အေးအေးလူလူ ဘဝကြီး
Vol. 27 Ch. 374
ခရီးအပြန်တွင်။
ရွှယ်ထျန်းဂိုဏ်းသို့ ရောက်ခါနီးတွင် ကုလားထိုင်ပေါ် လှဲလျောင်းနေသော ယဲ့ကျွင်းလင် လှုပ်ရှားလာသည်။ သူ လက်လှမ်းကာ မျက်စိအကာကို ဖယ်လိုက်ပြီး မျက်နှာထားမှာ အတော်လေးကျေနပ်အားပြည့်နေဟန်။
ဒီတစ်ခါ အတော်လေးအိပ်လို့ကောင်းသည်။ တိုက်ပွဲတွင်း အတော်လေးအားကုန်သွားလို့ဖြစ်မည်။
“ဆရာသခင်၊ တပည့်မှာ အစီရင်ခံစရာ အရေးကြီးကိစ္စ ရှိပါတယ်!” ဆရာဖြစ်သူ နောက်ဆုံးတော့ နိုးလာတာကို မြင်သော် လီဝူကျယ် ချက်ချင်း ကပျာကယာပြေးသွားပြီး လေးနက်မှုအပြည့်ဖြင့် အရိုအသေပေး လျှောက်တင်လိုက်သည်။
“ပြော၊ နားထောင်နေတယ်”
ယဲ့ကျွင်းလင်သည် သူ့လက်မောင်းများထဲ ငွေရောင်ဆံပင်နှင့် သေးသေးသွယ်သွယ် ကောင်မလေးတစ်ယောက် လဲလျောင်းနေသည်ကို သတိထားမိလိုက်သည်။ ပုရှောင်ရှီး သူ့နံဘေးတွင် အိပ်ပျော်နေခြင်း ဖြစ်၏။ ယဲ့ကျွင်းလင် ပြုံးရုံပြုံးလိုက်ပြီး သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ပုရှောင်ရှီးမှာ ထိုအခါမှ ဖြည်းဖြည်းချင်း နိုးထလာပြီး မျက်လုံးများကား ကောင်းကောင်းမပွင့်ဟသေးပေ။
လီဝူကျယ်သည် ပုရှောင်ရှီးကို ကြည့်ပြီး မနာလိုစိတ်များ ပြည့်နှက်လာသည်။
ဆရာတူအစ်မကိုပဲ ဒီလိုဆက်ဆံတာ မနာလိုဘူး။ သူလည်း ဆရာသခင့်လက်မောင်းပေါ် ခေါင်းခုအိပ်ချင်တာပေါ့။
ယဲ့ကျွင်းလင်သာ ထိုအတွေးကိုကြားလျှင် သူ့ကို တပည့်အဖြစ်မှ သေချာပေါက်စွန့်လွှတ်ပစ်လောက်သည်။
ဒါလေးက သေးသေးသွယ်သွယ်ကောင်မလေးလေ! မင်းကရော ဘာကြီးလဲ?
အိမ်မှာ မှန်မရှိဘူးလား ငါ့တပည့်?
“အဟွတ်၊ အဟွတ်၊”
လီဝူကျယ် ချောင်းတဟွတ်ဟွတ် ဟန့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော် ယွီဟွားဂိုဏ်းရဲ့ ကမ္ပည်းခန်းမဆောင်မှာ ယွီဟွားဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးနဲ့ တွေ့ခဲ့ပါတယ်။ သူက ဒဏ္ဍာရီလာ ယွီဟွားမသေမျိုးအရှင်သခင် ဖြစ်ပြီး မသေမျိုးတရားခုံရုံးရဲ့ ပင်းအဆင့် မသေမျိုးအရာရှိ တစ်ပါးလို့ ပြောပါတယ်။ မသေမျိုးနယ်မြေမှာတော့ တော်တော်လေး အာဏာရှိပုံရပြီး ကျွန်တော်တို့ကို မကြာခင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်သွားတယ်!”
