← Chapters

နောက်ဆုံးအဆင့်

Vol. 112 Ch. 1559

နောက်ဆုံးအဆင့်

Vol. 112 Ch. 1559

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဝမ်ယုထျန်း၏ အခြေအနေ ပြန်လည် တည်ငြိမ်လာအောင် စောင့်ပြီး နောက်တွင်မှ သူက...

“ခင်ဗျားက ကျွန်တော် အလုပ်မရှုပ်အောင် လုပ်ပေးလိုက်တာ မှန်ပေမယ့် ဒီလောက်ကြီး အလျင်စလို လုပ်ဖို့ မလိုပါဘူး”

မည်သို့ပင်ဖြစ်စေ ဝေ့ဝူယင်မှာ နောက်ဆုံးတွင် ရှစ်ဆယ့်တစ်ကြိမ်မြောက် အဆင့်သို့ ကျိန်းသေ ရောက်ရှိလာမည်ပင်ဖြစ်သည်။

ဝမ်ယုထျန်း၏ ခါးသီးသော အပြုံးက ကူကယ်ရာမဲ့ အဖြစ် ပြောင်းလဲသွားခဲ့၏။

“ငါဒါကို မင်းအတွက် လုပ်တာ မဟုတ်ဘူး... ငါ့အတွက် ငါ လုပ်ခဲ့တာပါ... ကောင်လေး... မင်းရဲ့ အခြေအနေက ဒီပြိုင်ပွဲကို ကိုင်တွယ်ဖို့ အတွက် အလွန်ခက်ခဲစေတယ်... စည်းမျဉ်းတွေကို သတ်မှတ်တုန်းက အရာအားလုံးကို ထည့်မစဉ်းစားခဲ့ဘူး ဆိုပေမဲ့ သေဆုံးမှုတွေကို မရေမတွက်နိုင်အောင် များပြားစေနိုင်တဲ့ စည်းမျဉ်းတစ်ခုတော့ ရှိတယ်”

ထိုကဲ့သို့ ပြောပြီးနောက် ဝမ်ယုထျန်းက အလွှာအပြင်က လောကမှ လူငယ် မျိုးဆက်များ၊ ထျန်းရှောင်လော့၊ ချင်ကူးယဉ်နှင့် ဝေ့ဝူယင်၏ အဂ္ဂိရတ် အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။

“ဟုတ်လား...”

ဝေ့ဝူယင် မျက်ခုံးပင့်လိုက်၏။ ဝမ်ယုထျန်းက ညင်သာစွာ ရယ်မောလိုက်သည်။

“မင်းရဲ့ မဟာမိတ်တွေကို တစ်ခုခုဖြစ်ခဲ့ရင် မင်းက ဒီနေရာတစ်ခုလုံးကို ဘာမှ မတွေးပဲ ဖျက်ဆီးပစ်လိမ့်မယ် ဆိုတာ ငါယုံတယ်”

ဝေ့ဝူယင်မှာ ပြိုင်ပွဲနှစ်ခုကို ပေါင်းစည်းရန် ကြောက်မက်ဖွယ် စွမ်းအားအား အသုံးပြုခဲ့သည်ကို သူ သတိရနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ခွန်အားကြောင့်ပင် သူသာ ဒေါသထွက်လာပါက ဝိညာဉ်အသွင် လူအိုကြီး အနေဖြင့် သူ လုပ်နိုင်သည့်အရာမှာ အလွန်နည်းပါးပေမည်။

“ငါ့ရဲ့ အစစ်အမှန် ဝိညာဉ် ရင်းမြစ်က ဒီနေရာမှာ ရှိနေတယ်... မင်းသာ ဖျက်ဆီးပစ်လိုက်မယ် ဆိုရင် ဒါမှမဟုတ် ထိခိုက်စေခဲ့ရင် ငါ့ရဲ့ ကိစ္စတွေကို ဖြေရှင်းပြီး နှုတ်ဆက်ဖို့ပဲ ရှိတော့တယ်”

