← Chapters

တင်းဟိုင် ပုလဲ

Vol. 9 Ch. 827

တင်းဟိုင် ပုလဲ

Vol. 9 Ch. 827

"ဘာငိုင်နေတာလဲ ... အထုပ်အပိုးပြင်ပြီး ကျူးရန်မြို့က ထွက်ဖို့ပြင်တော့ ...”

ချန်းဖန်က အဘိုးကြီးတင်းကို အမိန့်ပေးလိုက်သည်။

"ဟုတ် ... ဟုတ်ကဲ့ ...”

အဘိုးကြီးတင်းမှာ သတိ ပြန်ဝင်လာကာ လျင်မြန်စွာ ထွက်သွားတော့၏။

သူသည် ချန်းဖန်ကို မူလအဆင့် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက်ဟုသာ ထင်မှတ် ထားခဲ့သည်။ ဖားယားသည့် အနေဖြင့် သူသည် ချန်းဖန်ကို”ဝမ်ရှင်း တန်ခိုးရှင်"ဟု ခေါ်နေသည့်တိုင် ထိုအရာက အမှန်တကယ် ဖြစ်လိမ့်မည်ဟု မယုံကြည်ခဲ့ချေ။

ရွှေအမြုတေ အဆင့်များကား အဆင့်အတန်း အလွန် မြင့်မားသူများ ဖြစ်သည်။ ပေ့ဟန်နယ် တစ်ခုလုံးတွင်ပင် ရွှေအမြုတေအဆင့် သိပ်မရှိလှချေ။

တော်ဝင်မိသားစု၊ တော်ဝင် မြို့တော် မိသားစုရှစ်ခု၊ ကောင်းကင်နယ်မြေ ခြောက်ခုနှင့် အခြား အင်အားကြီး ဂိုဏ်းအချို့တွင်သာ ရှိတတ်ကြသည်။

ယနေ့၌ ချန်းဖန်သည် ရွှေရောင်ကျီးကန်း၏ အမြုတေ ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့၏။

ထိုအရာက သူသည် အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေ၏။ ပို၍ ခန့်မှန်းရပါက သူသည် အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်ပင် ဖြစ်နေနိုင်သေးသည်။

"ဒီလို နေရာမျိုးမှာ အလုပ်လုပ်ရတာထက် ဝမ်ရှင်း တန်ခိုးရှင်ရဲ့ ကျေးကျွန် ဖြစ်ရတာက ငါ့ရဲ့ ကျင့်ကြံခြင်း အတွက် အခွင့်အလမ်း ပိုများလာမှာပဲ ...”

ထိုအတွေးဖြင့် အဘိုးကြီးတင်းမှာ ပို၍ တက်ကြွလာ၏။ သူက လျင်မြန်စွာပင် ဆိုင်အတွင်းရှိ အဖိုးတန် ပစ္စည်း၊ ဆေးဝါးမှန်သမျှကို ထုပ်ပိုးကာ ချန်းဖန်အား ပေးလိုက်သည်။

ထိုပစ္စည်းများမှာ အသုံးမဝင်လှသော်လည်း ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အဘိုးကြီးတင်းကား ကျူးရန်မြို့ အတွင်းရှိ အလျင်မြန်ဆုံး”ပို့ဆောင်ရေး သားရဲ" ကို ငှားယမ်းရန် ခိုင်းလိုက်၏။

ဟူး ... ဟူး ...

ညဘက်သို့ ရောက်သည်နှင့် ချန်းဖန်နှင့် အဘိုးကြီးတင်းတို့မှာ ပို့ဆောင်ရေး သားရဲကို စီးနင်း၍ မြောက်အရပ်သို့ ဦးတည်လိုက်သည်။

ပေ့ဟန်နယ်သည် မိုင်ပေါင်း သိန်းဂဏန်းအထိ ကျယ်ဝန်းကာ ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်ထက် အဆများစွာ ပိုမို ကျယ်ဝန်း၏။ ထိုကျယ်ဝန်းသော နယ်အတွင်း၌ ကျူးရန်မြို့ ကဲ့သို့မြို့များမှာ မရေမတွက်နိုင်အောင် ရှိသည်။