“အဲ့လိုလား?”
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
ယွီဟွားဂိုဏ်း၏ ဘိုးဘေးကြီး မသေမျိုးနယ်မြေတွင် ဤမျှနေရာရနေပြီး ခွင်းလွင်နယ်မြေအထိဆင်းကာ သူ့တို့ကို လာရောက်ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
“မသေမျိုးအရှင်သခင်တဲ့လား ကျွတ် ကျွတ်” ကြောက်ရွံ့ဖို့ဝေးစွ၊ ယဲ့ကျွင်းလင် မျှော်လင့်ချက်ဖြင့်ပါ တက်ကြွလာလိုက်သေး၏။
ဒီလိုမျိုး လက်ဆောင်ထုပ်ကြီး သူ့အိမ်တံခါးဝကို ဒုတ်ဒုတ်ထိရောက်လာရင် သူ မျက်ရည်ကျရင်း လက်ခံရမှာပါပဲ။
ဆရာသခင်၏ ကြောက်ရွံ့ခြင်းကင်းသော တုံ့ပြန်မှုကြောင့်လီဝူကျယ်မှာတော့ ထိတ်လန့်မှုဖြင့် မူးဝေသွားရတော့သည်။
တစ်ဖက်လူမှာ တစ်ချိန်လုံး အရာအားလုံးကို ပေါ့ပေါ့တန်တန်သဘောထားတတ်သူပင်။ သို့သော် မသေမျိုးအရှင်သခင်ကတော့ အရင်ကကြုံခဲ့သမျှနှင့် မတူညီကြောင်း လီဝူကျယ်နားလည်ထား၏။ ဆရာသခင်ပင်လျှင် ထိုသို့သောစွမ်းအားရှင်မျိုးနှင့် ရင်ဆိုင်လို့မရနိုင်လောက်ဟု ကြိုတွက်ခဲ့မိသည်သာ။
သို့သော် ယခုအခါ လီဝူကျယ်သည် သူ၏တပည့်သက်တမ်းတစ်လျှောက် အတွေ့အကြုံများနှင့် တစ်ဖက်လူ၏ ပေါ့ပြက်ပြက် တုံ့ပြန်မှုကို ပေါင်းစပ်လိုက်သောအခါ သူ့နှလုံးသားထဲတွင် အတော်လေးသေချာသော မှန်းဆချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဆရာသခင်မှာ ယွီဟွားမသေမျိုးအရှင်သခင်ကို နှိမ်နင်းနိုင်တဲ့ စွမ်းရည် တကယ်ရှိပုံရတယ်၊ အဲဒါကြောင့် သူက ဒီလောက်တက်ကြွနေတာပဲ!
ဆရာသခင်က ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ်တစ်ပါး ပြန်လည်ဝင်စားရှင်သန်လာတာများလား?
ဒါမှမဟုတ် ပိုပြီးသေချာအောင် ပြောရရင် ဆရာသခင်က အခုပဲ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နေလောက်ပြီ!!!
လီဝူကျယ် အဆုံးမစမရှိ စိတ်ကူးယဉ်နေရင်း သူ့စိတ်ထဲမှ ဆရာသခင်၏ အဆင့်အတန်းပုံရိပ်သည်ကား အဆုံးမရှိ မြင့်တက်နေလေသည်။
ဆရာသခင်သည် ယွီဟွားရှန့်၏ခြိမ်းခြောက်မှုကို တစ်စက်ကလေးမှ တုန်လှုပ်ဟန်မပြခဲ့။
လီဝူကျယ် ခါးကိုမတ်လိုက်သည်။ ဆရာသခင်က အမှန်တကယ် မရှုံးနိမ့်နိုင်သော ပြိုင်ဘက်ကင်းစွမ်းအားရှင်ပင်။
ယဲ့ကျွင်းလင်မှာတော့ တတိယတပည့်၏ စိတ်ကူးဉာဥ်ကွန့်မြူးမှုထဲ သူကိုယ်တိုင် မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နေရသည်ကို မသိခဲ့ရှာ။
သိရင်တောင် အများဆုံး ပြုံးရုံကလွဲပြီး ဘာမှဝင်ပြောနေမှာ မဟုတ်ပါဘူး။
မသေမျိုးဧကရာဇ်ဆိုတာ ဘာမလို့လဲ?
