← Chapters

မီးတောက်ဘီလူး ဆေးလုံး

Vol. 112 Ch. 1555

မီးတောက်ဘီလူး ဆေးလုံး

Vol. 112 Ch. 1555

ဘုန်း... ဘုန်း...

တဒင်္ဂ အတွင်းမှာပင် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်မှာ ပေါက်ကွဲကာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် သူတို့ကို နောက်တစ်ကြိမ်ပင် မကြည့်ဘဲ လက်ယာလက်ကို ဆန့်ထုတ်လိုက်၏။

ဝှစ်... ဝှစ်...

သူ့ လက်ထဲ အတွင်း ကလေးလက်သီးအရွယ်ခန့်ရှိသော စိတ်စွမ်းအင် ပင်လယ် သဏ္ဌာန် လုံးဝန်းသည့် အရာနှစ်ခု ပေါ်လာခဲ့သည်။ ၎င်းတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်၏ အသိစိတ်ပင်လယ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များ၏ ကျင့်ကြံခြင်း နည်းလမ်းများနှင့်ပတ်သက်၍ သူ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။

“မိုက်ရူးရဲ ဆန်တဲ့လူတွေပဲ...”

ပိုင်ယုက မထီမဲ့မြင် ပြောလိုက်၏။ သေခြင်းကို ဖိတ်ခေါ်သောသူများမှာ သူတို့၏ ပန်းတိုင်ကို ရောက်ရှိသော အခါ အတိတ်ဆိတ်ဆုံးလူများ ဖြစ်နေတတ်ကြပေသည်။

“…”

ဝေ့ဝူယင်၏ လုပ်ရပ်ကို ကြည့်ရင်း မြင်တွေ့ရသူတိုင်း၏ မျက်နှာအမူအရာများထက်တွင် ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ဖြတ်ပြေးသွားခဲ့၏။ သူတို့၏ မျက်နှာများက စက္ကူတစ်စနှယ် ဖြူရော် လာခဲ့သည်။ အဘယ်မျှ ရက်စက်ကြမ်းကြုတ်လိုက်သနည်း။

ပထမ၌ သူတို့ ဝေ့ဝူယင်ကို ထူးခြားသည့် ရုပ်ရည်နှင့် လူစိမ်းတစ်ဦးဟု သတ်မှတ်ခဲ့ကြသည်။ ထို့နောက်... သူက အသက်ရှူမှားဖွယ် ကောင်းလောက်အောင် အဆင့်မြင့်မားလှသည့် မှော်ဆေးအိုး တစ်ခုကို ထုတ်ဖော်ခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်ကို မျက်မှောင် တစ်ခပ်စာမျှ အတွင်း သတ်ဖြတ်ပစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူက သာမန်မဟုတ်သည်မှာ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။

“…”

အားလုံး တိတ်ဆိတ် ငြိမ်သက် နေကြ၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ သူတို့၏ တုန့်ပြန်မှုများ အပေါ် ဂရုမစိုက်ပါ‌ချေ။ သူက အသိစိတ်ပင်လယ်နှစ်ခုကို ရှန့်ထိုလက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်း လိုက်ကာ သက်ဆိုင်ရာ မှတ်ဉာဏ်များကို ထုတ်ယူရန် အတွက် အဂ္ဂိရတ် ဧဒင် ကြယ်အင်အားကို အသုံးပြုလိုက်သည်။ ထို့နောက်... မှတ်ဉာဏ်များကို စစ်ထုတ်ပြီး စနစ်တကျစီစဉ်ရန် ဒုတိယစိတ်ထံသို့ ပေးပို့လိုက်သည်။

မကြာခင်မှာပင် အဇူရာမူလ ကြယ်စင်စု အကြောင်း၊ သူတို့၏ ကျင့်ကြံခြင်း ခရီးလမ်းများ၊ ဇာတိမြေများနှင့် သက်ဆိုင်သော အသိပညာများကို ရရှိလာခဲ့တော့သည်။

“စိတ်ဝင်စားစရာပဲ”

ဝေ့ဝူယင် ရေရွတ်လိုက်၏။ သူတို့၏ မှတ်ဉာဏ်များမှ တစ်ဆင့် များစွာသော အကြောင်းအရာများကို ဝေ့ဝူယင် တွေ့ရှိခဲ့ရသည်။ ၎င်းက အာကာသ ဝေဟင်ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူ သိထားသည်ထက်ပင် များစွာ ပိုမို များပြားပေသည်။

