← Chapters

အောင်ပွဲအတွက် ကြိုတင်ပြင်ဆင်ပါ

Vol. 27 Ch. 377

အောင်ပွဲအတွက် ကြိုတင်ပြင်ဆင်ပါ

Vol. 27 Ch. 377

ရွှယ်ထျန်းဂိုဏ်းအပေါ်တွင် ဘေးဒုက္ခမိုးတိမ်များ မရေမတွက်နိုင်အောင် စုစည်းလာသည်နှင့်အမျှ ၎င်းတို့မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲများအား ကျောရိုးတလျှောက် ကြက်သီးဖြန်းဖြန်းထကာ ချမ်းတုန်စေခဲ့သည်။

ဂိုဏ်းချုပ်နှင့် အခြားသူများ ရုတ်တရက် ပေါ်လာကြပြီး ၎င်းတို့၏ တုန်လှုပ်နေသော အကြည့်များအားလုံးသည် မြူခိုးတောင်ထိပ်‌ပေါ်ရှိ အနီရောင်ပုံရိပ်ထံသို့သာ စူးစိုက်နေခဲ့ကြ၏။

“ကြည့်စမ်း၊ အဲ့ဒါ ဆရာတူမောင်လေးယဲ့ရဲ့ အကြီးဆုံး တပည့်မလား၊ သူက မသေမျိုးတက်လှမ်းခြင်း အတွက် ဒုက္ခဒဏ်ခံယူနေတာ!” ထျန်းရှန်းတောင်ထိပ်သခင်မက အံ့သြတကြီး ပြောလာသည်။

“အဲဒီကောင်လေးက ဂိုဏ်းရဲ့ပါရမီရှင် တစ်ယောက်ပဲ၊ ဆရာတူညီလေးယဲ့ပြီးရင် ဒုတိယလိုက်တယ်လို့ ‌ပြောရမယ်။ သူ မသေမျိုးတက်လှမ်းခြင်းအတွက် ဒုက္ခဒဏ်ခံယူနိုင်တာ လုံးဝအံ့သြစရာမရှိဘူး။ တစ်ခါက သူဒေါသထွက်တာကို ခံရဖူးတယ်၊ စွမ်းအားကြီးသလို မာနလည်းအရမ်းကြီးတဲ့သူပဲ!” ဓားဝှက်တောင်ထိပ်သခင်က အဆုံးမခံခဲ့ရဖူးကိုတာကို ပြန်လည်သတိရရင်း ငြီးတွားလိုက်သည်။

ဂိုဏ်းချုပ် ရှယိုနျန်က ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် သူက ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲ။ သူ မသေမျိုးတက်လှမ်းခြင်းအတွက် ဒုက္ခဒဏ်ခံယူနိုင်တာကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ပေးသင့်တယ်"

“ဂိုဏ်းချုပ်က တော်တော်လေး သ‌ဘောထားကြီးတာပဲ။ အဲဒီ ဟုန်ချန်ယဲ့က ကျွန်တော့်အမြင်မှာတော့ နတ်ဆိုးခေါင်းဆောင်ကြီး တစ်ယောက်လိုပဲ။ အကြီးအကဲယဲ့သာ ဖိမထားရင် သူက ဂိုဏ်းကိုတောင် ပြန်ပုန်ကန်နေလောက်ပြီ။

“စကားကို လျှော့ပြော။ သူက လျှပ်စီးဘေးဒုက္ခနဲ့ တိုက်ခိုက်ရတော့မှာ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ အရင်ဆုံး သူ ဘယ်လို လျှပ်စီးဒဏ် ခံယူလဲဆိုတာ လေ့လာထား။ နောက်ကျ အကျိုးရှိရှိ အသုံးချလို့ရတဲ့ မျက်မြင်အတွေ့အကြုံပဲ"

“ဟုတ်တယ်၊ ဒီလျှပ်စီးဘေးဒုက္ခဒဏ်ကနေ တစ်ခုခုကို နားလည်သွားအောင် ကြိုးစားရမယ်။ နောင်တချိန်ကျ ကျွန်တော်တို့လည်း မသေမျိုးတက်လှမ်းခြင်းအတွက် ဘေးဒုက္ခဒဏ်ခံယူရဦးမှာ!”

