← Chapters

ကြွက်သားမမလေး

Vol. 27 Ch. 373

ကြွက်သားမမလေး

Vol. 27 Ch. 373

သူ၏ မသေမျိုးနယ်မြေက အဆင့်အတန်းအရဆိုလျှင် အမှတ်မထင် ပြောထွက်လိုက်သော စကားလေးတစ်ခွန်းကပင် မသေမျိုးအရှင် မြောက်မြားစွာကို တစ်ဘဝလုံးစာ ပေးဆပ်ဖို့၊ သစ္စာစောင့်သိဖို့၊ သူ့အတွက် အသက်ပေးဖို့တောင် ဆန္ဒရှိလာအောင် စွမ်းဆောင်နိုင်သည်။

ဒါပေမဲ့ ဒီနေရာရောက်တော့ ဒီလိုအစော်ကားခံလိုက်ရသတဲ့လား!

ယွီဟွားရှန့် တစ်ဖက်လူ၏နောက်ခံကို စတင်သံသယဝင်လာရသည်။ မဟုတ်ရင် ဒီလိုခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ဒီလိုထူးခြားတဲ့ ခွန်အားမျိုး ဘယ်လိုပိုင်ဆိုင်နိုင်မှာလဲ?

လူကြံရင် ကံကဖျက်တတ်တဲ့ ဒီလိုခက်ခဲနေတဲ့ ခေတ်အခါကြီးမှာလေ?

နောင်မျိုးဆက်များတွင် သူ့ထက်ပိုကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ပေါ်ထွန်းလာလိမ့်မည်ဟု လုံးဝမတွေးထင်ထားခဲ့!

“ဟမ့်၊ ငါက မသေမျိုးတရားခုံရုံးရဲ့ ပင်းအဆင့်မသေမျိုးအရာရှိပဲ။ မင်းတို့ အောက်ဘုံကျင့်ကြံသူတွေက ငါ့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိသင့်တာပေါ့။ အခုချက်ချင်း အဲ့ဒီ အကြီးအကဲယဲ့ကို ငါ့ဆီ လွှတ်လိုက်၊ မဟုတ်ရင် အကျိုးဆက်တွေကို မင်းတို့ပဲခံစားရလိမ့်မယ်!”

ယွီဟွားရှန့်က ဝတ်ရုံလက်စကို ဖျတ်ခနဲခါလိုက်သည်။ သူ့အသံက အေးစက်ပြီး အာဏာစီးလှ၏။ တစ်ဖက်လူကို မရရသည့်နည်းဖြင့် ပေါ်လာအောင်ဆွဲ‌ဆောင်ရမည်ပင်။ ထိုအခါမှသာ ရန်သူ၏အခြေအနေကို အကဲခတ်နိုင်ပြီး လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ စီစဥ်ထားနိုင်မည်ဖြစ်သည်။

“ဒါက…” ရွှယ်ဝူဟန် မျက်မှောင်ကြုတ်လိုက်သည်။ ယွီဟွားဂိုဏ်းရဲ့ ဘိုးဘေးကြီးက မသေမျိုးနယ်မြေ မှာ အရမ်း အဆင့်အတန်းမြင့်နေတာများလား?

တကယ်လို့သာ အဲ့ဒီလိုဆိုရင် သူတို့ရဲ့တာအိုမျိုးဆက်ကို ဖျက်ဆီးခဲ့တဲ့ရန်သူက နောင်တစ်ချိန်မှာ ပစ်မှတ်ထားခံလာရမှာ ဧကန်ပဲ။

“မသေမျိုးတရားခုံရုံးရဲ့ ပင်းအဆင့် မသေမျိုးအရာရှိလား? အဲဒါ ဘယ်လိုအမှိုက်ရာထူးမျိုးလဲ?!”

လီဝူကျယ်က လှောင်ရယ်လိုက်သည်။ “ငါ့ ဆရာသခင်က မင်းကို လာတွေ့ရမယ် ဟုတ်စ? ရဲတင်းလိုက်တဲ့စကားပါလား? အသေးအမွှားအရာရှိလေးက ခမ်းနားဟန်ဆောင်ရဲတယ်။ သတ္တိရှိရင် မင်းပုံစံအမှန်ကို ထုတ်ပြကြည့်လေ။ ဆရာသခင်က တစ်ခါတည်းခုတ်ချလိုက်လိမ့်မယ်!”

