အကြီးအကဲယဲ့ကိုထိရင် ငါ့ဓားနဲ့ငြိမယ်
Vol. 27 Ch. 375
မသေမျိုးဧကရာဇ်၊ အဲဒါ မသေမျိုးဧကရာဇ် အဆင့်ပဲ!
ထိုစကားလုံး၏ အလေးချိန်က နှယ်နှယ်ရရ ဟုတ်မနေ။
သူသည်ပင် မသေမျိုးဧကရာဇ်ဆိုသူများ၏ စွမ်းရည်ဖော်ပြချက်တွေကို ရှေးဟောင်းကျမ်းတွေထဲမှာသာ ဖတ်ဖူးသိဖူးပြီး ထိုကဲ့သို့သော ဒဏ္ဍာရီလာ ဖြစ်တည်မှုမျိုးကို ဒီတစ်သက်ဖြင့် မျက်စိဖြင့်မြင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
အခုတော့ တစ်ယောက်ကလာပြောနေတယ်။ သူ့ဘေးနားကလူက မသေမျိုးဧကရာဇ်ကြီးတဲ့။
ဟုန်ချန်ယဲ့နှလုံးသားမှာ စကားလုံးရှာမရအောင် ထိတ်လန့်သွားခဲ့ရသည်။
အရမ်းရုတ်တရက်ဆန်လွန်းတယ်!
“ဘယ်လိုလဲ? ဒီသတင်းက မမိုက်ဘူးလား?” လီဝူကျယ်က မေးတစ်ချက်ဆတ်ကာ ပြန်မေးလိုက်သည်။
“ဒီလောကမှာ မသေမျိုးဧကရာဇ်တစ်ပါး ရှိနေတယ်ဆိုတာကို ငါမယုံနိုင်သေးဘူး။ ယုတ္တိရှိရှိ စဉ်းစားရင် မသေမျိုးဧကရာဇ်တွေဟာ မသေမျိုးနယ်မြေမှာပဲ ရှိသင့်တယ်။ သူ တကယ်ပဲ မသေမျိုးဧကရာဇ် ဆိုရင် ဘာလို့ ဒီမှာ နေနေမှာလဲ?” ဟုန်ချန်ယဲ့က အလေးအနက် ထောက်ပြလိုက်သည်။
လီဝူကျယ်က မေးစေ့ကိုပွတ်သပ်ရင်း စိတ်ကူးများကို ထပ်မံနယ်ချဲ့သည်။ “ခွင်းလွင်နယ်မြေက အရင်က အရမ်းအစွမ်းထက်ပြီး ကျင့်ကြံရေးပတ်ဝန်းကျင်က မသေမျိုးနယ်မြေထက်တောင် မနိမ့်ကျခဲ့တာလည်း ဖြစ်နိုင်တာပဲ။ မဟုတ်ရင် မရဏစစ်တပ်က ဘာလို့ ဒီလောက် အသည်းအသန် ကျူးကျော်ဖို့ ကြိုးစားမှာလဲ? မကြာသေးခင်က စွမ်းအင်ပြန်လည်နာလန်ထူတဲ့ကိစ္စနဲ့ ပေါင်းစပ်လိုက်ရင် ကျွန်တော် ပြောတာကို နားလည်မယ်ထင်ပါတယ်!”
ဟုန်ချန်ယဲ့ မှင်တက်သွားရသည်။ အဓိပ္ပာယ်ရှိသား...
မရဏစစ်တပ်က မသေမျိုးအရှင် ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့တဲ့အထိ ခွင်းလွင်နယ်မြေအား လောဘတကြီး သိမ်းပိုက်စိုးမိုးချင်နေခဲ့သည်။ ခွင်းလွင်နယ်မြေက အဲ့လောက်ထိကို တန်ဖိုးကြီးမားနေတာလား?