ပေ့ဟန်နယ် တစ်ခုလုံးကို ပြည်နယ် သုံးဆယ့် ခြောက်ခုဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ် တစ်ခုချင်းစီမှာလည်း ကမ္ဘာ၏ မျက်နှာပြင်ခန့် ကျယ်ဝန်းသည်။

ကျူးရန်မြို့ တည်ရှိသည့် ယွင်ပြည်နယ်မှာ တောင်အရပ်၌ ရှိပြီး ရှေးဟောင်း ကျူးဝမ်မြို့ တည်ရှိသည့် ယန်ပြည်နယ်မှာ မြောက်အရပ်တွင် တည်ရှိသည်။ ထိုဒေသနှစ်ခုကား အလွန် ဝေးကွာလှရာ အလျင်မြန်ဆုံး ပျံသန်းလျှင်ပင် ချန်းဖန် အနေဖြင့် တစ်ရက်နှင့် တစ်ညခန့် အချိန်ယူ ရလိမ့်မည် ဖြစ်သည်။

"ဟူး ... ဟူး ...”

ချန်းဖန်သော စီးနင်းလာသော ပို့ဆောင်ရေး သားရဲသည် အတောင်များကို ဖြန့်ကာ ပျံသန်း နေသည်။ ၎င်းသည် ဝိညာဉ်ပင်လယ် အဆင့်သားရဲ တစ်ကောင်ဖြစ်ပြီး မီတာ ငါးဆယ်ခန့် ကြီးမား၏။ ၎င်း၏ ကျောထက်၌ အိမ်ငယ် တစ်ခုပင် ပါရှိရာ ချန်းဖန်တို့မှာ သက်သောင့်သက်သာ လိုက်ပါနိုင်သည်။

"ရွှေအမြုတေ အဆင့်ကို တက်ရတာ ထင်ထားတာထက် အများကြီးပိုပြီး ခက်ခဲတာပဲ ... ဘယ်အချိန် အထိ ငါ့ရဲ့ စွမ်းအားတွေကို လှည့်ဖြားခြင်း ကျင့်စဉ်နဲ့ ဖုံးကွယ်ထားရဦးမယ် မသိဘူး"

ချန်းဖန်က ညအမှောင် အတွင်းရှိ အဆုံးမဲ့ ကြယ်များကို ငေးရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ခုအချိန်မှာ ငါက ဒုက္ခိတ တစ်ယောက်လိုပဲ ... ရွှေအမြုတေ အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားကို ထုတ်သုံးတာနဲ့ မိုးကြိုး ကပ်ဘေးက ဖြစ်ပေါ်လာလိမ့်မယ် ... အဲဒီအခါ ငါ့ရဲ့ အမြုတေကလည်း ရိုးရိုး ကောင်းကင်အမြုတေပဲ ဖြစ်လာလိမ့်မယ်"

ရွှမ်တန့်ချင်ကို သတ်ဖြတ်စဉ် အခါကပင် ကျူးရန်မြို့ ကောင်းကင်၌ မိုးကြိုးတိမ်တိုက် အချို့ ဖြစ်ပေါ်လာသေးသည်။ အကယ်၍ သူသာ ချက်ချင်း မရပ်တန့်လိုက်ပါက ကျူးရန် တစ်မြို့လုံး မိုးကြိုးများဖြင့် ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်သည်။

"ဟူး ... ဟူး ...”

ပို့ဆောင်ရေး သားရဲသည် တစ်ရက်လျှင် မိုင်ထောင်ချီနှုန်းဖြင့် ပျံသန်းနေ၏။ သို့တိုင်အောင် ရှေးဟောင်း ကျူးဝမ်မြို့သို့ ရောက်ရန် သူတို့ အနေဖြင့် ရက်ပေါင်းများစွာ အချိန်ယူ ရပေလိမ့်မည်။

ထိုအချိန် အတောအတွင်း၌ ချန်းဖန်သည် သူ၏ကျင့်ကြံခြင်း လမ်းစဉ်ကို ပြန်လည် သုံးသပ်ကာ အနာဂတ် အတွက် အစီအစဉ်များ ချမှတ် နေခဲ့၏။