သူ့နောက်တွင် ဆရာသခင်ရှိနေသရွေ့ သူဘာကိုမှ ကြောက်လိမ့်မည်မဟုတ်။

“မင်း… မင်း ဘာပြောလိုက်တာလဲ?”

ယွီဟွားရှန့်သည် နားကြားများမှားလေသလားဟု မယုံကြည်နိုင်ဖြစ်ကာ သူ၏မျက်နှာသည် မစင်စားရသည်ထက် ပို၍ဆိုးရွားနေသည်။

ပင်းအဆင့် မသေမျိုးအရာရှိ က အသေးအမွှားအရာရှိလား? ဒီကောင့်ရဲ့ လေလုံးထွားပုံကတော့!

ဆက်သွယ်ရေးလမ်းကြောင်းသာ မပျက်စီးခဲ့ရင် သူ့ရဲ့ပုံစံအမှန်နဲ့ ဒီကမ္ဘာဆီဆင်းလာပြီး စာရင်းရှင်းပြီးတာကြာရောပေါ့။ ဒီလောက်ထိစောင့်နေဦးမတဲ့လား?

ရွှယ်ဝူဟန်က ခပ်တင်းတင်းတုံ့ပြန်လာသည်။ “အကြီးအကဲယဲ့က အနားယူနေတယ်၊ မဆိုင်တဲ့လူတွေ နှောင့်ယှက်တာ ခွင့်မပြုဘူး။ ပြဿနာရှာချင်ရင် ဒီရွှယ်မျိုးရိုးက အဆုံးထိ ပါဝင်ပူးပေါင်းပေးပါ့မယ်"

သူပြောနေစဉ် ရွှယ်ဝူဟန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားပြီး သူ၏လက်ထဲမှ ဓားရှည်ကို စတင်လှုပ်ရှားကာ ခုတ်ချဖို့ အသင့်ပြင်ထားလိုက်သည်။

“စောက်ရူး”

ယွီဟွားရှန့်သည် ဤဝိညာဉ်ခန္ဓာနှင့်ဆိုလျှင် သူ့ဘက်မှ အားသာချက် ရမည်မဟုတ်ကြောင်း သိထားသည်။ သူသည် ပျက်စီးနေသော ယွီဟွားဂိုဏ်းဝန်းကျင်သို့ လှည့်ကြည့်လိုက်ရာ စိတ်ဓာတ်ကျလွန်း၍ ဒေါသထွက်ဖို့အားပင် မကျန်ရှိတော့။

သူ ဘာမှမလုပ်နိုင်သေးတဲ့အချိန်မှာ လောကဓံက သူ့ကိုလုပ်သွားပြီ!

ယွီဟွားရှန့်က ဒေါသကို ရှေ့မှနှစ်ယောက်ဆီပုံချကာ ပြင်းထန်စွာ ပြောလိုက်သည်။ “မှတ်ထား၊ ငါ မင်းတို့ကို ဒီတိုင်းလွှတ်မထားဘူး! မင်းတို့ မသေမျိုးနယ်မြေကို တက်လာပြီး ငါ့ဆီက တန်းအသတ်ခံရတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါ ကိုယ်တိုင် ဆင်းလာပြီး မင်းတို့ကို သတ်ပစ်တာပဲ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့တော့ သေကိုသေရစေ့မယ်!”

“အထူးသဖြင့် မင်း! ငါ့ရဲ့ အထိမ်းအမှတ်ကမ္ပည်းပြားကို ဒီလောက်တောင်မလေးမစား လုပ်ရဲရသလား? မင်း နောင်ကျရင် အရမ်းကိုဆိုးရွားတဲ့ အသေဆိုးနဲ့ သေရမယ်လို့ ငါ အာမခံတယ်!” ယွီဟွားရှန့်က လီဝူကျယ့်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ရှုံ့မဲ့နေသောမျက်နှာကြီးဖြင့် ကျိန်စာတိုက်လေသည်။