“အတိအကျပဲ!”

မြူခိုးတောင်ထိပ်ပေါ်တွင်။

လီဝူကျယ် စိတ်လက်ညစ်ညူးစွာ သက်ပြင်းချလိုက်သည်။ “ဟူး၊ ငါသူ့ထက် တစ်လှမ်းနောက်ကျနေလိမ့်မယ်လို့ ထင်မထားဘူး။”

သူက ပြိုင်ချင်ပေမဲ့ အသိသာကြီးကို မနိုင်ဘူးလေ!

“ဆရာသခင်၊ ဆရာတူအစ်ကိုကြီးဟုန် လျှပ်စီးပစ်ခံရတော့မယ်!” ပုရှောင်ရှီးက လက်ညှိုးထိုးပြပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

ယဲ့ကျွင်းလင်က ပြုံးသာပြုံး၏။ “မစိုးရိမ်ပါနဲ့၊ နောင်တချိန်မှာ မင်းလည်း ရင်ဆိုင်ရမှာပဲ။ ဒါက မသေမျိုးဘုံကိုတက်လှမ်းဖို့ စမ်းသပ်တဲ့ဘေးဒုက္ခကို ရင်ဆိုင်ကျော်လွှားပြရတာလေ"

ပုရှောင်ရှီး ရင်တုန်သွားပြီး လေသံပျော့လေးဖြင့် မေးလိုက်သည်။ “အရမ်းနာမှာလား? ရှုရှုက နာမှာကြောက်တတ်တယ်"

ယဲ့ကျွင်းလင်က ဆံဖြူကောင်မလေး၏ ဆံပင်များကိုပွတ်သပ်နှစ်သိမ့်ရင်း အလေးအနက်ပြောလိုက်သည်။ “သိပ်မဆိုးပါဘူး။ အစပိုင်းမှာတော့ တော်တော်လေး နာကျင်လိမ့်မယ်၊ ဒါပေမဲ့ နောက်ပိုင်းကျ နာတော့မှာမဟုတ်ဘူး"

“တကယ်လား?”

“တကယ်ပေါ့”

ထိုအချိန်တွင်။

သူ့ကို စမ်းသပ်ဖို့ အထက်ကောင်းကင်တွင် ပြင်ဆင်နေဆဲဖြစ်သော လျှပ်စီးမိုးကြိုးများကို မော့ကြည့်ရင်း ဟုန်ချန်ယဲ့နှုတ်ခမ်းများက မကောင်းဆိုးဝါးဆန်ဆန် ကွေးတက်နေခဲ့သည်။ သူ့နှလုံးသားသည် မကြုံစဖူးမျှော်လင့်ချက်များဖြင့် တုန်ယင်လှုပ်ရှားလျက်။

သူ့အတွက်တော့ တာအိုကို ပြန်လည်သက်သေပြပြီး မသေမျိုးအဆင့်သို့ တက်လှမ်းခြင်းက ခက်ခဲလှသည်မဟုတ်။ ပထမအကြိမ် အတွေ့အကြုံရှိထားသော ဒုတိယအကြိမ်ကိုတော့ အခက်အခဲမရှိ အလိုအလျောက် ကျော်လွှားနိုင်ပေမည်။

“ဒီအရှင် မသေမျိုးဘဝကို ပြန်လည်တက်လှမ်းမယ်!”

ဘုန်း—!!!

