အရည်အချင်း မမှီဘူး
Vol. 112 Ch. 1560
ဝမ်ယုထျန်းက လေးနက်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဝေ့ဝူယင်မှာ ထိုအဆင့်ကို ကျိန်းသေ စိန်ခေါ်လိမ့်မည် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။
“မင်း နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ စည်းမျဉ်းတွေကို ပြောပြမယ်... ခုချိန်မှာ မင်း နုတ်ထွက်လို့ ရသေးတယ် ဆိုပေမဲ့ အဲဒီလို မရွေးဘူး ဆိုတာ ငါ သိပါတယ်... စည်းမျဉ်းတွေက ရိုးရိုးလေးပါပဲ”
ဝမ်ယုထျန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသည့် ရွှေရောင်အလင်းတစ်ခုမှာ ဝေ့ဝူယင်၏ ရှေ့တွင် လှိုင်းထန်သွားခဲ့၏။ ၎င်းတို့ အမှုန်အမွှားများ အဖြစ် လွင့်ပျယ်သွားသောအခိုက်၌ သစ်သားစားပွဲ တစ်ခုပေါ်တွင် သိုလှောင် အိတ်တစ်လုံးနှင့် သာမန် မှော်သန့်စင် ဆေးအိုး တစ်လုံးကို တွေ့လိုက်ရသည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။
“အဆင့်ကိုး ဆေးလုံးတစ်လုံး ဖန်တီးပါ... သိုလှောင်အိတ်ထဲက ကုန်ကြမ်းပစ္စည်းတွေ အားလုံးက လုံးဝကျပန်းဖြစ်ပြီးတော့ အားလုံးက ကြယ်တာရာ အထွတ်အထိပ် အဆင့်မှာ ရှိနေတယ်... မင်းလိုချင်တဲ့ ပမာဏ အတိုင်း သုံးနိုင်တယ်... ဒါပေမဲ့ ပစ္စည်းတိုင်းကို အနည်းဆုံး တစ်ကြိမ် အသုံးပြုရမယ်”
ဝမ်ယုထျန်းက ပြောလိုက်သည်။ ထိုစည်းမျဉ်းများကို ကြားလိုက်ရသည့် မည်သူမဆို ဦးရေပြားများ ထုံကျင်ကာ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲရွှဲစို သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ မျက်ခုံးသာ ပင့်လိုက်၏။
“ဒါပဲလား”
၎င်းမှာ အချို့သူများအတွက် မတွေးဝံ့စရာ ခက်ခဲနိုင်သော်လည်း ဝေ့ဝူယင် အတော့ ထူးမခြားနားလှချေ။ သူက ထုတ်ကုန်အသစ်များ တီထွင်မှုတွင် အလွန်အတွေ့အကြုံရှိပေသည်။ အာရုဏ်ဦး မျိုးဆက် အဂ္ဂိရတ် ထုတ်ကုန်များမှာ သူ၏ ဖန်တီးမှု လက်ရာများ ဖြစ်ပေသည်။ ၎င်းမှာ ဆေးလုံး နယ်ပယ်တစ်ခုတည်းကိုသာ ကန့်သတ်ထားသော်လည်း ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်မှာ ဆေးလုံးများနှင့် အတွေ့အကြုံ အများဆုံးရှိသူဖြစ်သည်။
ဝမ်ယုထျန်းသည် ခေါင်းခါရင်း ရယ်မောလိုက်၏။
“ထုတ်ကုန်က သတ်မှတ်ထားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိရမယ်... နောက်ပြီး အဲဒီ အကျိုးသက်ရောက်မှုက ပေးထားတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ မသက်ဆိုင်ဘဲ လုံးဝကျပန်းဖြစ်လိမ့်မယ်
သူသည် ခဏနားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“မင်း ဒီစိန်ခေါ်မှုကို ငြင်းဆိုဖို့ ရွေးချယ်နိုင်တယ်... ဒါပေမဲ့ ဘာဆုလာဘ်မှ ရတော့မှာ မဟုတ်ဘူး.. နောက်ပြီး ဒီနောက်ဆုံးအဆင့်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဘယ်တော့မှ ထုတ်မပြောပါဘူးလို့လည်း ကျိန်ဆိုရလိမ့်မယ်”
