အာရုဏ်ဦး မဟာ သူရဲကောင်း၏ စွမ်းအား
Vol. 112 Ch. 1561
၎င်းတို့မှာ ရိုးရှင်းသည့် စကားလုံးလေးများသာ ဖြစ်သော်လည်း ဝါကျတစ်ခုအဖြစ် စုစည်းလိုက်သောအခါ မြေကြီးရှန့်ထို သုံးဦးစလုံး၏ မျက်နှာအမူအရာများမှာ ရုတ်ခြည်း ပြောင်းလဲသွားခဲ့တော့သည်။ ထျန်းဝေလုံ၏ အဆင့်အတန်းမှာ အလွန် မြင့်မားလှသလို နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သည့် သူ၏ ဂုဏ်သတင်းသည်လည်း နိမ့်ကျခြင်းမရှိလှချေ။ သို့သော်...
“ငါက အရည်အချင်း မမီဘူး ဟုတ်လား”
ထျန်းဝေလုံက စကားလုံး တစ်လုံးချင်းစီကို အလွန်ပင် နက်ရှိုင်းသည့် လေသံဖြင့် မေးလိုက်၏။ ချက်ချင်းပင် တည်ငြိမ်နေသည့် အမှောင် ဟင်းလင်းပြင်မှာ လှိုင်းထန်သွားခဲ့သည်။ သူက မေးခွန်းမေးလိုက်ပုံ ပေါ်သော်လည်း အမှန်တကယ်အားဖြင့် ဝူယုကို ထိုစကားလုံးများအား ထပ်မံပြောဆိုရန် စိန်ခေါ်နေပုံရသည်။
ဝူယုမှာ မျက်လုံးများ မှိတ်ထားဆဲဖြစ်ကာ စွမ်းအင်အော်ရာက လုံးဝတည်ငြိမ်နေသည်။ ထိုမြင်ကွင်းမှာ မြေကြီး ရှန့်ထို သုံးဦးကို ဒေါသမီး တဟုန်းဟုန်း တောက်စေဖို့ လုံလောက်သည့် မာနအဆင့်မျိုး ဖြစ်သည်။ မှန်ပေသည်။ ဝူယုမှာ အလွန် အစွမ်းထက်သည်။ သို့သော်... သူတို့မှာ အင်ပါယာ ကလန်ကို ကိုယ်စားပြုနေကြသူများ ဖြစ်ကြေပေသည်။
“ဘာအတွက် အရည်အချင်းမမီတာလဲ အတိအကျပြောပါ...”
ထျန်းဝေလုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဝူယုက အနည်းငယ် ပြုံးလိုက်ရာ သူ့ နှုတ်ခမ်းများထက်တွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ့ကို နှင်ထုတ်ဖို့ပေါ့... ဒါပေမယ့်”
ဝူယု၏ အပြုံးက ပိုမို၍ နက်ရှိုင်းလာကာ ဆက်ပြောလိုက်သည်။
“မင်းတို့ ကြိုးစားလို့တော့ ရပါတယ်...”
“...”
မြေကြီးရှန့်ထို သုံးဦး၏ အမူအရာများက အမျိုးမျိုး ကွဲပြား သွားကြ၏။ သို့သော်လည်း ဝူယု ဆိုလိုသည့် ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်လိုက်လေရာ သူတို့ အံ့အားသင့် သွားကြသည်။ ဝူယု အနားသို့ ချဉ်းကပ်လာချိန်တွင် သတ်ဖြတ်လိုစိတ်များကို သူတို့ ထုတ်လွှတ်ထားခဲ့ကြသော်လည်း ထိုအရာက ခြိမ်းခြောက်ရန် သက်သက် ဖြစ်သည်။ ဝေ့ဝူယင်လို လူမျိုးနှင့် ညှိနှိုင်းလိုလျှင် ပိုမို၍ ကောင်းမွန်ပေသည်။
နှစ်ဖက်စလုံးမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြ၏။ နောက်ဆုံး၌... ထျန်းဝေလုံက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါ မတိုက်ခိုက်ဖြစ်တာ ထောင်စုနှင်တောင် ချီသွားခဲ့ပြီပဲ... လူငယ်တွေက တိတ်ဆိတ်နေတဲ့သူတွေကို မေ့သွားတတ်ကြတာ သဘာဝပဲ... ငါ့ရဲ့ ဒီခန္ဓာအိုကြီးမှာ အရည်အချင်းရှိသေးလားဆိုတာ ကြည့်ရတော့မယ်”
ထိုစကားများလုံးများမှာ ရေနံဆီအိုး တစ်ခုထဲသို့ မီးလောင်နေသည့် အဝတ်စ တစ်ခု ပစ်ချလိုက်သည့် အလား အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို တဟုန်းဟုန်းတောက်သွားစေခဲ့သည်။
ဟူး... ဟူး...