သူတို့၏ မှတ်ဉာဏ်များ အတွင်း စိတ်ဝင်စားစရာအကောင်းဆုံးအချက်များထဲမှ တစ်ခုမှာ သူတို့ ကျင့်ကြံထားသည့် ကျင့်ကြံခြင်း နည်းလမ်းများ၊ ကျင့်စဉ်များ၊ အစီအရင်များနှင့် အလွှာအပြင်က လောကမှ ‘အဆင့်နိမ့်’ မျိုးနွယ်လေးခုအပါအဝင် အမျိုးမျိုးသော မျိုးနွယ်များအကြောင်း ထိုးထွင်းဉာဏ်များပင် ဖြစ်သည်။

“သခင်.. နောက်ထပ်လိုသေးလား”

ပိုင်ယု၏ လေသံက ပုံမှန်မဟုတ်စွာပင် သွေးဆာနေ၏။ ထိုနေရာ၌ ရှိနေသည့် လူတစ်ဦးတစ်ယောက်ကိုမှ သူမ ဂရုမစိုက်ကြောင်း ဝေ့ဝူယင် ခံစားမိနေခဲ့သည်။ ဝေ့ဝူယင်၏ အဂ္ဂိရတ် ဝိညာဉ်မှာ စိတ် တာအိုနှင့် ပေါင်းစပ်ကာ စိတ်၏ လျှို့ဝှက်ဆန်းကြယ်သော ကဏ္ဍများကို ထုတ်ယူနိုင်စွမ်းများ ရှိနေကြောင်း သိရှိလိုက်သည်နှင့် သူမမှာ အန္တရာယ်တွင်းထဲ ခုန်ချချင်သည့် ထိုအရူးများအပေါ် ကပ်ဘေး တစ်ခုဆောင်ကျဉ်းရန် ဝေ့ဝူယင်ကို သိမ်မွေ့စွာ တိုက်တွန်းနေခဲ့လေသည်။

သို့သော်လည်း... လောဘသားများ အတွက် ကံကောင်းသွားသည့် အရာ တစ်ခုက ဝေ့ဝူယင်မှာ အကျိုးအကြောင်းမရှိ၊ ရည်ရွယ်ချက်မရှိဘဲ သတ်ဖြတ်ခြင်းကို စိတ်မဝင်စားခြင်း ဖြစ်ပေသည်။

ဝေ့ဝူယင်၏ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့ကျလာသည်ကို ခံစားလိုက်ရလေရာ ပိုင်ယုမှာ တိတ်ဆိတ်သွားခဲ့၏။ သူမ အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း ဝေ့ဝူယင်၏ အဆင့်အတန်းနှင့် စွမ်းအားကို ပြန်လည် တွေးကြည့်လိုက်သောအခါ... ထိုပုဂ္ဂိုလ်များ၏ အဆင့်နိမ့်သော သွေးများက သူ့လက်ကို ညစ်ပတ်အောင်လုပ်ရန် အနည်းငယ် နိမ့်ကျလွန်းနေသည်ဟု သူမ ယူဆလိုက်သည်။

ဝေ့ဝူယင်က တိတ်တဆိတ်ပင် စင်မြင့်တစ်ခုလုံးကို နောက်တစ်ကြိမ် ပြန်လည် ဖြန့်ကျက် ကြည့်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်ပြီး နောက်တွင် သူ၏ တည်ငြိမ်သော အမူအရာက လျှို့ဝှက် အာဏာရှင် အဆင့် ကာကွယ် စောင့်ကြပ်သူတိုင်းနှင့် အမဲလိုက်သူတိုင်းကို နောက်သို့ အဆင့်အနည်းငယ် ဆုတ်သွားစေခဲ့သည်။ သူတို့က ဝေ့ဝူယင်နှင့် အကြည့်ချင်း ဆုံမှာ ကြောက်ရွံ့နေကြသည့် အလား အကြည့်လွှဲသွားကြ၏။ တစ်ချိန်တည်း၌ အချို့ကတော့ သူတို့၏ နိမ့်ကျမှုကို လက်ခံသော သဘောဖြင့် အနည်းငယ် ဦးညွှတ်ပြလိုက်ကြသည်။ တစ်ချို့ကလည်း အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ညင်သာစွာ တံတွေးမျိုချကြသည်။