ခွင်းလွင်နယ်မြေ၏ အမြဲတမ်းဆုတ်ယုတ်နေသော အခြေအနေများကြောင့် သူ့အထင်လွဲမှားခဲ့ပုံပေါ်၏။ အမှန်တော့ ဤနယ်မြေသည် အတိတ်ကာလတစ်ခုတုန်းက နှိုင်းယှဥ်မရအောင် ခမ်းနားထည်ဝါခဲ့သည်ပင်။
နောက်ပိုင်းမှသာ မည်သည့်ဒုက္ခကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည်မသိ၊ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ဒီလိုသာတွေးမယ်ဆိုရင် ခွင်းလွင်နယ်မြေမှာ မသေမျိုးဧကရာဇ်တစ်ပါး ရှိနေတာ တကယ်ပဲ ဖြစ်နိုင်တယ်။
အရင်က ပေါ်မလာခဲ့တာက ကန့်သတ်ထားတဲ့ စည်းမျဥ်းဥပဒေသတွေကြောင့် ဖြစ်ပြီး၊ အခုတော့ နာလန်ပြန်ထူလာတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့အညီ သူ့အစွမ်းအစတွေကို တစ်စတစ်စ ထုတ်ဖော်ပြီး လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်လာတာမျိုးလား?
လွန်ခဲ့သော နှစ်နှစ်အတွင်း တဟုန်ထိုးထင်ရှားကျော်ကြားလာပြီး ချွင်းချက်မရှိ ပြိုင်ဘက်ကင်း အရှိန်အဟုန်ဖြင့် ဒေသတိုင်းကို တုန်လှုပ်ဆူညံစေခဲ့သည့် ယဲ့မျိုးရိုးအကြောင်း သူတွေးလိုက်မိသည်။ အတော်လေးထူးဆန်းတဲ့ အပြုအမူတွေ၊ ဆက်တိုက်ထွက်ပေါ်လာတဲ့ ရှားပါးရတနာတွေ၊ တပည့်တွေကို ပေးအပ်ခဲ့တဲ့ အဆင့်မြင့် ကျင့်စဥ်စွမ်းရည်တွေ…
ဟုန်ချန်ယဲ့ နဖူးထက် ချွေးစေးများ တစိမ့်စိမ့်စီးကျလာသည်။ စဥ်းစားလေ စဥ်းစားလေ အမှန်တရားမှာ တဖြည်းဖြည်းရုပ်လုံးပေါ်လာလေဟု ခံစားရကာ နက်ရှိုင်းသော ကြောက်ရွံ့မှုကိုလည်း တစ်ပါတည်း ခံစားလာရ၏။
ဒီလူက ဒီနေ့ခေတ်အထိ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နိုင်တယ်။
“အစ်ကိုကြီးဟုန်၊ အခု ကျွန်တော့်ကို ယုံလောက်ပြီ ထင်တယ်နော်?” လီဝူကျယ်က ယုံကြည်မှုအပြည့်ဖြင့် မောက်မာစွာမေးလိုက်သည်။
သူက မသေမျိုးဧကရာဇ်ကိုယ်တိုင် လက်ခံရွေးချယ်ထားတဲ့ တပည့်တစ်ပါး!
ဘယ်သူက သူနဲ့ ယှဉ်နိုင်မလဲ?
“ဟမ့်၊ ငါ ယုံတာမယုံတာ ဘာအရေးလဲ?” ဟုန်ချန်ယဲ့က စိတ်မရှည်စွာ ပြောလိုက်သည်။ “မှတ်ထား၊ နောင်ဆို ပြောစရာရှိရင် တည့်တည့်ပြော၊ ကွေ့ပတ်မနေနဲ့!”