ချက်ချင်းပင် ထျန်းဝေလုံ၏ ခန္ဓာကိုယ်မှာ မီးတောက်များနှင့် ဝန်းရံ သွားခဲ့၏။ နဂါးဟိန်းသံများက ဆူညံစွာ ပဲ့တင်ထပ်လာကာ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့သည်။ ထိုအရာအားလုံးသည် အင်ပါယာ ဧကရာဇ် တစ်ပါး၏ ပျက်စီးလုနီးပါး အိုမင်းနေသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကောင်းကင် ဧကရာဇ် ပိုင်နှင့် ကုန်းရီတို့မှာ ချက်ချင်းပင် ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်လာသော ဖိအားများကို ခံစားလိုက်ရသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအခါ တစ်ယောက် မျက်လုံးများထဲမှ အံ့အားသင့်မှုများကို တစ်ယောက် မြင်တွေ့လိုက်ရလေသည်။ ထျန်းဝေလုံမှာ သူတို့ မမွေးခင် ဘိုးဘေးများ လက်ထက်တည်းက ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက နောက်ပိုင်းနှစ်များ အတွင်း သိုသိုသိပ်သိပ် နေခဲ့သည့်တိုင် မည်သူမှ သူ့ကို အထင်သေးခြင်း မရှိချေ။
သို့သော်လည်း... ဝူယုကတော့ မျက်လုံးများကို ဆက်လက် မှိတ်ထားဆဲ ဖြစ်သည်။ သူ၏ အသက်ရှုသံများက လုံးဝ ငြိမ်သက်နေ၏။ သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးက “ဆက်လုပ်ပါ” ဟူ၍ ဖိတ်ခေါ်နေသယောင်ပင် ထင်ရသည်။ နှစ်ပေါင်း သောင်းချီ ငယ်ရွယ်သူ တစ်ဦးထံမှ မခန့်လေးစား အပြုအမူကြောင့် ထျန်းဝေလုံ တစ်ယောက် အလွန်ပင် ဒေါသထွက်သွားခဲ့သည်။
ဘုန်း...
ရုတ်တရက်... ပေါက်ကွဲသံ တစ်ခုနှင့် အတူ တောက်ပသော အပြာရောင် အလင်းတန်း တစ်ခုမှာ ဝူယုဆီသို့ ရွေ့လျား သွားခဲ့လေ၏။
ထျန်းဝေလုံမှာ အလွန်တရာ ဒေါသထွက်နေခဲ့သည့်တိုင် ထိုတိုက်ခိုက်မှုကို အလျင်စလို ဖော်ထုတ်ခဲ့သူက သူ မဟုတ်ပါချေ။ ကောင်းကင် ဧကရာဇ် ကုန်းရီပင်။
ကုန်းရီ၏ မျက်လုံးများမှာ ပြင်းထန်စွာ သတ်ဖြတ်လိုသည် ဆန္ဒများနှင့် ပေါက်ကွဲ နေခဲ့၏။ လက်စားချေလိုသည့် ဆန္ဒက သူ့နှလုံးသားနှင့် ဝိညာဉ်တွင် ပြင်းထန်စွာ လောင်ကြွမ်း နေခဲ့သည်။
ဘုန်း...