သူ စကားပြောပြီးသည်နှင့် ဘေးဒုက္ခမိုးတိမ်များထဲမှ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများဟာ လျှပ်စီးတိုင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး သူ့ထံသို့ စွမ်းအားအပြည့်ဖြင့် ဆင်းသက်လာခဲ့ကြသည်။

“လာခဲ့စမ်း!” ဟုန်ချန်ယဲ့က ကြောက်ရွံ့ခြင်း မပြခဲ့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ မီးလျှံများ ဒေါသတကြီးတိုးထွက်လာပြီး မိုးကြိုးဒဏ်အား တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

မကြာခင်မှာပင် ပထမဆုံး ကောင်းကင်မိုးကြိုး ‌ပျောက်ကွယ်သွားသည်။ နောက်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ…

ဘုန်း ဘုန်း ဘုန်း~

လျှပ်စီးအစုအဝေးကြီးများ ဆက်တိုက် ဖျက်ဆီးကြရ၏။

လူတိုင်း၏မျက်လုံးထဲတွင် ဟုန်ချန်ယဲ့မှာ လျှပ်စီးဒဏ်ကို အားအင်စိုက်ထုတ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး ခုခံနေသလိုပင်။ လုပ်ငန်းစဉ်တစ်ခုလုံးက လွယ်ကူသက်သာနေဟန်ပင်။

“အစ်ကိုကြီးဟုန်က ကိုယ်ပိုင်လှည့်ကွက်တွေ လျှိုထားသေးတာပဲ” လီဝူကျယ် အထင်ကြီးစွာဖြင့် အာမေဋိတ်ပြုလိုက်သည်။

ဂိုဏ်းချုပ်တို့အဖွဲ့လည်း ကြည့်ရင်း ဦး‌ရေပြားများ တင်းမာလာကြတော့၏။

ညီလေးယဲ့ရဲ့ အကြီးဆုံးတပည့်ဟာ တကယ်ပဲ ကြောက်စရာကောင်းလှပါလား။ လျှပ်စီးဒဏ် ခံယူတာက သူ့အတွက်တော့ ကလေးကစားသလိုပဲ!

ရှေးဟောင်းကျမ်းတွေမှာဆိုရင် လျှပ်စီးဒဏ် ခံယူတာက သေလုမြောပါး ခံစားရတဲ့ အတွေ့အကြုံလို့ မှတ်တမ်းတင်ထားတယ် မဟုတ်လား? ဒါက အားနည်းသူတွေကို နှစ်သိမ့်ဖို့သက်သက်ပဲလား!

တဆယ့်ရှစ်ကြိမ်မြောက် ကောင်းကင်မိုးကြိုး ဆင်းသက်လာချိန်မှာပဲ။

ဟုန်ချန်ယဲ့ ကောင်းကင်ထက်ကို ချိန်ရွယ်ကာ လက်ဖဝါးဖြင့် အားပါပါရိုက်ချလိုက်သည်။ လေဟာနယ်ထဲတွင် ကြီးမားသော မီးလျှံလက်ဖဝါး ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ကောင်းကင်မိုးကြိုးအား တိုက်ရိုက်ခုခံခဲ့၏။

ဘုန်း!

လျှပ်စီးကြောင်း ပေါက်ကွဲသွားခဲ့သည်။

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများ စိတ်ကျေနပ်စွာ ကွေးတက်သွားခဲ့ပြီး ကျရောက်လာမည့် မသေမျိုးစွမ်းအင်သန့်စင်ခြင်းကို အသင့်ကြိုဆိုစောင့်ဆိုင်းနေလိုက်သည်။

လက်ရှိစွမ်းအားဖြင့် အရင်တစ်ခေါက် မသေမျိုးအဆင့်တက်လှမ်းခြင်းထက်ပင် ပို၍လွယ်ကူနေခဲ့သည်။

“လာကြ ဒီအရှင်ကို အရင်နေရာဆီ ပြန်ပို့ပေးကြစမ်း" ဟုန်ချန်ယဲ့က သူ့လက်တွေကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်ပြီး ကြွားဝါဖို့ဟန်ကို အသင့်ပြင်ထားခဲ့၏။

