← Chapters

အာရုဏ်ဦး မဟာ သူရဲကောင်း

Vol. 112 Ch. 1562

အာရုဏ်ဦး မဟာ သူရဲကောင်း

Vol. 112 Ch. 1562

ဝှစ်...

ထိုအခိုက်တွင်ပင် ထျန်းဝေလုံမှာ ကုန်းရီ၏ နံဘေးသို့ ရောက်ရှိလာခဲ့၏။ သူက ကုန်းရီ၏ ပခုံးကို ဆွဲကိုင်လိုက်ရင်း တွန့်ဆုတ်ခြင်း ကင်းမဲ့စွာဖြင့် နောက်သို့ ပစ်လွှတ်လိုက်သည်။ သူက ညာဘက်လက်သီးကို ဆုပ်ကိုင်ထားကာ သွေးရောင် လျှို့ဝှက် စွမ်းအင်များမှာ လေပွေဝဲ တစ်ခုလို လှည့်ပတ် နေ၏။

ရား...

လည်ချောင်းမှ ထွက်ပေါ်လာသည့် ခပ်ဖျော့ဖျော့ ဟိန်းဟောက်သံနှင့် အတူ သူက လက်သီးကို အားကုန် ထိုးလိုက်၏။ လေပွေမှာ ချက်ချင်းပင် နဂါးတစ်ကောင် အသွင် ပြောင်းလဲသွားကာ ဟိန်းသံပြုလျှက် ရှေ့သို့ ပျံသန်း သွားသည်။ ၎င်းမှာ ဂြိုဟ်အသေးစား တစ်ခု၏ အရွယ်အစားမျှပင် ရှိလေရာ အလွန် ကြီးမားသောကြောင့် အဝေးမှပင် တွေ့မြင်နိုင်ပေသည်။

သို့သော်လည်း... နဂါးမှာ တစ်မိုင်မျှသာ ရွေ့လျားရပေသေးသည်။

ဘုန်း...

ကောင်းကင်ကိုပင် ဖြိုခွင်းနိုင်စွမ်း ရှိပုံ ပေါ်သည့် ရိုက်ခတ်သံ တစ်ခုမှာ မိုးခြိမ်းသည့် အလား ထွက်ပေါ်လာခဲ့၏။ မန်နာ၊ အမတေနှင့် စွမ်းအင်များ အားလုံးမှာ နေရာတိုင်းသို့ လွင့်ပျံသွားကာ အလယ်ဗဟိုတွင် အရိပ်နှစ်ခု ထွက်ပေါ်လာခဲ့၏။

တစ်ခုမှာ ထျန်းဝေလုံ၏ နဂါး ဖြစ်ကာ ဦးချိုပါ အဇူရာ နဂါး အန်နုနှင့် အတော်လေး ဆင်တူ ပေသည်။ အတောင်ပံ မပါခြင်း သာလျှင် တစ်ခုတည်းသော ခြားနားချက် ဖြစ်သည်။ ဒုတိယ တစ်ခုကတော့ ညကောင်းကင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံ ရသည့် လက်ဖဝါး တစ်ခု ဖြစ်၏။ ၎င်းမှာ အဆုံးမဲ့ ကြယ်တာရာများကို ထိန်းသိမ်းထား၏။

အခြားတစ်ဖက်တွင်တော့ ကောင်းကင် ဧကရာဇ်ပိုင်မှာ လက်နှစ်ဖက်လုံးကို သုံး၍ ကုန်းရီ အလျင်အမြန် ဖမ်းလိုက်သည်။ ထို့နောက် အရှိန်ကို လျှော့ချရန် အတွက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်၏။ ထျန်းဝေလုံ ပစ်လွှတ်လိုက်သည့် အင်အား တစ်ခုတည်းကပင် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါများကို မတည်မငြိမ် ဖြစ်စေရန် လုံလောက်ပေသည်။

ကုန်းရီမှာလည်း မျက်လုံးများ၊ နှာခေါင်းနှင့် နားများတွင် သွေးစများမှာ စီးကျနေ၏။ ထျန်းဝေလုံမှာ သူ၏ အင်အားကို တစ်စက်လေးမျှပင် မထိန်းပဲ ကုန်းရီကို နောက်ပြန် လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။

