← Chapters

ပြန်အိပ်ပြီ

Vol. 27 Ch. 367

ပြန်အိပ်ပြီ

Vol. 27 Ch. 367

“အရည်အချင်း မရှိလှပေမဲ့ ထွက်ပြေးတာတော့ တော်တော်မြန်တယ်” ယဲ့ကျွင်းလင်က ခပ်မဲ့မဲ့မှတ်ချက်ချသည်။

ပိုက်ကွန်ထဲက ငါးနှစ်ကောင်ပဲ လွတ်သွားတာလောက်တော့ အရေးစိုက်နေစရာမလိုပါဘူး။ အားလုံးခြုံပြီး ကြည့်ရင်တော့ တော်တော်လေး ပြည့်စုံ နေပါပြီ။

မရဏတပ် နောက်ထပ် နှစ်ခေါက်လောက်ထပ်လှည့်လာခဲ့ရင်တော့ သူ့ကိုယ်ထဲကမသေမျိုးချီတွေ ကုန်ခမ်းသွားမှာ အမှန်ပါပဲ။

မည်သို့ပင် အင်အားကြီးနေပါစေ ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ဦးအနေဖြင့် ဒဏ္ဍာရီလာ မသေမျိုးအရှင်သခင် မှော်လက်နက်ကို အတင်းအကျပ် အသက်သွင်းရသည်မှာ ချီစွမ်းအင်တော့ အတော်လေးထည့်သုံးရသည်ပင်။

ထို့အပြင် "ချီစွမ်းအင်၏ သုံးသွယ်သော သန့်စင်ခြင်းသဏ္ဌာန်" ကျင့်စဥ်ကိုပါ ထုတ်သုံးခဲ့သည့်အတွက် ကျန်မှော်လက်နက်သုံးခုကို အသက်သွင်းရသည်မှာ အတော်လေးဖိအားများခဲ့လေသည်။

အင်း၊ သူစဥ်းစားနေတဲ့ ဒုက္ခတွေ ဖိအားတွေကို တခြားမသေမျိုးအရှင်တွေသာကြားရင်တော့ ဒေါသထွက်ပြီး သွေးအန်ကုန်ကြမှာပေါ့လေ။

သူ့စွမ်းဆောင်ရည်မှာ ပေါ့သေးသေးဟုတ်မနေခဲ့။ ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ဦးဟာ မသေမျိုးအရှင်သခင် မှော်လက်နက်ကို အသက်သွင်းနိုင်တယ်ဆိုရင် ဒါက ပါရမီရှင်တစ်ယောက်ရဲ့ ဖြစ်တည်မှုပဲလေ။

မသေမျိုးအရှင် မှော်လက်နက် သုံးခုကို တစ်ပြိုင်တည်း အသက်သွင်းတာလား? ဒါဆိုရင်တော့ ပါရမီရှင်ရဲ့ ဘိုးဘေးကြီးလို့ ခေါ်ရတော့မှာပေါ့!

ထိုပြိုင်ဘက်ကင်း ပုံရိပ်ကို ကျင့်ကြံသူများ တွေဝေစွာ စိုက်ကြည့်နေကြပြီး ၎င်းတို့၏ နှလုံးသားများ အခုန်လွန်ကာ ရပ်တန့်တော့မလို ခံစားနေရသည်။

ဘုရားရေ၊ စစ်မှန်သော မသေမျိုးအရှင် သိန်းပေါင်းများစွာကို သူတို့မျက်စိနဲ့တပ်အပ်မြင်လိုက်ရတာ။ သူတို့တစ်ဦးချင်းစီက ခွင်းလွင်နယ်မြေကို ဗြောင်းဆန်သွားအောင် မွှေနှောက်နိုင်စွမ်း ရှိသူတွေပဲ။

ဒါပေမဲ့ အကြီးအကဲယဲ့က သူတို့အားလုံးကို သုတ်သင်ပစ်လိုက်တယ်၊ ထပ်လာတော့လည်း ထပ်လာသလောက် အကုန်သတ်ပစ်လိုက်ပြန်တယ်။

ကြွက်က နွားနောက်ကျောပေါ်တက်ပြီး အတင့်ရဲလို့ကိုက်လိုက်မိတဲ့အခါ တစ်ချက်တည်းနဲ့ ခါချခံလိုက်ရသလိုပေါ့။

ကြမ်းတမ်းတယ်၊ အရမ်းကြမ်းတမ်းတယ်!