လက်ရှိတွင် ခြိမ်းခြောက်စကားပြောရုံကလွဲပြီး သူတခြားတတ်နိုင်တာမရှိ။

“ဘာလို့ ဒီလိုဖြစ်နေတာလဲ? ခင်ဗျား ကျွန်တော့်ရဲ့ ကြီးမြတ်တဲ့ ရတနာလေးကို မြင်ပြီးတော့ မနာလိုတာနဲ့ ရန်ပြုချင်နေတာလား!” လီဝူကျယ်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

ယွီဟွားရှန့် ကြက်သေသေသွားပြီး အစောပိုင်းက မျက်စိထဲစွဲထင်နေသော မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။ မျက်နှာတစ်ခုလုံး ပို၍ပင် ရှုံ့မဲ့လာကာ နေရာတွင်ပင် သွေးအန်ချင်စိတ် ပေါက်သွားရတော့၏။

သူ ရှင်သန်ခဲ့သမျှ ကာလပတ်လုံး ဒီလောက်အရှက်မရှိတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး!

“ငရဲသွားစမ်း!” ယွီဟွားရှန့်က အော်ဟစ်လိုက်ပြီး ရုတ်ချည်းခုန်ဝင်သွားကာ ဦးထုပ်နှင့်လူကို စုတ်ဖြဲသတ်ဖြတ်ဖို့ ပြင်ဆင်လိုက်သည်။

သတိကြီးကြီးဖြင့် စောင့်ကြည့်နေခဲ့သော ရွှယ်ဝူဟန်က ချက်ချင်းလှုပ်ရှားကာ ဓားဖြင့် ဖြတ်ရိုက်ချလိုက်သည်။ တောက်ပလင်းလက်သော ဓားအလင်းရောင်ဝါက နတ်ပြည်မှဆင်းသက်လာသော မိုးကြိုးတစ်စင်းကဲ့သို့ ဒေါသထွက်နေသော ယွီဟွားရှန့်အား တည့်တည့်ထိမှန်လာခဲ့၏။

ဘန်း~

ဝိညာဉ်ခန္ဓာ ပေါက်ကွဲသံ မြည်ဟီးလာသည်။

ယွီဟွားရှန့်၏ အော်သံတစ်ချက်ကြားလိုက်ရပြီး ပြန်လည်ပျောက်ကွယ်သွားသောကြောင့် တိတ်ဆိတ်သွားခဲ့၏။

“ဟမ့်၊ ကျေးဇူးမသိတတ်တဲ့သူ!” ရွှယ်ဝူဟန်က ခပ်အေးအေး လှောင်ပြောင်လိုက်ပြီး သူ့ဓားကို ကျစ်လျစ်စွာ ပြန်လည်သိမ်းဆည်းလိုက်ရာ အပြုအမူမှာ အလွန် ခန့်ညားထည်ဝါလှ၏။

“ဟားဟားဟား၊ ဒီတစ်ခါတော့ ညီအစ်ကိုရွှယ်ရဲ့ အကူအညီအတွက် တကယ်ကို ကျေးဇူးတင်ရပါတယ်! ရွှယ်ထျန်းကို အချိန်မရွေး လာလည်ဖို့ ကြိုဆိုပါတယ်!” လီဝူကျယ်က ရယ်မောရင်း ဝတ်ရုံဖြူနှင့်လူ၏ပုခုံးကို အသာပုတ်ကာ နွေးထွေးစွာ ဖိတ်မံတကပြုလိုက်သည်။

ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဓားမသေမျိုးအရှင်တစ်ပါးကို ညီအစ်ကိုဟု ခေါ်ရိုးထုံးစံမရှိ။

ရွှယ်ဝူဟန်ကတော့ ဓလေ့ထုံးစံများကို ဂရုစိုက်နေသူမဟုတ်တာကြောင့် အကြီးအကဲယဲ့၏တပည့်က ရိုးသားဖော်ရွေလေခြင်းဟုသာ အတွေးရှိသည်။

“နေပါဦး!”