ဝမ်ယုထျန်းက ထပ်လောင်းပြောလိုက်၏။

ဝေ့ဝူယင် အံ့အားသင့် သွားခဲ့သည်။ သူ၏ အစစ်အမှန် ဝိညာဉ် ရင်းမြစ်က ဤနေရာတွင် ရှိနေသည်လား။ ဝေ့ဝူယင် ဝမ်ယုထျန်းနှင့် ထာဝရ ဧကရာဇ်တို့အကြား ပတ်သက်မှုများကို သိချင်လာခဲ့၏။ သို့သော်လည်း ဝိညာဉ် ကျိန်စာများကြောင့်ပင် ထိုအချက်အလက်များမှ ကန့်သတ်ခံထားရပေသည်။ သူ ထာဝရ အစည်းအရုံး၏ ဘဏ္ဍာတိုက်ထဲမှ ရရှိခဲ့သည့် ဝိညာဉ်ကျိန်စာ ချိုးဖျက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန် နည်းလမ်းများမှာ ဝိညာဉ်အသွင်များ၊ မူလ နတ်ဆိုးများနှင့် သားရဲများ အပေါ်တွင် အကျိုးသက်ရောက်မှု မရှိပါချေ။

အကြောင်းရင်းကိုတော့ သူ မသိသေးချေ။ ဖြစ်တည်မှုဆိုင်ရာ မူဘောင်နှင့် အပြန်အလှန် အကျိုးသက်ရောက်မှုတို့ အရ ထိုသတ္တဝါသုံးမျိုးမှာ လူသားများ၊ နတ်သူငယ်မျိုးနွယ် အယ်ဗန်များ၊ နတ်ဆိုးမျိုးစပ်များ၊ ရှို့ရန်များ၊ ကောင်းကင်မျိုးနွယ်များ၊ တိုက်တန်များနှင့် အခြေခံအားဖြင့် ကွဲပြားသည် ဟု ယူဆလို့ ရပေသည်။

“စိတ်ချပါ... ကျုပ် အဲလိုလုပ်မှာ မဟုတ်ပါဘူး”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ ဝမ်ယုထျန်း၏ အစစ်အမှန် ဝိညာဉ် ရင်းမြစ် ဤနေရာ၌ ရှိနေသည်ကို သိရှိးပြီနောက်တွင် သူ မည်သည့် အရာကိုမှ ပေါ့ပေါ့ဆဆ လုပ်တော့မည် မဟုတ်ချေ။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက မည်မျှ ကြည်လင်နေသည်ကို ကြည်ရင်း ဝမ်ယုထျန်း တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။

“ထုတ်ကုန်တွေ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ပြိုင်ပွဲမှာ ထူးဆန်းတဲ့ စည်းမျဉ်းတွေ ရှိတယ်.... စံနှုန်းပေါ် မူတည်ပြီး ပြောင်းလဲမှုတွေက အချိန်နဲ့ တစ်ပြေးညီ ဖြစ်လာနိုင်တယ်... အခု မင်းက အဆင့်ရှစ် ဆေးညွှန်းနဲ့ ကုန်ကြမ်းပစ္စည်းတွေကို သုံးပြီး အဆင့်ကိုး ဆေးလုံးတစ်လုံးကို ဖော်စပ်လိုက်ပြီ ဆိုတော့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ယောက်ကိုလည်း အလားတူ လုပ်ဖို့ စေခိုင်းတာမျိုး ဖြစ်လာနိုင်တယ်”

“...”

နောက်ဆုံး၌ ဝေ့ဝူယင်မှာ ဝမ်ယုထျန်းက သူ့ကို အတင်းအကြပ် ဖြတ်သန်းခိုင်းရသည့် အကြောင်းရင်းကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်ကတော့ သူ ခါးသီးစွာ ပြုံးရသည့် အလှည့်ပင် ဖြစ်သည်။

“အဆင့်တစ်ခုချင်းစီမှာ ထုတ်ကုန် ဘယ်နှစ်ခုပါလဲ...”

“အဆင့်ခုနစ် ၁၄ လုံး၊ အဆင့်ရှစ် ၁၄ လုံးနဲ့ အဆင့်ကိုး ၁၄ လုံး စုစုပေါင်း လေးဆယ့်နှစ်လုံး ရှိတယ်... မင်းသာ ဒီအဆင့်ကို ဖြတ်ကျော်သွားခဲ့ရင် အဆင့်ကိုး မဟုတ်တဲ့ ထုတ်ကုန်တိုင်း အဆင့်ကိုး ဖြစ်အောင် အတင်းအကြပ် မြှင့်တင်တာကို ခံရလိမ့်မယ်... အနည်းဆုံး ဆယ့်ရှစ်လုံးလောက်ပေါ့... နောက်ဆုံးမှာ အဆင့် ခုနစ်နဲ့ အဆင့်ရှစ် ထုတ်ကုန် ငါးလုံးစီနဲ့ အဆင့်ကိုး ထုတ်ကုန် သုံးဆယ်နှစ်လုံး အထိ ရှိလာလိမ့်မယ်... အဲဒီလို ဆိုရင် ပထမ အဆင့်မှာတင် အကုန် သေကုန်လိမ့်မယ်”