ရုတ်တရက်။

ဒုန်း။

တဆယ့်ရှစ်ကြိမ်မြောက် ကောင်းကင်မိုးကြိုး ပျောက်ကွယ်သွားပြီးနောက် ပျက်စီးသွားသင့်သော လျှပ်စီးဒဏ်က ဆက်လက်တည်ရှိနေခဲ့သည်။ ဤတစ်ကြိမ်တွင် ဘေးဒုက္ခမိုးတိမ်များထဲ ပေါက်ဖွားမာန်သွင်းနေသော မိုးကြိုးလျှပ်စီးမှာ အရင်တစ်ခုထက် အဆတစ်ရာခန့် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

“ဘာဖြစ်တာလဲ? ဘာလို့ ဆက်ရှိနေ‌သေးတာလဲ!?” ဟုန်ချန်ယဲ့ မှင်တက်သွားပြီး တအံ့တသြ ရေရွတ်လိုက်သည်။

အရင်က သိထားသမျှ အချက်အလက်တွေအရ လျှပ်စီးဒဏ်တွင် ကောင်းကင်မိုးကြိုး တဆယ့်ရှစ်ခု ပါဝင်သည်။ တစ်ဆယ့်ရှစ်ကြိမ် ဖျက်ဆီးပြီးလျှင် နောက်ထပ်လာစရာမရှိတော့ပေ။

ဒါပေမဲ့ အခုတော့ သွေးပူအောင်လုပ်ပြီးသွားပြီမလို့ တကယ့်ပွဲစဖို့ပြင်နေတဲ့ လက်ဝှေ့သမားကြီးလိုပါပဲလား။

တဆယ့်ကိုးကြိမ်မြောက် ကောင်းကင်မိုးကြိုးက ရိုက်ချလာသည်။

ဟုန်ချန်ယဲ့ မျက်နှာအမူအရာ ပြောင်းသွားပြီး လက်ဖြင့် သင်္ကေတများ အမြန်ဖန်တီးကာ မရမကခုခံသည်။

မီးလျှံတွေများနှင့် လျှပ်စီးကြောင်းများ ရောနှောနေသောမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။

လျှပ်စီးကို ထပ်မံချေဖျက်ပြီးသော်လည်း ဟုန်ချန်ယဲ့ စိတ်အေးမသွားခဲ့ရပေ။ အဲဒီအစား နှလုံးသားထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လာ၏။

အဘယ့်ကြောင့်ဆိုသော် ခေါင်းပေါ်မှ ကောင်းကင်မိုးကြိုးများက ရပ်တန့်မသွားခဲ့၍ပင်။

နောက်ဆက်တွဲအနေနှင့် အကြိမ် နှစ်ဆယ်မြောက်၊ နှစ်ဆယ့်တစ်ကြိမ်မြောက်၊ နှစ်ဆယ့်နှစ်ကြိမ်မြောက်၊ နှစ်ဆယ့်သုံးကြိမ်မြောက်…

ကြောက်မက်ဖွယ် လျှပ်စီးကြောင်းတွေဟာ အင်အားများကိုစုပေါင်းပြီး ဟုန်ချန်ယဲ့အား တစ်စုတစ်စည်းတည်း ရိုက်ချလိုက်သည်။

ဟုန်ချန်ယဲ့မှာ အစပိုင်းတွင် ပေါ့ပေါ့ပါးပါး ရှိခဲ့သလောက် ကြာလေလေ ပင်ပန်းလာလေလေ ဖြစ်ကာ မိုးကြိုးများအားကာဆီးဖို့ အသည်းအသန် ကြိုးစားလာရ၏။

သူ့နဖူးပေါ်တွင် ပဲလုံးအရွယ် ချွေးစေးများ စီးကျလာသည်။ ပါးပြင်ဖြူဖြူလေးပေါ် ချွေးစီးကြောင်းများဖြင့် စိုရွှဲနေပြီး အသက်ရှူသံများလည်း ပြင်းထန်လာသည်။

ငါးဆယ့်လေးကြိမ်မြောက် လျှပ်စီးကြောင်း ဆင်းသက်လာချိန်ဝယ် ကောင်းကင်တစ်ခုလုံး ထွန်းလင်းတောက်ပလာခဲ့၏။

“ကျိုးကြေလိုက်စမ်း!”

