← Chapters

အခန်း (၃၈၀)

Vol. 27 Ch. 378

အခန်း (၃၈၀)

Vol. 27 Ch. 378

"အောင်ပွဲလား?"

"ဒါက အရမ်းရုတ်တရက်ဆန်တာပဲ!"

ယဲ့ကျွင်းလင် စနစ်ကို ပြန်ပြောရန် အလုပ်ရှုပ်နေစဉ်တွင် အရှေ့မှ ကြေကွဲဖွယ် မြင်ကွင်းကြောင့် ရပ်တန့်သွားသည်။

ဒုံး—!!!

ထိုအခိုက်အတန့်တွင် အဆင့်မြင့်စွမ်းအားဖြင့် ပြည့်နှက်နေသော အကြိမ်ခြောက်ဆယ်မြောက် အဖြူအမဲ ကောင်းကင်လျှပ်စီးသည် ဒေါသထွက်နေသော နဂါးပျံတစ်ကောင်နှယ် ပျံသန်းကျလာပြီး မီးလျှံအကာအရံအား တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလို ဖန်တီးထားခဲ့သည့် မီးလျှံအကာ ပျောက်ကွယ်သွားပြီး ဟုန်ချန်ယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲရွှဲနစ်ကာ လျှပ်စီးကြောင်းများက တစ်ကိုယ်လုံးသို့ တဖျစ်ဖျစ်မြည်အောင် ဖုံးလွှမ်းသွားခဲ့၏။

"အဟွတ်၊ အဟွတ်၊ အဟွတ်" ဟုန်ချန်ယဲ့ ဆံပင်များ ဖရိုဖရဲဖြင့် ဆက်တိုက် သွေးအန်နေသည်။ သူ့ခေါင်းပေါ်တွင် ပြန်လည်စုစည်းနေသည့် ကြီးမားသော လျှပ်စီးကြောင်းကို ကြည့်ရင်း လှပသော ဖီးနစ်မျက်လုံး များတွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ ပြည့်နှက်နေသည်။

"မင်းမေငိုး‌‌ ကောင်းကင်ဘုံ! ငါ မင်းကို ဘယ်မှာများ စော်ကားမိလို့လဲ?!" ဟုန်ချန်ယဲ့ အလွန်အမင်း အသက်ရှူကျပ်လာသလို ခံစားရသည်။ သူ ရင်ဆိုင်ခဲ့ဖူးသော လျှပ်စီးဒဏ်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ဟု တကယ် မမျှော်လင့်ခဲ့ပေ။

ကောင်းကင်နှင့် ကမ္ဘာမြေစွမ်းအင်တို့ ပြန်လည်နိုးထလာသည်နှင့်အမျှ လျှပ်စီးဒဏ်၏ အဆင့်သည်လည်း တိုးမြင့်လာခြင်း ဖြစ်နိုင်လေသလော? ထိုအတိုင်းသာဆိုလျှင် သူသည် တကယ်ပင် ကံဆိုးလွန်းသူ ဖြစ်၏။ လျှပ်စီးဒဏ်ကို ကျော်ဖြတ်ပြီး အကျိုးကျေးဇူးများ မည်မျှရရှိနိုင်မည်ကို အသာထား၊ ‌လောလောဆယ်တွင်ပင် သူသေတော့မည်။ ကြီးမားသော အကျိုးကျေးဇူးများက သေပြီးမှ ရောက်ရှိလာနိုင်မည်လား?!

