အိမ်တော်သခင်အသစ်
Vol. 019 Ch. 1879
ပေ့ကုန်းကလန်ခေါင်းဆောင်ကလည်း လှုပ်ရှားလိုက်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် လျှပ်စီးသည် အပေါ်မှ ဆင်းသက်လာသည်။ ကြောက်မက်ဖွယ်လျှပ်စီးများ ကောင်းကင်တခွင်ပြည့်နှက်လာခဲ့ကာ လေထုကိုဖြန်သန်းလျှက် ပေ့ကုန်းကလန်ခေါင်းဆောင်၏ခန္ဓာကိုယ်ကို လာရောက်စီးဆင်းသည်။ ထို့နောက် သူက လက်ဆန့်တန်းလိုက်လျှင် သူ၏လက်တွင် ခရမ်းရောင်လျှပ်စီးများ ပေါ်လာသည်။ သူ၏လက်တွင် ကြောက်မက်ဖွယ်ဖျက်ဆီးအားများဖြစ်ပေါ်လာနေ၏။ ထို့အပြင် သူ့ခန္ဓာကိုယ်သည်လည်း လှပသော ခရမ်းရောင်လျှပ်စီးများ စီးဆင်းနေသည်။ သူ့နောက်တွင် လျှပ်စီးနတ်ဘုရားတစ်ပါး ပေါ်လာ၏။ ထိုအရာကား သူ၏သက်စောင့်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော နတ်ဝင်ရိုးဖြစ်သည်။
ဝုန်း...
ကောင်းကင်တခွင် လျှပ်စီးများပြည့်နှက်နေပြီး လျှပ်စီးတန်းများသည် ချိန်းကြိုးများသဖွယ်သွယ်တန်းလာသည်။ တန်ခိုးရှင်များအားလုံးက သူ့အား စောင့်ကြည့်နေကြ၏။
ပေ့ကုန်းအော့က မည်သည့်ဖက်မှ ပါဝင်မည်နည်း။
သည်မတိုင်ခင် ပေ့ကုန်းအော့သည် ကြားနေလိုခဲ့သည်။
လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်သခင်တို့က သတိထားနေကြသည်။ မည်သို့ဆိုစေ ပေ့ကုန်းအော့က ရီဖူရှင်း၏ခြိမ်းခြောက်မှုကြောင့် ပါဝင်လာခြင်းမဟုတ်ပါလား။
ရီဖူရှင်းက တည်ငြမ်စွာပင် ရန်သူအား ကြည့်သည်။ ထိုအခိုက်တွင် လျှပ်စီးတန်းသည် ဟန်ကန်းတောင်ကုန်းသခင်ထံသို့ တိုက်ရိုက်ကျဆင်းလာ၏။ တချိန်တည်းမှာပင် ပေ့ကုန်းအော့သည် မူလနေရာမှ ပျောက်ကွယ်သွားကာ ဓားတောင်ကုန်းသခင်ရှေ့၌ ပေါ်လာ၏။
သိသာစွာပင် သူက ရီဖူရှင်းအား ကူညီရန် ရွေးချယ်ခဲ့သည်။
ဟန်ကန်းဓားတောင်ကုန်းသခင်ကလည်း မြန်ဆန်စွာ တုန့်ပြန်သည်။ သူက လက်ကိုမြှောက်လိုက်လျှင် ဧရာမဓားသည် လေထုကို ခွင်းသွားသည်။ သို့သော်လည်း ခရမ်းရောင်လက်ဝါးပုံရိပ်သည် ကြောက်မက်ဖွယ်ဖျက်ဆီးအားများပါဝင်ပြီး သူ၏ရှေ့မှ ဓားကို တားဆီးသွားသည်။ ကြောက်မက်ဖွယ်လက်ဝါးသည် ဓားကို တိုက်ရိုက် ဖြတ်ရိုက်ချ၏။
ဘန်းခနဲမြည်သွားကာ ဟန်ကန်းဓားတောင်ကုန်းသခင်သည် နောက်ကို လွင့်စင်သွားပြီး ဒေါသတကြီး အော်ဟစ်သည် “ပေ့ကုန်းအော့...”