“ဟုတ်ကဲ့ပါ” လီဝူကျယ် စိတ်ပျက်လက်ပျက် တုံ့ပြန်ပြီး လှည့်ထွက်သွားသည်။
သစ်ပင်ထိပ်တွင် ဟုန်ချန်ယဲ့သည် ဆက်လက် စဉ်းစားခန်းဝင်နေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ဆံအိမ်များ အဆက်မပြတ် ရွေ့လျားနေကာ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားနေရသည်။
“ဒီအတိုင်းသာဆို ခွင်းလွင်နယ်မြေမှာ သူ့လိုမျိုး တခြားထူးခြားတဲ့ ဖြစ်တည်မှုတွေ ရှိနေဦးမလား? သူတို့ အခုအချိန် ဇာတ်မြှုပ်နေပြီး နောက်ပိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာရင် ခွင်းလွင်နယ်မြေရဲ့ ဖွဲ့စည်းပုံက ပြောင်းလဲသွားရမှာပဲ"
ရွှယ်ထျန်းဂိုဏ်းသို့ ခွင်းဖန်း ပြန်ရောက်ပြီးနောက် စိတ်အားထက်သန်သော အားပေးမှုများဖြင့် ကြိုဆိုခံရသည်။ သူတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် အစအဆုံးကို သိလိုက်ရသောအခါ လူတိုင်း အံ့သြတုန်လှုပ်ခဲ့ရသည်ပင်။
ကံကောင်းစွာဖြင့် အရာအားလုံး အဆင်ပြေသွားခဲ့လေပြီ။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယဲ့ကျွင်းလင် မရဏစစ်တပ်ကို တစ်ကိုယ်တော် နှိမ်နင်းလိုက်သည့် သတင်းက အရှေ့ပိုင်းစီရင်စု ဆယ့်လေးပြည်နယ် တစ်လျှောက်လုံးတွင် တောမီးပမာ ကူးစက်ပြန့်နှံ့သွားခဲ့သည်။
“ကြားပြီးပြီလား? အကြီးအကဲယဲ့က မသေမျိုးအရှင် သိန်းပေါင်းများစွာကို တစ်ယောက်တည်း သတ်ဖြတ်ပြီး ရှေးဟောင်း ကြယ်တံခါးကိုတောင် ပိတ်ပင်ပစ်ခဲ့တာတဲ့။ သူက ခွင်းလွင်နယ်မြေ တစ်ခုလုံးကို ကယ်တင်ခဲ့တာပဲ!”
“အဲ့သတင်းက အတုကြီးပါ။ အစစ်က မသေမျိုးအရှင် ၈သန်းက အရှေ့ပိုင်းစီရင်စုကို ကျူးကျော်ခဲ့ပြီး အကြီးအကဲယဲ့က အကုန်သတ်ပစ်လိုက်တယ်လို့ ပြောတာ မဟုတ်ဘူးလား? ပြီးတော့မှ တခြားကမ္ဘာက အဲ့မျိုးနွယ်တွေ ကြောက်လန့်တကြားနဲ့ သူတို့ဘာသာ ကြယ်တံခါးကို ပိတ်ပစ်ခဲ့တာတဲ့"
“ဘာ? မသေမျိုးအရှင် ၈သန်း ? သေချာပေါက် သန်း၆၀အထိ ရှိတာပါနော်! ကျုပ်မိတ်ဆွေက အဲဒီတုန်းက အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့နဲ့ အတူပါဝင်တိုက်ခိုက်ခဲ့တာ၊ သူပြန်လာပြီး ကျွန်တော့်ကို ကိုယ်တိုင်ပြောပြတာပဲ!”
“ဟားဟား၊ မင်းမိတ်ဆွေက မင်းကို လှည့်စားနေတာလေ။ အမှန်က မသေမျိုးအရှင် သန်းတစ်ရာအထိ ကျူးကျော်ခဲ့တာ! ဘာမှထပ်မေးမနေနဲ့၊ ငါ အဲဒီမှာ ကိုယ်တိုင်ရှိခဲ့တယ်ဆိုတာပဲ သိထားလိုက်!”
“ဘာ၊ ဘီလီယံတစ်ရာ?! ဒါကတော့ နည်းနည်း…”
“မင်းစကားက ဘာလဲ? အကြီးအကဲယဲ့ရဲ့ စွမ်းအားကို မေးခွန်းထုတ်နေတာလား?”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘယ်ကသာ၊ ကျွန်တော် ယုံပါတယ်! တကယ်ယုံပါတယ်! ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ၊ ခင်ဗျားရဲ့ မှော်လက်နက်ကို အောက်ချပေးပါ၊ ကျွန်တော့်ကို အဲ့လိုကြီးရွယ်မထားပါနဲ့"
“ထားလိုက်ပါတော့၊ အချုပ်ပြောရရင် အကြီးအကဲယဲ့ဟာ တခြားကမ္ဘာကလာတဲ့ မသေမျိုးအရှင် သန်းတစ်ရာကို ဓားချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်! နောက်ပြီး ကျုပ်တို့ရဲ့ ခွင်းလွင်နယ်မြေကို မျိုးဆက်ပေါင်း သန်းချီအထိ တည်မြဲမယ့် ငြိမ်းချမ်းရေးကြီး ရယူပေးခဲ့တယ်!”
