အာရုဏ်ဦး မဟာ သူရဲကောင်း (၃)
Vol. 112 Ch. 1563
ထျန်းဝေလုံ တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း သူ၏ အိုမင်းနေသည့် မျက်နှာထက်တွင်တော့ ပြတ်သားသည့် ဆုံးဖြတ်ချက်နှင့် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒ အရိပ်အယောင်တို့ကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော်လိုက်သည်။ ပါးစပ်ဖြင့် မတုံ့ပြန်တော့ပဲ သူက လျှို့ဝှက် စွမ်းအင်များကို ဆင့်ခေါ်လိုက်၏။ ချက်ချင်းပင် သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို အနီရောင် ကြယ်တာရာ အလင်းတန်းများက လွှမ်းခြုံ သွားခဲ့လေသည်။
အဆုံးမဲ့ ကောင်းကင် စွမ်းအင်...
မြေကြီးရှန့်ထိုသုံးဦးမှာ သူတို့၏ စွမ်းအင်များကို တစ်ပြိုင်နက်တည်းပင် အပြည့်အဝ ထုတ်လွှတ်လိုက်ကြပြီ ဖြစ်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြင်းထန်သည့် စွမ်းအင် မုန်တိုင်းများ အောက်သို့ ကျရောက် သွားခဲ့လေ၏။
ဝူယုကတော့ လှုပ်ရှားခြင်း မရှိပါသေးချေ။ ထို့အစား... သူ၏ အင်ပါယာ ကောင်းကင်စွမ်းအင်ကို ထျန်းဝေလုံ ဖယ်ရှားရန်အတွက် အသုံးပြုခဲ့သည့် နည်းလမ်းကိုသာ စဉ်းစားနေခဲ့သည်။
အဆုံးမဲ့ ကောင်းကင် စွမ်းအင်...
၎င်းကို ပထမဆုံးအကြိမ် သူ မြင်ဖူးခြင်းပင်ဖြစ်သည်။ ဝူယု ဖြည်းညင်းစွာပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာနယ်မြေ၏ ဗဟိုထံ ခေါင်းကို လှည့်လိုက်၏။ သူ့ထံမှ ကျင့်ကြံခြင်းနည်းလမ်းကို ရယူထားသည့်တိုင် အချို့အရာများကို စစ်ဆေးရန် ထျန်းကလန်အတွက် အချိန် မလုံလောက်သေးပုံရသည်။ ကောင်းပါသည်။ သူ့ဘက်ကလည်း အချို့အရာများကို အတည်ပြုချင်နေခဲ့သည်။
ဝှစ်...
လျှို့ဝှက် အာဏာရှင် အဆင့်၏ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် မြေကြီး ရှန့်ထို သုံးယောက်မှာ အံ့မခန်း အရှိန်အဟုန်များဖြင့် ဝူယုထံသို့ ပြေးဝင်လာကြတော့သည်။
အခြားတစ်ဖက်၌ များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုတိုက်ပွဲကို စောင့်ကြည့် နေခဲ့ကြသည်။ မြေကြီးရှန့်ထို အဆင့် တိုက်ပွဲမှ ဖြစ်ပေါ်လာသည့် သက်ရောက်မှုလှိုင်းများကို ကာကွယ်ရန် အတွက် သူတို့မှာ အမျိုးမျိုးသော အစီအရင်၊ ဝင်္ကပါများကို အသက်သွင်း ထားခဲ့ကြပြီး ဖြစ်သည်။
ကျန်းကျိရီမှာ လက်ထဲတွင် ကျောက်စိမ်းနန်းတော် တစ်ခုကို ဆုပ်ကိုင်ထားကာ မူလအာရုဏ်ဦးဂြိုဟ်၏ လေထုအလွှာ အပြင်ဘက်တွင် ပျံဝဲနေခဲ့သည်။ သူမ၏ မျက်လုံးများမှာ ပုံမှန် မဟုတ်သည့် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေခဲ့၏။ ဟန်ယုဟိုင်မှာ သူမ၏ နံဘေးတွင် ရှိနေခဲ့ကာ တိုက်ပွဲကို အာရုံစူးစိုက်စွာ စောင့်ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများက ဝိညာဉ်အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။ သူက ဖြစ်ရပ် တစ်ခုတစ်လေကိုပင် လွဲချော်ဖို့ ဆန္ဒ မရှိသည့်ပုံ ရသည်။