ဟုန်ချန်ယဲ့က စွမ်းအားကုန်သုံးလျက် ကြုံးအော်လိုက်သည်။

ဘုန်း!

ဤသို့ဖြင့် ငါးဆယ့်လေးကြိမ်မြောက် လျှပ်စီးကြောင်း ကျိုးပဲ့သွားခဲ့သည်။

ဒါပေမဲ့ ဟုန်ချန်ယဲ့ ခံစားရတာ အတော်လေးမသက်သာ။ လျှပ်စီးစွမ်းအင်အနည်းငယ်က သူ့ခန္ဓာကိုယ်ပေါ်ဝယ် စီးဆင်းကျန်ရစ်ကာ တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်လျက်။ နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေခဲ့သည်။

“ဒီလောက်ဆိုရင် ပြီးသွားသင့်ပြီ မဟုတ်လား?” လူတိုင်း နှလုံးသားများ တုန်ယင်လာကြသည်။ ဘာလို့ဒီလျှပ်စီးဒဏ်တွေက ‌ရှေးဟောင်းကျမ်းတွေမှာ ပြောထားတာနဲ့ မတူတာလဲ?

ကောင်းကင်မိုးကြိုး တဆယ့်ရှစ်ခုပဲ ရှိတာမဟုတ်ဘူးလား? ဒါပေမဲ့ အခုတော့ ငါးဆယ့်လေးခုတောင် ဖြစ်နေပြီ!

သို့သော်လည်း အရာရာတိုင်းသည် ဆန္ဒအတိုင်းဖြစ်လာလိမ့်မည် မဟုတ်ပေ။

ဘေးဒုက္ခမိုးတိမ်များထဲမှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုးများ တရစပ် ပေါက်ဖွားလာခဲ့ရာ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်ကျသွားခဲ့ပြီး နေနှင့်လတို့ အလင်းရောင် ကင်းမဲ့ကုန်သည်။ သဲများ၊ ကျောက်များ လွင့်ပျံကာ အသက်ရှူကျပ်စေသည့် ဖိစီးမှု အရှိန်အဝါသည် မိုင်ပေါင်းသန်းချီအထိ ပျံ့နှံ့သွားခဲ့၏။ မရေမတွက်နိုင်သော လူတို့၏ စိတ်အာရုံများ ပြင်းထန်စွာ ထိခိုက်ခံစားကြရပြီး မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြရာ ကြောက်ရွံ့မှုများ ရေကာတာကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။

ထိုအချိန်တွင် ဟုန်ချန်ယဲ့၏ ဦးခေါင်းပေါ်၌ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသည့် လျှပ်စီးအစုအဝေးကြီးများ ရောယှက်လိမ်ကွေးနေပြီး အဖြူအမဲသို့ပင် အရောင်ပြောင်းသွားခဲ့သည်။ လျှပ်စီးကြောင်းတိုင်းသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများ၏ ၉၉ ရာခိုင်နှုန်းကို ရိုက်ချနိုင်လောက်အောင်ပင် အစွမ်းထက်လှသည်။

"မင်းမေငိုး မင်းတို့ဟာက အဆုံးမရှိတော့ဘူးလား!!!” ဟုန်ချန်ယဲ့ စိတ်ဓာတ်ပျက်စီးသွားပြီး စိတ်ပျက်အားလျော့စွာ အော်ဟစ်လိုက်တော့၏။