နဂါးနှင့် ထိပ်တိုက်တွေ့နေသည့် လက်ဖဝါးကို ကြည့်ရင်း ကောင်းကင် ဧကရာဇ်ပိုင် တစ်ယောက် အံ့အားသင့် သွားခဲ့၏။ ထျန်းဝေလုံနှင့် မတိုက်ခိုက်မီ အချိန်အထိ ဝူယု၏ စွမ်းအားကို သူ လုံးဝ ခံစားလို့ မရခဲ့ချေ။ အာကာသနှင့် ထိုမျှ ညီမျှစွာ ပေါင်းစည်းနိုင်ခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် နက်ရှိုင်းသည့် အဆင့်တစ်ခု ဖြစ်ပေသည်။

“ဘယ်လိုစွမ်းအားမျိုးလဲ...”

ကောင်းကင် ဧကရာဇ် ပိုင်မှာ လမ်းစဉ် လေးခု မြေကြီး ရှန့်ထို တစ်ဦး ဖြစ်လေရာ ထိုတိုက်ပွဲကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ခန့်က ဆိုလျှင် သူက မြေကြီး ရှန့်ထိုများထဲ၌ ကြောက်မက်ဖွယ် ကောင်းသည်ဟု သတ်မှတ်ခံရနိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် ပေါ်လာခဲ့ပြီး နောက်တွင်တော့ အခြေအနေများက တဖြည်းဖြည်း ပြောင်းလဲသွားကာ လမ်းစဉ်လေးခု မြေကြီး ရှန့်ထို အဆင့်မှာ ထိပ်သီး ကျင့်ကြံသူ တစ်ယောက်ဟု သတ်မှတ်ဖို့ပင် ခက်ခဲလာခဲ့သည်။

မည်သို့ပင် ဆိုစေ... သူက မြေကြီးရှန့်ထိုတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သူ ဆက်လက်တိုက်ခိုက်နိုင်ပေသေးသည်။

ဘုန်း... ဘုန်း...

ထျန်းဝေလုံ၏ နဂါးနှင့် ဝူယု၏ လက်ဖဝါး ပုံရိပ်တို့၏ ထိပ်တိုက် တွေ့ဆုံမှုတွင် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ နဂါးမှာ လက်သည်းများဖြင့် ကုတ်ခြစ်ခြင်း၊ အမြီးဖြင့် ရိုက်ပုတ်ခြင်း၊ အစွယ်များနှင့် ကိုက်ခဲခြင်း၊ ဦးခေါင်းနှင့် တိုက်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုကာ အဆက်မပြတ် တိုက်ခိုက် နေခဲ့သည်။

ဝူယုက ငြိမ်သက်စွာပင် လက်ဖဝါးကိ ဆုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် ထိုလက်ဖဝါးမှာ သူကို အတုခိုးကာ နဂါးကြီးကို ပတ်ပတ်လည်မှ ပိတ်ဆို့ လိုက်လေသည်။ ထျန်းဝေလုံ အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်၏။ နဂါးမှာ အတောင်ပံမဲ့သော်လည်း နှေးကွေးခြင်း မရှိချေ။ ၎င်းက လက်ဖဝါးကို အမြီးဖြင့် ရိုက်ကာ ထိုတွန်းကန်အားကို သုံး၍ နောက်ပြန်ဆုတ်လိုက်သည်။

ဝူယုက အေးဆေးစွာပင် လက်ဖဝါးကို ဆက်၍ ဆုပ်၏။ ထျန်းဝေလုံ၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။ သူက အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိတော့ပဲ ခန္ဓာကိုယ် တစ်ခုလုံးကို ငွေရောင် အလင်းဖြင့် လွှမ်းခြုံကာ ကောင်းကင်ကိုပင် တောက်ပစေသည့် အလင်းများဖြင့် ဟင်းလင်းပြင်ကို ကျော်ဖြတ် ပြေးလေတော့သည်။

ဟူး... ဟူး...