“ဝေ့ဝူယင်က စစ်ကြေညာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ရှင်ထင်လား”
ကျန်းကျိရီက စိုးရိမ်တကြီး မေးလိုက်၏။ သူမ ထိုကဲ့သို့ မေးနေစဉ်တွင် ဝူယုမှာ အမှောင် ဟင်းလင်းပြင် အတွင်း တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာချင်းဆိုင် အရပ်တွင်တော့ အရှိန်အဟုန်ဖြင့် တိုးဝင်လာနေခဲ့သည့် အပြာရောင် ပင်လယ်တစ်စင်း၊ နဂါးပေါင်း တစ်သောင်းနှင့် အာကာသကို ဖြတ်သန်း၍ လှည့်ပတ်နေသည့် သတ္တု လေပွေတစ်ခု ရှိနေခဲ့၏။
မဟာသူရဲကောင်းမှာ လှုပ်ရှားခြင်း မရှိပါချေ။ ထို့အစား သူ၏ ခန္ဓာကိုယ်မှ အော်ရာ တစ်ခုသာ ထွက်ပေါ်လာခဲ့၏။ ၎င်းက တိုက်ခိုက်မှု ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ အနီးအနား၌ ရှိနေသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။
ထိုထိပ်တိုက် တွေ့ဆုံမှုတွင် ထျန်းဝေလုံမှာ ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ကာ ဝူယု၏ အော်ရာကို အပြင်းအထန် ယှဉ်ပြိုင်နေပုံရသည်။ ထိုတိုက်ပွဲကြောင့် ကောင်းကင် ဧကရာဇ်နှစ်ပါး၏ ခန္ဓာကိုယ်များက သိသိသာသာ တုန်ခါနေ၏။ သူတို့၏ မျက်လုံးများမှ သွေးများ ယိုစိမ့်ထွက်နေကာ ရံဖန်ရံခါ ဝိညာဉ်အလင်းများများဖြင့် လင်းလက်နေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ဟန်ယုဟိုင်၏ မျက်လုံးများက သိသိသာသာ တောက်ပလာခဲ့သည်။ ကျန်းကျိရီ၏ နှလုံးသားကတော့ စိုးရိမ်စိတ်ဖြင့် ပြင်းပြင်းထန်ထန် ခုန်နေခဲ့၏။
တိုက်ပွဲမှာ နောက်ထပ် သုံးကြိမ် အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း... ဝူယုမှာ လက်ရှိ အချိန်အထိ လှုပ်ရှားခြင်း မရှိပါသေးချေ။ အင်ပါယာ ကလန်သား သုံးဦးသာလျှင် ဟိန်းဟောက်ကာ အဆုံးမဲ့ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ပြုလုပ်နေခဲ့ကြသည်။ သူတို့၏ တိုက်ခိုက်မှုများက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသည် ဖြစ်စေ... ဝူယု၏ တည်ငြိမ်သော အော်ရာ အောက်၌ အားလျော့ ပျက်ပြယ် သွားရစမြဲ ဖြစ်သည်။
ဟန်ယုဟိုင်မှာ ဝူယု၏ အင်ပါယာ ကောင်းကင်စွမ်းအင်နှင့် အလွန် ရင်းနှီးပေသည်။ ထိုစွမ်းအင်ကြောင့်ပင် တစ်ခါတုန်းက ဝူယုမှာ ထာဝရ ကြယ်တာရာ နယ်မြေတွင် အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဆန်းကြယ်ဧကရာဇ် ဟန်ရှဲ့ ဖြစ်စေ၊ အသူရ နတ်ဆိုးတောင်တန်း သခင် ဖြစ်စေ၊ အထွတ်အမြတ် အယ်ဗန် ဧကရီ ဖြစ်စေ... ဝူယု၏ အင်ပါယာ ကောင်းကင် စွမ်းအား၏ အောက်တွင် ဖိနှိပ်ခံခဲ့ရသည်ချည်း ဖြစ်သည်။
ထိုအချိန်တုန်းက ဟန်ယုဟိုင်၏ အဆင့်မှာ ဝူယု၏ စားပွဲတွင် ဝိုင်များကို တည်ခင်းပေးခဲ့ရသည့် အောက်ခြေသိမ်း သေမျိုး တစ်ယောက်သာ ဖြစ်ခဲ့သည်။
“စောင့်ရှောက်သူ...”