ရွှယ်ဝူဟန်က တစ်ခုခုကို ရုတ်တရက် သတိရမိပြီး မျက်ခုံးပင့်လိုက်ကာ လီဝူကျယ်ကို သံသယမျက်လုံးများဖြင့် အကဲခတ်လိုက်သည်။

“ပြောရရင် မင်းက ငါသိတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တော်တော်လေး ဆင်တူတယ်…”

လီဝူကျယ်၏ စကားဆိုပုံ၊ အကျင့်စရိုက်နှင့် ပြုမူပုံများသည် ရွှယ်ဝူဟန်ကို ယခင်က နှစ်သက်ခဲ့ဖူးသော ထူးခြားသော အမျိုးသမီးတစ်ဦးအား သတိရစေခဲ့သည်။

ဒီလူက ကြွက်သားမမလေးနဲ့ တော်တော်ကိုတူနေတာပဲ။

“အာ?”

လီဝူကျယ် ရင်တုန်သွားပြီး သူလည်း တစ်ခုခုကို မှတ်မိသွားပုံရသည်။ ပုခုံးပေါ်မှလက်က လျှပ်စစ်ဖြင့်အတို့ခံလိုက်ရသလို ဆတ်ခနဲပြန်ရုပ်သွားကာ တောင့်တောင့်ကြီး ရယ်မောလိုက်သည်။ “ဟဲဟဲ၊ ဒါက တိုက်ဆိုင်မှုပဲ မဖြစ်နိုင်ဘူးလား?”

ရွှယ်ဝူဟန် မျက်မှောင်ကြုတ်သွားပြီး စဉ်းစားနေပြန်သည်။ “ဒါက တော်တော်လေး တိုက်ဆိုင်လွန်းတယ်…”

လီဝူကျယ်၏ နဖူးပေါ်တွင် ချွေးစေးတစ်စက် စီးကျလာသည်။ တစ်ဖက်လူ သူ့ကိုမှတ်မိသွားလျှင် ဘဝမှာ သေရတာထက် ပိုဆိုးပေတော့မည်။

ဒီကိစ္စသာ ပေါ်ပေါက်သွားလျှင် နာမည်ပျက်သွားရှာမည်ဖြစ်သော သူ၏လူမှုဆက်ဆံရေးကို ဘယ်လိုမှပြန်အဖတ်ဆယ်လို့ ရတော့မည်မဟုတ်။ တွေးကြည့်ရုံဖြင့်ပင် ခြေချောင်းများကွေးတက်သွားပြီး ကျင်းတစ်ကျင်းလောက်တူးကာ ဝင်အောင်းနေချင်စိတ်ဖြစ်ရ၏။

“ဟာ၊ ဒီလောကမှာ ဒီလို ဆင်တူတဲ့လူတွေ အများကြီးပဲလေ! တကယ်တော့ ညီအစ်ကိုရွှယ်လည်း ကျွန်တော် သိခဲ့ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူသလိုလိုရှိတာပဲ!”

“ရိုးရိုးသားသားပြောရရင် မင်းကို ပထမဆုံးအကြိမ် တွေ့တုန်းက ဒီ့ထက်ပိုစောစောတွေ့ခဲ့သင့်တာဆိုတဲ့ ခံစားချက်ဖို့ ရခဲ့ဖူးတယ်!”

“ကံကြမ္မာပဲ၊ တကယ်ကို ကံကြမ္မာစပ်နေတဲ့ ညီအစ်ကိုကောင်းတွေ!”

လီဝူကျယ် ရိုးသားသောမျက်နှာလေးဖြင့် မှတ်ချက်ချလိုက်သည်။

"အဲ့လိုလား?"

ရွှယ်ဝူဟန် ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။ “ဒါက တကယ်ကို ကံကြမ္မာပဲ ထင်တယ်။ တကယ်တော့ ညီလေးလီရဲ့ ဓားတာအိုအပေါ် စွဲလမ်းမှုကို ကျွန်တော် အလွန်လေးစားတယ်။ ကျွန်တော့်သဘောထားနဲ့ ကိုက်ညီတဲ့အချက်တွေ အတော်များများရှိတယ်လေ"

“ဟားဟား၊ ‌ကောင်းလိုက်လေဗျာ။ တစ်နေ့ကျရင် တစ်ခေါက်လောက်တော့ အတူတူ သောက်ကြစို့၊ ကောင်းကောင်း စကားပြောဆွေးနွေးလို့ ရတာပေါ့။” ပြောနေရင်း လီဝူကျယ်သည် သူ့ခေါင်းကို ရိုက်ချလိုက်သည်။ “အိုး ဘုရားရေ၊ ငါ့မှတ်ဉာဏ်ကတော့! ခုနက ဖြစ်ခဲ့တာတွေကို ဆရာသခင်ဆီ သွားအစီရင်ခံဖို့ မေ့နေတာပဲ။ ညီအစ်ကိုရွှယ်၊ ငါ အရင်သွားနှင့်ပြီ!”