"ထျန်းဟောင်ဂြိုဟ်ကို စရောက်တဲ့ အချိန်ကတည်းက ငါက ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမြုတေ ဖွဲ့စည်းခြင်းအဆင့် တစ်ယောက် ဖြစ်နေခဲ့ပြီ ... အဲဒီတည်းက ငါ့ရဲ့ စွမ်းအားက အစောပိုင်း ရွှေအမြုတေ အဆင့်ကို အနိုင်ယူနိုင်တဲ့အပြင် အလယ်ဆင့် ရွှေအမြုတေ အဆင့်တွေနဲ့ပါ ပခုံးချင်း ယှဉ်နိုင်နေပြီ ... ဒါပေမဲ့ အဲဒါတွေ အားလုံးက အဆင့်နိမ့် ရွှေအမြုတေ ပိုင်ရှင်တွေနဲ့ ရင်ဆိုင်တဲ့ အခါမှာပဲ အသုံးဝင်တယ်"

ရွှေအမြုတေ အဆင့်သည် အခြား ကျင့်ကြံခြင်း အဆင့်များနှင့် လုံးဝခြားနား၏။ ရွှေအမြုတေ အဆင့် တစ်ယောက်၏ စွမ်းအားကို ကျင့်ကြံခြင်း အဆင့်၊ ကျင့်စဉ်၊ နတ်ဘုရား စွမ်းအားတို့နှင့် မဆုံးဖြတ်ပဲ ထိုကျင့်ကြံသူ၏ ရွှေအမြုတေ အဆင့်ဖြင့်သာ ဆုံးဖြတ်သည်။

အဆင့်နိမ့် ရွှေအမြုတေ၊ အလယ်ဆင့် ရွှေအမြုတေ၊ အဆင့်မြင့် ရွှေအမြုတေနှင့် ချောင်အဆင့် ရွှေအမြုတေတို့မှာ ကြီးမားသော ကွာခြားချက်ကို ကိုယ်စားပြုသည်။

"ရွှေအမြုတေ အဆင့် တစ်ခု မြင့်တာနဲ့ ကျင့်ကြံသူရဲ့ စွမ်းအားက နှစ်ဆတိုး လာလိမ့်မယ် ... အဆင့်ကိုး ရွှေအမြုတေ ပိုင်ရှင်တွေ ဆိုရင် အဆင့်တစ် ရွှေအမြုတေ ပိုင်ရှင်တွေထက် ကိုးဆ ပိုပြီး အစွမ်းထက် ကြတယ် ... ကောင်းကင်အမြုတေနဲ့ အထွတ်အထိပ် အမြုတေတို့ ဆိုရင် ပိုပြီးတော့တောင် ကွာခြားသေးတယ်"

"ထျန်းဟောင်ဂြိုဟ်က သေးငယ်တဲ့ ဂြိုဟ်တစ်ခုဆိုတော့ သူတို့ဆီမှာ အဆင့်မြင့် ရွှေအမြုတေ ပိုင်ရှင် နည်းနည်းပဲ ရှိလိမ့်မယ်လို့ ငါထင်တယ် ... အလယ်ဆင့် အမြုတေပိုင်ရှင် အရေအတွက်တောင် လက်ချိုးရေလို့ ရလောက်တယ် ... သူတို့ထဲက အများစုက အဆင့်နိမ့်အမြုတေ ပိုင်ရှင်တွေပဲ ဖြစ်မှာ"

"ငါ့ရဲ့ အမြုတေ ငါးခုက မိုးကြိုးကပ်ဘေးကို ရင်မဆိုင်ရသေးဘူး ဆိုတော့ အစစ်အမှန် ရွှေအမြုတေတွေ မဖြစ်လာသေးဘူး ... ဒါပေမဲ့ အခု ငါ့ရဲ့ အားအနည်းဆုံး အမြုတေ သုံးခုကတင် အလယ်ဆင့် ရွှေအမြုတေတွေနဲ့ ယှဉ်နိုင် နေပြီ ... နောက်နှစ်ခုကတော့ အဆင့်မြင့် ရွှေအမြုတေနဲ့ ယှဉ်နိုင်တယ် ... အမြုတေ ငါးခုရဲ့ စွမ်းအားကို ထုတ်သုံးမယ်ဆိုရင် ဒီထျန်းဟောင် ဂြိုဟ်ရဲ့ ရွှေအမြုတေ ထိပ်ဆုံး အဆင့်ကို သတ်နိုင်မှာ သေချာတယ် ...”