ဝေ့ဝူယင်ကတော့ ထိုစိန်ခေါ်မှုက အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေရ၏။ ၎င်းမှာ ထာဝရ ဧကရာဇ်၏ လမ်းကြောင်းကိုပင် ဖော်ပြနေသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းကို ဖောက်လုပ်ရန်အတွက် ထုတ်ကုန်များစွာကို စမ်းသပ် ဖော်စပ်နိုင်ခဲ့သည်။ သူက သူ၏ စွမ်းဆောင်ရည်များအား လိုက်မှီနိုင်သည့် လူတစ်ယောက်ကို လိုချင်သည့်ပုံ ရသည်။
“ကောင်းပြီလေ... အကျိုးသက်ရောက်မှုက ဘာလဲ”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း မေးလိုက်၏။ လူငယ် မတုန့်မဆိုင်းပဲ လက်ခံလိုက်သည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ ဝမ်ယုထျန်း တစ်ယောက် စိတ်ထဲမှ နောက်တစ်ဖန် လေးစား သွားမိပြန်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာကာ သစ်သား စားပွဲပေါ် ဆင်းသက်လာခဲ့တော့သည်။ ထို့နောက်တွင်တော့ အလင်းတန်းမှာ အမှုန်အမွှားများ အဖြစ် လွင့်ပြယ်သွားကာ စက္ကူပြားလေးတစ်ချပ်ကို စားပွဲပေါ်တွင် ချန်ထားရစ်ခဲ့သည်။ ထိုစက္ကူပြားပေါ်တွင်တော့ မှင်နက်ဖြင့် စာလုံးတစ်ချို့ကို ရေးသားထား၏။
ထိုစာရွက်ကို ကြည့်ရင်း ဝမ်ယုထျန်း တစ်ယောက် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ထိုရွေးချယ်မှုကို သူ ခြယ်လှယ်နိုင်ခြင်း မရှိပါချေ။ ၎င်းမှာ လုံးဝ ကျပန်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်နှာအမူအရာကတော့ မယုံနိုင်လောက်အောင်ပင် ထူးဆန်းသွား၏။ အဘယ်ကြောင့်နည်း။ စက္ကူပေါ်၌ “ကြယ်မျိုးစေ့ကို သန့်စင်ပါ” ဟု ရေးသားထားသောကြောင့်ပင်။
“ဘယ်လောက်ရိုးရှင်းလိုက်လဲ...”
စိန်ခေါ်မှုက မည်သည့် ဆုလာဘ်ကိုပဲ ပေးပေး... ၎င်းကို အရယူဖို့ ဝေ့ဝူယင် ဆုံးဖြတ်လိုက်ပြီ ဖြစ်လေတော့သည်။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာနယ်မြေ၏ နယ်နိမိတ် အစွန်အဖျား တစ်နေရာတွင် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ မဟာ သူရဲကောင်းမှာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူက မျက်လုံးများကို မှိတ်ထားကာ အလွန်တရာ တိတ်ဆိတ် နေသော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် ထိပ်သီး ကျင့်ကြံသူ မဆို သူ၏ တည်ရှိမှုကို ခံစားနိုင်ပေသည်။
ဝှစ်... ဝှစ်...
တစ်ခဏကြာပြီးနောက် တောက်ပသည့် အလင်းတန်းများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာနယ်မြေကို ဖြတ်သန်းကာ ပျံသန်းလာကြသည်။ သူတို့၏ အရှိန်အဟုန်က အံ့မခန်း မြန်ဆန်လှကာ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို ထုတ်ဖော်ထားခဲ့သည်။ သူတို့၏ ပစ်မှတ်ကတော့ ဝူယုပင် ဖြစ်လေသည်။
ဝူယု၏ အော်ရာကတော့ ပင်လယ်သေ တစ်ခုလိုပင် တည်ငြိမ် နေခဲ့၏။ အလင်းတန်းများ ရောက်ရှိလာသည့် အပေါ် သူလုံးဝ စိတ်အနှောင့်အယှက် ဖြစ်ပုံ မပေါ်ပေ။
ဝှစ်... ဝှစ်...
