အခန်း (၃၆၈)
Vol. 27 Ch. 368
အေးစက်ပြီး ခံစားချက်မဲ့သော အမိန့်သံသည် နတ်ဘုရား၏ စီရင်ချက်ကဲ့သို့ ပဲ့တင်ထပ်ကာ နှစ်ရှည်လများ တည်တံ့ခိုင်မြဲခဲ့ပါသည့် ဤရှေးဟောင်း မသေမျိုးဂိုဏ်းကြီး အတွင်းသို့ ပျံ့နှံ့သွားခဲ့သည်။
တိုက်ပွဲ၏ အကျိုးဆက်များကြောင့် ယွီဟွားဂိုဏ်းသည် နေရာတိုင်းတွင် အပေါက်အပြဲများဖြင့် ပြိုကွဲပျက်စီးနေပြီဖြစ်သော်လည်း အသက်ရှင်ကျန်သူအချို့ ရှိနေသေး၏။ ဒီနေရာကလွတ်အောင် ဘယ်လိုထွက်ပြေးရမလဲဟု စဉ်းစားနေကြချိန်တွင် စီရင်ချက်ချသံအား ကြားလိုက်ရသော် မျက်လုံးတို့မှာ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုတို့ဖြင့် ဖျော့တော့လေးလံသွားခဲ့သည်။
“မဖြစ်ဘူး...”
နောက်တစ်ခဏတွင် ကျင့်ကြံသူများအားလုံး တစ်ဦးပြီးတစ်ဦး လှုပ်ရှားကာ ယွီဟွားဂိုဏ်းမှ ကျန်ရှိသူများကို ဝိုင်းဝန်းသုတ်သင်ရှင်းလင်းခဲ့ကြသည်။
အော်ဟစ်သံများနှင့် သနားခံသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
တောင်များ ပြိုကျကာ အဆောက်အအုံများအားလုံး ဖျက်ဆီးခံရပြီး မီးခိုးလုံးများ ထူထပ်စွာ လွင့်ပျံလာလျက် မီးတောက်များက ကောင်းကင်သို့တိုင် တက်လှမ်းနေခဲ့သည်။
“ငါတို့ရဲ့ ယွီဟွားဂိုဏ်း ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဘယ်လိုလုပ် ဒီလောက်အဖြစ်ဆိုးရတာလဲ!?” အပျက်အစီးများကြားတွင် အကြီးအကဲတစ်ဦးက နောင်တရစွာဖြင့် ငိုကြွေးနေခဲ့သည်။
“ရောင်းရင်းတို့၊ ဒီလောကကြီးမှာ ဘယ်သူမှ မပြည့်စုံပါဘူး၊ ကျွန်တော်တို့ကို အခွင့်အရေးတစ်ခုလောက် ထပ်ပေးလို့ မရဘူးလား? မိုးကြိုးပြစ်ဒဏ်ဆိုရင်တောင် ခံယူပါ့မယ်!” အတွင်းဂိုဏ်းတပည့်တစ်ဦးက မျှော်လင့်ချက်ရောင်ခြည်လေးတစ်မျှင်လောက် ရရှိရန် အသည်းအသန် တောင်းပန်စကားဆိုနေခဲ့သည်။
သို့သော် မည်မျှပင် တောင်းပန်တိုးလျှိုးနေစေကာမူ သုတ်သင်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
သာမန်အားဖြင့် ယွီဟွားဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများ အားလုံးသည် ပြင်ပကမ္ဘာတွင် ထိပ်တန်း အင်အားကြီးများအဖြစ် ကျော်ကြားကြပြီး ဂုဏ်ပုဒ်ဂုဏ်ထူးများစွာဖြင့် တန်ဆာဆင်ထားကြသည်။ သို့သော် ယခုအခါ သူတို့အားလုံးမှာ ကြွက်အိုကြီးများကဲ့သို့ ကူကယ်ရာမဲ့ရိုက်နှက်ခံနေရကာ မေးခွန်းထုတ်ခြင်းမရှိ လက်စတုံးသတ်ဖြတ်ခြင်းကိုသာ ခံရတော့လေသည်။
ကံကြမ္မာဆိုတာ အနိမ့်အမြင့်ရှိတတ်တာပဲ။ ဘယ်လောက်တောင် တရားရစရာ ကောင်းလိုက်လေသလဲ?
“ကြည့်စမ်း၊ အဲဒါ ကျမ်းဂန်စောင့်ခန်းဆောင်ပဲ!”