ခွင်းလွင်နယ်မြေ၏ ထောက်တိုင်ကြီးလေးခုဟူသော ဖြစ်တည်မှုသည်ပင် မသေမျိုးဧကရာဇ်ထက် မြင့်မားသေး၏။ သူတို့သာ သူ့ကို လာရောက်တိုက်ခိုက်မည်ဆိုလျှင် ငါးခုမြောက်ထောက်တိုင်ပေါ်လာမည်မှာ အသေအချာပင်။
ဘာများ အရေးတယူလုပ်နေစရာ ရှိလဲ?
“ဒါနဲ့ မသေမျိုးနယ်မြေတက်လှမ်းခြင်း လမ်းကြောင်းက တစ်ခုခု မှားနေသလိုပဲ။ အခုထိ တက်လှမ်းဖို့အရိပ်အယောင် ဘာမှ မခံစားရသေးဘူး။”
ယဲ့ကျွင်းလင် သူ့ဘာသာ အတွေးရောက်သွားသည်။
တက်လှမ်းခြင်းလမ်းကြောင်းကို နယ်ခြားမျိုးနွယ်များ ဖျက်ဆီးခဲ့တာပင်ဖြစ်မည်။ ထို့ကြောင့် မသေမျိုးအရှင်များ ခွင်းလွင်အထိ တိုက်ရိုက်ဆင်းသက်လာလို့ မရသေးခြင်းပင်။
မဟုတ်ရင် ဟိုယွီဟွားဘိုးဘေးဆိုတာ လာသောင်းကျန်းတာကြာပေါ့။
"ထားပါလေ၊ အဆင့်မြင့်တာတွေ တက်တာတွေက ဘာအရေးကြီးလို့လဲ?"
“ဖြစ်တော့လည်း ဖြစ်တာပေါ့၊ မဖြစ်တော့လည်း မဖြစ်တာပေါ့။”
“ကျင့်ကြံဖို့တော့ မဖြစ်နိုင်ဘူး၊ ဒီဘဝမှာတော့ ကြိုစားကျင့်ကြံဖို့ စိတ်ကူးမရှိဘူး။ သူများတွေရဲ့ ကျင့်ကြံဆင့်ကိုပဲ ခိုးစားရင်းရှင်သန်မယ်"
“သောက်ပျင်းဆိုတာက နာမည်သာဆိုးတာ လူအင်မတန်သက်သာတာမျိုး”
ယဲ့ကျွင်းလင် ဂရုမစိုက်စွာ ပုခုံးတစ်ချက်တွန့်လိုက်သည်။
ထို့အပြင် ယခင်ဘဝရှိ သူ၏လူနေမှုပတ်ဝန်းကျင်မှာ အလွန်အပြိုင်အဆိုင်ထူပြောလှ၏။ ထို့ကြောင့် စနစ်နှင့်အတူ ကူးပြောင်းလာကတည်းက သူတစ်စုံတစ်ခုကို ကျိန်ဆိုခဲ့သည်။ အပြိုင်အဆိုင်တွေကို စိတ်ထဲလုံးဝမထည့်တော့ဘဲ ကောင်းကောင်းသာအနားယူမည်ဟု။
“ရှောင်လီ၊ တခြား ဘာကိစ္စမှမရှိတော့ရင် မင်းသွားလို့ရပြီ။”
“ဟုတ်ကဲ့!”