တိုက်ပွဲက ပိုမို ပြင်းထန်လာနေသည်ကို ကြည့်ရင်း ကျန်းကျိရီ နောက်တစ်ကြိမ် ခေါ်လိုက်၏။ ကျောက်စိမ်းနန်းတော်ကို ကိုင်ထားသည့် သူမ၏ လက်များက ပိုမို၍ တင်းကြပ်လာကာ ကြယ်တာရာ နယ်မြေ ကာကွယ်ရေး အစီအရင်ကို ထပ်မံ၍ တိုးမြှင့်လိုက်သည်။ တိုက်ပွဲမှာ အလွန် ဝေးကွာသည့် နေရာတစ်ခု၌ ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်သည့်တိုင် နှလုံးသား အတွင်း အရှိန်အဟုန်နှင့် မြင့်တက်လာနေသည့် ကြောက်ရွံ့မှုများကို ငြိမ်သက်အောင် သူမ မထိန်းချုပ်နိုင်ခဲ့ချေ။
ဘေးမှ နောက်တစ်ကြိမ် ခေါ်သံကြောင့် ဟန်ယုဟိုင် အနည်းငယ် အာရုံပြောင်း သွားခဲ့၏။ ထို့ကြောင့်ပင် ဝူယု၏ တိုက်ခိုက်မှု အောက်၌ ကုန်းရီ၏ ခန္ဓာကိုယ် ပြိုကွဲလုနီးပါး ဖြစ်သွားသည့် အချိန်ကို သူ လွဲချော်သွားခဲ့သည်။ ကံကောင်း ထောက်မစွာပင် ထျန်းဝေလုံနှင့် ကောင်းကင် ဧကရာဇ်ပိုင်တို့မှာ ဝူယုကို ဘေးမှ ဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် နှောက်ယှက်ခဲ့လေရာ ထိုအရာက ကုန်းရီ အတွက် နာလန်ထူရန် အချိန်တစ်ခု ပြန်လည် ရရှိစေခ့်သည်။
ဟန်ယုဟိုင် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ မြေကြီးရှန့်ထိုများကြားမှ တိုက်ပွဲမှာ ကျောက်ခဲနှစ်ခု ခတ်စဉ် မီးပွားများ ထွက်လာသကဲ့သို့ မယုံကြည်နိုင်လောက်အောင် လျှင်မြန်သည်။ ထို့ကြောင့် လွဲချော်ဖို့ အလွန် လွယ်ကူသည်။ ကျော
“လောက အဂ္ဂိရတ် ရှန့်ထိုဝေ့က စစ်ကြေညာချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်... သူ့ရဲ့ ဖီးနစ်ငှက်ပါ ပါလာနိုင်တယ်”
ဟန်ယုဟိုင် ပြန်ဖြေလိုက်၏။ သူ စဉ်းစား သုံးသပ်ရသလောက် ထိုအရာက စစ်ပွဲကြီး တစ်ခု ဖြစ်လာနိုင်သည့် အခြေအနေတော့ မဟုတ်ချေ။
အင်ပါယာ ကလန်မှာ အလွန်ပင် အင်အား တောင့်တင်းသည် ဆိုသော်လည်း ဝေ့ဝူယင် ထုတ်ဖော်ပြသခဲ့သည့် အင်အားကလည်း အလားတူပင် ကြောက်စရာ ကောင်းလှသည်။ မီးဖီးနစ်၊ ဝူယုနှင့် နဂါး ခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုတို့ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင် မကြာသေးခင်ကမှ ထုတ်ဖော် ပြသခဲ့သည့် မြေကြီးရှန့်ထို ရှစ်ဆယ်ကျော်နှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် လာရောက် ပူးပေါင်းခဲ့သည့် မြေကြီး ရှန့်ထိုများ၊ လျှို့ဝှက် အာဏာရှင် အဆင့်များလည်း ရှိပေသေးသည်။ ဝေ့ဝူယင်သာ အမှန်တကယ် စစ်ဖြစ်လိုပါက ထိုလူများ အားလုံး လိုက်ပါလာကြပေလိမ့်မည်။
ဟန်ယုဟိုင်၏ စကားများက အဓိပ္ပာယ် ရှိသည်ဟု ကျန်းကျိရီ ထောက်ခံလိုက်၏။ သို့သော်လည်း... ဝူယု တည်ရှိမှုကြောင့် စိတ်မသက်မသာ ဖြစ်နေခြင်းကိုတော့ သူမလည်း မတတ်နိုင်ပါချေ။ အထူးသဖြင့် တိုက်ခိုက်မှု ပိုမိုပြင်းထန်လာချိန်တွင် ဖြစ်ပေသည်။