သည်ခွေးကောင်ကား သိသာစွာ ဘက်ပြောင်းသွားချေပြီ။ သည်မတိုင်ခင် သူတို့က ပေ့ကုန်းအော့ကို ဖိတ်ခေါ်ရာတွင် သူက အင်အားစုသုံးခု ပူးပေါင်းသွားပြီဖြစ်ရာ သူ့အနေဖြင့် ကြားနေရန်သာ လိုအပ်တော့သည်ဟု တုန့်ပြန်ခဲ့သည်။
ယခု တုံ့လင်းကလန်ခေါင်းဆောင်အသတ်ခံရရာ ပေ့ကုန်းအော့သည် သူတို့အား ချက်ချင်း သစ္စာဖောက်သွားသည်။ သူက ကတိကို ချိုးဖျက်ကာ သူတို့အား တိုက်ခိုက်၏။
ရီဖူရှင်းကား မအံ့သြပေ။ သူတို့ မဟာမိတ်ဆိုသည်မှာကား အကျိုးအမြတ်အတွက် ပူးပေါင်းခြင်းသာဖြစ်ပြီး နောက်ဆုံးတွင် သာရာဖက်ကို ရွေးချယ်မည်မှာ သဘာဝပင်။
ယန်တုံ့ချင်းကလည်း အခွင့်အရေးကို လက်လွတ်မခံ။ သူက ပေ့ကုန်းအော့နှင့်အတူ ဓားတောင်ကုန်းသခင်ကို ဝင်ရောက်တိုက်ခိုက်၏။ ကြီးမားသောတိုက်ပွဲသည် ပတ်ဝန်းကျင်အား ပြင်းထန်စွာ ရိုက်ခတ်စေပြီး အဆောက်အဦးများစွာ ပျက်စီးရ၏။ မဟာလမ်းစဉ်၏နတ်အလင်း ထုတ်လွှတ်နေသော တုံ့ယွင်အိမ်တော်သည်သာ အပျက်အစီးကင်းစွာ တည်ရှိနိုင်သည်။
ထိပ်သီးအင်အားစုတချို့မှ တုံ့ယွင်အိမ်တော်ကို ဗဟိုပြု၍ တန်ခိုးရှင်အများအပြား ပေါ်လာကြသည်။ သူတို့က ရီဖူရှင်းအား ဦးတည်တိုက်ခိုက်ကြသည်။ သူတို့အားလုံးမှာ အလယ်အလတ်အဆင့်ရန်ဟောင်များဖြစ်ကြသည်။
သို့သော်လည်း ထိုလူများအားလုံးမှာ ရီဖူရှင်း၏ဓားချက်အောက်၌ အသက်ပျောက်ကြရသည်သာ။
ရီဖူရှင်း၏ခေါင်းထက်တွင် နတ်ဓားတစ်လက်သည် ယန်ဓာတ်စွမ်းအားများဖြင့် ရစ်ပတ်လျှက် အေးစက်သော အငွေ့အသက်များထုတ်လွတ်ထားသည်။ ဓားတစ်ချက် လှုပ်ရှားတိုင်း ရန်ဟောင်တစ်ဦး အသက်ပျောက်၏။
ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသော ရီဖူရှင်းအားကြည့်ကာ မည်သူမှ သူ့အား နားမလည်ကြတော့။
တစ်ဘက်လူက မည်မျှသန်မာပါစေ၊ သူသည် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်သာ။
ရီဖူရှင်းအား တိုက်ခိုက်ခဲ့သူများအားလုံးမှာ ဓားတောင်ကုန်းမှ စွမ်းအားမြင့်တန်ခိုးရှင်များဖြစ်သော်လည်း သူတို့မှာ ရီဖူရှင်းကို မည်သို့မှ မယှဉ်နိုင်ကြပေ။
“အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တွေက တကယ်ပဲ ဒီလို ကြောက်စရာကောင်းတာလား” တစ်ယောက်က တီးတိုးရေရွက်သည်။
သူကား အစကနေ အဆုံးအထိ ယုံကြည်မှုများ ရှိနေဟန်ရသည်။ သူ့အတွက် တုံ့ယွင်အိမ်တော်တိုက်ပွဲက သိပ်အရေးမကြီးသည့်အလား။