ဝူယု ဖန်တီးထားသည့် လက်ဖဝါး ပုံရိပ်ကြီးမှာ စိတ်ကူး မယဉ်နိုင်လောက်အောင် ပြင်းထန်သည့် ဆွဲငင်အားများကို ထုတ်လွှတ်နေလေရာ နဂါးကြီးမှာ နောက်ဆုတ်ဖို့ ကြိုးစားနေသည့်တိုင် တဖြည်းဖြည်းချင်း နှေးကွေး လာခဲ့၏။ နောက်ဆုံး၌ ၎င်းမှာ လုံးဝ ရပ်တန့်သွားကာ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခုသာ ပျံ့လွင့်လာခဲ့လေသည်။

သို့သော်လည်း ထိုမျှနှင့် ပြီးဆုံးသွားခြင်း မရှိပါချေ။ လက်ဖဝါးကြီထံမှ ဆွဲအင်အားများ အောက်တွင် နဂါးကြီးမှာ နောက်ပြန်၍ ရွေ့လျားတော့သည်။ နောက်ဆုံး၌ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လက်ချောင်းများ အတွင်း ကျရောက်သွားခဲ့ကာ ဖျစ်လှစ်မှု အောက်တွင် အကြေးခွံများ ကြေမွ၍ သွေးများမှာ စွမ်းအင်များ အလား ပန်းထွက် လာခဲ့တော့၏။

နဂါးမှာ ခန္ဓာကိုယ် အတွင်းတွင် အသက်ဝင်နေသည့် စိတ်ဝိညာဉ် တစ်ခု ရှိနေသည့် အလား အသံတိတ်စွာ အော်ဟစ် နေလေ၏။ သို့သော်လည်း လက်ကြီးမှာ ၎င်းအား ကွပ်မျက်ရန် အမိန့်ပေးနေသည့် ဧကရာဇ် တစ်ပါး ကဲ့သို့ ပြတ်သားလှကာ သက်ညှာခြင်း မရှိပါချေ။

ဘုန်း...

နောက်ဆုံးတွင်တော့ နဂါးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အနီရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ ပျက်စီး သွားခဲ့တော့၏။

အဆိုပါ ပေါက်ကွဲမှုက လှိုင်းလုံးများ အဖြစ် ဖြာထွက်လာကာ အဝေး၌ ရပ်နေကြသည့် ကောင်းကင် ဧကရာဇ် နှစ်ပါးထံ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။ ရှောင်တိမ်းရန် အချိန်မရခင်မှာပင် သူတို့၏ ခန္ဓာကိုယ် ဒွါရပေါက်များမှာ သွေးများဖြင့် စီးကျလာကာ ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် အဆုံးမဲ့ ကောင်းကင် နယ်မြေအထိ ရောက်အောင် ပြန်လည် လွင့်ပျံသွားကြတော့သည်။

ဝှစ်...

ထျန်းဝေလုံမှာ သူတို့ နှစ်ဦး၏ နောက်တွင် ပေါ်လာကာ ခန္ဓာကိုယ်များ အတွင်း ကိန်းအောင်းနေသည့် အင်ပါယာ ကောင်းကင် စွမ်းအားကို ဖယ်ရှားရန်အတွက် လက်နှစ်ဖက်ကို အသုံးပြုလိုက်သည်။ ဝူယု ထုတ်လွှတ်လိုက်သည့် ထိုစွမ်းအားမှာ အင်ပါယာ မျိုးနွယ် အဆုံးမဲ့ ကောင်းကင် ကျမ်းစာ အတွင်းရှိ ကျင့်ကြံခြင်း နည်းလမ်းနှင့်ပင် ဆင်တူသည်ဟု သူ ခံစားလိုက်ရသည်။

ဝူယု ထျန်းမူယန်အား ပေးအပ်လိုက်သည့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို သူ မရခဲ့ပေ။ ၎င်းကို နတ်ဘုရား အင်ပါယာနှင့် အင်ပါယာ အကြံပေးတို့ကသာ စစ်ဆေးခဲ့ကြကာ အသေးစိတ် အချက်အလက်များကို ဖုံးအုပ်ထားခဲ့ကြသည်။