အချို့သော လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေးများကတော့ ဝေ့ဝူယင်ကို စိတ်ဝင်စားမှုပြနေသည့် လက္ခဏာဖြင့် တောက်ပသော မျက်လုံးများနှင့် စောင့်ကြည့် နေခဲ့ကြသည်။ သူတို့၏ စိတ်ထဲတွင် ဘာရှိနေသည်မှာ ရှင်းလင်းလှသည်။

“သူက ဘယ်သူလဲ”

သတ္တိကောင်းသူ အချို့က သူတို့၏ အနီးအနားရှိ ရန်သူများနှင့် မဟာမိတ်များကို မေးမြန်းလိုက်ကြသည်။ ထိုငွေရောင်မျက်လုံးနှင့် ခန့်ညားသည့် နတ်ဆိုးမှာ သူတို့ အတွက် ယခုတိုင် အဖြေမရှာနိုင်သေးသည့် လျှို့ဝှက်ချက်တစ် ခုဖြစ်သည်။ မေးခွန်းများက နယ်ပယ် ကျယ်ပြန့်ကာ များပြားလှသော်လည်း အဖြေကတော့ တသမတ်တည်းပင်။

“မသိဘူး”

“...”

အခြားတစ်ဖက်၌ ဝေ့ဝူယင်က သူတို့ကို လျစ်လျူလိုက်ရင်း လက်ဖဝါးကို ကြည့်လိုက်သည်။ တစ်မိနစ်ကြာပြီးနောက်... လက်သည်းခွံအရွယ် ငွေရောင် တောက်ပနေသည့် အာကာသ အတုံးလေးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းအား ပေးပို့လိုက်သူက ဝမ်ယုထျန်းပင် ဖြစ်ကာ မီးတောက်ဘီလူးဆေးလုံးအတွက် ဆေးဖော်စပ်ရန် ကုန်ကြမ်းပစ္စည်းများ၏ တစ်သုတ် ပါရှိသည်။

မီးတောက်ဘီလူးဆေးလုံးသည် မီးဓာတ်ကို ကိုယ်စားပြုသည့် ကျင့်ကြံခြင်း ဆေးလုံး တစ်မျိုးဖြစ်ကာ၊ မီးကျင့်ကြံသူများ၊ အထူးသဖြင့် မီး သို့မဟုတ် ယန်အ အထူးပြု ကျင့်ကြံခြင်း ဝိညာဉ်ရှိသူများအတွက် သင့်လျော်သည်။ တစ်ခါတုန်းက ဝေ့ဝူယင်မှာ ထိုဆေးလုံး အနည်းငယ်ကို ဟုန်ရု အတွက် ဖော်စပ် ပေးခဲ့ဖူးသည်။ သူမက ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာရန် သဘောတူညီခဲ့ပြီးသည့်နောက်တွင် သူမအား ပေးခဲ့သည့် လက်စွပ် အတွင်း ထည့်သွင်းပေးခဲ့သည်။

မီးတောက်ဘီလူးဆေးလုံးမှာ ပုံမှန် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုမဟုတ်ပေ။ ၎င်းမှာ ပုံမှန် ဆေးလုံးများထက် အရွယ်အစား ငါးဆပိုကြီးသော ‘ဘီလူး’ ဆေးလုံးဖြစ်သည်။ ၎င်းမှာ ပိုမို ကြီးမားရုံသာမက ပုံမှန် အဆင့်ရှစ် ဆေးလုံးများထက် ထိန်းချုပ်မှုနှင့် ပေါင်းစည်းမှုတို့အတွက် ပိုမိုမြင့်မားသော လိုအပ်ချက်များရှိနေလေရာ သန့်စင်ရာတွင်လည်း ပို၍အခက်အခဲရှိသည်။

“ပုံမှန် အဂ္ဂိရတ် တိုက်ပွဲတွေမှာ ဆိုရင် အရွယ်အစား မတူတဲ့ ထုတ်ကုန်တွေကို ရှောင်ကြတာ များတယ်”