ကုန်းရီ၏ လက်သီးမှ ဖြစ်ပေါ်လာသည့် အပြာရောင် အလင်းမှာ ပတ်ဝန်းကျင် မိုင်သိန်းပေါင်းများစွာကို အပြာရောင် အသွေးဖြင့် ရေးချယ်လိုက်ကာ အနီးအနားရှိ ဂြိုဟ်ပေါင်းများစွာကို ခရမ်းရောင် အဖြစ် ပြောင်းလဲ သွားစေခဲ့၏။ မရေမတွက်နိုင်သည့် သေမျိုးနှင့် ကျင့်ကြံသူမျာမှာ ကောင်းကင်သို့ အလိုအလျောက်ပင် မော့ကြည့်လိုက်၏။ အံ့အားသင့်သည့် စိတ်ခံစားချက်များက သူတို့၏ ဝိညာဉ်ကို စိုးမိုးလာခဲ့၏။
ကုန်းရီ ယခုလို အလျင်စလို တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ် မထားလေရာ ထျန်းဝေလုံ၏ မျက်နှာ အမူအရာမှာ သိသိသာသာပင် ပြောင်းလဲ သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်ဟန် ရသည့် တိုက်ခိုက်မှုအား ကြည့်ရင်း အထင်ကြီးရမည့် အစား “လူမိုက်” ဟူ၍သာ သူ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ဂါး...
ထျန်းဝေလုံ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့ နဂါးဟိန်းသံ တစ်ချက် ထွက်ပေါ်လာ၏။ သူ၏လက်သီးနှစ်ဖက်တွင် အနီရင့်ရောင် အလင်း လေပွေများ လှည့်ပတ်လာခဲ့သည်။ ထို့နောက် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ အံ့မခန်း မြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့၏။ လျှို့ဝှက် တာအို၏ နယ်နိမိတ် အတွင်း နှစ်သောင်းနှင့်ချီ အသက်ရှင် နေထိုင်ခဲ့သူ တစ်ဦး ပီသစွာပင် သူက အာကာသနှင့် တစ်သားတည်းအဖြစ် လှုပ်ရှားသွားသည်။
ကောင်းကင် ဧကရာဇ် ပိုင်မှာ ကုန်းရီ၏ လှုပ်ရှားမှုကြောင့် အစပိုင်းတွင် အံ့ဩသွားခဲ့သော်လည်း မြေကြီးရှန့်ထို တစ်ဦးအနေဖြင့် သူ၏ တုံ့ပြန်မှုမှာ နှေးကွေးခြင်း မရှိပါချေ။ သူ၏ ပတ်ဝန်းကျင်ရှိ မန်နာ၊ အာကာသ၊ အချိန်နှင့် အမတေတို့မှာ မီးတောင် တစ်ခု အလား ပေါက်ကွဲ ထွက်လာ၏။ သူက ထျန်းဝေလုံ နောက်သို့ အလျင်အမြန် လိုက်သွားသော်လည်း သူ၏ အရှိန်က သိသိသာသာပင် နိမ့်ကျနေလေရာ အတော်လေး နောက်ကျ ကျန်ရစ်နေခဲ့သည်။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ကုန်းရီ၏ တိုက်ခိုက်မှုမှာ လောကတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်သည့် အင်အားနှင့်အတူ ဝူယုနှင့် ဆယ်မိုင်ခန့် အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အပြာရောင် အလင်းတန်းများမှာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံ ဝါးမြို နေခဲ့၏။
“...”
ဝူယု၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။ သူက ကုန်းရီ၏ တိုက်ခိုက်မှုကို လေပြေတစ်ခု အလား ဆိတ်ငြိမ်စွာပင် ရင်ဆိုင်လိုက်၏။ သူက မျက်လုံးများကိုပင် ဖွင့်ခြင်း မရှိပါချေ။ ထိုမြင်ကွင်းမှာ အဆုံးစွန်သော မထီမဲ့မြင်ပြုမှု၊ လျစ်လျူရှုမှုနှင့် ပေါ့ဆမှုတို့ကို ဖော်ပြနေလေရာ အလွန်အမင်း ဒေါသထွက်နေသည့် ကောင်းကင် ဧကရာဇ်၏ စိတ်ကို အကန့်အသတ်ထိ ရောက်အောင် တွန်းပို့လိုက်လေသည်။
“သေစမ်း...”