“နှုတ်ဆက်ပါတယ်!”

ထိုသို့ပြောရင်း လီဝူကျယ်သည် အိမ်ရှင်မိသော သူခိုးတစ်ယောက်ကဲ့သို့ ထိုနေရာမှ ကုပ်ချောင်းချောင်း ထွက်ပြေးသွားသည်။

ပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်နေရင်း တစ်ခုခုတော့လွဲနေသည်ဟု ရွှယ်ဝူဟန် ခံစားနေရစမြဲ။

အများကြီး ထပ်စဉ်းစားပြီးနောက် သူ့စိတ်ထဲမှ ကြွက်သားမမလေး၏ ပုံရိပ်သည် တစ်ဖက်လူနှင့် တဖြည်းဖြည်း ထပ်တူကျတော့မတတ် တူလာသည်ကို ခံစားမိပြန်သော် ရွှယ်ဝူဟန် ခေါင်းကို ခပ်ပြင်းပြင်းခါချလိုက်ကာ အတွေးစများကို ဖြတ်တောက်လိုက်သည်။

“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!”

“ညီအစ်ကိုလီပြောတာ မှန်တယ်။ ဒီလောကမှာ တူတဲ့လူတွေ အများကြီးရှိတာပဲ။ ပုခုံးပေါ်လက်တင်လိုက်မိလို့ ကြွက်သားမမလေးကို ရုတ်တရတ်သတိရသွားတာဖြစ်ရမယ်။ အင်း..."

ရွှယ်ဝူဟန် လက်နောက်ပစ်လျက် ရပ်နေလိုက်သည်။ သူ့ပတ်ပတ်လည်တွင် နှင်းပွင့်များ လွင့်မျောနေပြီး သူ့မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပေါ်လွင်နေကာ တိုးတိုးလေး ရေရွတ်လိုက်၏။ “မင်း အခုရော ကောင်းကောင်းနေထိုင်နေပါရဲ့လား?"

မသေမျိုးနယ်မြေ

ယွီဟွားတာအိုနန်းတော် အတွင်း။

အလှပဆုံး ခန်းမဆောင်တစ်ခုထဲတွင် ငှက်မွေးဝတ်ရုံဝတ်ထားသော လူငယ်တစ်ဦးမှာ ဒွာရခုနှစ်ပေါက်မှ မီးခိုးအတန်းလိုက်ထွက်တော့မတတ် ဒေါသကြီးလျက်ရှိသည်။

“ပုရွက်ဆိတ်ကောင်တွေကများ! ငါ့ကို ဒီလိုလုပ်ရဲတယ်!”

“အား အား အား အား အား…”

ယွီဟွားရှန့် အော်ဟစ်လိုက်သော် သူ့ကိုယ်မှ ကြောက်မက်ဖွယ်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

အပြင်ဘက်ကောင်းကင်ကြီးလည် တဂျိမ်းဂျိမ်းမြည်ဟီးလာပြီး လေမုန်တိုင်းနှင့်အတူ မိုးကြိုးများပါတွဲပါလာတော့ လူအများ ကြောက်လန့်တကြား ဒူးထောက်ဝပ်တွားကုန်ကြရ၏။

ဘာတွေဖြစ်နေတာလဲ?

မသေမျိုးအရှင်သခင်တစ်ပါးကို ဒီလောက် ဒေါသထွက်အောင် လုပ်ရဲတဲ့သူ ရှိသေးတာလား?!