ချန်းဖန်က လေပူတစ်ချက် မှုတ်ထုတ် လိုက်၏။

သူ့အနေဖြင့် အထွတ်အထိပ် ရွှေအမြုတေကို ဖွဲ့စည်းရန် အချိန်မည်မျှ ယူရဦးမည် မသိချေ။ သို့သော်လည်း ထိုအရာက အခြေခံ တည်ဆောက်ခြင်း ဖြစ်ရာ သူ မည်ကဲ့သို့ လက်လျှော့နိုင် မည်နည်း။

"ဝှစ် ...”

ထို့နောက် ချန်းဖန်က ရှေးဟောင်း မြေအောက် ပုလဲကို ထုတ်ယူလိုက်၏။

ပုလဲ အတွင်းရှိ ရွှမ်မင်မြစ်ရေ တစ်ဝက်ခန့်မှာ အမြုတေ ဖွဲ့စည်းစဉ် အချိန်က ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ယခု အချိန်၌ ၎င်းမှာ တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာတစ်ခု မဟုတ်တော့သော်လည်း ထိပ်တန်း ကောင်းကင် ရတနာ ဖြစ်နေဆဲ ဖြစ်သည်။

"မိုးကြိုးငါးခု ချိပ်တံဆိပ်က ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ကိုက်ညီမှု မရှိတော့ဘူး ... ငါ့ အနေနဲ့ ဓမ္မရတနာ အသစ်တစ်ခု ထပ်လုပ်မှ ဖြစ်မယ် ... ဒါပေမဲ့ အခု ငါ့ရဲ့ အခြေအနေက တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကိုပဲ ပြုလုပ်နိုင်သေးတယ် ... ဒီ ပုလဲလို ရတနာမျိုးကို တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ လုပ်ပြီး ဖြုန်းတီးပစ်ရမှာ နှမြောစရာ ကောင်းတယ်"

ချန်းဖန်မှာ ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် တွေးနေမိ၏။

ထို့နောက် သူသည် အတိတ်ဘဝမှ ဒဏ္ဍာရီလာ လက်နက် ရတနာများ အကြောင်းကို ပြန်လည် စဉ်းစားလိုက်သည်။ ထိုအထဲမှ တစ်ခုမှ ယခုကဲ့သို့ အခြေအနေမျိုး၌ အသုံးဝင်ကောင်း ဝင်လာနိုင်သည် မဟုတ်ပါလား။

"ဟုတ်ပြီ ... အဲဒါပဲ ...”

နေ့တစ်ဝက် ကြာပြီးနောက် ချန်းဖန်၏ မျက်လုံးများမှာ လင်းလက်သွားသည်။ ထို့နောက် သူသည် ငှက်ကျောပေါ်ရှိ အိမ်ငယ်ထဲတွင် နေထိုင်ကာ ပုလဲအား စတင် သန့်စင်လိုက်သည်။

"ကလန့် ...”

ပုလဲသည် တောက်ပသော အလင်းများကို ထုတ်လွှတ်နေ၏။

၎င်း၏ အတွင်းတွင်မူ ကမ္ဘာငယ်တစ်ခု တည်ရှိနေပြီး အနက်ရောင် ရွှမ်မင်မြစ်သည် ကောင်းကင်၌ စီးဆင်းနေသည်။ ၎င်း၏ အောက်တွင်မူ မြေဆီလွှာနှင့် တောင်တန်းများက အပြင်လောကနှင့် မခြား ဖြစ်ပေါ်နေ၏။

အကယ်၍ လူများသာ ချန်းဖန် ပြုလုပ်နေသည့် အရာကို သိပါက အလွန်အမင်း အံ့အားသင့် သွားလောက်သည်။

ကမ္ဘာတစ်ခု ဖန်တီးခြင်း ...