ဝူယုက မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။ သူက မူလ နေရာမှ တစ်စက်မျှပင် လှုပ်ရှားရသေးခြင်း မရှိပါချေ။ သို့တိုင်အောင် အင်ပါယာ ကလန်၏ မြေကြီး ရှန့်ထို သုံးယောက်မှာ အဝတ်အစားများ စုတ်ပြဲကာ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ပေကျံနေသည် အထိ ဒဏ်ရာမျာ ရရှိနေခဲ့ပြီ ဖြစ်သည်။
ထိုသုံးယောက်ထဲ၌ အခြေအနေ အကောင်းဆုံးကတော့ ထျန်းဝေလုံပင် ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် အားပါလှကာ လက်သီးချက်တိုင်း၌ နဂါးဟိန်းသံများ ညံနေခဲ့သည်။ ကောင်းကင် ဧကရာဇ်ပိုင်နှင့် ကုန်းရီတို့မှာ သူ့ကို ကူညီပေးခဲ့ကြသော်လည်း နောက်ဆုံး၌ သူတို့ကို ပြန်လည် ကယ်တင်ခဲ့ရသည်က ထျန်းဝေလုံပင် ဖြစ်သည်။
အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်းရှိ အမျိုးမျိုးသော ဂြိုဟ်များ၏ အထက်တွင်တော့ ပုံရိပ်ပေါင်း များစွာမှာ ပျံဝဲ နေကြကာ တိုက်ပွဲကို ဝိညာဉ် အလင်း တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် စောင့်ကြည့် နေခဲ့ကြသည်။ ထိုအထဲ၌ ယန်ချောင်ယွီမှာ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ သူမမှာ မကြာခဏ ဆိုသလိုပင် အင်ပါယာ ကလန်သားများထံမှ ကွက်ကြည့်ကွက်ကြည့် အကြည့်များကို လက်ခံ ရရှိနေခဲ့သည်။
ဝှစ်... ဝှစ်...
ထျန်းလင်းယုနှင့် ထျန်းရှန်းယန်တို့မှာ သူမဆီသို့ ပျံသန်းလာကြကာ မိုင်အနည်းငယ် အကာသို့ အရောက်၌ ရပ်လိုက်ကြ၏။ ထျန်းရှန်းယန်၏ မျက်လုံးများက စူးရှနေကာ ယန်ချောင်ယွီထံမှ ဖြေရှင်းချက် တစ်ခုကို တောင်းဆိုနေသည့်ပုံ ရသည်။
သို့သော်လည်း ယန်ချောင်ယွီမှာ ကျောက်ရုပ် မျက်နှာကို ဆင်မြန်း ထားခဲ့၏။ သူမ၏ အတွေးနှင့် စိတ်ခံစားမှုများကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထျန်းလင်းယုကတော့ ချွင်းချက် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ ဝေ့ဝူယင်နှင့် အတူ ခုတင် တစ်ခုတည်းပေါ်၌ မျှဝေခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ သာမန် ရင်းနှီးသည် ဆိုသည့် အဆင့်ထက်ပင် ပိုပေသည်။
“သူတို့က စစ်ပွဲစဖို့…”
ထျန်းရှန်းယန်က စတင် ပြောဆိုဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ယန်ချောင်ယွီထံမှ အေးစက်စက် အကြည့်ကြောင့် သူ၏ စကားလုံးများမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့် သွားခဲ့သည်။
“သူတို့ဘက်က စစ်ကြေညာချင်တယ် ဆိုရင် ဝူယု တစ်ယောက်တည်းကိုပဲ လွှတ်မယ်လို့ နင်ထင်နေတာလား...”