“ဘုရားရေ၊ အတွင်းမှာ တာအိုကျင့်စဥ်ကျမ်းစာတွေ အများကြီး ရှိရမယ်၊ ဦးသူယူပဲဟေ့!”
“သွားကြ!”
ကျင့်ကြံသူ အများအပြားသည် အခွင့်အရေးကို အသုံးချကာ ကျမ်းဂန်စောင့်ခန်းဆောင်ထဲသို့ အပြေးအလွှားဝင်ရောက်ပြီး ကျင့်စဥ်ကျမ်းစာစောင်များအား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုဆောင်းသယ်ယူကြတော့လေ၏။
ယွီဟွားဂိုဏ်းဆိုသည်မှာ အရှေ့ပိုင်းစီရင်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အလျောက် စုဆောင်းထားသော တာအိုကျင့်စဥ်များမှာ နည်းနည်းနောနောမဟုတ်သည်လေ။ ဒါက သူတို့အတွက်တော့ ကြီးမားတဲ့ သွေးဆောင်မှုပဲ၊ အခွင့်အရေးကို လက်လွှတ်ခံလို့ ဘယ်ဖြစ်မလဲ။
ဘုန်း!
ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်မီးလုံးကြီးတစ်လုံး ပြုတ်ကျလာပြီး ကျမ်းဂန်စောင့်ခန်းဆောင်သည် ထိုနေရာတွင် ချက်ချင်းပေါက်ကွဲထွက်ကာ မီးတောက်မီးစများ နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။ တာအိုနည်းပညာများပါဝင်သော ရေတွက်လို့မရသည့် ကျောက်စိမ်းပြားများလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
သူတို့ရှေ့မှ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း စိတ်လှုပ်ရှားနေသော ကျင့်ကြံသူ အများအပြား ကြက်သေသေသွားခဲ့ကြ၏။
ထိုမီးတောက်ကား သူတို့၏ သက်ဝင်လှုပ်ရှားနေသော အိပ်မက်များကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းပင်။
ဒါ ကောင်းကင်ပြစ်ဒဏ်ကျရောက်စေမယ့် ပြစ်မှုမျိုးပဲ။
“ချီးပဲ၊ ဘယ်သူလုပ်တာလဲ? ထွက်လာပြီး ငါနဲ့ တစ်ယောက်ချင်းလာတိုက်စမ်း!” အရပ်ရှည်ရှည် အမျိုးသား ကျင့်ကြံသူ တစ်ဦးက မျက်လုံးများ သွေးရောင်ပြောင်းကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“ဟဲဟဲ၊ သေချာလား?” လှောင်ရိပ်သမ်းနေသော ခပ်ပေါ့ပေါ့စကားသံတစ်သံထွက်ပေါ်လာပြီး အနီရောင်ပုံရိပ်တစ်ခုက လူတိုင်း၏ မျက်စိရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
“ဟိုက်~!!!”
အရပ်ရှည်ရှည် အမျိုးသားမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရ၏။ ရေခဲရေကို ပန်းကန်လုံးတစ်လုံးစာခန့် လောင်းချခံလိုက်ရသလိုပင် ဦးခေါင်းမှ ခြေဖျားအထိ အေးစက်သွားခဲ့သည်။
ဒါ ဘယ်သူမလို့လဲ?
အကြီးအကဲယဲ့ ရဲ့ အချစ်ဆုံး တပည့်ကြီး!
အရပ်ရှည်ရှည် အမျိုးသားမှာ လက်သည်တရားခံကို တစ်ချက်လောက်ပြင်းပြင်းထိုးလိုက်ချင်ပေသည့် ရောက်လာသူကိုမြင်သော် ချက်ချင်းဆိုသလို အောက်ကျို့သွားပြီး သူ့မျက်နှာထက်တွင် ယဥ်ကျေးသောအပြုံးတစ်ပွင့် ပေါ်လွင်လာသည်။
“နတ်...နတ်သမီးဟုန် ကျမ်းဂန်စောင့်ခန်းဆောင်ကို ဘာကြောင့် မီးရှို့ပစ်တာလဲလို့ မေးပါရစေ။ နောင်မျိုးဆက်တွေအတွက် အမွေချန်ထားခဲ့တာ ပိုမကောင်းဘူးလား?”