ထျန်းဝေလုံ၏ စိတ်တစ်ခုလုံးမှာ အမျိုးမျိုးသော အတွေးများနှင့် ပြည့်နှက် သွားခဲ့၏။ ကောလဟလများက အမှန်တကယ်လော။ ဝူယုမှာ အမှန်တကယ်ပဲ ထိုမျိုးနွယ်ကြီးထံမှ ပေါက်ဖွားလာသူလော။ တွေးတောရင်းနှင့် သူ၏ နှာခေါင်းဆီမှ သွေးများ စတင် ယိုစိမ့်လာခဲ့သည်။

ထျန်းဝေလုံ၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။ သူက အစောတလျင်ပင် လှုပ်ရှားကာ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက်စွမ်းအားနှင့် အဆုံးမဲ့ ကောင်းကင် အင်ပါယာ စွမ်းအား ဥဿုံကို လှည့်ပတ်ကာ ကောင်းကင် ဧကရာဇ်နှစ်ပါးထံမှ တစ်ဆင့် သူ့ခန္ဓာကိုယ် အတွင်း ဝင်ရောက် လာခဲ့သည့် အင်ပါယာ ကောင်းကင် စွမ်းအားကို ဖယ်ထုတ်လိုက်သည်။

“ဘယ်လောက်တောင် ယုတ်မာလိုက်လဲ...”

ဝူယု၏ အင်ပါယာ ကောင်းကင် စွမ်းအားများမှာ ကျင့်ကြံခြင်း အခြေခံကို ဝါးမြို တိုက်စားနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ အချိန်မီ ဖယ်ထုတ်နိုင်ခြင်း မရှိပါက ကျင့်ကြံထားသမျှ စွမ်းအားများ အားလုံး ဝါးမြို ခံရကာ ဒုက္ခိတ ဘဝကိုပင် ရောက်ရှိသွားနိုင်ပေသည်။

ထျန်းဝေလုံ တစ်ယောက် အလျင်စလို လှုပ်ရှားနေရလေရာ အရေပြားထက်တွင် လျှို့ဝှက် သင်္ကေတများမှာ မှိန်ဖျော့စွာ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ဧကရာဇ်ပိုင်မှာ အမှတ်မထင် တွေ့မြင်သွားလေရာ သင်္ကေတ အမျိုးအစား ခြောက်ခု ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ချက်ချင်းပင် သူ၏ အမူအရာမှာ အကျည်တန် သွားခဲ့၏။ လမ်းစဉ်ခြောက်ခု... ထိုအရာက ကုန်းရီနှင့် မကွာခြားချေ။

အတွေ့အကြုံ၊ စွမ်းအင်နှင့် ကျင့်ကြံခြင်း အခြေခံတို့တွင် သိသိသာသာ ကွာခြားနိုင်သော်လည်း ဝူယုမှာ မြေကြီး ရှန့်ထို အဆင့်ကို စတင် တက်လှမ်းခဲ့စဉ်တည်းက လမ်းစဉ် ရှစ်ခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင်... လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း သူက ပိုမို၍ တိုးတက်လာခဲ့သည်မှာ မြေကြီးလက်ခတ် မလွဲ ဖြစ်သည်။

အစောပိုင်းက ဝူယု ပြောခဲ့သည့် စကားများကို ကောင်းကင် ဧကရာဇ်ပိုင် ပြန်လည်၍ တွေးလိုက်မိ၏။ သူတို့က တကယ်ပဲ အရည်အချင်းမမီခဲ့သည်လား။ ထိုမဟာ သူရဲကောင်းကို ယှဉ်ပြိုင်တိုက်ခိုက်ရန် သူတို့ အတွက် အခွင့်အရေး ရှိပါဦးမည်လော။ မျက်လုံးများက တွေဝေသွားသည်နှင့် အေးစက်စက် ခံစားချက် တစ်ခုက သူ့နှလုံးသားကို ဖျစ်ညှစ်လိုက်လေသည်။

“ဘုန်း...”