ဒီကမ္ဘာမှာ ဒီလို ကြမ်းတမ်းထက်မြက်တဲ့ လူမျိုး ရှိနေတယ်ဆိုတာ စိတ်တောင်မကူးရဲစရာ။

သန်မာတယ်၊ သန်မာတယ်၊ အသန်မာဆုံးပဲ၊ အံ့အားသင့်စရာ၊ ရင်သပ်ရှုမောဖွယ်ရာ၊ ချီးမွမ်းချင်စရာအကောင်းဆုံး!

ခဏတာ တိတ်ဆိတ်ပြီးနောက် ကမ္ဘာမြေကို တုန်လှုပ်စေတော့မတတ် ကျယ်လောင်ပြင်းထန်သော အားပေးသံများ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အရှေ့ပိုင်းစီရင်စုသည် မကြုံစဖူးသော ဘေးအန္တရာယ်တွင်းမှ လွတ်မြောက်ခဲ့ပြီးလေပြီ။ အရှေ့ပိုင်းစီရင်စု၏ ကယ်တင်ရှင်အနေဖြင့် ထိုသူသည် နေမင်းလိုတောက်ပခမ်းနားနေရမည်မှာ သဘာဝကျပါပေသည်။ ရေတွက်လို့မရသော သက်ရှိများအား ဒူးထောက်ကိုးကွယ်စေကာ ကျေးဇူးတင်မှုကို ခံစားစေရမည့် ဖြစ်တည်မှုမျိုးဖြစ်ပါ၏။

“ဟားဟားဟား၊ မင်းတို့ အားလုံး မြင်တယ် မဟုတ်လား? ငါ့ရဲ့ ဆရာသခင်ရဲ့ ကျင့်ကြံဆင့်က ဒီကောင်းကင်နဲ့မြေကြီးကြားမှာ အင်အားအကြီးဆုံးပဲ၊ သူ့ရဲ့ ခွန်အားက နက်ရှိုင်းလွန်းလို့ သာမန်အသိဉာဏ်လောက်နဲ့ နားမလည်နိုင်ဘူး! မသေမျိုးအရှင် သိန်းဂဏန်းလောက်သာမက နောက်ထပ် သန်းချီ၊ ကုဋေချီလောက် ထပ်လာရင်တောင် ဘာမှ မဖြစ်ဘူး!”

လီဝူကျယ်က စိတ်လှုပ်ရှားလွန်း၍ နီရဲနေသောမျက်နှာဖြင့် ရင်ဘတ်ကိုခပ်ပြင်းပြင်းပုတ်ရင်း အာဘောင်အာရင်းသန်သန် ချီးကျူးနေသည်မှာ သူကိုယ်တိုင် ထို‌အောင်ပွဲတွင် ဝင်ရောက်စွမ်းဆောင်ခဲ့သကဲ့သို့။

“ဒီလူက တကယ်ကို အကန့်အသတ်မရှိတာပါလား?” ဟုန်ချန်ယဲ့ မယုံကြည်နိုင်စွာ တီးတိုးရေရွတ်လိုက်သည်။

အစကတော့ တိုက်ပွဲက အလွန်ပြင်းထန်ရှည်ကြာလိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ပြီးစီးအဆုံးသတ်သွားလိမ့်မည်ဟု ‌မျှော်လင့်မထားခဲ့ပေ!

သူ့မှတ်ဉာဏ်ထဲ၌ အစွမ်းထက်ဆုံးဖြစ်ခဲ့သော မသေမျိုးအရှင်တွေဆိုသည်မှာ ယဲ့ကျွင်းလင် လက်ညှိုးတစ်ချက်ခါလိုက်သည်နှင့် အသက်လွင့်သွားသော သတ္တဝါငယ်လေးများ ဖြစ်နေခဲ့သည်။ ဒါကြီးက အရမ်းလွန်လွန်းနေတာ မဟုတ်ဘူးလား?

“မမလေး၊ ကျွန်တော်တို့ အကြီးအကဲယဲ့ ရဲ့ ခွန်အားကို အရင်က တော်တော်လေး လျှော့တွက်ခဲ့မိကြပုံရတယ်” ဓားဆင့်ခေါ် ဂိုဏ်းမှ ဖန်းသယ်ကျန့်က စိတ်လှုပ်ရှားစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