"နောက်ထပ် ကောင်းကင်လျှပ်စီး ဘယ်နှကြိမ် ကျန်သေးလဲ? စေတနာလေးရှိသေးရင် ကျွန်တော့်ကို ပြောပြနိုင်မလား!" ဟုန်ချန်ယဲ့ ဝမ်းနည်းပူဆွေးပြီး အားအင်ကုန်ခမ်းနေသော ပုံစံဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

ယဲ့ကျွင်းလင်က လေးနက်သော အမူအရာဖြင့်‌ ပြောလိုက်သည်။ "ရှောင်ဟုန်၊ ဒါက အဆင့်ရှစ်လျှပ်စီးဒဏ်၊ လျှပ်စီးတွေထဲ အဆင့်အမြင့်ဆုံးပဲ။ အဲ့ဒီကောင်းကင်လျှပ်စီး ခုနစ်ဆယ့်နှစ်ကြိမ်ကို ကျော်ဖြတ်နိုင်မှ ပြီးဆုံးမှာ။ ဒါက မင်းအတွက် ထူးခြားတဲ့ ကံကောင်းခြင်းပဲ၊ မင်း ခံနိုင်ရည်ရှိရမယ်၊ ဆရာသခင်တို့ စားသောက်ပွဲပြင်ပြီး စောင့်နေမယ်နော်"

"ဘာ? ခုနစ်ဆယ့်နှစ်ကြိမ်?!" ထိုစကားကို ကြားလိုက်ရချိန်တွင် ဟုန်ချန်ယဲ့ ယိုင်လဲသွားပြီး မြေပေါ်လဲကျလုနီးနီး ဖြစ်သွားသည်။ သူ ရင်ဘတ်ကို နာကျင်စွာ ဖိကိုင်လိုက်ပြီး မိမိဖြတ်သန်းခဲ့သော ဘဝကိုပင် သံသယဝင်သွားရတော့၏။

အကြိမ်ခြောက်ဆယ် ကျော်လွန်ခဲ့ပြီးပြီ၊ ဘေးဒုက္ခ ကောင်းကင်လျှပ်စီး ဆယ့်နှစ်ကြိမ် ကျန်နေသေးသည်။ ရိုက်ချက်တိုင်းကလည်း အရင်ထက် ပို၍သာ အားကောင်းလို့လာ၏။ လက်ရှိအခြေအနေနှင့်ဆိုလျှင် ဘယ်နှစ်ကြိမ် ထပ်တောင့်ခံနိုင်ဦးမည်နည်း?

"ဆရာသခင်၊ အစ်ကိုကြီးဟုန် လွတ်မြောက်နိုင်ပါ့မလား? သူ အရမ်းဒုက္ခရောက်နေတယ်လို့ ကျွန်တော် ခံစားရတယ်!" လီဝူကျယ် မနေနိုင်တော့ဘဲ ရင်တုန်တုန်ဖြင့် ဝင်ပြောပေးလာသည်။

ယဲ့ကျွင်းလင်က သက်ပြင်းချလိုက်ပြီးဆို၏။ "အင်း၊ တကယ်ပဲ နီးစပ်နေပြီ။ ဒါနဲ့ စားသောက်ပွဲကျ ဘယ်နေရာထိုင်မလဲ စဥ်းစားထားဦး"

လီဝူကျယ် - "....."

"ရှုရှုက အရသာရှိတဲ့ အစားအစာတွေကို အရမ်းကြိုက်တယ်၊ ဒါပေမဲ့ အစ်ကိုကြီးဟုန် အသက်ရှင်တာကို ပိုလိုချင်တယ်။" ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ပုံရိပ်ကို ကြည့်ရင်း ပုရှောင်ရှီး၏ မျက်လုံးကြီးများတွင် မျက်ရည်များ ပြည့်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

တောအုပ်ထဲမှ ဆံပင်ပန်းကန်လုံးပုံစံနှင့် အစိမ်းရောင်ဝတ်စုံဝတ် လူငယ်လေးသည် ထိုမြင်ကွင်းကို အလေးအနက် စောင့်ကြည့်ပေးနေခဲ့၏။