ဟယ်လျန်ယိုက ရီဖူရှင်းအား ကြည့်နေသည်။ ရီဖူရှင်းသည်သာ ယုံကြည်မှုရှိသည်မဟုတ်၊ ရီဖူရှင်းနောက်မှ ရှားရှင်းယွန်နှင့် ယန်ချင်းတို့သည်လည်း ထိုနည်းတူဖြစ်ဟန်ရသည်။ သူတို့အားလုံးက ရီဖူရှင်း၏စွမ်းရည်ကို ယုံကြည်မှုရှိနေခြင်းလား။
“လျိုတုံ့ကောက ရီဖူရှင်းကို တုံ့ယွင်အိမ်တော်ထဲကို ပေးမဝင်တာဟာ ရီဖူရှင်းက တောင်ဘက်တောင်ကုန်းကို သွားခဲ့ပြီးတော့ ဆရာသခင်တောင်ဘက်တောင်ကုန်းနဲ့ သမိုင်းကြောင်းရှိလို့ပဲ” ဟယ်လျန်ယိုက ခန့်မှန်းသည်။ သူမက မျက်နှာဖုံးတပ်ထားသော ယန်ချင်းကို ကြည့်သည်။ ရီဖူရှင်းက ဆရာသခင်တောင်ဘက်တောင်ကုန်းနှင့်သိလျှင်၊သို့မဟုတ် တစ်နည်းနည်းဖြင့် ပတ်သက်လျှင်။ ထိုအတွေးဝင်လာသည်တွင် ဟယ်လျန်ယို၏မျက်လုံးများ အရောင်လက်သွားသည်။
“သူက ဒီကို လက်စားချေဖို့ ရောက်လာတာပဲ” ဟယ်လျန်ယိုက သည်မတိုင်ခင် ရီဖူရှင်းသည် ဆရာသခင်တောင်ဘက်တောင်ကုန်းနှင့်ပတ်သက်၍ မေးမြန်းဖူးသည်ကို သတိရလာသည်။
သူမ၏အဖေက ရီဖူရှင်းအား ဖြေဆိုအပြီးတွင် သူသည် တုံ့ယွင်အိမ်တော်သခင်ဖြစ်လာရန် သဘောတူခဲ့သည်။
သူသည် ဆရာသခင်တောင်ဘက်တောင်ကုန်းအတွက် လျှိုဟန်ကို လာရောက်လက်စားချေခြင်းဖြစ်သည်။
ဆိုလိုသည်က မူလကတည်းက ရီဖူရှင်းသည် လျှိုဟန်ကို သတ်ရန် ရောက်လာခြင်းဖြစ်သည်။
ဤတွင် ရီဖူရှင်း၏ခွန်အားအစစ်အမှန်က...။
ဟယ်လျန်ယို တုန်လှုပ်သွားသည်။ သူသည် လျှိုဟန်ကို အနိုင်တိုက်ခိုက်နိုင်သည်များလား။ မဟုတ်လျှင် သူက တုံ့ယွင်အိမ်တော်ကို တစ်ယောက်တည်း လာရောက်ရဲမည် မဟုတ်ပေ။
ကြည့်ရသည်မှာ ရီဖူရှင်းက သူ၏ခွန်အားအစစ်အမှန်ကို ကွယ်ဝှက်ထားဟန်ရသည်။
ထိုစဉ်မှာပင် အသံတစ်သံကို ကြားကြရသည်။
“ကျုပ် ဒီတိုက်ပွဲကို နောက်ဆုတ်လိုက်တော့မယ်...”
ဓားတောင်ကုန်းသခင်ကား ကြီးမားသော အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ ပေ့ကုန်းအော့နှင့် ယန်တို့ချင်းတို့ နှစ်ယောက်ပေါင်းတိုက်ခိုက်သည်တွင် သူ့အနေဖြင့် ခုခံနိုင်ခြင်း မရှိတော့။
သို့သော်လည်း သူတို့က သည်အနေအထားသို့ပင် ရောက်လာချေပြီ။ သူ့အား မည်သို့ လွှတ်ပေးနိုင်မည်နည်း။
ဘုန်း...
လျှပ်စီးလက်ဝါးရိုက်ချက်သည် ဓားတောင်ကုန်းသခင်အား တိုက်ရိုက်ထိမှန်ကား သူ့အား မြေပြင်ပေါ်သို့ ပြင်းထန်စွာကျစေသည်။
ရွှစ်...