ဟုန်ချန်ယဲ့က တဟားဟားအော်ရယ်လိုက်သည်။ “အကြောင်းရင်းဆိုတာ မရှိဘူး။ မီးရှို့ချင်လို့ရှို့တာပဲ။ မင်း ဘာပြောချင်လို့လဲ?
“အာ၊ ဒါက”
အရပ်ရှည်ရှည် အမျိုးသား ကြောင်အသွားပြီးနောက်မှ ခပ်ဟဟရယ်ကာ လျှောချလိုက်သည်။ “နတ်သမီးဟုန်က စိတ်ကြီးတတ်တဲ့သူပဲ။ လေးစားပါတယ်၊ လေးစားပါတယ်”
“ဖယ်စမ်း!”
ဟုန်ချန်ယဲ့က ဝတ်ရုံလက်ဖျားကို ခါချလိုက်ပြီး စိတ်မရှည်စွာ မောင်းထုတ်လိုက်သည်။
“ကောင်းပါပြီ!”
အရပ်ရှည်ရှည် အမျိုးသားသည် ကြီးမားသော ခွင့်လွှတ်မှုကို ရရှိသကဲ့သို့ ကြောက်လန့်တကြား အမြန်လှည့်ကား ပြေးထွက်သွားလေတော့၏။
ကျန်သူများလည်း လျင်မြန်စွာပင် လျှပ်စီးပမာ ထွက်ခွာသွားကြသည်။
ပြေးရမှာပေါ့။ သူ့ကိုရန်သွားစမိရင် ကိစ္စတုံးမှာလေ။
“ဟမ့် အုပ်စုလိုက်သတ္တိကြောင်ကြတာပဲ” ဟုန်ချန်ယဲ့ တစ်ချက်မဲ့ရွဲ့လိုက်ပြီး တောက်လောင်နေသော မီးကို လှည့်ကြည့်လိုက်ရာ မီးတောက်များသည် သူ၏ အပြစ်အနာအဆာကင်းမဲ့ပြီး ကမ္ဘာပေါ်ရှိ အမျိုးသမီးအားလုံးကို မနာလိုဖြစ်စေနိုင်သည့် အံ့မခန်းလှပသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။
လှပသော ဖီးနစ်မျက်လုံးများတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
“ဟုတ်တယ်၊ ဒီခံစားချက်ပဲ!”
အတိတ်တုန်းက အလယ်ပိုင်းစီရင်စုတွင် သူအကြိုက်ဆုံးအလုပ်မှာ ကျောင်းတော်များ၏ ကျမ်းဂန်ခန်းဆောင်တို့ကို မီးတင်ရှို့ရခြင်းပင်။ သူများတကာ အပတ်တကုပ် ကြိုးစားစုဆောင်းထားသည့် အရာတစ်ခုကို ဖျက်ဆီးလိုက်ရတာလောက် ကျေနပ်တာမရှိ။ ယခုတော့ အရသာဟောင်းကို ပြန်လည်ခံစားနိုင်လေပြီ။
ယွီဟွားဂိုဏ်း၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ခန်းဆောင်တစ်ခုတွင် တည်ထောင်သူဘိုးဘေးကြီး၏ ရုပ်တုများ ကမ္ပည်းပြားများကို ထားရှိသည်။ အတွင်းမှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေကာ ပတ်ဝန်းကျင်လေထုမှာလည်း လေးနက်သန့်စင်နေသည်။
ဘန်း!
တံခါးမကြီးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သံပင်။
လီဝူကျယ်သည် ဓားရှည်ကို ကိုင်ဆောင်ကာ မဆင်မခြင် ဝင်ရောက်လာခဲ့သည်။
“ဟမ့်၊ ဒီမှာ တစ်ခုခုရှိလောက်မယ်လို့ ထင်ခဲ့တာ၊ ပုပ်နေတဲ့ သစ်သားတစ်ပိုင်းပဲ ရှိနေတာပဲ!” လီဝူကျယ် သည် ထိပ်ဆုံးရှိ ကျောက်စာတိုက်ကို ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ပြောဆိုလာ၏။
ရုတ်တရက် သူ မေးစေ့ကို ပွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယွီဟွားဂိုဏ်း၏ ဘိုးဘေးကြီးကို ကိုယ်စားပြုသော ဤကျောက်စာတိုင်နှင့် ပက်သက်၍ လီဝူကျယ်တွင် ခပ်မိုက်မိုက်အကြံတစ်ခု ရရှိခဲ့လေပြီ။...