အလင်းတန်းများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်နိမိတ်သို့ အရောက်၌ ရပ်လိုက်ကြ၏။ အလင်းများက ရှင်းလင်းလာကာ သုန်မှုန်သည့် အမူအရာများနှင့် ကျင့်ကြံသူ သုံးယောက် အဖြစ် ပြောင်းလဲ သွားသည်။ သူတို့ထဲမှ နှစ်ယောက်ကတော့ ကေင်းကင်ဧကရာဇ်ပိုင်နှင့် ကောင်းကင် ဧကရာဇ်ကုန်းတို့ပင် ဖြစ်လေသည်။
ကောင်းကင် ဧကရာဇ်ပိုင်၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပျက်ရွင်းနေ၏။ သူ၏ မျက်လုံးများက ဝူယုကို ငေးကြည့်နေကာ မှတ်ဉာဏ်များက သူ့ မျက်လုံး အတွင်း ဖြတ်ပြေး နေခဲ့သည်။ ထိုနေ့က ကြီးမြတ်လှသည့် အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းကြောင့် သူ မည်မျှ ထိတ်လန့် ခဲ့ရကြောင်း မှတ်မိနေဆဲ ဖြစ်သည်။
တည်ငြိမ်စွာ ရပ်နေသည့်တိုင် သူ၏ လက်ချောင်းများမှာ ရံဖန်ရံဖါ တဆတ်ဆတ် တုန်ရီသွားခဲ့၏။ သို့သော်လည်း သူက လက်သီးများကို တင်းတင်းဆုပ်ထားလေရာ ထိုအရာက မသိသာလှပါချေ။ ကောင်းကင် ဧကရာဇ်တစ်ဦးအနေဖြင့် ကိုယ်ပိုင် နယ်မြေအတွင်း ကြောက်ရွံ့မှုကို ပြသရန် သူ ငြင်းဆန်သည်။
ထိုကောင်းကင် ဧကရာဇ်နှစ်ဦးကို ဦးဆောင်လာသူက အသက်အရွယ် အိုမင်း ရင့်ရော်နေသည့် ပုံသဏ္ဍာန် ရှိသည့် ကျင့်ကြံသူကြီး တစ်ဦး ဖြစ်သည်။ သူက အင်ပါယာ ဧကရာဇ်တစ်ဦးဖြစ်ကာ စစ်မှန်သည့် ထျန်းမျိုးနွယ်မှ ဆင်းသက်လာသော ဟေဇယ်ရွှေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူက မာ့ကျန်းနှင့် မျိုးဆက် တစ်ခုတည်းမှ ဖြစ်ကာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ထျန်းထိုက်ကျုံး၏ အဘိုးဝမ်းကွဲ တော်စပ်သည်။
ထျန်းဝေလုံ...
သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အံ့မခန်း အရှိန်အဝါ ကြီးလှသည့် နာမည် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထျန်းလင်းယုတို့ ကဲ့သို့ လူငယ် မျိုးဆက်များ အရှိန်အဟုန်နှင့် ကြီးထွားလာသော အခါမှသာ သူက ခပ်လျှိုလျှိုလေး ပျောက်ကွယ်နေခဲံခြင်း ဖြစ်သည်။ သို့သော်လည်း... နဂါးလက်သီး အင်ပါယာ ဧကရာဇ် ဆိုလျှင် ယနေ့ထိတိုင်အောင် လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေကြရဆဲ ဖြစ်သည်။
ထျန်းဝေလုံမှာ တစ်ခါတစ်ရံ ပေါ်လာတတ်သော်လည်း အလွန်ရှားပါးသည်။ သူ ဤနေရာသို့ ရောက်ရှိနေခြင်းကပင်လျှင် ဝူယု အပေါ် အင်ပါယာ မျိုးနွယ် မည်မျှ အလေးအနက်ထားသည်ကို ဖော်ပြနေခဲ့သည်။ အဘယ်ကြောင့်နည်း။ သူက ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်နေသောကြောင့်ပင်။
ဝေ့ဝူယင်...