အရှေ့ဘက်ဒေသတစ်ပိုင်းလုံး ဆူညံရှုပ်ထွေးနေခဲ့ပြီး အမျိုးမျိုးသောကောလဟလများက နေရာတိုင်းတွင် ထိန်းချုပ်မရအောင် ပျံ့လွင့်နေခဲ့သည်။
ယဲ့ကျွင်းလင် သတ်ဖြတ်ခဲ့သော ရန်သူအရေအတွက်နှင့် ပတ်သက်ပြီး အရေအတွက် နည်းသည်ဟု ပြောရဲသည့်သူ မည်သူမဆို အုပ်စုလိုက်ဝိုင်းဝန်းတိုက်ခိုက်ပယ်ထုတ်ခြင်း ခံရပေမည်။
ဤသို့ဖြင့် အစပိုင်းမှာ သိန်းပေါင်းများစွာကနေ သန်းတစ်ရာ တိုးလာခဲ့ပြီး အတော်လေးလက်တွေ့မကျသော အရေအတွက်တစ်ခုအထိ ပြောင်းလဲခဲ့သည်ဟု ဆိုရပေမည်။
အာဏာအရှိဆုံး ကျင့်ကြံရေးနယ်ပယ် သတင်းစာတိုက်က ရွှမ်ကျီးဓားဂိုဏ်းမှ ဝတ်ရုံဖြူဝတ် ဓားမသေမျိုးအရှင် ရွှယ်ဝူဟန်ကို အထူးရှာဖွေပြီး အကြီးအကဲ ဟာ ကောလာဟလများအတိုင်း တခြားကမ္ဘာမှ မသေမျိုးအရှင် သန်းတစ်ရာ ကိုယ်တိုင်သတ်ဖြတ်ခဲ့တာ မှန်၊ မမှန် အင်တာဗျူးခဲ့သည်။
မျက်နှာချင်းဆိုင် အင်တာဗျူးတွင် ရွှယ်ဝူဟန်သည် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ နောက်ဆုံးတွင် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ကာ လေးနက်စွာ အာမခံခဲ့လိုက်၏။ “ဟုတ်ပါတယ်၊ အကြီးအကဲယဲ့ဟာ စစ်မှန်သော မသေမျိုးအရှင် သန်းတစ်ရာကို ဖျက်ဆီးချေမှုန်းခဲ့တာ အမှန်ပါပဲ။ ကျုပ်ကိုယ်တိုင် မျက်မြင်သက်သေပါ!”
“ဘယ်သူမဆို ကန့်ကွက်စရာရှိရင် ကျုပ်ဓားနဲ့ လာပြီးဖြေရှင်းနိုင်တယ်။ ဓားကျင့်ကြံသူတွေ မုသားစကားမဆိုတတ်တာကို ကျင့်ကြံရေးတစ်နယ်လုံး သိကြမယ်ထင်ပါတယ်။"
သတင်းစာက ထိုစကားအတိုင်း အတိအကျ ဖော်ပြလိုက်သောအခါ လောကကြီးတစ်ခုလုံး ဘာသံမှထပ်မထွက်နိုင်တော့ဘဲ တိတ်ကျသွားခဲ့သည်။
မကြာခင်မှာဘဲ ရွှယ်ဝူဟန်ကို ထောက်ခံအားပေးသောအသံများဖြင့် ပြန်လည်စီစီညံလာပါတော့၏။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော် စိတ်ရင်းမှန်နဲ့ ထောက်ခံပါတယ်!”
“ဘာလို့ တချို့လူတွေက အကြီးအကဲယဲ့ရဲ့ စွမ်းဆောင်ချက်တွေကို မေးခွန်းထုတ်နေကြသေးတာလဲ မသိဘူး။ တကယ် နားမလည်နိုင်ဘူး!”
“ဟားဟား၊ စစ်မှန်တဲ့ ပရိသတ်တွေက ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူးနော်!”
“ကျွန်တော်ရောပဲ ပရိတ်သတ်စစ်စစ်ပါ!”
ဤသို့ဖြင့် မသေမျိုးအရှင် အရေအတွက် သန်းတစ်ရာမှာ အတည်တကျဖြစ်သွားခဲ့ရတော့၏။