ရုတ်တရက် ကောင်းကင် ဧကရာဇ်ပိုင်နှင့် ကုန်းရီတို့၏ အသိစိတ် ပင်လယ် အတွင်း မိုးခြိမ်းသံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ သူတို့၏ ရီဝေဝေ မျက်လုံးများမှာ အနီရောင်အလင်းဖြင့် အလျင်အမြန် ပြန်လည် ကြည်လင်လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလို ချွေးစေးများဖြင့် ရွှဲရွှဲစိုသွားခဲ့၏။

“အသိစိတ် ပင်လယ် ရှိတဲ့ နေရာကိုတောင် ကူးစက်ပြီး ဖိနှိပ်ခံရတာပဲ...”

ထျန်းဝေလုံက ရေရွတ်လိုက်လေ၏။ ထို့နောက် သူက မျက်လုံးများ မှိတ်ကာ ထိုင်နေဆဲ ဖြစ်သည့် ဝူယုကို လှမ်းကြည့်လိုက်သည်။

ယခင်က ထိုအာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းမှာ မထီမဲ့မြင် ပြုနေသည်ဟု သူ ထင်ခဲ့သည်။ မြေကြီး ရှန့်ထိုများ ဖြစ်ကြသည့် သူတို့၏ အဆင့်အတန်းကို စော်ကားသည်ဟု မြင်ခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ ထိုအရာက ရှိသင့်ရှိထိုက်သည့် ယုံကြည်မှု တစ်ခုပင် ဖြစ်နေသလို သူ ခံစားလိုက်ရသည်။

ဝူယု လှုပ်ရှားခဲ့သည်က ပေါ့ပေါ့ပါးပါး လက်ဖဝါး‌လေး တစ်ချက်သာ ဖြစ်သည်။ သို့သော်လည်း... ၎င်းကပင် သူတို့ သုံးဦးစလုံးကို ကစဉ့်ကလျား နောက်ပြန်ဆုတ်စေခဲ့သည်။ သိသာ ထင်ရှားသည့် ဒဏ်ရာများစွာ ရစေခဲ့သည်။

“အတူတူ တက်ကြမယ်...”

ကောင်းကင် ဧကရာဇ်ပိုင်က အံကို တင်းတင်းကြိတ်ရင်း အော်ဟစ်လိုက်၏။ ထျန်းဝေလုံ သူ့ကို ကြည့်လိုက်မိသည်။

အင်ပါယာ ကောင်းကင် စွမ်းအား၏ ဝါးမြိုမှု အောက်တွင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးနီးပါး သိမ်းပိုက် ခံထားရသည့်တိုင် ထိုကောင်းကင် ဧကရာဇ်မှာ တိုက်ခိုက်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ၎င်းက မိုက်ရူးရဲဆန်ခြင်းနှင့် မခြားနားသည့်တိုင် တစ်နည်းနည်းဖြင့်တော့ ချီးကျူးထိုက်ပေသည်။

အခြားတစ်ဖက်၌ ကုန်းရီကလည်း လက်သီး တင်းကြပ်စွာ ဆုပ်လိုက်၏။

“ကောင်းပြီ...”

သူက လျှို့ဝှက် အော်ရာကို ထုတ်လွှတ်လိုက်သည်။ အနည်းငယ် ကြောက်ရွံ့မိသည့်တိုင် ထိုအခိုက်၌ ဝူယုအပေါ် သူခံစားနေရသည့် မုန်းတီးမှုများမှာ အလွန်ပင် ပြင်းထန်ပေသည်။ ထို့အပြင် အင်ပါယာ ကလန်၏ ပိုင်နက် အတွင်း၌ ဝူယုမှာ သူ့ကို သတ်ရဲလိမ့်မည်ဟု မထင်ချေ။ သတ်ရဲလျှင်ပင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာက ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူသာ အသတ်ခံလိုက်ရပါက အင်ပါယာ မျိုးနွယ် မည်မျှ လှောင်ရယ်ခံရမည်နည်း။

***

All Chapters