ယွင်ရှန်းကျွန်း ခြံဝင်းအတွင်း။

မိုးမခပင် အကြီးအကျယ် စိတ်လှုပ်ရှားနေခဲ့သည်။ “ဒီလူက ကံကောင်းတာလား၊ ကံဆိုးတာလား မသိဘူး။ သူ ဒုက္ခဒဏ်ခံယူနေတဲ့ လျှပ်စီးဒဏ်က တကယ်တော့ အခက်ခဲဆုံးလို့ သိကြတဲ့ ရှစ်ဆင့်မြောက်လျှပ်စီးဒဏ် ဖြစ်တယ်၊ အလွန်ရှားပါးပြီး ဆိုးသွမ်းတဲ့ ကောင်းကင်မိုးကြိုးပဲ"

ဖော်ပြဖို့ စကားလုံးပင် ရှာမတွေ့နိုင်တော့သည်အထိ။

ကြက်မအိုကြီးမှာ အလွန်တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “ဒီလို လျှပ်စီးဒဏ်မျိုး ဖြစ်ပေါ်နိုင်တယ်ဆိုကတည်းက ခွင်းလွင်နယ်မြေရဲ့ ကောင်းကင်ဥပဒေဟာ ပြီးပြည့်စုံလာပြီလို့ ဆိုလိုတာပဲ! အရင်ကတော့ အရိုးရှင်းဆုံး အဆင့်နှစ်လျှပ်စီးဒဏ်ပဲ ရှိခဲ့တာကို!”

မြည်းလေးက စုတ်သပ်ကာ ပြောလိုက်သည်။ “ကျွတ် ကျွတ် အဲဒီ ကောင်ငယ်လေးတော့ သေမှာ သေချာတယ်။ မြည်းသခင်တော့ ဒီလို ရှစ်အဆင့်လျှပ်စီးဒဏ်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ မသေမျိုးဧကရာဇ်အဆင့် ပါရမီ ရှိတဲ့သူတောင် ဒါကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး မရှိနိုင်ဘူး!”

ထို့နောက် လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များကြား လျှပ်စီးဒဏ် အသစ်တစ်လှိုင်း ဆင်းသက်လာပြီး ဟုန်ချန်ယဲ့ကို တစ်ချက်ပြီးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လီဝူကျယ်မှာ ကြောက်လန့်တကြားဖြင့် အလောတကြီး မေးမြန်းလာ၏။ “ဆရာသခင်၊ လျှပ်စီးဒဏ် မှာလည်း အဆင့်တွေ ရှိတာလား? ဘာလို့ အစ်ကိုကြီးဟုန် ခံယူနေတဲ့ လျှပ်စီးဒဏ်က ညီအစ်ကိုရွှယ် အရင်က ခံယူခဲ့တာနဲ့ လုံးဝကွာခြားနေတာလဲ?”

ရွှယ်ဝူဟန် အရင်က ခံယူခဲ့သော လျှပ်စီးဒဏ်မှာ ပုံမှန်အတိုင်း တဆယ့်ရှစ်ခုသာ ရှိခဲ့ပြီး သူက ထိုအရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သို့သော် ယခုသူ မြင်တွေ့နေရသည့်အဆင့်မှာ နှိုင်းယှဥ်မရအောင် ကွာခြားနေခဲ့သည်ပင်။

သူသာ ဒီအဆင့် လျှပ်စီးဒဏ် ခံယူရမည်ဆိုလျှင် တစ်ကိုယ်လုံး စုတ်ပြတ်သွားမည်လား မပြောတတ်။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ သူကိုယ်တိုင်လည်း ထိုအကြောင်းကို လုံးဝ မသိခဲ့ပေ။

သို့သော် ကံကောင်းထောက်မစွာ သူ စနစ်ကို မေးမြန်းနိုင်ခဲ့သည်။

“စနစ်၊ ငါ့ ရှောင်ဟုန်လေး ဘာဖြစ်နေလဲ တစ်ချက်ကြည့်ပေးပါဦး?”