လီဝူကျယ်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ယောက်ယက်ခတ်နေသော်လည်း စိတ်လှုပ်ရှားမှုကို မပေါ်လွင်အောင်ထိန်းချုပ်ကာ ခေါင်းညိတ်ထွက်ခွာသွားသည်။
“ရှောင်ရှီး၊ ဆရာ ပန်းကိတ်မုန့်စားချင်တယ်
“ကောင်းပြီ၊ ရှုရှု ချက်ချင်း လုပ်ပေးပါ့မယ်!”
ထိုစကားကိုကြားမှ ငိုက်မျဥ်းနေဆဲဖြစ်သော ပုရှောင်ရှီး နိုးနိုးကြားကြား ဖြစ်လာပြီး ခြေထောက်တိုတိုလေးများဖြင့် မုန့်လုပ်စားပွဲဆီ ပြေးထွက်သွားလေတော့သည်။
ဆရာသခင်သာ တောင်းဆိုလာရင် ချက်ချင်းပဲ အသင့်ဖြစ်စေရမယ်။
လီဝူကျယ်ကတော့ အပါးမှထွက်သွားပြီး သစ်ပင်ပန်းမန်တို့ဖုံးလွှမ်းနေသော ကျွန်းလမ်းလေးတစ်လျှောက် ခေါင်းကိုမော့ ရင်ကိုကော့လျက် လျှောက်လှမ်းနေခဲ့သည်။
ဟုန်ချန်ယဲ့ သစ်ပင်တစ်ပင်ပေါ်တွင် တရားထိုင်နေသည်ကို မြင်သော် လီဝူကျယ် ဂရုတစိုက်ဖြင့် သစ်ပင်အောက်ဝယ် ချောင်းနည်းနည်းဟန့်ပြလိုက်သည်။ “အဟမ်း အဟမ်း!”
တစ်ဖက်လူမှ တုံ့ပြန်မှုမရှိသည်ကို မြင်ပေသည့် လီဝူကျယ် လက်မလျှော့ဘဲ ဆက်ပြီး ချောင်းဆိုးနေလိုက်သည်။ သူ့ချောင်းဆိုးသံတွေက တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကျယ်လောင်လာကာ အဆုတ်ပါကွဲထွက်မတတ် ကြမ်းတမ်းလာတော့၏။
“အဟွတ်ဟွတ်ဟွတ်!! အဟွတ်ဟွတ်ဟွတ်!! အဟွတ်ဟွတ်ဟွတ်ဟွတ်ဟွတ်!”
ပြင်းထန်သော ချောင်းဆိုးသံကို အဆက်မပြတ်ကြားနေရသဖြင့် ဟုန်ချန်ယဲ့၏ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး လူသတ်ချင်စိတ်ပေါက်လာသည်။ လှပသော ဖီးနစ်မျက်လုံးများ ပွင့်ဟသွားရာတွင် ဒေါသအခိုးအငွေ့များ ပြည့်နှက်နေကာ အေးစက်စက် ထုတ်ပြောလိုက်သည်။
“မင်း အဲ့အသံထပ်လုပ်ရဲရင် ဒီအရှင်က မင်းအသံအိုးတွေကို ဆွဲဖြဲပစ်မယ်!!”
ထိုစကားကြားမှ လီဝူကျယ်ချောင်းဆိုးရပ်သွားပြီး ခေါင်းကုတ်တော့မလို ဖင်ကုတ်တော့မလို ဖြစ်သွားသည်။ “အစ်ကိုကြီးဟုန်၊ ခင်ဗျား နောက်ဆုံးတော့ ကျွန်တော့်ကို အာရုံစိုက်လာပြီပေါ့"
ဟုန်ချန်ယဲ့ ဒေါသထွက်လွန်း၍ နှာခေါင်းပင် ကောက်လုနီးပါး ဖြစ်တော့မည်။
ဒီကောင် ကျပ်မပြည့်တာလား?
အာရုံစိုက်လာရင်လည်း လိုရင်းကို ဒဲ့ပြောလေ!