တစ်ချိန်တည်းမှာပင် ယွီဟွားဂိုဏ်း ပျက်စီးပြီးနောက် ကျင့်ကြံသူများသည် အပျက်အစီးများပေါ်တွင် မာန်ဝင့်ထောင်လွှားစွာ ရပ်ရင်း လက်စားချေနိုင်ခဲ့သည့် စိတ်ကျေနပ်မှုဖြင့် ရွှင်လန်းစွာ အောင်ပွဲခံနေခဲ့ကြသည်။

သူတို့ထဲမှ ခရမ်းရောင်ဝတ်စုံနှင့် လှပကျော့ရှင်းသော ခန္ဓာကိုယ်ပိုင်ရှင် မင်းသမီး မင်ယွဲ့၏ မျက်ဝန်းလှလှလေးများမှာ မျက်ရည်တွေ တဖျတ်ဖျတ်လဲ့နေပြီး မျက်ရည်နှစ်ကြောင်းက မျက်နှာပေါ် ပေါက်ခနဲစီးကျလာခဲ့သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်ရင်း လည်ချောင်းထဲမှ တိုးဖွဖွအသံလေးတစ်သံ ထွက်ပေါ်လာ၏။ “ခမည်းတော်၊ မယ်‌တော်၊ အစ်ကိုကြီး၊ အစ်ကိုလတ်၊ အားလုံး မြင်ကြရဲ့လား? ခမည်းတော် နှိပ်စက်ခဲ့တဲ့ တရားခံတွေ အကုန်လုံးကို ကျွန်မ သတ်ပစ်လိုက်ပြီ”

ကျောက်လင်အာက သူ့ကျောကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။ “အသက်ရှင်နေတဲ့သူတွေက ကောင်းကောင်းဆက်ပြီး နေထိုင်ရမယ်လေ။”

“ဟုတ်၊ ကောင်းကောင်း နေထိုင်ပါ့မယ်။”

မင်းသမီးမင်ယွဲ့က ကျောက်လင်အာဘက်လှည့်ပြောလာသည်။ “ပြောရရင် အဲဒီနေ့က နင်သာ ငါ့ကို ခေါ်သွားမပေးခဲ့ရင် ရွှယ်ထျန်းဂိုဏ်းအပေါက်ဝကနေ ငါ ပြန်လှည့်သွားခဲ့ရမှာ။ လင်အာ၊ နင်က ငါ့ရဲ့ အကောင်းဆုံး ညီအစ်မပဲ!”

ကျောက်လင်အာလည်း ဝမ်းနည်းဝမ်းသာဖြစ်ရကာ လက်ကိုင်ပဝါတစ်ထည်ကိုယူပြီး မျက်ရည်သုတ်ပေးရင်း စနောက်လိုက်သည်။ “မငိုပါနဲ့တော့၊ ဆက်ငိုနေရင် မလှတော့ဘူး။ ငါနဲ့ ညီအစ်မကောင်းတွေ ဖြစ်ချင်တယ်ဆိုရင် အလှအပဆိုင်ရာ လိုအပ်ချက်တွေ ပြည့်စုံဖို့လိုသေးတယ်နော်"

မင်းသမီး မင်ယွဲ့က ပြုံးလိုက်ပြီးမှ ဝမ်းနည်းစွာဖြင့် ထပ်ပြောလာသည်။ “ဒီအတောအတွင်း ရွှယ်ထျန်းဂိုဏ်းက ငါ့ကိုလက်ခံပြီး ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့လို့ အများကြီး ကျေးဇူးတင်ရပါတယ်။ အခု ကျင့်ထူပြည်ထောင်ကလည်း ပြန်လည်ထူထောင်ဖို့ လိုအပ်နေလို့ ပြန်သွားပြီး အခြေအနေတွေ စီမံခန့်ခွဲရဦးမယ်၊ ဒါကြောင့် တွေ့ဆုံဖို့ အခွင့်အရေးတော့ ပိုနည်းသွားလိမ့်မယ်။”

ကျောက်လင်အာက ပြုံးလိုက်သည်။ “ရပါတယ်၊ အချိန်ရရင် ငါလာလည်မယ်လေ။ လာတဲ့အခါ ကျင့်ထူပြည်ထဲ နေရာအနှံ့ လိုက်ပို့ပေးပါဦး။ ကျင့်ထူရဲ့ ရိုးရာဓလေ့တွေကိုလည်း ခံစားကြည့်ချင်သေးတယ်။”

“ကောင်းပြီ!” မင်းသမီး မင်ယွဲ့က အားတက်သရော ခေါင်းညိတ်လိုက်သည်။

All Chapters