စနစ်က အသိပေးချက်ထွက်လာသည်။ [တင်၊ ပိုင်ရှင်ရဲ့ အကြီးဆုံး တပည့်ဟာ အဆင့်ရှစ်လျှပ်စီးဒဏ်ကို ခံယူနေကြောင်း တွေ့ရှိရပါတယ်!]

“ဟုတ်လား? အဆင့်ရှစ်လျှပ်စီးဒဏ် ဆိုတာ ဘာလဲ?” ယဲ့ကျွင်းလင် စကားလုံးအသစ်ကို စူးစမ်းကြည့်လိုက်သည်။

စနစ်က ပြန်လည်ဖြေကြားလိုက်သည်။ [တင်၊ လျှပ်စီးဒဏ်ကို စုစုပေါင်း အဆင့်လေးခု ခွဲခြားထားပါတယ်- အဆင့်နှစ်လျှပ်စီးဒဏ်၊ အဆင့်လေးလျှပ်စီးဒဏ်၊ အဆင့်ခြောက်လျှပ်စီးဒဏ်နဲ့ အဆင့်ရှစ်လျှပ်စီးဒဏ်!]

[လျှပ်စီးဒဏ် အဆင့်မြင့်လေလေ၊ မသေမျိုးတက်လှမ်းခြင်း နောက်ပိုင်းမှာ သူတို့ရဲ့ ပါရမီနဲ့ စတင်တဲ့နေရာက ပိုမြင့်လေလေပါပဲ။ အဆင့်ရှစ် လျှပ်စီးဒဏ် ပေါ်ပေါက်လာနိုင်ချေက အလွန်နည်းပါးပါတယ်၊ စုစုပေါင်း ကောင်းကင်မိုးကြိုး ခုနစ်ဆယ့်နှစ်ခု ပါရှိပါတယ်။ ဒုက္ခဒဏ်ခံယူခြင်း အောင်မြင်တာနဲ့ အကျိုးကျေးဇူးတွေက စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားပါလိမ့်မယ်၊ ဒါတင်မကဘဲ အခု တပည့်ဖြစ်သူရင်ဆိုင်နေရတဲ့ မိုးကြိုးဒဏ်ရဲ့စွမ်းအားက အစွမ်းအထက်ဆုံး ဗားရှင်းဖြစ်ပါတယ်!]

ရှင်းလင်းချက်ကို ကြားမှ ယဲ့ကျွင်းလင် သက်ပြင်းချနိုင်သွားသည်။ “အဲ့ဒီလိုလား။ ဒါဆို သူသာ ခံနိုင်ရည်ရှိရင် အဆင်ပြေမှာပဲ။ ကံကောင်းတဲ့ကလေး"

ဟုန်ချန်ယဲ့သာ ဒီစကားကို ကြားရလျှင် သေချာပေါက် သတိမေ့သွားမည်ဖြစ်သည်။ သူ ဒီလို ကံကောင်းခြင်းမျိုးကို မလိုချင်လှ။

စနစ်၏ ချစ်ကြည်ရင်းနှီးသော သတိပေးချက်က ထပ်မံ ထွက်ပေါ်လာပြန်သည်။ [တင်၊ ချစ်ကြည်ရင်းနှီးသော သတိပေးချက်၊ ပိုင်ရှင့်တပည့်ရဲ့ လက်ရှိအခြေအနေအရ အောင်ပွဲခံဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ပါကြောင်း အကြံပြုလိုက်ပါတယ်။ အရသာရှိတဲ့ ညစာကို ပျော်ရွှင်စွာ စားသုံးနိုင်ပါစေ~]

ယဲ့ကျွင်းလင် - ???

All Chapters