ယန်တုံ့ချင်း၏လှံသည် မြေပြင်ပေါ်မှ သူ၏ဦးခေါင်းအား ဖောက်ထွင်းသွားကာ ဓားတောင်ကုန်းသခင်အား အသက်ပျောက်သွားစေသည်။
ထိပ်သီးအင်အားစုခြောက်ခုတွင် အင်အားစုနှစ်ခု အဆုံးသတ်ချေပြီ။
လျှိုဟန်ကား အင်ပါယာဟယ်လျန်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ သူသည် အခြေအနေမကောင်းသည်ကိုမြင်လျှင် အော်ဟစ်လိုက်သည် “နောက်ဆုတ်ကြ...”
တုံ့ယွင်အဖွဲ့မှလူများက စတင်နောက်ဆုတ်ကြသည်။ သူတို့က တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီဖြစ်သည်။
“သူတို့အားလုံးကို ရိုက်ချစမ်း...” ပေ့ကုန်းအော့က အမိန့်ပေးသည်။ သူက ယန်တုံ့ချင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ နှစ်ယောက်လုံးက လျှိုဟန်ထွက်သွားရာအရပ်သို့ လိုက်ကြသည်။ သူတို့က လျှိုဟန်အား အလွတ်ပေးမည် မဟုတ်ပေ။
ထိပ်သီးတန်ခိုးရှင်သုံးဦး ဝိုင်းဝန်းတိုက်ခိုက်ရာ မကြာခင် လျှိုဟန်ကား အသက်လုခုခံနေရတော့သည်။
“အဖေ...” လျိုတုံ့ကော၏မျက်နှာက ပျက်ယွင်းနေသည်။ သူက နောက်ဆုတ်ရန် ပြင်သည်။ အခြေအနေက ဤသို့ဖြစ်လာမည်ဟု သူမထင်ထားပေ။
“မင်း သွားလို့ရတယ်လို့ ငါက ပြောလို့လား...” အေးစက်သောအသံတစ်သံကို ကြားရသည်။ လျိုတုံ့ကောက ရီဖူရှင်းအား ကြည့်၏။ အရာအားလုံးက ရီဖူရှင်းကြောင့်ဖြစ်ပေသည်။
“တကယ်ပဲ မင်းက ဘယ်သူလဲ” လျိုတုံ့ကောက မေးသည်။
“မင်းကိုသတ်မယ့်လူ...” ရီဖူရှင်းက ပြောလျှင် ဓားအလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထိုခဏတွင် လျိုတုံ့ကောသည် အသက်ဝိညာဉ်နှင့် ခန္ဓာ ကင်ကွာသွားတော့၏။
“မဟုတ်ဘူး...” အဝေးမှ အော်ဟစ်သံတစ်သံကို ကြားကြရသည်။ လျှိုဟန်၏မျက်လုံးများက ရူးသွပ်တော့မည့်ပုံဖြစ်လာ၏။ အရာအားလုံးကား အဆုံးသတ်ချေပြီ။
တုံ့ယွင်အိမ်တော်အနီးတွင် တန်ခိုးရှင်များက အခြေအနေကို ကြည့်နေကြသည်။ လျိုတုံ့ကော ကျဆုံးသွားသည်တွင် လျှိုဟန်သည်လည်း တန်ခိုးရှင်သုံးဦး၏အသေသတ်ကွက်အောက်တွင် အသက်မရှင်နိုင်တော့။ မကြာခင် သူသည်လည်း သူ့သားနောက်ကို လိုက်သွားရတော့သည်။
အရာအားလုံး အဆုံးသတ်ချေပြီ။
အင်ပါယာဟယ်လျန်နှင့် တခြားလူများက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “အိမ်တော်သခင်... အိမ်တော်ထဲကို ကြွပါ...”
ရီဖူရှင်းက လေထဲတွင် ရပ်နေလျှက်ကပင် အိမ်တော်ထဲကို ဝင်လိုက်သည်။ သူ၏နောက်ကျောကို ကြည့်ကာ လူအများက တွေးလိုက်ကြသည်။
တုံ့ယွင်အိမ်တော်ကား ခေတ်သစ်တစ်ခုကို အစပျိုးလေပြီ။
***