အတိတ်အချိန်များတုန်းကဆိုလျှင် တာအိုမျိုးနွယ်စုတစ်ခုမှ မသေမျိုးအရှင်တစ်ပါး ထွက်ပေါ်လာပြီဆိုသည်နှင့် ထိုမျိုးနွယ်၏ အထွတ်အထိပ်ကာလသို့ ရောက်ရှိပြီဟု သတ်မှတ်နိုင်၏။ လူအများ၏ အမြင်တွင် မသေမျိုးအရှင်ဆိုသည်မှာ မရှုံးနိမ့်နိုင်သော၊ တာအိုလောက ကျင့်ကြံရေးကွင်းဆက်၏ အမြင့်ဆုံးတစ်နေရာမှာ တည်ရှိသော ကျင့်ကြံဆင့်ဟု ယူဆခဲ့ကြသည်။ သို့သော် ယခုတော့ ထိုအယူအဆမှာ လုံးဝလွဲချော်သွားခဲ့ရလေပြီ။

မသေမျိုးအရှင်တွေ အချင်းချင်းကြားက ကွာဟချက်က ဒီလောက်တောင် ကျယ်ပြန့်နိုင်သတဲ့လား?

“မမလေး? နားထောင်နေလား?” ဖန်းသယ်ကျန့် သူ့ဘေးနားက အမျိုးသမီးမှ အကြာကြီး တုံ့ပြန်မှုမရှိသောကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် လှည့်မေးလိုက်သည်။

ထိုအချိန်တွင် အန်းမြောင်ယိမှာ ကြောင်တောင်တောင်ငေးမောလျက်။ သူ့မျက်လုံးတွေဟာ ဓားကိုကိုင်ထားသော အနက်ရောင်ပုံရိပ်ကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး နှလုံးသားက သမင်ပျိုမလေးလို တဒိတ်ဒိတ်ခုန်လှုပ်နေခဲ့သည်။ အသက်ရှူသံများမှာလည်း မြန်ဆန်လှိုက်ဖိုလျက်။

လောလောလတ်လတ် အစွမ်းပြထားသော ပြိုင်ဘက်ကင်းယောက်ျားတစ်ယောက်ကို သူမခုခံနိုင်စွမ်းမရှိလှပေ။

“မမလေး၊ အပြုအမူကို ဂရုစိုက်ပါဦး၊ သွားရည်တွေ စီးကျလုနီးပါး ဖြစ်နေပြီ” ဖန်းသယ်ကျန့်က စိတ်ပျက်လက်ပျက် သတိပေးလိုက်သည်။

အန်းမြောင်ယိ မျက်နှာရဲသွားပြီး ကျခါနီးသွားရည်ကို အလျင်အမြန်သုတ်လိုက်သည်။ ထို့နောက် လက်သီးကိုတင်းတင်းဆုပ်ကာ ဖန်းသယ်ကျန့် ရင်ဘတ်ကို တစ်ချက်ထိုးချလိုက်ရင်း ရှက်ရမ်းရမ်းလာ၏။ “ဦးလေးဖန်း၊ ဘာလို့လျှောက်ပြောနေတာလဲ? ကျွန်မဘယ်တုန်းက သွားရည်ကျလို့လဲ!!”

ဖန်းသယ်ကျန့်မှာ ရင်ဘတ်ကိုဖိပြီး အနောက်သို့ နှစ်လှမ်းသုံးလှမ်းမျှ ဆုတ်သွားရသည်။

မဟုတ်သေးပါဘူး၊ ငါ မင်းကို အကောင်းနဲ့ သတိပေးတာပဲကို၊ မင်းက လက်သီးနဲ့ ပြန်ထိုးတာလား? ငါက မင်းရဲ့ ဦးလေးပါနော်!

ကလေးဘဝတုန်းက ချီပိုးထိန်းကျောင်းခဲ့ရတာတွေရော အကုန် မေ့သွားပြီလား?

“အိုး မဟုတ်ဘူး၊ ဦးလေးဖန်း၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ခုနက တမင်လုပ်တာ မဟုတ်ပါဘူး…” အန်းမြောင်ယိ သူ့အမှားသူ သဘောပေါက်သွားပြီး ကလေးမလေးတစ်ယောက်လို ခေါင်းကိုငုံ့ကာ အလျင်အမြန်တောင်းပန်လာသည်။

“အဟွတ်၊ အဟွတ်” ဖန်းသယ်ကျန့်က ရင်ဘတ်ကိုဖိထားကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြန်ပြောသည်။ “ဦးလေးစကားများသွားတာပါ၊ မမလေး လုပ်စရာရှိတာ ဆက်လုပ် ဆက်လုပ်"

ထိုသို့ပြောရင်း ဖန်းသယ်ကျန့် ရှောင်ထွက်သွားပေးလိုက်သည်။

အန်းမြောင်ယိလည်း စိတ်မကောင်းဖြစ်သွားပြီး သူမ ကိုယ့်ကိုယ်ကိုထိန်းချုပ်တတ်ဖို့ သင်ယူရဦးမည်ဟု တွေးလိုက်သည်။

သွားရည်ထပ်မကျအောင်လို့ပေါ့...