နားစည်ပေါက်ကွဲလုနီးပါး အော်ဟစ်သံ တစ်ခုနှင့် အတူ ကုန်းရီ၏ ခန္ဓာကိုယ်မှာ ပိုမို ကြီးမားသည့် လျှို့ဝှက် စွမ်းအားများကို ထုတ်လွှတ်လိုက်၏။ အမှောင် ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ရီသွားကာ တည်ရှိမှုတိုင်း ပုံပျက်သွားခဲ့သည်။ လျှို့ဝှက် သင်္ကေတများမှာ ကုန်းရီ၏ ခန္ဓာကိုယ် ပတ်လည်တွင် ထွက်ပေါ်လာခဲ့၏။
လမ်းစဉ် ခြောက်ခု...
ကောင်းကင် ဧကရာဇ် ပိုင် အနည်းငယ် တုန်လှုပ်သွားခဲ့၏။ ကုန်းရီ၏ ကျင့်ကြံခြင်း အခြေခံက တိုးတက်လာခဲ့သည်လော။ နားလည်ရခက်ခြင်း များစွာနှင့် သေဆုံး သွားခဲ့ပြီ ဖြစ်သည့် ဟွမ်ရီကောင်း၏ ထိုအဂ္ဂိရတ် သူရဲကောင်းမှာ လွန်ခဲ့သည့် နှစ်များစွာက လမ်းစဉ် ငါးခု အဆင့်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။
ထျန်းဝေလုံ ကိုယ်တိုင်ပင် ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း... ထိုခံစားချက်က သူ့ကို အနည်းငယ်မျှသော နှောင့်နှေးမှုကိုမှ မဖြစ်စေခဲ့ပါချေ။ နှစ်ပေါင်း သောင်းနှင့်ချီ ကျင့်ကြံထားသူ တစ်ဦး ပီသပေသည်။ သူက ကုန်းရီနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်သွားလိုက်၏။
ဘုန်း...
ကုန်းရီ၏ တိုက်ခိုက်မှုမှာ ဝူယုနှင့် နှစ်မိုင်မျှသာ ကွာဝေးတော့သည်။ မဟာ သူရဲကောင်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အပြာရောင်အလင်းဖြင့် လုံးလုံးလျားလျား လွှမ်းခြုံမှုကို ခံလိုက်ရပြီ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်နေသူများပင် သူ့ကို မမြင်နိုင်တော့ချေ။
“မင်းက တစ်လှမ်းတိုးလာတာပဲ... ကောင်းတာပေါ့...”
ဝူယု၏ မျက်လုံးများက မှိတ်ထားဆဲပင်။ သို့သော်လည်း သူက ညာဘက်လက်ကို မြှောက်၍ သာမန်အားထုတ်မှုဖြင့် ညင်သာစွာ တွန်းလိုက်သည်။ အခြားသူများအတွက်မူ ထိုလုပ်ဆောင်ချက်မှာ လုံးဝရိုးရှင်းနေနိုင်သည်။ ထူးခြားမှု မရှိသည့် သာမန် လှုပ်ရှားမှု တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း... ကုန်းရီ၏ မျက်လုံးများကတော့ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့၏။ လမ်းစဉ် ခြောက်ခု မြေကြီး ရှန့်ထို တစ်ဦး၏ အဆုံးစွန်သော အင်အားဖြင့် အားဖြည့်ထားသည့်တိုင် သူ တည်ငြိမ် နေနိုင်ခြင်း မရှိပါတော့ချေ။
ဘုန်း..
ဝူယု လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာ ပြင်းထန်လှကာ ဖျက်ဆီးနိုင်စွမ်း မြင့်မားလှပါသည် ဆိုသည့် အပြာရောင် စွမ်းအား ပင်လယ်မှာ ဗဟိုချက်မှ စတင်၍ ပြိုလဲလာခဲ့၏။ အားလုံးမှာ ရေဖြင့် ဆေးကြောခံလိုက်ရသည့် ဆပ်ပြာမြှုပ်များ သဖွယ် လွင့်ပျယ်သွားသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် တိုက်ခိုက်မှု အားလုံးမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ပြိုလဲ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ကုန်းရီ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တောင့်တင်းသွားခဲ့လေ၏။ ထို့နောက်... သူ၏ မျက်နှာက စက္ကူတစ်စနှယ် ဖြူရော် သွားခဲ့တော့သည်။
***