ဝမ်ယုထျန်းက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။ သို့သော်လည်း သူ၏ ရှင်းပြမှုများက ဝေ့ဝူယင်၏ လုပ်ရပ်များမှာ အခြားသူများ အပေါ် မည်မျှ ဒုက္ခရောက်စေကြောင်း နားလည်ဖို့ လုံလောက်ပေသည်။

သို့သော်လည်း ဝေ့ဝူယင်က ရယ်မောလိုက်၏။

“ခင်ဗျားက ကျုပ်ရဲ့ နောက်လိုက် အဂ္ဂိရတ် ပညာရှင်တွေကို အထင်သေးနေတာပဲ”

ပြိုင်ပွဲအတွင်း ဝင်ရောက်လာသည့် အဂ္ဂိရတ် ပညာရှင်များမှာ သူ၏ လမ်းညွှန်မှုများနှင့် သင်ကြားမှုများကို စနစ်တကျ ရရှိထားသူများ ဖြစ်သည်။ ထာဝရတိုက်ပွဲ၏ လက်ရှိ စည်းမျဉ်းများသည်ပင် အနည်းငယ် ကန့်သတ်ထားလွန်းသည်ဟု ဝေ့ဝူယင် ခံစားရသည်။ ပြင်ပ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေကြသည့် အာဏာရှင် အဖွဲ့သားများလိုပင် ဝေ့ဝူယင်မှာ သူတို့ တစ်ဦးချင်းစီအတွက် ရည်မှန်းချက်များ သတ်မှတ်ပေးထားသည်။

ဝမ်ယုထျန်းမှာ ဝေ့ဝူယင်ထံမှ ပြင်းထန်သော ယုံကြည်မှုကို ခံစားလိုက်ရ၏။ ကြည့်ရသည်က... မကြာခင်မှာပင် ထာဝရတိုက်ပွဲ အတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ပါရမီရှင်လေးများမှာ သူတို့၏ မာနတရားနှင့် ယုံကြည်မှုကို ထိခိုက်စေမည့် ကြီးမားသော ထိုးနှက်ချက်များအား ခံစားရတော့မည် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူတို့ကို တစ်ချက် ဝှေ့ကြည့်လိုက်ရင်း ဝမ်ယုထျန်း၏ မျက်ဝန်းများထဲတွင် သနား ဂရုဏာ သက်သည့် အရိပ်အငွေ့များ ဖြတ်ပြေးသွားခဲ့လေ၏။

“ဆိုတော့ ကျုပ်က ဆုတွေရဖို့ ထိုင်စောင့်ရုံပေါ့ ဟုတ်လား...”

ဝေ့ဝူယင် မျက်ခုံးပင့်လိုက်သည်။ ထာဝရတိုက်ပွဲတွင် မယုံနိုင်စရာ ကောင်းလောက်အောင် များပြား ကောင်းမွန်လှသော ဆုလာဘ်များ ရှိနေကြောင်း သူသိသည်။ ထို့ကြောင့်ပင် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ အလွှာအပြင်က လောကသားများနှင့် ပြည့်နှက်၍ သေဆုံးနှုန်း မြင့်မားလှသော တိုက်ပွဲတွင် ထျန်းရှောင်လော့ကို ပါဝင် ယှဉ်ပြိုင်ဖို့ စေခိုင်းခဲ့ခြင်း ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာမှာ ဆုလာဒ်က မည်သည့် အရာများ ဖြစ်ကြောင်း သူ မသိခြင်း ဖြစ်သည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ ထာဝရ တိုက်ပွဲတစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ဖူးသည် ဆိုသော်လည်း ထိုအရာက အလွှာကြားက လောက အတွင်းရှိ လူကြီးမျိုးဆက်များ၏ တိုက်ပွဲသာ ဖြစ်ပေသည်။ အစောပိုင်းက သူ သတ်ဖြတ်လိုက်သည့် ပြိုင်ပွဲဝင် နှစ်ယောက်၏ မှတ်ဉာဏ်များထဲတွင်ပင် မရေရာသည့် အကြောင်းအရာများသာ ပါဝင်ပေသည်။ သို့သော်လည်း... ဆုလာဘ်များမှာ အလွန် ကြီးကျယ် ခမ်းနားလှကြောင်းကိုတော့ သူတို့ ရှင်းလင်းစွာ သိရှိထားကြပေသည်။ နောက်ဆုံးသော ဆုလာဘ် ဆိုလျှင် နဂါးဂိတ်တံခါး တစ်ခုလိုပင် အဖိုးတန်သည်။