ဝူယု၏ နာမည်ကို ရေရွတ်ရင် ဝေ့ဝူယင်၏ အကြောင်းက တွဲပါလာလိမ့်မည် ဖြစ်သည်။ သူက လွန်ခဲ့သည့် ဆယ်စုနှစ် များစွာက သူတို့ ထင်မှတ်ခဲ့ကြသလို ပါရမီ မြင့်မားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မဟုတ်တော့ချေ။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားသလို၊ ထူးချွန်သည့် တိုက်ခိုက်ရေး စွမ်းအားကိုလည်း ထိန်းသိမ်းထားသည့် အသက် တစ်ရာလောက် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်သည်။ ထို့အပြင်... အလွန်အင်အားကြီးမားလှသည့် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုနှင့် အင်အားစု တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ဒဏ္ဍာရီလာ မြွေနဂါးကြီးအား တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သည့် မြင်ကွင်းမှာ မြင်တွေ့ခွင့် ရရှိခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များစွာ အတွင်း အင်ပါယာ ကလန်မှာ အာရုဏ်ဦး ကြယ်တာရာနယ်မြေနှင့် ဝေ့ဝူယင်ကို စစ်ခင်းရန် ပွင့်ပွင့်လင်းလင်း ငြင်းခုံဆွေးနွေးနေခဲ့ကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း ပဋိပက္ခသမှာ အလွန်အမင်း ရှုပ်ထွေးနေသော်လည်း အမှန်တကယ်တော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး နီးပါးမှာ ထိုကိစ္စကို အပြည့်အဝ သိရှိနေကြသည်။
ယခု၌ ဝူယုမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချင်းအရာက မည်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေကြောင်း ရှင်းလင်းပေသည်။
“မဟာသူရဲကောင်းဝူ...”
ထျန်းဝေလုံက ညင်သာစွာ ခေါ်လိုက်၏။ သူ၏ လေသံက ရန်လိုမှုကို ဖော်ပြထားခြင်း မရှိသော်လည်း သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ချို့က မသိမသာ လွှမ်းခြုံနေသည်။
ဝူယုမှာ မျက်လုံးများကို ငြိမ်သက်စွာ မှိတ်ထားဆဲ ဖြစ်သည်။ သူက ထျန်းဝေလုံ၏ အသံကို လုံးဝ ကြားပုံ မရချေ။ ကောင်းကင် ဧကရာဇ်ကုန်းမှာ ထိုအရာကို ကြည့်ရင်း ရင်ခုန်သံများ ပိုမို၍ မြင့်တက်လာခဲ့၏။ ကောင်းကင် ဧကရာဇ်ပိုင်ကတော့ ခံစားချက် ကင်းမဲ့သည့် မျက်လုံးများနှင့် ဝူယုကို စိုက်ကြည့်နေခဲ့သည်။
ထျန်းဝေလုံမှာ ကုန်းရီ၏ လက်ရှိ စိတ်ခံစားမှု အခြေအနေကို နားလည်လိုက်ရာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ အပေါ် သူ၏ ရန်ငြိုးဖွဲ့မှုက ထင်ရှားပေသည်။ ထိုလူမိုက်မှာ ဧကရီ ရှောင်ချွမ်းကို အလွန်ပင် နှစ်ခြိုက်ကာ ကိုးကွယ်လုနီးပါး အထိ စွဲလမ်းခဲ့သည်။ ဧကရီ၏နံဘေးတွင် နေခွင့် ရရန် အတွက်ပင် အလွန် တင်းကြပ်သော စည်းမျဉ်းများ ရှိသည့် အင်ပါယာ ထျန်းကလန် အတွင်းကို ဝင်ရောက်ခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်နှင့် ဝူယုတို့ကတော့ ဧကရီကို အဂ္ဂိရတ်ကုန်စည်ပြပွဲ၏ အခမ်းအနား တင်ဆက်သူ တစ်ယောက် အဖြစ် အတင်းအကြပ် လုပ်ဆောင်ခိုင်းခဲ့ကာ မျောက်ပြသလို ပြခဲ့သည်။ ၎င်းမှာ ခန္ဓာကိုယ်ကို အပိုင်းတစ်ထောင်ဖြတ်၍ သေဒဏ်ပေးသင့်သည့် ပြစ်မှုမျိုး ဖြစ်သည်။ သူသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူ ဆိုပါက အင်ပါယာ ကလန်ကို ဦးဆောင်ကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို တိုက်ခိုက်ခဲ့လောက်ပြီး ဖြစ်သည်။
ဝူယု၏ မတုန်မလှုပ် ပုံစံကို ကြည့်ရင်း ထျန်းဝေလုံ မျက်မှောင် ကြုတ်လိုက်၏။ သူက နောက်တစ်ဖန် ထပ်ခေါ်ဖို့ ဟန်ပြင်လိုက်လေသည်။
“မဟာ သူရဲ...”
သို့သော်လည်း သူ၏ စကားမဆုံးမီတွင် ဝူယု၏ အသံက ကြားဖြတ်ကာ ပဲ့တင်ထပ်လာခဲ့လေ၏။
“မင်းက အရည်အချင်း မမီဘူး”
***