အားပေးသံများ၊ ကြွေးကြော်သံများကြားတွင် ရွှယ်ဝူဟန်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်သိုဝှက်ကာ လက်သီးဆုပ်အရိုအသေပြုရင်း “အကြီးအကဲ ယဲ့!” ဟု နှုတ်ဆက်လိုက်သည်။

“ဘာပြောချင်လို့လဲ"

ယဲ့ကျွင်းလင် ဓားကိုကိုင်လျက် လှည့်ကြည့်လိုက်သည်။

“အမ်၊ ဘာလဲဆိုတော့၊ ကျွန်တော်က အရှေ့ပိုင်းစီရင်စု လူသားမျိုးနွယ်အားလုံးရဲ့ ကိုယ်စား စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြချင်လို့ပါ!” ရွှယ်ဝူဟန် ခဏရပ်လိုက်ပြီးမှ လေးနက်ခန့်ညားစွာ ပြောလိုက်သည်။

“အရှင်ယဲ့ရဲ့ အောင်မြင်မှုတွေကို သမိုင်းမှာ မော်ကွန်းတင်ထားမှာဖြစ်ပြီး နောင်မျိုးဆက်ပေါင်းများစွာတိုင် အမှတ်ရနေစေမှာပါ၊ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး!”

“အင်းပါ၊ မင်းတို့ပျော်ရင် ပြီးတာပဲ”

ယဲ့ကျွင်းလင်ဓားရှည်ကို သိမ်းဆည်းလိုက်ပြီး ပျင်းရိစွာ ခါးကြောဆန့်လိုက်သည်။ “ဒီနေ့ လှုပ်ရှားမှုက အကန့်အသတ်ထက် အများကြီး ကျော်လွန်သွားပြီ။ ငါ သွားအိပ်တော့မယ်။ ကျန်တာ မင်းတာဝန်ယူလိုက်တော့”

ထိုသို့ပြောရင်း သူသည် ခွင်းဖန်းနောက်ကျောပေါ်ရှိ ကျွန်းငယ်လေးဆီသို့ တစ်ချက်အတွင်း ရောက်ရှိသွားပြီး လဲလျောင်းထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ မှီချလိုက်ကာ မျက်လုံးအကာကို ကျွမ်းကျင်စွာ တပ်ဆင်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တမုဟုတ်ချင်း တည်ငြိမ်သွားပြီး မကြာမီပင် အိပ်စက်ခြင်းသို့ ရောက်ရှိလေတော့၏။

သူ၏ဘဝမှာ အလွန်သာမန်ဆန်ကာ အရာအားလုံးကို သာမန်လူတစ်ဦးကဲ့သို့သာ ပြုမူတတ်လေသည်။

ရွှယ်ဝူဟန်၏ လေးစားစိတ်က တိုး၍သာ နက်နဲလာရတော့၏။ “အကြီးအကဲယဲ့ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အမြဲရိုးရှင်းတဲ့ဘဝကို ပိုပြီးခုံမင်တတ်တယ်။ ကျွန်တော်တော့ ဒီတစ်သက် မီနိုင်တော့မယ်မထင်ပါဘူး"

ထို့နောက် ရွှယ်ဝူဟန်၏ အကြည့်သည် ယွီဟွားဂိုဏ်းကို တစ်ချက်ဝေ့ပတ်လိုက်ကာ မျက်လုံးများက အေးစက်သွားပြီး ရက်စက်ပြတ်သားသော ဝတ်ရုံဖြူဓားမသေမျိုးအရှင်၏ ပုံရိပ်သို့ ပြန်လည်ကူးပြောင်းသွားလေတော့သည်။

“ယွီဟွားဂိုဏ်းသည် သစ္စာဖောက်ခြင်းကို ဆိုးယုတ်စွာ ပြုမူခဲ့ပြီး ပြင်ပဂြိုဟ်သားမျိုးနွယ်များနှင့် ပူးပေါင်းကာ မျိုးနွယ်တူများကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ၎င်းတို့၏ ရာဇဝတ်မှုများမှာ ခွင့်လွှတ်၍ မရနိုင်ပါ။ ဂိုဏ်းသားအားလုံးကို တစ်ယောက်မကျန် သုတ်သင်စေ!”

All Chapters