ထို့အပြင်... သက်ဆိုင်ရာ ဂိုဏ်းအဖွဲ့အစည်းများမှ ပေးအပ်သည့် ဆုလာဘ်များမှာလည်း အံ့မခန်းပင် ဖြစ်သည်။ ထာဝရ တိုက်ပွဲ၏ အဆင့်သုံးကို ရောက်ရုံဖြင့်ပင် ထိုအဖွဲ့အစည်းများမှာ သူတို့၏ လူငယ်များကို လျှို့ဝှက် အရင်းအမြစ်များစွာ ပေးအပ်သည်။ သူတို့၏ အဂ္ဂိရတ် ဌာနခွဲများတွင် အကြီးအကဲ ရာထူးများနှင့် အမျိုးမျိုး ထူးကဲသော ရွေးချယ်ခံ ရာထူးများကို ချီးမြှင့်သည်။ ထို့ကြောင့်ပင် တိုက်ပွဲများမှာ အလွန် ပြင်းထန်ခြင်း ဖြစ်သည်။

“အဆင့်တစ်ခုကို ရောက်ရင် ရှေ့ဆက် မတိုးပဲ ဆုလာဘ်တွေ ယူပြီး နောက်ဆုတ်လို့ ရတယ်... ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်နေတဲ့ လူတွေ ဒါမှမဟုတ် သေဆုံးသွားနိုင်ချေ ရှိတဲ့လူတွေ အတွက် ရွေးချယ်စရာ တစ်ခုပေါ့.. ထာဝရ တိုက်ပွဲက အရမ်းကြီး ရက်စက် ကြမ်းကြုတ်နေတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အဲဒီ အခွင့်အရေးကို ရဖို့ အတွက်တော့ သတ်ဖြတ်ထားတဲ့ အဆင့် တစ်ခုရောက်အောင် ပြီးမြောက်ဖို့တော့ လိုတာပေါ့...”

ဝမ်ယုထျန်းက ရှင်းပြလိုက်သည်။ အခြေခံအားဖြင့်... သူက ဝေ့ဝူယင်ကို ဤနေရာတွင် ရပ်ရန် ရွေးချယ်ခွင့် ပေးနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း... ထိုရှင်းပြချက်က အနည်းငယ် ထူးဆန်းနေသည်ကို သူ ကိုယ်တိုင် သဘောပေါက်လိုက်သည်။

“ဒါထက် ပိုတဲ့ အဆင့် ရှိသေးလား...”

သူ သိထားသမျှ မှတ်ဉာဏ်များ အရ ဆိုလျှင် ရှစ်ဆယ့်တစ်ကြိမ်မြောက် အဆင့်မှာ အလွန် ခမ်းနား ထည်ဝါလှသော အကျိုးကျေးဇူးများနှင့်အတူ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ဖြစ်သည်။ သို့သော်လည်း... ဝမ်ယုထျန်း၏ စကားလုံးများက ထိုထက်ပိုရှိသေးသည်ဟု အကြံပြုနေသည်။

“ရှိတယ်... တကယ်တော့ နောက်ထပ်တစ်ဆင့်ပဲ ရှိပါတော့တယ်... ဒါပေမယ့် အောင်မြင်ဖို့ အရမ်း ခက်ခဲတယ်... နောက်ပြီး မင်းသာ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင် ခု ရရှိထားတဲ့ ဆုလာဘ်တွေ အားလုံးကို ဆုံးရှုံးသွားလိမ့်မယ်”

ဝမ်ယုထျန်းက လေးနက်စွာ သတိပေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက တလက်လက် တောက်ပလာခဲ့သည်။ ဤသည်မှာ စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။ သို့ဖြစ်လေရာ သူ မည်ကဲ့သို့ ငြင်းဆန်နိုင်မည်နည်း။

“ကဲ... လုပ်လိုက်ကြရအောင်ဗျာ...”

***

All Chapters