ဟုန်ချန်ယဲ့၏ မျက်နှာ ပို၍ မကြည်မလင်ဖြစ်လာသည်ကို မြင်သော် လီဝူကျယ် အမြန်ပြောလိုက်ရသည်။ “ဟုတ်ပါပြီ၊ အစ်ကိုကြီး အလျင်လိုနေတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒေါသမထွက်နဲ့ဦး။ ကျွန်တော့်မှာ အရေးကြီးသတင်းတစ်ခု ပြောစရာရှိတယ်။”
“ကြားချင်လား?”
ဟုန်ချန်ယဲ့- “…”
မင်းရဲ့ ဦးခေါင်းခွံကို ဖွင့်ပြီး အထဲမှာ ချီးတွေပြည့်နေလားဆိုတာ ကြည့်ချင်လိုက်တာ!
ဒီအထိရောက်လာခဲ့ပြီး၊ နေ့တစ်ဝက်လောက် ချောင်းထိုင်ဆိုးပြီးမှ ဒါပဲပြောစရာရှိတာလား?
ဒီလူ တမင်တကာ ပြဿနာလာရှာနေတာပဲ။
ရိုက်ပေးလိုက်မှ အသိဝင်တော့မယ်ထင်တယ်!
“ပြောစရာရှိတာ ပြောလေ၊ ခွေးကောင်ရ!” ဟုန်ချန်ယဲ့ အံကြိတ်သံဖြင့် ပြောလိုက်သည်။
လီဝူကျယ်က သူ့အသံကို လျှို့ဝှက်သည်းဖိုဟန်ဖြင့် အသာနှိမ့်လိုက်ပြီး ပြော၏။ “ကျွန်တော် ဘာတွေ့လာလဲ ခန့်မှန်းကြည့်”
“မင်းက ငအဆိုတာပဲ ငါတွေ့တယ်! လိုရင်းကို ဒီတစ်သက် ရောက်နိုင်ဦးမလား?!” ဟုန်ချန်ယဲ့ စိတ်မထိန်းနိုင်စွာ ဝါးဦးထုပ်နှင့်လူကို လက်ညှိုးထိုးရင်း ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်တော့် အမှားပါပဲ။”
လီဝူကျယ်လည်း စိတ်မရှည်တော့ဘဲ လေးနက်စွာ ထုတ်ပြောပြလိုက်တော့သည်။ "အစ်ကိုကြီးလည်း သေချာပေါက်သတိထားမိမယ်ထင်တယ်။ ဆရာသခင်ရဲ့ ကျင့်ကြံမှုက အဆုံးမရှိသလိုပါပဲ၊ တိုက်ပွဲတိုင်းမှာ ပိုပြီးပဲ အားကောင်းလာတယ်၊ ဘာကန့်သတ်ချက်မှ မရှိဘူး။”
“သူ့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့်မှာရှိနေမှန်း ဒီနေ့ထိ ရှင်းရှင်းလင်းလင်း သိရသေးတာမဟုတ်ဘူး"
“မင်းဆိုလိုတာက…” ဟုန်ချန်ယဲ့ မျက်လုံးကိုမှေးကျဥ်းလိုက်ပြီး စိတ်ဝင်စားဟန်ပြလာသည်။
“ကျွန်တော် ပြောပြမယ်၊ ဆရာသခင်ရဲ့ စစ်မှန်တဲ့ ကျင့်ကြံဆင့်က တကယ်တော့ မသေမျိုးဧကရာဇ် တစ်ပါးပဲ!” လီဝူကျယ်က ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြောလိုက်သည်။
ဟုန်ချန်ယဲ့၏ မျက်နှာတစ်ခုလုံး အေးခဲသွားရ၏။
မသေမျိုးဧကရာဇ်?
မင်းပြောနေတာ သောက်ပျင်းယဲ့မျိုးရိုးက မသေမျိုးဧကရာဇ် တဲ့လား?