သူသည် ကောင်းကင်ပြာဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် ဟုန်ချန်ယဲ့၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးနိုင်သော်လည်း လျှပ်စီးဒဏ်ခံယူခြင်းသည် သေးငယ်သည့် ကိစ္စမဟုတ်ပေ။ မည်သူမဆို ဝင်ရောက်စွက်ဖက်မိပါက လျှပ်စီးဒဏ်၏ စွမ်းအားက ပိုတိုးလာမည်ဖြစ်ပြီး အပြင်လူမှန်သမျှကို သုတ်သင်ဖယ်ရှားပစ်ပေလိမ့်မည်။

ဒါက ယာယီဖြေရှင်းနည်းသာ ဖြစ်ပြီး သင့်လျော်သောနည်းလမ်းလည်း မဟုတ်နေ။

လူတိုင်း၏ စိုးရိမ်တကြီး အကြည့်များအောက်တွင် ဟုန်ချန်ယဲ့သည် လျှပ်စီးရိုက်ချက်တစ်ခုပြီးတစ်ခု တောင့်ခံနိုင်ခဲ့၏။ သို့သော် အစပိုင်းတွင် မတ်တပ်ရပ်နေနိုင်ခဲ့သူမှာ နောက်ပိုင်းတွင် ဒူးထောက်လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများစွန်းထင်းကာ ချီစွမ်းအင်မှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။

ခုနစ်ဆယ်ကြိမ်မြောက် ကောင်းကင်လျှပ်စီး စုစည်းလာပြီး ၎င်း၏ ကြီးမားသော သတ်ဖြတ်လိုစိတ်က ဟုန်ချန်ယဲ့ကို မြဲမြံစွာ ဖမ်းဆုပ်ထားသည်။ ထိုရိုက်ချက်၏ စွမ်းအားက အရင်ကထက် အများကြီး ပိုအားကောင်းမည်ဖြစ်ကြောင်း ခံစားမိသောအခါ ပြိုလဲလုလုကောင်လေး၏ မျက်နှာအရောင်မှာ ဖျော့တော့သွေးဆုတ်သွားရ၏။

"ငါ့ဘဝ ဒီမှာပဲ အဆုံးသတ်တော့မလား?" ဟုန်ချန်ယဲ့ စိတ်ပျက်အားငယ်စွာ ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ အတိတ်မြင်ကွင်းများစွာ လျှပ်တစ်ပြက် ပြန်ပေါ်လာပြီး တစ်ဘဝလုံး ဖြတ်သန်းခဲ့သော အတွေ့အကြုံများစွာကို ပြန်လည်သုံးသပ်မိခဲ့၏။

ငယ်ဘဝတွင် သူသည် သူတောင်းစားလေးတစ်ဦးသာ ဖြစ်ပြီး ဝမ်းပြည့်ရန်အတွက် ခေါင်းငုံ့အသနားခံကာ အစားအစာ တောင်းရမ်းခဲ့ရသည်။ ရုပ်ရည်သွင်ပြင်မှာ အလွန်ချောမောလှပကာ မိန်းကလေးများထက်ပင် လှပနုနယ်နေသောကြောင့် လုံခြုံရေးအတွက် မိမိကိုယ်ကို ညစ်ပတ်စုတ်ပြတ်အောင် တမင်ပြုလုပ်ခဲ့ရ၏။ ငယ်စဉ်ကတည်းက သူတောင်းစားဘဝဖြင့် နေထိုင်ခဲ့ရပြီး မရေမတွက်နိုင်သော နှိပ်ကွပ်နင်းချေမှုတို့ကိုလည်း ခံစားခဲ့ရကာ လူ့ဘောင်လောက အောက်ဆုံးအလွှာ၏ မှောင်မိုက်သောဘက်ခြမ်းကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရသောကြောင့် အင်အားကြီးသူက အားနည်းသူကို လိုက်လံနှိပ်စက်တတ်သည့် သဘောတရားကို စောစီးစွာ နားလည်ခဲ့သည်။

