယံတွင် လှောင်ပြောင်ရယ်မောနေပေသည့် ဓားကိုတော့ အသင့်အနေအထားဖြင့် ဆုပ်ကိုင်ထားသည်ပင်။
“ဘာ!!!?”
ယွီဟွားရှန့်သည် မိုးကြိုးငါးချက်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မယုံကြည်နိုင်ဟန် မျက်နှာအမူအရာ ပေါ်လွင်လာသည်။
သူ့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ဒီအသုံးမကျတဲ့လူစုက ကြယ်တံခါးကို မဖွင့်နိုင်ခဲ့ကြလို့လား? အဲ့ဒါကြောင့် အရှေ့ပိုင်းစီရင်စုက ကျင့်ကြံသူတွေ ပူးပေါင်းတိုက်ခိုက်တာ ခံလိုက်ရတာလား?"
ထိုအကြောင်းရင်းက ဖြစ်နိုင်ချေအရှိဆုံးပင်။
“မဟုတ်ဘူး၊ အဲဒီအဘိုးကြီးတွေက ကြယ်တံခါးကို ဖွင့်ခဲ့တယ်။ မသေမျိုးအရှင် သိန်းပေါင်းများစွာ တပြိုင်တည်း ထွက်လာတာ၊ ကျွန်တော်ဖြင့် သေအောင်အံ့ဩသွားတာပဲ!” လီဝူကျယ်က ပြန်လည်ဖောက်သည်ချသည်။
ယွီဟွားရှန့် နားမလည်နိုင်တော့ပေ။ မသေမျိုးအရှင် သိန်းပေါင်းများစွာက အရှေ့ပိုင်းစီရင်စုတပ်ကို အနိုင်ယူလို့ မရခဲ့ဘူးလား? မင်း ဘယ်သူ့ကို လိမ်ချင်နေတာလဲ?
အရင်ခေတ်အခါတုန်းကတောင် ဒီလောက်အင်အားနဲ့ဆို ခွင်းလွင်တစ်နယ်လုံးကို သိမ်းပိုက်လို့ရနေပြီ။
“မဖြစ်နိုင်ဘူး၊ ကြယ်တံခါးသာ ပွင့်တယ်ဆိုရင် ယွီဟွားဂိုဏ်းက ဘယ်လိုလုပ် ရှုံးနိမ့်သွားရမှာလဲ? မင်းတို့ ပုရွက်ဆိတ်လေးတွေက မသေမျိုးအရှင် သိန်းပေါင်းများစွာကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ? ငါ့ကို လာမလှည့်စားနဲ့!” ယွီဟွားရှန့် ပြန်လှောင်လိုက်သည်။
လီဝူကျယ်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ခပ်ပြုံးပြုံးဖြင့် ခေါင်းမော့ကာ လူငယ်ကို စိုက်ကြည့်လျက် ဆက်ပြောလိုက်သည်။ “မင်း ဘာသိလို့လဲ?! အဲ့ဒါက ငါ့ ဆရာသခင်ကြောင့်လေ! သူ တစ်ယောက်တည်း မသေမျိုးအရှင် သိန်းပေါင်းများစွာကို သုတ်သင်ပစ်လိုက်တာ!မင်းကြောက်သွားပြီမလား?"