ဝေ့ဝူယင်က ညင်သာစွာ မှတ်ချက်ပြုလိုက်၏။ ကျယ်ပြောလှသော အဂ္ဂိရတ် တာအိုအတွင်းတွင် ဆေးလုံးများမှာ ထူးဆန်းစွာပင် အရွယ်အစား တူညီနေတတ်ကြကာ ဆေးတောင့်များကတော့ အရွယ်အစား အမျိုးမျိုး ရှိတတ်ကြသည်။ ထာဝရ ပြန်လည်မွေးဖွားခြင်း ဆေးလုံး သို့မဟုတ် ကျိုးပဲ့ နတ်ဘုရား နယ်မြေ ဆေးလုံးဖြစ်စေကာမူ.... အဆင့်တစ်မှ အဆင့်ကိုး အထိ ဆေးလုံးအားလုံးမှာ တူညီသည့် အရွယ်အစားနှင့် ပုံသဏ္ဌာန်ရှိကြ စမြဲသာ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်က အလေးချိန်၊ အရောင်နှင့် အော်ရာများသာ ဖြစ်ပေသည်။

တစ်ခုတည်းသော ချွင်းချက်က ငလက်မနှင့် ဘီလူး အရွယ်အစား ဆေးလုံးများ ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့မှာ ပုံမှန် စံနှုန်းထက် ငါးဆ ပိုမို သေးငယ်ပြီး ငါးဆ ပိုမိုကြီးမားသည်ဟု အသီးသီး အဓိပ္ပာယ်ရသည်။ ၎င်းတို့နှစ်ခုစလုံးတွင် ကိုယ်ပိုင် အားသာချက်များနှင့် အားနည်းချက်များ ရှိပြီး အထင်ရှားဆုံးမှာ ငလက်မ ဆေးလုံးများကို ကိုယ်ဝန်ဆောင်နှင့် မီးနေ မိန်းကလေးများ မကြာခဏ အသုံးပြုကြသည်။ ၎င်းနှင့် ဆန့်ကျင်ဘက်ပင် ဘီလူးအရွယ်အစား ဆေးလုံးများကိုတော့ အနှောင့်အယှက်မရှိဘဲ ကြာရှည်စွာ ကျင့်ကြံလိုသူများက အသုံးပြုကြသည်။

ဘယ်လို ထုတ်ကုန်မျိုးပဲ ပေးစေကာမူ... ဝေ့ဝူယင် ဂရုမစိုက်ပါချေ။ သူ့အတွက်တော့ အားလုံးက အတူတူပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ရှိ လူများထံမှ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားခြင်းမရှိသလို အခြားလူများလိုမျိုး အကာအကွယ် ဝင်္ကပါများကိုလည်း တည်ဆောက်ခြင်း မပြုခဲ့ချေ။ သူ၏ စောစောပိုင်းက လုပ်ရပ်ကပင် များစွာသော လူများကို သတိပေးရန် လုံလောက်ပြီး ဖြစ်သည်။ သူ့အတွက် ကြောင်လက်သည်းဝှက် နေစရာ အကြောင်း မရှိဟု ယူဆထားသည်။

လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး၏ ကျွမ်းကျင်မှုနှင့် အတူ ဝေ့ဝူယင်မှာ ကုန်ကြမ်း ပစ္စည်းများကို စတင် ထုတ်ယူလိုက်၏။ သန့်စင်သည့် မန်နာစွမ်းအင်နှင့် အတူ ကုန်ကြမ်း ပစ္စည်းများအား ကိုင်တွယ်နေသည့် ပုံစံ ပင်လျှင် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ နှလုံးသားများကို ပြင်းထန်စွာ တုန်ယင်စေရန် လုံလောက်ပေသည်။

ဝှစ်... ဝှစ်...

တစ်ခဏမျှ အချိန်အတွင်းမှာပင် ဝေ့ဝူယင်မှာ ကုန်ကြမ်း ပစ္စည်းတစ်ခုချင်းစီမှ စွမ်းအင်၊ အာနိသင်များကို ထုတ်ယူကာ မှော်သန့်စင် ဆေးအိုး အတွင်း ထည့်သွင်းခဲ့ပြီး ဖြစ်လေသည်။

***

All Chapters