တစ်ကြိမ်တွင် သူ တောင်းရမ်းရရှိထားသော ပေါင်မုန့်တစ်လုံးကို လူငယ်သူတောင်းစားတစ်ဖွဲ့က လာရောက်လုယက်ရာ လွယ်လွယ်မပေးခဲ့သဖြင့် ရိုက်နှက်ကန်ကျောက်ခံခဲ့ရသည်။ အရိုက်ခံထားရသော ဒဏ်ရာများဖြင့် သူသည် ကူကယ်ရာမဲ့စွာ ထောင့်တစ်နေရာတွင် ကွေးကွေးလေးလှဲနေခဲ့ကာ အေးစက်သောညဥ့်လေက သူ့အရေပြားကို ဓားသွားဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားခဲ့ရသည်။ ဆာလောင်မှုနှင့် နာကျင်မှုတို့က ခန္ဓာကိုယ်နှင့် စိတ်ကို တိုက်စားနေခဲ့ပြီး အော်ဟစ်အကူအညီတောင်းဖို့ပင် အားမရှိခဲ့။ အသက်ရှူသံမှာ တဖြည်းဖြည်း ဖျော့တော့လာခဲ့၏။

ထိုအခိုက်အတန့်တွင် စေတနာပြည့်ဝသော အဖိုးအိုတစ်ဦး ပေါ်လာခဲ့သည်။ ထိုအဖိုးအိုသည် ကုန်သည်တစ်ဦးဖြစ်ပြီး ကုန်ပစ္စည်းများ ရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်၏။ သေလုမျောပါး ဖြစ်နေသော ကလေးငယ်ကို သူကယ်ဆယ်ခဲ့ပြီး အစားအစာနှင့် သောက်စရာများ ကျွေးမွေးပေးကမ်းကာ သန့်ရှင်းသော အဝတ်အစားများလည်း ဆင်ယင်ပေးခဲ့ပြီး သူ့ဘေးတွင် အစေခံလေးအဖြစ် ထားရှိခဲ့သည်။ အောက်ခြေဘဝတွင် ဒုက္ခများစွာ ခံစားခဲ့ရသော ဟုန်ချန်ယဲ့သည် ၎င်းကို ကောင်းကင်ဘုံမှချီးမြှင့်လာသော ကံကောင်းခြင်းဆုလာဘ်ဟု ထင်မှတ်ခဲ့မိ၏။ အနည်းဆုံးသော အသနားခံ တောင်းရမ်းစရာ မလိုတော့သလို နေ့တိုင်း ဆာလောင်ရခြင်းလည်း မရှိတော့ပေ။ အစေခံငယ်လေးပင် ဖြစ်လင့်ကစား သက်သောင့်သက်သာနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ခဲ့သည်။

နောက်ပိုင်းရက်များတွင် သူသည် အဖိုးအို၏ စီးပွားရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ ဟုန်ချန်ယဲ့သည် အဖိုးအိုကို အလွန်လေးစားပြီး သူ့စိတ်ထဲတွင် အသက်သခင် ကျေးဇူးရှင်အဖြစ် သဘောထားကာ ကွယ်လွန်သည်အထိ ပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့၏။

သို့သော်လည်း တိတ်ဆိတ်သော ညတစ်ညတွင် အဖိုးအိုသည် သူ့အခန်းထဲသို့ အကြောင်းမဲ့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် ထိုသူ၏ စေတနာပြည့်ဝသော မျက်နှာသည် စိမ်းသက်စွာ တစ်မျိုးတစ်မည် ထူးဆန်းနေခဲ့၏။ ဟုန်ချန်ယဲ့လည်း အထူးတလည် မစဉ်းစားခဲ့ဘဲ ဘာကိစ္စများရှိလို့လဲဟုသာ စိုးရိမ်တကြီး မေးမြန်းခဲ့သည်။