သူမ၏ စကားများက ထျန်းရှန်းယန်၏ မျက်နှာအမူအရာကို ပြောင်းလဲ သွားစေခဲ့၏။ သူက ထျန်းလင်းယုအား လှည့်ကြည့်လိုက်ရာ မိန်းကလေး၏ အမူအရာမှာလည်း စိုးကြိမ်တကြီး မရှိကြောင်း တွေ့လိုက်ရသည်။ ထိုမိန်းကလေး နှစ်ဦးမှာ ဝေ့ဝူယင်နှင့် ပတ်သက်နေသူများ ဖြစ်ကြကြောင်း သူ သိထားပေသည်။ သူ သိသလို အင်ပါယာ ကလန် အတွင်းရှိ လူများစွာလည်း သိသည်။
အထူးသဖြင့် ထျန်းလင်းယု...
သူမမှာ အင်ပါယာ ထျန်းမျိုးနွယ်မှ တိုက်ရိုက် ဆင်းသက်လာသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ မူလယင်မှာ အလွန်ပင် အရေးကြီးသလို လက်ထပ်ထိမ်းမြားခြင်းကလည်း အလားတူပင်။
အင်ပါယာ ကလန် အတွင်းရှိ မြေခွေးအိုကြီး အချို့မှာ ထိုကိစ္စနှင့် ပတ်သက်၍ ပြဿနာများ ဖန်တီးလိုခဲ့ကြသော်လည်း ဆွေးနွေးဝိုင်း၌ ဝေ့ဝူယင်၏ နာမည်ကို ပါလာသော အခါတွင်တော့ အားလုံး တိတ်ဆိတ် သွားခဲ့ကြသည်။ သူတို့က ထျန်းလင်းယု၏ ကိစ္စကို မသိချင်ယောင် ဆောင်လိုက်ကြသည်။ ထိုအချက် တစ်ခုတည်းကပင် အင်ပါယာ မျိုးနွယ် အပေါ် ဝေ့ဝူယင်၏ လွှမ်းမိုးမှု မည်မျှ သက်ရောက်သည်ကို သိရှိနိုင်ပေသည်။
အင်ပါယာ ကလန် အတွင်း၌ သဘော ကွဲလွဲမှု များစွာ ရှိပေသည်။ အချို့က ဝေ့ဝူယင်နှင့် ဆက်ဆံရေကောင်း တစ်ခု တည်ဆောက်နိုင်လျှင် ကောင်းမွန်သည်ဟု ယူဆကြသည်။ ထိုပုဂ္ဂိုလ်မှာ အသက်တစ်ရာ မပြည့်ခင်မှာပင် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းထားနိုင်သူ တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးနှင့်သာ မဟာမိတ် ဖွဲ့၍ အထောက်အပံ့များ ရယူနိုင်ပါက ကျားနှင့် နဂါးများ ကိန်းအောင်းနေသည့် အင်ပါယာ ကလန်မှာ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသည့် အဆင့် တစ်ခုကိုပင် ရောက်ရှိသွားနိုင်သည်။
“ဒါဆိုရင် သူ့ရဲ့ အဂ္ဂိရတ် သူရဲကောင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ...”
ထျန်းရှန်းယန်က ယန်ချောင်ယွီ၏ ရှင်းပြမှုကို လက်ခံလိုစိတ် မရှိဘဲ မေးခွန်းထုတ်လိုက်၏။ ထိုအချိန်တွင် လောကကိုပင် တုန်ခါစေသည့် အော်ဟစ်သံတစ်ခုမှာ အမှောင် ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်လာပြီး သူတို့၏ နားများ အတွင်း တိုးဝင်လာခဲ့သည်။ ချက်ချင်းပင် အားလုံး၏ အကြည့်များက တိုက်ပွဲထံသို့ ပြန်လည် ရောက်ရှိသွားကြ၏။
***