ဟုန်ချန်ယဲ့ သေအောင်အရိုက်ခံရလျှင်တောင် ထိုသို့သောစိတ်ကူးမျိုး စိတ်ထဲရောက်လာလိမ့်မည်မဟုတ်။ ဖြစ်နိုင်ချေ သေးသေးလေးကိုပင် စဥ်းစားမိမည်မဟုတ်ချေ။
ဘာလို့လဲဆိုတော့ ဒီဖြစ်နိုင်ချေကြီးက အရမ်းကို ထိတ်လန့်စရာကောင်းနေလို့ပဲ!
“မင်း သဘာဝကျတဲ့ အကြောင်းပြချက် ပေးနိုင်ရင်ကောင်းမယ်၊ မဟုတ်ရင် ငါ့အချိန်ကိုလာဖြုန်းလို့ တန်ကြေးတော့ပေးရမှာပဲ!”
ဟုန်ချန်ယဲ့ ဝါးဦးထုပ်နှင့်လူကို စိုက်ကြည့်ပြီး ခပ်အေးအေး ခြိမ်းခြောက်လိုက်သည်။
လီဝူကျယ်ကတော့ ထိုမေးခွန်းကို ကြိုတင်မျှော်လင့်ထားပြီးသလိုပင် ခပ်အေးအေးဆိုလာ၏။
“ခုနကပဲ ကျွန်တော် သူ့ကို ယွီဟွားဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးအကြောင်း အစီရင်ခံခဲ့တယ်။ ယွီဟွားမသေမျိုးအရှင်သခင်က အနှေးနဲ့အမြန် လက်စားချေမယ်လို့ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး ဆရာသခင်က လုံးဝ ထိတ်လန့်မှု မပြဘဲ တော်တော်လေးကို မျှော်လင့်စောင့်စားနေပုံတောင် ရသေးတယ်။ အဲဒါ ပုံမှန်တုံ့ပြန်မှုလို့ ခင်ဗျားထင်လား?”
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ၊ ခွန်အားက ရန်သူကို ကြေမွအောင် ချေမှုန်းနိုင်တဲ့ အဆင့်ကို ရောက်နေသူတွေမှသာ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေကို ဒီလောက်ထိ ဂရုမစိုက်ကြမှာ မဟုတ်ဘူးလား?”
“ယွီဟွားဂိုဏ်းရဲ့ ဘိုးဘေးကြီးက မသေမျိုးနယ်မြေက မသေမျိုးအရှင်သခင်တစ်ပါးဆိုတာ ခင်ဗျား သိသင့်တယ်။ သူက လက်စားချေမယ်လို့ ပြောရင် ခွင်းလွင်နယ်မြေတစ်ခုလုံးမှာ ဘယ်သူ မကြောက်ဘဲ ရှိမှာလဲ?”
“ဒါပေမဲ့ ကျွန်တော် ဆရာသခင့်မျက်နှာမှာ ကြောက်ရွံ့မှု တစ်စိုးတစ်စိမှ မတွေ့ခဲ့ရဘူး။ ကျွန်တော့်ရဲ့ သူနဲ့နေထိုင်လာသမျှ အတွေ့အကြုံတွေ အားလုံးနဲ့ ပေါင်းစပ်ပြီး အခိုင်အမာ ပြောနိုင်တာကတော့ ဆရာသခင်က မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နိုင်ချေအရမ်းများတယ်!”
ထိုခွဲခြမ်းစိတ်ဖြာချက်ကို ကြားသော်။
ဟုန်ချန်ယဲ့ ဦးနှောက် ပျက်သွားခဲ့သည်။
ဒါ၊ ဒါ၊ ဒါ…
ဒါ တကယ်ကြီးလား?
သူ ထိုအချက်ကို ငြင်းဆန်ချင်ရင်တောင် ငြင်းဆန်ဖို့အကြောင်းပြချက်မရှိသည်ကို တွေးလိုက်မိသောအခါ ပိုလို့ပင်လန့်ဖျပ်သွားခဲံ၏။
တစ်ဖက်လူ ပြောသလိုဘဲ ယဲ့မျိုးရိုးက တကယ်ကြီး မသေမျိုးဧကရာဇ် များလား?!