ထိုအရာကား ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် (အခြေတည်ဝိညာဉ် ပြီးနောက် အထက်ဆင့်) များတွင်သာ ရှိသည့် နတ်ဘုရား စွမ်းအားဖြစ်သည်။

ချန်းဖန်သည် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရန် အလှမ်း ကွာဝေးသေးရာ ထိုသို့သော စွမ်းအားကို ပိုင်ဆိုင် မထားသေးချေ။ သူသည် ရှေးဟောင်း မြေအောက် ပုလဲထံမှ စွမ်းအားကို ငှားယမ်း၍ ကမ္ဘာတစ်ခုကို ဖွဲ့စည်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

သို့ဖြစ်ရာ သူ ဖန်တီးသည့် ကမ္ဘာမှာ သက်ရှိများ နေထိုင်နိုင်သည့် အခြေအနေ ရှိမနေပဲ အဆုံးမဲ့ ရွှမ်မင်ချီများဖြင့်သာ ပြည့်နှက်နေသည်။

"ခရက် ... ခရက် ...”

အဆုံး၌ ပုလဲ အတွင်းရှိ ကမ္ဘာမှာ မိုင်တစ်ရာခန့် အထိ ကျယ်ဝန်းလာ၏။

"ဒါဆို လုံလောက်ပြီ ... အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်တောင် ဒီလို ကမ္ဘာကို မဖွဲ့စည်းနိုင်ကြဘူး ... ဒီ ရွှမ်မင်ကမ္ဘာက ငါ့ အတွက် ကိုယ်ပိုင်ကောင်းကင် နယ်မြေ တစ်ခုလိုပဲ ... သေရေးရှင်ရေး အခြေအနေမျိုးမှာ ဒီရွှမ်မင် ကောင်းကင် နယ်မြေရဲ့ စွမ်းအားကို ထုတ်သုံးမယ် ဆိုရင် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကိုတောင် ငါ ယှဉ်နိုင် လာလိမ့်မယ်"

ချန်းဖန်က ရွှမ်မင်ချီများဖြင့် ပြည့်နှက်နေသော ကမ္ဘာငယ်ကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်၏။

ထိုကောင်းကင်နယ်မြေသည် သေးငယ်သော်လည်း ရွှမ်မင်ချီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ သာမန် ကောင်းကင် နယ်မြေများထက် ပို၍ အစွမ်းထက်သည်။ ၎င်း၌ ပါဝင်သော စွမ်းအားမှာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကို အနိုင်ယူရန် လုံလောက်၏။

"မင်းက ကောင်းကင် နယ်မြေ အဖြစ် ပြောင်းလဲသွားပြီဆိုတော့ ငါမင်းကို အခြား နာမည် တစ်ခု ပေးသင့်တယ်"

ချန်းဖန်က လက်ဖြင့် သူ၏ မေးစေ့ကို ထိရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ဟုတ်ပြီ ... ငါ မင်းကို တင်းဟိုင် ပုလဲလို့ ခေါ်ရမယ်"

တင်းဟိုင်ပုလဲ ...

ထိုအရာမှာ ဒဏ္ဍာရီလာ ရတနာ တစ်ခု၏ အမည်ဖြစ်ပြီး ကမ္ဘာပေါင်း နှစ်ဆယ့် လေးခု၊ ကောင်းကင် နယ်မြေ သုံးဆယ့်သုံးခုကို သယ်ဆောင်ထားသည်။ ထိုပုလဲနှင့် နှိုင်းယှဉ်ပါက ချန်းဖန်၏ တင်းဟိုင်ပုလဲမှာ ကလေး ကစားစရာသာ ရှိ၏။ သို့တိုင်အောင် ချန်းဖန်သည် ထိုနာမည်ကို သဘောကျနေခဲ့၏။

"ငါ ပိုပြီး အစွမ်းထက် လာတဲ့ တစ်နေ့ကျရင် မင်းကို နတ်ဘုရား ရတနာတစ်ခု ဖြစ်အောင် ပြောင်းပေးမယ်"

ချန်းဖန်က သူ၏ လက်အတွင်းရှိ ပုလဲကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်၏။

ထိုအချိန်မှာပင် အဘိုးကြီးတင်း၏ အသံက သူ၏ နားစည်သို့ ရိုက်ခတ် လာခဲ့သည်။

"သခင် ... ကျုပ်တို့ ရှေးဟောင်း ကျူးဝမ်မြို့ တည်ရှိတဲ့ ယန်ပြည်နယ်ကို ရောက်ပါပြီ ...”

***

All Chapters