အဖိုးအိုက သူ့ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သက်ပြင်းချကာ သူမည်မျှ အထီးကျန်ကြောင်း၊ မကြာခဏ တစ်ကိုယ်တည်းဖြစ်နေရသည်ကို ငြီးငွေ့လာမိကြောင်း စတင်ပြောဆိုခဲ့သည်။ အကြောင်းပြချက်များစွာကို တအိအိပြောဆိုညည်းညူပြီးနောက် အဖိုးအိုက ရဲရဲတင်းတင်း ထရပ်ပြီး အဝတ်အစားများကို ချွတ်စပြုလာခဲ့သည်။ ထိုအခါမှ ဟုန်ချန်ယဲ့သည် ထိုအဖိုးအို သူ့အား ကယ်တင်ခဲ့ရာတွင် အခြားသော ရည်ရွယ်ချက်လည်း ရှိနေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားရ၏။

အဖိုးအို၏ လူကြီးလူကောင်းမဆန်သော လုပ်ရပ်များနှင့် ရင်ဆိုင်ရသောအခါ သူသည် စက်ဆုပ်ရွံရှာမှုကို သည်းခံကာ ရဲရဲတင်းတင်း ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ သူသည် အနာဂတ်တွင် လုပ်ငန်းပိုင်းဆိုင်ရာ ကူညီရောင်းတယ်ပေးခြင်းဖြင့် အသက်ကယ်သည့်ကျေးဇူးကို ဆပ်ပါမည်ဟု ရှင်းရှင်းလင်းလင်းဆိုကာ အဖိုးအိုအား သူ့အခန်းမှ ထွက်ခွာသွားရန်နှင့် အခုနောက်ဆုတ်ပါက ဘာမှမဖြစ်သလို ဆက်လက်ဟန်ဆောင်ပေးမည်ဟု ပြောကြားခဲ့၏။

သူ မထင်မှတ်ထားသည်မှာ အဖိုးအို ‌ဒေါသပေါက်ကွဲသွားခဲ့ခြင်းပင်။ ယခင်က စေတနာပြည့်ဝချိုမြိန်ခဲ့သော ထိုသူ၏မျက်နှာသည် ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် တဏှာစိတ်ဖြင့်ဆူပွက်ပြီး ကြမ်းတမ်းခက်ထန်လာသည်။ ထို့နောက် ဟုန်ချန်ယဲ့ အပေါ်သို့ ခုန်တက်လာကာ အတင်းအကျပ်ပြုကျင့်ရန် ကြံရွယ်ခဲ့သည်။

ဟုန်ချန်ယဲ့လည်း ထိတ်လန့်တကြားဖြင့် ဖယောင်းတိုင်ကို ကောက်ကိုင်ကာ အဖိုးအို၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချေပစ်ခဲ့၏။ အဖိုးအို နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဒေါသတကြီး တုန်ယင်နေသော၊ မိန်းကလေးထက်ပင် လှပသော ထိုမျက်နှာကို ပြန်မော့ကြည့်ရင်း ကြောက်လန့်လာသော အဖိုးအိုသည် လေသံပျော့ကာ တောင်းပန်စပြုလာသည်။ သူမှားပါကြောင်းနှင့် ယခင်လို ပြန်လည်နေထိုင်ဖို့ ခွင့်ပြုစေလိုကြောင်း။

သို့သော်လည်း နက်ရှိုင်းစွာ စိတ်ထိခိုက်နာကျင်ခဲ့ရသော ဟုန်ချန်ယဲ့က တောင်းပန်စကားအား မည်သို့ နားထောင်နိုင်မည်နည်း။ စေတနာအပြည့်ဖြင့် ကြင်နာတတ်ခဲ့သော အဖိုးအိုသည် သူ၏ မှတ်ဉာဏ်ထဲတွင် ထာဝရ သေဆုံးသွားခဲ့ပြီဖြစ်ပြီး၊ ဟန်ဆောင်မျက်နှာဖုံးဖြင့် ကောက်ကျစ်စဥ်းလဲသော တဏှာရူးတစ်ကောင်က အစားထိုးဝင်ရောက်လာခဲ့သည်။

စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ဖယောင်းတိုင်ထွန်းသည့် မြေခွက်ကို မြှောက်ကာ အဖိုးအို၏ ဦးခေါင်းကို အကြိမ်ကြိမ် ရိုက်ချေခဲ့သည်။ သွေးများက မြေပြင်ကို စီးကျစွန်းထင်းနေခဲ့ပြီး အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့၏။ အဖိုးအို၏ ထိတ်လန့်နေသော မျက်နှာ တဖြည်းဖြည်း အရောင်ပြောင်းသွားသည်ကို ကြည့်ရင်း ဟုန်ချန်ယဲ့သည် အားရပါးရ ရယ်မောလိုက်သည်။ သရော်တော်တော်ရယ်သံတွင် ဝမ်းနည်းမှုနှင့် ခါးသီးမှုများ ပြည့်နှက်လျက်။

စိတ်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီးနောက်တွင် အစိုးရအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို ရှောင်ရှားရန်အတွက် သူသည် အဖိုးအို၏ ပစ္စည်းများကို လျင်မြန်စွာ လုယက်ကာ ထိုနေရာမှ ထွက်ပြေးခဲ့၏။ နောက်ပိုင်းတွင် အဖိုးအို၏ ပစ္စည်းများကို ပြန်လည်ရှင်းလင်းခွဲထုတ်နေသခိုက် ရှေးဟောင်း လျှို့ဝှက်ကျမ်း တစ်စောင်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ အကြောင်းအရာမှာ စစ်မှန်သော ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ မည်သို့ ပို့ဆောင်ပြီး ချီကို ကျင့်ကြံမွေးမြူရမည့်အကြောင့် သင်ကြားပေးထားခြင်းပင်။ ဤကျမ်းစာမှတစ်ဆင့် အဖိုးအိုသည် ကျင့်ကြံမှု လမ်းကြောင်းကို လျှောက်လှမ်းရန် ရည်ရွယ်ခဲ့သော်လည်း ပါရမီမရှိခြင်းကြောင့် ကုန်သွယ်မှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသည်ဟု သူ ကောက်ချက်ချမိသည်။

လျှို့ဝှက်ကျမ်းပါ ညွှန်ကြားချက်များအတိုင်း ဟုန်ချန်ယဲ့သည် ကျင့်ကြံခြင်းကို စမ်းသပ်လျှောက်လှမ်းခဲ့သည်။ မထင်မှတ်ထားသည်မှာ ချီကို ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်ခြင်းသည် သူ့အတွက် လွန်စွာချောမွေ့ခဲ့ပြီး ကျင့်ကြံရေးလမ်းကြောင်းထက် တရားဝင်တက်လှမ်းနိုင်ခဲ့ခြင်းပင်။

မှောင်မိုက်သော အတိတ်အတွေ့အကြုံများက သူ၏ စိတ်နေသဘောထားကို များစွာ လွှမ်းမိုးခဲ့သောကြောင့် ကျင့်ကြံရေးနိယာမများမှာလည်း နတ်ဆိုးလမ်းကြောင်းဘက်‌‌‌ သွေဖည်သွားခဲ့သည်မှာ အဆန်းတော့မဟုတ်။

နောက်ပိုင်းတွင် သူသည် အမျိုးမျိုးသော နည်းလမ်းပရိယာယ်များ၊ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ အရင်းအမြစ် လုယက်မှုများမှ တစ်ဆင့်ချင်းစီ ကြီးထွားလာကာ အစွမ်းထက်သော နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

သူသည် မီးလျှံနတ်ဆိုးဂိုဏ်းကိုပင် တည်ထောင်ခဲ့ပြီး တပည့်များ သန်းရာနှင့်ချီရှိခဲ့သည်။ အလယ်ပိုင်းဒေသတွင် သူ၏ သြဇာလွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် လူတိုင်း၏ ကိုးကွယ်မှုဖြင့် မကြုံစဖူး ဂုဏ်ကျက်သရေအား စတင်ခံစားရလေတော့၏။ ကံမကောင်းစွာဖြင့် ကောင်းမွန်သော ကာလများသည် ကြာရှည်မခံခဲ့ပေ။ မီးလျှံနတ်ဆိုးဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ အလယ်ပိုင်းရှိ ရှေးဟောင်း အင်အားကြီး ဂိုဏ်းများ၏ အကျိုးစီးပွားမှာ ယိုင်နဲ့ပြိုလဲကုန်ကြ‌သည်ဖြစ်၍ သူတို့အားလုံးပူးပေါင်းကာ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်အား ဖြိုချမည့်စစ်ဆင်ရေးတစ်ခု စတင်ရေးဆွဲကြတော့သည်။

တည်ဆောက်ပုံ အခြေအုတ်မြစ် မခိုင်မာလှသောကြောင့် မီးလျှံနတ်ဆိုးဂိုဏ်း လျင်မြန်စွာ ပြိုကွဲသွားခဲ့သည်။ မသေမျိုးအရှင်များ၏ ဝန်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ဟုန်ချန်ယဲ့သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို မဖြစ်မနေ အသုံးပြုခဲ့ရကာ ထွက်ပေါက်ရအောင်ရှာခဲ့ရ၏။ ရလဒ်မှာတော့ ကျင့်ကြံဆင့်များ ဖျက်ဆီးချိုးနှိမ်ခံလိုက်ရခြင်းပင်။ ဤသို့ဖြင့် သူ ဟွမ်ကျိုးအထိ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ဒုံး!

ထိုအချိန်တွင် ခမ်းနားထည်ဝါသော အဖြူအမဲ ကောင်းကင်လျှပ်စီးတပြက်က ရေတံခွန်နှယ် ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်လာသည်။ အတိတ်အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီးနောက် ဟုန်ချန်ယဲ့၏ စိတ်ဓာတ်ကျနေသော မျက်လုံးများက အလင်းရောင်တစ်မျိုးဖြင့် တောက်ပလာပြီး သူ့နှလုံးသားက အသစ်တည်ဆောက်လိုက်သလို ပြန်လည်ခိုင်မာလာသည်။

သူ တစ်ချိန်က ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်တည်ပြီး ငယ်ဘဝအိပ်မက်များကို ပြည့်မြောက်စေကာ သတ္တဝါအားလုံးကို အထက်စီးကနေ ကြည့်ရှုရစေမည်ဟု ကတိသစ္စာပြုခဲ့ဖူးသည်။ ကောင်းကင်က သူ့ကို ဖျက်ဆီးချင်လျှင် သူက ကောင်းကင်ကို ပြန်လည်ဖြိုချမည်ပင်!

ထိုအခိုက်အတန့်တွင် အပေါ်မှ ဆင်းသက်လာသည့် ကြောက်မက်ဖွယ်လျှပ်စီးကို ရင်ဆိုင်ရင်း ဟုန်ချန်ယဲ့ လက်ကျန်စွမ်းအားများကို စုစည်းကာ အနီရောင်ကြယ်တစ်စင်းကဲ့သို့ ကောင်းကင်ထက် ထိုးတက်သွားသည်။ သူ့နဖူးပေါ်က သွေးကြောများ ဖောင်းကြွလာပြီး နီရဲနေသော မျက်လုံးများက ရှေ့တူရူသို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထို့နောက် ကောင်းကင်သို့ဦးမော့ကာ နားကွဲမတတ် အော်ဟစ်လိုက်သည်။ အော်သံကား အဆုံးမရှိသော တိုက်ပွဲစိတ်ဓာတ်ဖြင့် ပဲ့တင်ထပ်သွားတော့၏။

"ငါ့ကံကြမ္မာဟာ ငါ့အပိုင်ပဲ၊ ကောင်းကင်ဘုံစေရာ မနာခံနိုင်ဘူး!!!!"

စာစဉ်ပြီး၏

All Chapters